“ အာ ….”
နင်ချဲ့၏ ရှင်းပြစကားကို နားထောင်ပြီးနောက် လင်းရီ အံ့အားသင့်သွားခဲ့ပြီး သူ့ မျက်နှာအရောင်ပင် ပြောင်းလဲသွားခဲ့သည်။
“ ဒါပေမယ့် နင့်မိတ်ဆွေဆိုတော့ ထွေထူး ပြဿနာ ရှိမယ် မထင်ပါဘူး … တခြား အကြောင်းတွေကြောင့် ဖြစ်ရင်လည်း ဖြစ်မှာပေါ့ …”
နင်ချဲ့ ဤစကားမျိုး ပြောလိုက်သည်က လင်းရီအပေါ်ရှိ ယုံကြည်မှုကြောင့်ပင်။
လင်းရီ၏ ဘေးနားပတ်ဝန်းကျင်တွင် စက်ဆုပ်ဖွယ်ရာကောင်းသည့် လူများ ရှိနေလိမ့်မည်ဟု မယုံကြည်ပေ။
“ အခုချက်ချင်း လေယာဉ်လက်မှတ်ဖြတ်လိုက် … ပြီးရင် ရန်ကျင်းသွားပြီး ငါ့ကို တစ်ခု အတည်ပြုပေးစမ်းပါ ….”
“ ဘာကြီးကိုလဲ …”
“ သွေးနမူနာ … ၊ သူတို့ကို အမြန်လေး စမ်းသပ်ခိုင်းလိုက် … ၊ ကျန်းချောင်ယွဲ့ကို လိုက်ပို့ပေးဖို့ ပြောလိုက်မယ် … အဲ့မှာ တစ်ခါတည်း ပစ္စည်းပါပေးမယ် …”
“ အိုကေလေ …”
အလုပ်ကိစ္စတွင်တော့ နင်ချဲ့က အမြဲတစေ တည့်တိုးဆန်ပြီး လိုရင်းတိုရှင်းသာ သွားသည်။
“ တစ်ခုထပ်ရှိသေးတယ် … အဲ့တာကိုတော့ ယွီလော့ကို စစ်ဆေးခိုင်းလိုက် …” လင်းရီ ပြောလိုက်ပြီး “ ဆေးဝါးစက်ရုံ မပိတ်ချခင်တုန်းက သူတို့ ဘယ်ဆေးတွေ ထုတ်ခဲ့လဲဆိုတာ စစ်ဆေးပေး … ၊ ဆေးနာမည်နဲ့ သူတို့ရဲ့ ပါကင်တွေ … ၊ ပြီးရင် ငါ့ဆီ ပို့ပေးဖို့လည်း မမေ့နဲ့ …”
“ ပြဿနာ မရှိဘူး ….”
နောက် နာရီဝက်အတွင်းမှာပဲ လင်းရီသည် အရာအားလုံးကို စီစဉ်ပြီးသွားခဲ့ပြီး နင်ချဲ့ကို လေဆိပ်သို့ ပို့ပေးရန်အတွက် ကျန်းချောင်ယွဲ့အား ပြောလိုက်၏။
မွန်းလွဲပိုင်းတွင်တော့ လင်းရီ မည်သည့်နေရာကိုမျှ မသွားခဲ့ပေ။ ကျီချင်းရန်ထံသို့ ဖုန်းဆက်ရုံကလွဲပြီး လီချူးဟန်၏ နားနေခန်းထဲ၌သာ တစ်ချိန်လုံး ရှိနေသည်။
ညနေ လေးနာရီထိုးတော့ အသင်းက တစ်ပိုင်းတစ်စမျှသာ ပြီးဆုံးသေးသည့် ဆေးဝါးများကို ဆေးရုံသို့ ပို့ပေးလာခဲ့၏။
ထို့နောက် လင်းရီလည်း ချောင်ရှင်းကို ဆေးရုံထံမှ Betalek တစ်ဘူး ယူခိုင်းပြီး ဆေးနှစ်မျိုးကို နှိုင်းယှဉ်ကြည့်သည်။
နောက်ဆုံး ရလဒ်က လင်းရီ မျှော်လင့်ထားသည့် အတိုင်း ဖြစ်၏။ ဆေးဝါးနှစ်မျိုးလုံးက မခွဲခြားနိုင်လောက်အောင် ချွတ်စွပ်တူနေသည်။
တိကျမှု ရရှိစေရေးအတွက် လင်းရီသည် လီချူးဟန်နှင့် ချောင်ရှင်းကိုပါ လှမ်းခေါ်လိုက်၏။ သူမတို့နှစ်ဦးဆိုလျှင် ဆေးဝါးများကို စစ်ဆေးအကဲဖြတ်ပေးနိုင်လောက်သည်။
သို့ပေမယ့်လည်း သူမတို့နှစ်ဦး ခံစားကြည့်သည့်တိုင် ဆေးနှစ်မျိုးလုံးက Betalek ပဲ ဖြစ်နေသည်။
သို့ပေမယ့် Betalek ကို ဩဇီက ထုတ်ပြီး ဟောင်ကောင်တွင် ဤသို့သော ဆေးဝါးမျိုး ထုတ်လုပ်နိုင်သည့် အစွမ်းအစ မရှိပေ။ ထို့ကြောင့် သူ့ရှေ့ရှိ အနှီ တစ်ပိုင်းတစ်စမျှသာ ပြီးဆုံးသေးသည့် ဆေးဝါးတို့မှာ ကျိန်းသေပေါက် အတု ဖြစ်ရမည်။
“ ရှင်းရှင်း … ဒီဆေးတွေ ယူသွားပြီး ဆေးဝါးစမ်းသပ်တဲ့ ဌာနကို ယူသွား …၊ သူတို့ရဲ့ ဖွဲ့စည်းပုံ ဘယ်လိုရှိလဲဆိုတာ အကဲဖြတ်ခိုင်းလိုက် … မြန်မြန်လေးနော်…”
“ အမ် … ဟုတ် … ညီမအခု သွားလိုက်မယ် …”
ချောင်ရှင်းက အင်မတန် တက်ကြွနေပြီး အမှုကို ဖြေရှင်းနိုင်ရန်အတွက် သူမဘက်ကလည်း တစ်စိတ်တစ်ပိုင်း ပါဝင်နိုင်တော့မည် ဆိုသည့် အတွေးနှင့် ကြည်နူးနေသည်။
အားလုံးစီစဉ်ပြီးနောက် လင်းရီက နားနေခန်းထဲတွင် တိတ်ဆိတ်စွာ ထိုင်နေပြီး အထူးဓာတ်ခွဲခန်း ရလဒ်ကို စောင့်ဆိုင်းနေခဲ့သည်။
ည ရှစ်နာရီကျော်လောက် အချိန်ရောက်သည့်အခါတွင်တော့ လင်းရီ လိုအပ်သည့် စမ်းသပ်မှု ရလဒ်က အဖြေထွက်ပေါ်လာသည်။
ဆေးဝါးစမ်းသပ်မှု ဓာတ်ခွဲခန်းသို့ ပို့လိုက်သည့် ဆေးများ၏ ဖွဲ့စည်းတည်ဆောက်ထားပုံတို့ ထွက်ပေါ်လာခဲ့ပြီ ဖြစ်၏။
အဓိက ပါဝင်နေသည့်အရာများက ကစီဓာတ်၊ စူးခရို့စ်နှင့် ဗျူရိုဖင်း ဂရန်းနျူးလ် အပိုင်းအစတို့ ပါဝင်နေသည်။
ဤသို့ ဖြစ်မည်လို့လည်း လင်းရီ သေချာပေါက် မျှော်မှန်းထားပြီးသားပင်။
ကစီဓာတ်ကို သကြားဖြင့် အဓိက ဖွဲ့စည်းထားပြီး စူးခရို့စ်တွင်လည်း သွေး၏ သကြားဓာတ်ကို မြင့်တက်နေသည့် အစွမ်းသတ္တိတို့ ပါဝင်နေသည်။ ဗျူရိုဖင်းက အကိုက်အခဲပျောက်ဆေးများတွင် အဓိက ပါဝင်သည့် အရာဖြစ်ပြီး သုံးစွဲပြီးနောက်တွင် သွေးကြောများအား တင်းကျပ်လာစေသည်။
သွေးကြောများ တင်းကျပ်လာမှုက သွေးတိုးခြင်း အဖြစ်သို့ ဦးတည်သွားစေပြီး တစ်နည်းဆိုရသော် အနှီဆေးအတုတို့က သွေးတိုးဆေးများပင်။
အကယ်၍ သွေးတိုးရောဂါ ဝေဒနာရှင် လူနာတစ်ဦးက ထိုဆေးကို အမှုမဲ့အမှတ်မဲ့နှင့် သုံးစွဲမိမည်ဆိုပါက အင်မတန် အသက်အန္တရာယ် များသည်။
မာတဲ့ဟုန်နှင့် စွန်းရွှယ်ချန်တို့သာ ဤဆေးကို သောက်သုံးလိုက်မည်ဆိုပါက လျင်လျင်မြန်မြန်နှင့် ဆုံးပါးသွားခဲ့လျှင် အံ့အားသင့်စရာ ကောင်းသည့် အရာဖြစ်နေလိမ့်မှာ မဟုတ်ချေ။
ယခု … အဓိက စုံစမ်းသင့်သည်မှာ သူတို့ ယခင် သောက်သုံးနေခဲ့သည့် ဆေးဝါးတို့က ထိုဆေးအတုများ ဖြစ်နေခဲ့သည်လား ဆိုသည့် အချက်ကိုပဲ ဖြစ်၏။
ထိုအကြောင်းကို စိတ်ထဲ တေးထားရင်း လင်းရီသည် ဝမ်ကျားမေ၏ နံပါတ်ကို ဆက်သွယ်လိုက်သည်။
“ အစ်မဝမ် … ခင်များ အလုပ်များနေလား မသိဘူး …”
“ အားပါတယ် … ငါက မနက်ပိုင်းတင်ပဲ အလုပ်များတာ … ကျန်တဲ့အချိန်ဆို အားတာက ခပ်များများပဲ ….” ဝမ်ကျားမေက ပြောလိုက်ပြီး “ နင် ပြောချင်တာ ရှိလို့လား …”
“ ကျုပ် အစ်မကို အရင် မာတဲ့ဟုန်ကို ပေးခဲ့ဖူးတဲ့ ဆေးအကြောင်း မေးချင်လို့ … အစ်မဆီမှာ ဆေးကျန်သေးတယ်မလား ….”
ဝမ်ကျားမေ ခေတ္တတိတ်ဆိတ်သွားခဲ့ပြီး “ သူတို့ သောက်တဲ့ ဆေးက Betalek လေ …”
“ အဲ့ဆေးမှန်း ကျုပ်သိတယ် …ဒါပေမယ့် အစ်မက ထောင်အစောင့်တွေ ဆေးယူရတာ လွယ်အောင်ဆိုပြီး ဆေးအထုပ်တွေ ကြိုထုပ်ထားတယ်မလား … အဲ့ဆေးထုပ်တွေ ကျန်နေသေးလားလို့ပါ …”
“ အစကတော့ ခြောက်ထုပ်ကျန်သေးတယ် … ပိုတဲ့ဆေးတွေကို စွန်းရွှယ်ချန်ဆီ ပေးနေတာလေ … ဒါပေမယ့် အဲ့ကိစ္စ ဖြစ်ပျက်ပြီးနောက်ပိုင်း သူ့ကို တခြား ဆေးအသစ် တစ်သုတ်နဲ့ အစားထိုးလိုက်တာ … အရင်အဟောင်းက တစ်လုံးလားပဲ ကျန်တော့တယ် …. အရင်ရက်တုန်းက ကပ္ပတိန်လီ လာယူသွားတာပဲ …. ပြောတာကတော့ ရှောင်ဟန်နဲ့ စမ်းသပ်ကြည့်မယ်ဆိုလား … စကားမစပ် ကပ္ပတိန်လီ ဆေးရုံတက်နေရတယ် ဟုတ်လား … သူ အခု ဘယ်လိုနေသေးလဲ …”
“ အဆင်ပြေနေပါပြီ … အသက်အန္တရာယ် မစိုးရိမ်ရတော့ပါဘူး ….”
“ အေးအေး … အဲ့လိုကြားရတာ ဝမ်းသာတယ် …”
“ ကျေးဇူးပါ အစ်မဝမ် … ကျုပ် ထပ်ပြီး ပြဿနာ ပေးရပြန်ပြီ …”
“ မပြောပလောက်ပါဘူးဟယ် … တစ်ခုခု လိုအပ်တာရှိရင် ငါ့ဆီ တိုက်ရိုက်သာလာခဲ့ ….”
လင်းရီ ခွန်းတုံ့ပြန်ပြီး ဖုန်းချလိုက်သည်။ ထို့နောက် စိတ်ထဲ တွက်ချက်ကြည့်လိုက်၏။
အကယ်၍ ကိစ္စရပ်များကသာ ထင်မှတ်ထားသည့် အတိုင်းဆိုပါက ထိုဆေးများတွင် ပြဿနာ တစ်ခုခုတော့ ကျိန်းသေပေါက် ရှိနေရမည်။
အကယ်၍ အစ်ကိုလီကသာ ဆေးကို ယူမသွားခဲ့ဘူးဆိုပါက သူ ယခုလို ကားအက်စီးဒင့် ဖြစ်ချင်မှလည်း ဖြစ်မည်။
ဤအကြောင်းတွေးတောမိတော့ လင်းရီ မတ်တပ်ရပ်ပြီး ICU ဌာနသို့ ထွက်လာခဲ့လိုက်၏။
လင်းရီ၏ အဆင့်အတန်းကြောင့် ထိုသို့သော နေရာသို့ ရောက်လာခဲ့သော်လည်း သူ့အား တားမြစ်မည့်သူ မည်သူကမျှ ရှိမနေချေ။
လိုအပ်သည့် ဝတ်စုံကို လဲလှယ်ပြီးနောက် ICU အတွင်းထဲသို့ ဝင်လိုက်၏။
“ ဒါရိုက်တာလင်း … မင်းလာပြီလား ….”
လင်းရီ ချဉ်းကပ်လာသည်ကို မြင်တော့ ICU ဒါရိုက်တာက လှမ်းလာပြီး နှုတ်ခွန်းဆက်သည်။
“ လီရှန်းဟွေ့ နာမည်နဲ့ လူနာ အခြေအနေ ဘယ်လိုရှိလဲ ဒေါက်တာ ….”
“ အခြေအနေကတော့ တည်ငြိမ်သွားပြီ … အသက်အန္တရာယ် စိုးရိမ်လောက်စရာ မရှိဘူး … ဒါပေမယ့် သူ ဘယ်အတိုင်းအတာအထိ ပြန်သက်သာလာမလဲဆိုတာကတော့ ငါလည်း သေချာတော့ မပြောနိုင်သေးဘူး …”
“ ကျုပ်ကို အသေးစိတ်ရှင်းပြ …” လင်းရီ လေးနက်သည့် မျက်နှာအမူအရာဖြင့် ပြောလိုက်သည်။ ‘
“ ငါတို့ချင်းက လုပ်ဖော်ကိုင်ဖက်တွေဆိုတော့ ငါလည်း မင်းကို ထိမ်ချန်ပြီး ပြောမနေတော့ဘူး …” ဒါရိုက်တာက ပြောလိုက်ပြီး “ ဦးခေါင်းခွံထိခိုက်သွားတဲ့ ဒဏ်ရာအများစုက ပြန်ပြီး သက်သာလာနိုင်တယ် … တစ်သက်လုံး ထုံထိုင်းသွားနိုင်လောက်တဲ့ အခွင့်အရေးက နည်းတယ်ဆိုပေမယ့် ကိုမာဝင်သွားနိုင်တဲ့ အန္တရာယ်ကလည်း ရှိသေးတယ် … ငါတို့ သတိထားသင့်တဲ့ တစ်ချက်ပေါ့ …”
“ သူ့ ဘယ်ခြေထောက်ကလည်း ဒဏ်ရာပြင်းပြင်းထန်ထန် ရထားသေးတယ် … ပြန်သက်သာလာရင်တောင် လမ်းပြန်လျှောက်နိုင်ပါ့မလားဆိုတာ စိုးရိမ်စရာပဲ ….”
ဘုန်း …
ဒါရိုက်တာ၏ စကားကို ကြားတော့ လင်းရီ၏ ဦးနှောက်ထဲ မိုးကြိုးပစ်ခံလိုက်ရသည့်နှယ် တဝီဝီမြည်သွားခဲ့သည်။
ဘယ်တော့မှ မတ်တပ်ပြန်ရပ်နိုင်မှာ မဟုတ်ဘူးဆိုတဲ့ ရက်စက်သည့် အမှန်တရားကို သူ လုံးဝ လက်သင့်မခံနိုင်ပေ။
“ မဖြစ်နိုင်တာ … ကျုပ် သေချာလေး ကောင်းကောင်းမွန်မွန် ခွဲစိတ်ပေးခဲ့တာကို ကျုပ်စကေးအပေါ် ကျုပ် ယုံကြည်ချက် အပြည့်ရှိတယ် … “
“ အေး …. ခွဲစိတ်ပေးခဲ့တာ မင်းဖြစ်နေလို့ပဲ ကံကောင်းသွားတာ … တခြားလူသာဆိုလို့ကတော ခြေထောက်နှစ်ဖက်လုံးတောင် သုံးစားလို့ရမှာ မဟုတ်ဘူး … အဆိုးဆုံးဆိုရင်တော့ အသက်ပါ ကျန်မှာမဟုတ်ဘူး …” ICU ဒါရိုက်တာကပြောလိုက်ပြီး “ ဒါပေမယ့် ဘယ်လောက် အတိုင်းအတာအထိ သက်သာလာမလဲဆိုတာ စောင့်ကြည့်ရဦးမှာပါ … ဘာပဲဆိုဆို အမေရိကားနဲ့ ဂျာမနီတို့မှာ ဒီလိုဖြစ်ပျက်ပြီးနောက်ပိုင်း ပြန်ကောင်းလာတဲ့ ဖြစ်ရပ်တွေလည်း ရှိတာပဲဟာ … ဘယ်လိုပဲဖြစ်ဖြစ် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပေါ့ကွာ ….”
“ ကောင်းပြီ … ကျုပ်နားလည်တယ် …”
ထိုအကြောင်းကို ချဲ့ကားပြောဆိုသည်ဟု လင်းရီ မထင်မိပေ။ အကြောင်းမူကား တကယ်လည်း ဖြစ်နိုင်ချေတစ်ရပ် ရှိနေသောကြောင့် ဖြစ်၏။
သို့ပေမယ့် မည်သို့ပင်ဆိုစေကာမူ ခြေထောက်တစ်ချောင်းကတော့ သက်သာရခဲ့သည်။
“ လူနာ နိုးလာပြီလား …”
“ ခဏတော့ နိုးလာသေးတယ် … ဒါပေမယ့် သူ့အသိစိတ်ကတော့ သိပ်ပြီး ကြည်လင်မနေဘူး …”
“ အိုကေ … ကျုပ် တစ်ချက် သွားကြည့်လိုက်ဦးမယ် …”
နှုတ်ခွန်းဆက်ပြီးနောက် လင်းရီသည် ICU ထဲသို့ ဝင်သွားခဲ့ပြီး လီရှန်းဟွေ့နှင့် တွေ့သည်။ ဆေးပိုက်များက သူ့ခန္ဓာကိုယ်အနှံ့သို့ ထိုးသွင်းထားတာကို မြင်လိုက်ရတော့ လင်းရီ၏ နှလုံးသားမှာ တစ်စုံတစ်ယောက်၏ လက်ဖြင့် ဖျစ်ညှစ်ခြင်းကို ခံလိုက်ရသည့်နှယ် မသက်မသာ ဖြစ်လာခဲ့၏။
အစ်ကိုလီကို ယခုလို မြင်တွေ့လိုက်ရသည်တွင် သူ့ကိုယ်ပိုင် အကြောင်းအရင်းတို့ကြောင့် လင်းရီစိတ်ထဲ ပြောမပြတတ်လောက်အောင် စိတ်ဖိစီးလာခဲ့မိသည်။
လင်းရီ ဝင်လာသည်ကို မြင်တော့ လီရှန်းဟွေ့က သူ့ကို ကြည့်လာသည်။ ဦးခေါင်းမလှုပ်နိုင်သော်ငြားလည်း မျက်ဝန်းထဲရှိ အသိအမှတ်ပြုမှု တစ်စွန်းတစ်စကို မြင်တွေ့နေရသည်။
လင်းရီ သူ့လက်ကို ကိုင်၍ ဘေးတွင် ထိုင်ချလိုက်၏။
“ အစ်ကိုလီ … ခင်များ ကျွန်တော်ပြောတာ ကြားရတယ်မလား ….”
လီရှန်းဟွေ့ မျက်တောင်ခတ်ပြ၏။
“ မပူနဲ့ … ခင်များ ဒီကနေ မကြာခင် ထွက်ရတော့မှာ … ခွဲစိတ်ပြီး ကောင်းကောင်းမွန်မွန် ပြန်သက်သာလာသရွေ့ ကျိန်းသေပေါက် ဘာပြဿနာမှ ရှိမှာ မဟုတ်ဘူး …”
လီရှန်းဟွေ့ နောက်တစ်ကြိမ် မျက်တောင်ခတ်ပြလာခဲ့၏။
“ ကားအက်စီးဒင့်က မရိုးရှင်းဘူး အစ်ကိုလီ … ကျွန်တော် သဲလွန်စ နည်းနည်းပါးပါးတော့ တွေ့ထားတယ် … အခု ခင်များကို မေးခွန်းနည်းနည်းပါးပါး မေးချင်လို့ …. တကယ်လို့ ဟုတ်တယ်ဆိုရင် မျက်တောင်ခတ် … မဟုတ်ဘူးဆိုရင် မျက်ခွံပိတ်ထားပေး …”
“ အစ်ကိုလီ ဝမ်ကျားမေဆီက ရခဲ့တဲ့ဆေး ….၊ အဲ့တာ ခင်များ ဆီမှာ ရှိသေးတုန်းလား …”
***