“ မြန်လှချည်လား …”
“ အထက်က ဒီနေ့ပဲ လိုချင်တယ်လို့ အမိန့်ပေးလာလို့လေ … ဓာတ်ခွဲခန်း ဝန်ထမ်းတွေလည်း တစ်ညအတွင်း အကုန်လုံး ပြီးအောင် ကြိုးစားပေးလိုက်ရတယ် …” ကူရိရန် ပြောပြလိုက်၏။
“ တစ်ချက်ကြည့်လိုက်… ရလဒ်မှတ်တမ်းတွေ အကုန် ဒီမှာပဲ …”
သွေးနမူနာ နှစ်ရာကျော် ရှိသော်လည်းပဲ အကုန်လုံးကို ရလဒ် အစီရင်ခံစာထဲသို့ ထည့်သွင်းဖို့ရာ မလိုအပ်ပေ။
နောက်ဆုံးရလဒ်တစ်ခုတည်းကသာလျှင် အလိုအပ်ဆုံးဖြစ်၏။
“ အခင်းဖြစ်တဲ့နေရာမှာ မတူညီတဲ့ သွေးနမူနာ သုံးမျိုး ရှိတယ် .. အဲ့ဒီထဲကမှ ၁၇၈ ခုက အစ်ကိုလီရဲ့သွေးတွေ ၊ ၂၉ ခုက ခေါင်းဆောင်လင်းရဲ့ သွေးတွေ ၊ ပြီးတော့ ကျန်တဲ့ သုံးခုကတော့ ဒရိုင်ဘာရဲ့ သွေးတွေ ဖြစ်မယ်ထင်တာပဲ …”
လင်းရီ စကားမဆိုဘဲ သူ၏ အကြည့်က စမ်းသပ်မှု အစီရင်ခံစာ သုံးခုအပေါ်တွင် စူးစိုက်ကျရောက်နေခဲ့သည်။
အစ်ကိုလီနှင့် တိုက်ပြေးသွားသည့် ဒရိုင်ဘာ၏ သွေးနမူနှင့် စပ်လျဉ်း၍တော့ မည်သည့်ပြဿနာမျှ မရှိချေ။
သို့ပေမယ့် … လင်းဟန်၏ သွေးနမူနာကတော့ ပုံမှန်နှင့်မတူပါဘဲ တမူထူးခြားဆုံး ဖြစ်၏။ လင်းရီ ဝီချက်ဖွင့်ပြီး သူနှင့် ဝမ်ကျားမေတို့ ပြောထားသည့် စကားဝိုင်းကို ကြည့်လိုက်မိသည်.
ယခင်ကလည်း သူမ၏ သွေးထဲတွင် မူမမှန်သည့် ထူးခြားချက်တို့ ရှိနေကြောင်း ပို့ပေးခဲ့ဖူးသော်လည်းပဲ ယခုအချိန်ထိတိုင် မပြောင်းမလဲ ဖြစ်နေလိမ့်မည်လို့ လင်းရီ မျှော်လင့်ထားခဲ့ပါချေ။
“ ဒီရဲ့ ရီပို့နဲ့ဆိုရင် လူသတ်သမားကို ခန့်မှန်းလို့ ရကောင်း ရနေပြီ …” လင်းရီ ရီပို့ကို ကိုင်ထားရင်း ပြောလိုက်သည်။ “ ဒီသဲလွန်စတွေနဲ့ဆိုရင် လူသတ်သမားကို ရှာဖွေဖို့က မခဲယဉ်းလောက်ပါဘူး ဟုတ်တယ်မလား …”
“ အတိအကျတော့မဟုတ်ပေမယ့် ဖြစ်နိုင်ပါတယ် … ဒါပေမယ့် အရမ်းကြီး မျှော်လင့်လို့ရမှာတော့ မဟုတ်ဘူးရယ် …” ကူရိရန်က သက်ပြင်းချလိုက်ပြီး “ အစ်ကိုဟွေ့နဲ့ အစ်ကိုချီတို့ကတော့ စုံစမ်းနေကြပြီ …”
“ လောလောဆယ် ထားခဲ့လိုက်… တကယ်လို့ လိုအပ်တာရှိရင် ဖုန်းနဲ့ ဆက်သွယ်ကြမယ် …”
ကူရိရန် ခေါင်းညိတ်လိုက်သည်။ “ ဒါဆို ညီမ ယောင်းမလေးဆီ ပြန်သွားလိုက်ဦးမယ် … တစ်ခုခုဆို လှမ်းခေါ်လိုက် … တကယ်လို့ အစ်ကိုလီဆီကနေ သတင်းတစ်ခုခု ထူးတယ်ဆိုလည်း ဖုန်းဆက်လိုက် …”
“ အင်း … နားလည်ပြီ …”
အနှီစကားတို့အား ဖလှယ်ပြီးနောက် နှစ်ယောက် လမ်းခွဲလိုက်ကြသည်။
လင်းရီ ခေါင်းလှည့်လိုက်တော့ နင်ချဲ့က အလှမ်းသိပ်မဝေးသည့် နေရာမှ သူ့ထံသို့ လျှောက်လှမ်းလာနေသည်ကို မြင်တွေ့လိုက်ရလေသည်။
သူမက အနက်ရောင် legging၊ အနက်ရောင်ခြေနင်းများနှင့် ရင့်ကျက်သည့် အမျိုးသမီးတစ်ဦးနှယ် ဝတ်စားထားပြီး beige trench coat ကို အပေါ်က ဝတ်ဆင်ထားကာ စာဖိုင်တစ်ခုကို လက်ထဲတွင် ကိုင်ဆောင်လာခဲ့သည်။
လမ်းလျှောက်နေစဉ်တွင် လေညှင်းက သူမနှင့်အတူ လိုက်ပါလာသည့်နှယ် လူနာနှင့် မိသားစုဝင်တော်တော်များများ၏ အာရုံကို ဖမ်းစားနေလျက် ရှိသည်။
“ ကျိုးဟိုင်က နင့်ရဲ့ လုပ်ဖော်ကိုင်ဖက်ကလည်း မဆိုးဘူးပဲ …” နင်ချဲ့ ပြုံးလျက် ဆိုလိုက်ပြီး “ နင်သူတို့ကို ဆွဲစားထားသေးလား …”
“ ပေါက်ကရ ပြောမနေနဲ့ … သူက ဒီတိုင်း B cup လေးပဲ … ငါ့စတိုင်မဟုတ်ဘး ….”
“ အဟွတ် အဟွတ် အဟွတ် …”
နင်ချဲ့က သူမ၏ ရင်ဘတ်ကို ရည်ရွယ်ချက်ရှိရှိ ကော့တင်းလိုက်ပြီး “ နင်က အဲ့လိုဆိုတော့လည်း ဒီက မငြင်းတော့ပါဘူး …”
“ ရပြီ … ၊ အလုပ်ကိစ္စ ပြောကြစို့ … အခုက ဟာသလုပ်နေရမယ့်အချိန် မဟုတ်သေးဘူး …”
နင်ချဲ့ ပခုံးတွန့်လိုက်၏။ “ ပြောစရာကတော့ ထွေထူးမရှိပါဘူး … ငါ ဒီလာခဲ့တာက နင့်ကို သတိရလို့ … ဒီလောက်ပဲ … အဲ့တာနဲ့ ကျိုးဟိုင် လေယာဉ်လက်မှတ် ဖြတ်လိုက်တယ်လေ ….”
“ ဟောင်ကောင်မှာ ရှာတွေ့တာ ဘာမှ မရှိဘူးလား …”
“ လူ နှစ်ဆယ်ကျော်လောက်တော့ ဖမ်းမိထားတယ် … ဒါပေမယ့် သူတို့အကုန်လုံးကြည့်ရတာ အသုံးမဝင်တဲ့ အခိုင်းသမားတွေပုံစံပဲ … သူတို့နားက ဘယ်လောက်မှ သိရမှာမဟုတ်ဘူး ….” နင်ချဲ့က သူမ၏ ဆံနွယ်ကို သာမန်လျှံကာ နောက်သို့ ပင့်တင်လိုက်ပြီး ယုံကြည်ချက် ပြည့်ဝနေသည့် လေသံဖြင့် ပြောလိုက်သည်။
“ အခု လီကျန်းချွမ်နဲ့ သူ့သားက သေပြီ … အလောင်းတောင် အေးနေပြီ …၊ ဆိုတော့ အဲ့ဘက်ခြမ်းကတော့ ထပ်ပြီး တူးဆွကြည့်လို့ အဆင်မပြေနိုင်လောက်ဘူး …”
“ ဆေးဝါးစက်ရုံကရော … ဘာသဲလွန်စမှ မရှိဘူးလား …”
“ စက်ရုံက တရားဝင် စက်ရုံပဲ … သူတို့က လူကို လှည့်စားလို့ရအောင် စက်တင်ချိန်ထားတာ … ဒွပေမယ့် တကယ်တမ်း ကွပ်ကဲနေတဲ့ ပိုင်ရှင်ကကျတော့ လီကျန်းချွမ် ဖြစ်နေတုန်းပဲ … သူတို့က ဗီဇဆေးရည် သုတေသနပြုဖို့အတွက် ကာဗာပေးထားတယ် … ဒါပေမယ့် ကိစ္စ ဖြစ်သွားပြီးနောက်ပိုင်းမှာ စက်ရုံက ရုတ်တရက် ပိတ်ချသွားပြီး နေရာကလည်း ဗလာပဲကျန်တယ် … ငါတို့တွေ ဒေတာ တစ်ချို့တစ်လေ စုဆောင်းပြီးတာနဲ့ ပြန်လာခဲ့လိုက်တယ် … ဒါပေမယ့် …..” ထိုနေရာအရောက်၌ နင်ချဲ့၏ အမူအရာက ရုတ်တရက် အရိပ်အမြွက်ပြသည့် သွင်ပြင်သို့ ပြောင်းလဲသွားခဲ့ပြီး “ ငါ ဟောင်ကောင်မှာ ရှိနေတုန်းက ခပ်ချောချော ကောင်လေးတွေ ငါ့လာ ဖလစ်နေကြတာ …”
“ အဲ့ဒီတော့ ….”
“ ငါ သူ့မျက်ခွက်ကို ဖြတ်ရိုက်ပစ်ခဲ့တယ် … လူက ဝတ်ထားတာ အနီရောင် ဘက်စ်ကက်ဘော အင်္ကျီနဲ့ … ပြီးတော့ သူ့မျက်လုံးတွေကိုလည်း ငါ မကြိုက်ဘူး …”
လင်းရီ “ ….. “
“ လုပ်စမ်းပါဟ … လေးနက်စမ်းပါ … မင်းတို့ ယူလာခဲ့တယ်ဆိုတဲ့ ဒေတာလေးတွေ ကြည့်ကြည့်ရအောင် ….”
နင်ချဲ့က လက်ဆွဲအိတ်ကို ကမ်းပေးလိုက်သည်။ “ အကုန် ဒီထဲမှာပဲ … နင့်ဘာနင် ကြည့်တော့ …”
လက်ဆွဲအိတ်ထဲတွင် စာဖိုင် အထူကြီးတစ်ခု ရှိနေပြီး ၎င်းအပြင် ဓာတ်ပုံတစ်ချို့လည်း ပါဝင်သည်။
ကနေဦး အစတွင် လင်းရီ၏ အမူအရာက တည်ငြိမ်နေသော်လည်းပဲ တတိယပုံကို မြင်သည့် အခိုက်အတန့်တွင်တော့ သူ၏ မျက်နှာအမူအရာကို ထိန်းမထားနိုင်တော့ချေ။
ဓာတ်ပုံ၏ ဘေးကပ်လျက်တွင် စက်ရုံလည်ပတ်နေသည့် အကြောင်းအရာများကို ရေးသားတင်ပြထားသည်။
ပုံ၏ သုံးပုံတစ်ပုံတွင် စက်ပစ္စည်းများ ပြသထားပြီး ကျန်သည့် နှစ်ပုံတွင်တော့ တစ်ဝက်မျှသာ ပြီးမြောက်သေးသည့် ထုတ်ကုန်များကို သာမန်လျှံကာ တွဲလျက် စီထားသည်။
သို့ပေမယ့် အနှီ တစ်ဝက်သာလျှင် ပြီးဆုံးသေးသည့် ဆေးသေတ္တာများနှင့် ဘေးချင်းကပ်တွင် အပြာရောင် သေတ္တာတစ်လုံး ရှိနေပြီး တစ်ပိုင်းတစ်စမျှသာ ပြီးဆုံးသေးသည့် ဆေးဝါးများ ရှိနေသည်။
အဆိုပါ ဆေးဝါးများကပဲ လင်းရီကို မသက်မသာ ဖြစ်အောင် ပြုလုပ်နေခြင်းပင်။
ဘာကြောင့်ဆိုတော့ အနှီ ဆေးဝါးတို့၏ သွင်ပြင်သဏ္ဌာန်က တထေရာတည်း တူညီနေသောကြောင့်ပင်။
ဤသည်ကို မြင်တော့ လင်းရီ၏ နှလုံးခုန်နှုန်းမှာ ရုတ်ချည်းမြန်ဆန်လာခဲ့ပြီး အောင်မြင်မှု လမ်းစကို မြင်တွေ့လိုက်ရသည့်နှယ် စိတ်လှုပ်ရှားသွားခဲ့၏။
“ မင်း ဒီပုံတွေကို ဆေးဝါးစက်ရုံထဲမှာ ရိုက်ခဲ့တာ မှန်တယ်မလား …”
နင်ချဲ့က အနားကပ်လာပြီး တစ်ချက်ကြည့်၍ ခေါင်းညိတ်လိုက်၏။ “ အင်းလေ … ဘာလို့ …”
“ နမူနာတွေရော ယူခဲ့သေးလား ….”
“ ဒါကြီးကို ငါက ဘာလုပ်ဖို့ ယူခဲ့ရမှာလဲ …” လင်းရီမျက်နှာထက်ရှိ လေးနက်သည့် အမူအရာကို မြင်တော့ နင်ချဲ့ မေးလိုက်၏။
“ နင် တစ်ခုခု တွေ့မိလို့လား …”
“ ကျန်တာ မမေးသေးနဲ့ … ဟောင်ကောင်ကို လူလွှတ်ပြီး ပုံထဲပါတဲ့ ဒီဆေးတွေ ငါ့ဆီ အမြန်ယူလာခဲ့ပေး … အချိန်မဖြန်းနဲ့ … အလျင်လိုတယ် …”
“ လောစရာမလိုပါဘူး … ဟိုမှာ ပစ္စည်းတွေ သိမ်းဆည်းနေတဲ့ ငါ့အသင်းဝင်တစ်ချို့ ကျန်နေသေးတယ် .. ငါသူတို့ကို ပြောလိုက်မယ် …”
၎င်းနောက် ချက်ချင်းပဲ နင်ချဲ့က သူမ၏ အသင်းဝင်များထံ ဖုန်းဆက်လိုက်သည်။
ကံကောင်းစွာဖြင့် မည်သည့် လွဲမှားချော်မှားတို့မျှ မရှိခဲ့ပေ။ ပုံထဲရှိ ဆေးသေတ္တာက နေရာ၌ ကျန်ရစ်နေဆဲဖြစ်၏။
နင်ချဲ့လည်း အလျင်လိုနေသည့် လင်းရီ၏ အမူအရာကြောင့် သူမ၏ အသင်းသားများအား ဆေးသေတ္တာကို ချက်ချင်း ယူလာခဲ့ဖို့ရာ အမိန့်ပေးလိုက်သည်။
အကယ်၍ အရာအားလုံး အဆင်ပြေချောမွေ့နေမည်ဆိုပါက ဆေးသေတ္တာမှာ သုံးနာရီအတွင်း လင်းရီ၏ လက်ထဲသို့ ရောက်ရှိလာနိုင်သည်။
လင်းရီ၏ စိတ်အစဉ်မှာ အတော်လေး ကြောင့်ကြလာခဲ့သည်။
အကယ်၍ သူမှန်းတာ မမှားယွင်းဘူးဆိုပါက မာတဲ့ဟုန် သေဆုံးသွားခဲ့ရခြင်း အကြောင်းအရင်း အစစ်အမှန်ကို မကြာခင် အတည်ပြုနိုင်လောက်လေသည်။
“ နင့်မှာ ရှိတာ ငါ့တစ်ချက်ပြလေ…”
လင်းရီ အတွေးနက်နေစဉ်မှာပဲ နင်ချဲ့က ပြောဆိုလာခဲ့၏။
သူမ၏ အမူအရာမှာလည်း လေးနက်နေပြီး အင်မတန်ကို စိတ်ဝင်စားနေသည့်ဟန်ပင်။
“ ဒါက မတော်တဆမှုမှာ တွေ့ခဲ့ရတဲ့ သွေးနမူနာတွေပဲ … မင်းက စိတ်ဝင်စားလို့လား …”
“ ဟင့်အင်း … ဒါပေမယ့် ဒီတစ်ခုကတော့ နည်းနည်းလေး ထူးဆန်းနေသလားလို့….”
နင်ချဲ့က ကူရိရန် ပေးသွားခဲ့သည့် ရီပို့ကို လက်ထဲက ယူပြီးကြည့်လိုက်သည်။
လီရှန်းဟွေ့နှင့် တိုက်ပြေးသွားသည့် ဒရိုင်ဘာ၏ ဒေတာများကိုတော့ သာမန်လျှံကာ ကြည့်ရုံမျှသာ ကြည့်ပြီး … သို့ပေမယ့် လင်းဟန်၏ အမည်နေရာတွင်တော့ အချိန်အတော်ကြာသည်ထိအောင် အကြည့်ရပ်နေမိသည်။
“ ဒီရဲ့ လင်းဟန်က ဘယ်သူတုန်း …”
“ ငါ့ မိတ်ဆွေတွေထဲက တစ်ယောက်ပါ …”
လင်းဟန်က ယခင် ကျုံးဝေ့တပ်ဖွဲ့ စမ်းသပ်မှုတွင် ပါဝင်ခဲ့သော်ငြားလည်း အချိန်အတော်ကြာပြီ ဖြစ်၍ နင်ချဲ့မှာ မေ့ပင် မေ့သွားခဲ့လေပြီ.
သို့ပေမယ့် လင်းရီ သူမ၏ အဆိုပါ အထောက်အထားကိုတော့ မပြောပြခဲ့ပေ။ အကြောင်းမူကား မလိုအပ်သောကြောင့် ဖြစ်၏။
“ ဘာလို့ …”
“ ထူးဆန်းတယ် … သာမန်လူတစ်ယောက်ရဲ့ သွေးထဲ ဆဲလ်ပါဝင်မှုအချိုးနှုန်းက ဒီလိုမျိုး ဖြစ်မနေသင့်ဘူးလေ ..”
“ ဟမ်….” လင်းရီက နင်ချဲ့ကို သိချင်စိတ် ပြင်းပြစွာ ကြည့်လိုက်ပြီး “ မင်းကို နိုက်ကလပ်လောက်ပဲ သွားဖို့ သိမယ်ထင်နေတာ ဒါတွေလည်း ဖတ်တတ်တယ်ပေါ့ …”
“ ဒီတိုင်း တိုက်ဆိုင်သွားရုံပါပဲ …” နင်ချဲ့ ပြောလိုက်ပြီး “ နင့်အသင်းက E အဆင့် ဗီဇဆေးရည်ကို တပ်ဖွဲ့ဆီ ပို့လာခဲ့တာလေ .. ငါတို့ ရန်ကျင်းပြန်ရောက်ဖြစ်တော့ ဓာတ်ခွဲခန်းထဲ တစ်ချက်သွားကြည့်တာ ဗီဇဆေးရည်ထိုးခံထားရတဲ့ စမ်းသပ်ခံကြွက်တွေနဲ့ ဝက်တွေရဲ့ သွေးထဲမှာ ဒီလိုမျိုး မိုနိုနျူးကလီးယားဆဲလ် ပါဝင်မှုနှုန်းက ပုံမှန်မဟုတ်ဘဲ အတော်လေး မြင့်မားနေတယ် … ပြီးတော့ ခန္ဓာကိုယ်မှာ မူးဝေတာ ၊ ဝမ်းပျက်ဝမ်းလျှောတာ ၊ အဲ့လို လက္ခဏာတွေရောပဲ …”
***