“ ဆေးက အစ်ကိုလီနဲ့အတူ ရှိနေလား ….”
လီရှန်းဟွေ့က မျက်လုံးမှိတ်လိုက်ပြီး အချိန်ခေတ္တကြာပြီးနောက်တွင်မှ မျက်လုံးပြန်ဖွင့်လိုက်သည်။
လင်းရီ အတွေးနက်သွားခဲ့၏။ “ ဘယ်ရောက်သွားလဲရော သိလား …”
လီရှန်းဟွေ့က မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ် ပြုလုပ်လိုက်သည်။
သူ့ သံသယကို အတည်ပြုပြီးနောက် လင်းရီ အများအပြား သက်သာရာရသွားခဲ့သည်။
ဤကဲ့သို့သော အမှုမျိုးကို ဖြေရှင်းရသည်က ….
သဲလွန်စ ရှာတွေ့သွားသည်နှင့် အကြောင်းအရင်း အစစ်အမှန်က ဖြည်းဖြည်းချင်း ရုပ်လုံးအကောင်အထည် ပေါ်လာမည်။ အမှန်တရားကြိုးမျှင်သည်လည်း ငွေရောင်ပိုးကြိုးကဲ့သို့ ချောမွေ့နေမှာ ဖြစ်၏။
“ အိုကေပြီ အစ်ကိုလီ … ကျုပ်သိချင်တာတွေ အကုန်မေးပြီးသွားပြီ ….”
လင်းရီ ခါးကိုင်း၍ လီရှန်းဟွေ့၏ နားထဲသို့ တီးတိုးပြောလိုက်သည်။
“ ဘာမှ စိတ်မပူနဲ့ … ဒီကိစ္စ ဒီမှာတင် ပြီးမသွားဘူး … ကျုပ် အစ်ကိုလီအတွက် ကျိန်းသေပေါက် လက်စားပြန်ချေပေးမယ် ….”
ဤတစ်ကြိမ်တွင်တော့ လီရှန်းဟွေ့က သူ့ခေါင်းကို ခါယမ်းဖို့ ကြိုးပမ်းလာခဲ့သည်။ သူ့လှုပ်ရှားမှုက သေးငယ်သော်လည်းပဲ ရည်ရွယ်ချက်ကိုတော့ ရှင်းလင်းစွာ မြင်တွေ့နေရသည်။
လင်းရီ သူ့အား နှစ်သိမ့်ပေးသည့် အကြည့်တစ်ချက် ကြည့်ပေးလိုက်၏။
“ ကျုပ်ရဲ့ ထိန်းချုပ်မှုအောက်မှာပဲ ရှိပါတယ် ….”
လီရှန်းဟွေ့က အင်မတန် အားနည်းနေဆဲ ဖြစ်သည့်အတွက်ကြောင့် လင်းရီ အချိန်အကြာကြီး မဆွဲထားလိုခဲ့ပေ။
တံခါးဝသို့ လျှောက်သွားခဲ့ပြီး ICU ဒါရိုက်တာနှင့် တွေ့လိုက်၏။
“ အစ်ကိုဝမ် … ကျုပ် ခင်များနဲ့ စကားပြောချင်တာလေး ရှိလို့ ….”
“ ပြောလေ ….”
“ လူနာ လီရှန်းဟွေ့နဲ့ ပတ်သက်ပြီး တကယ်လို့ သူ့အခြေအနေက ခွင့်ပြုမယ်ဆိုရင်တောင် လောလောဆယ် မရွေ့ပေးပါနဲ့ဦး … ကျုပ် အကြောင်းကြားတာကို စောင့်ပေးပါ … ဒီကြားထဲမှာ တကယ်လို့ သူ့မိန်းမက လာကြည့်ချင်တယ်ဆိုလည်း သူ့အတွက် အဆင်ပြေအောင် ဖန်တီးပေးမယ်ဆိုရင် ကျုပ် ကျေးဇူးတင်မိမှာပဲ ….”
“ မင်း ဘာတွေ လာပြောနေတာ … ဒီလိုစကားမျိုးတွေ တကူးတက ကိုယ်တိုင်ပြောဖို့ မလိုပါဘူးကွာ … ငါနားလည်ပါတယ် …” ICU ဒါရိုက်တာက သူ့ပခုံးကို ပုတ်လိုက်ပြီး “ ငါ လုပ်နိုင်တဲ့အတိုင်းအတာထဲ ရှိသရွေ့ ဒီမှာ ဘာပြဿနာမှ မရှိစေရဘူး ….”
“ ဒါဆိုလည်း ကျေးဇူးပါ အစ်ကိုဝမ် … ကျုပ် ခင်များကို တစ်ဝိုင်း အကြွေးတင်သွားပြီ ….”
“ အိုကေ … ငါမှတ်ထားတယ် ….”
စကားအနည်းငယ် ပြောဆိုပြီးနောက် လင်းရီ ICU ထဲက ထွက်လာခဲ့လိုက်သည်။
အကယ်၍ ကံကောင်းခဲ့မည်ဆိုပါက ယနေ့ညတွင် ကြပ်မတ်ကုသဆောင်မှ ပြောင်းရွေ့နိုင်သော်ငြားလည်း လွဲမှားချော်မှား မရှိစေရန်အတွက် လင်းရီသည် လီရှန်းဟွေ့ကို အနည်းငယ် ခပ်ကြာကြာ နေခိုင်းဖို့ ဆုံးဖြတ်လိုက်သည်။
ထွက်ခွာလာခဲ့ပြီးနောက် လင်းရီ လူနာခန်းဘက်သို့ ထွက်လာခဲ့ပြီး လီရှန်းဟွေ့၏ ဇနီး၊ ကျန်းဝန်လီနှင့် ဆုံသည်။ လင်းဟန်က သူမနံဘေးတွင် ရှိနေခဲ့၏။
“ လင်းရီ … အစ်ကိုလီ ဘယ်အချိန်လောက် ICU က ရွေ့နိုင်မလဲတဲ့ ….”
“ အခြေအနေက အတော်လေး ကောင်းနေပါပြီ … ဒါပေမယ့် စိတ်ချရအောင်ဆိုပြီး ဆေးရုံက အပိုစစ်ဆေးတာတွေ လုပ်ဖို့ရှိတယ် ….” လင်းရီ ပြောလိုက်သည်။ “ ဒါပေမယ့် ကျွန်တော် ဒါရိုက်တာနဲ့ စကားပြောထားပါတယ် … မရီး ကြိုက်တဲ့အချိန် သွားလည်လို့ရတယ် ….”
ဤစကားကြားတော့ ကျန်းဝန်လီက အများအပြား စိတ်သက်သာရသွားခဲ့သည်။
ကျိုးဟိုင် တတိယတန်းစား ဆေးရုံ၏ နာ့စ်ခေါင်းဆောင် ဖြစ်သဖြင့် သူမကိုယ်၌က ဤနေရာရှိ လုပ်ထုံးလုပ်နည်းတို့နှင့် ရင်းနှီးနေသည်။ လင်းရီလည်း ရှည်ရှည်ဝေးဝေး ရှင်းပြဖို့ မလိုသဖြင့် သက်သာသွားခဲ့သည်။
အနည်းဆုံးတော့ သူက အန္တရာယ်ကင်းနေပြီး သူမကလည်း သွားလည်နိုင်သည်။ ယင်းက အရေးကြီးဆုံးဖြစ်၏။
“ အမှုအခြေအနေရော ဘယ်လိုရှိပြီလဲ ….” လင်းဟန် မေးလိုက်သည်။
လင်းရီခေါင်းညိတ်ပြလိုက်သည်။ “ ခဏလောက် ထွက်ခဲ့ဦး … ငါ အသေးစိတ်ရှင်းပြပေးမယ် … ဒီကိစ္စကို မင်းဘာမင်း ကိုင်တွယ်ရမှာ … ငါ တခြား ဘယ်သူ့ကိုမှ စိတ်မချရဲဘူး ….”
“ အွန်း ….” လင်းဟန်က တည်ကြည်လေးနက်သည့် မျက်နှာထားဖြင့် ခေါင်းညိတ်လိုက်သည်။
နှစ်ယောက်က ကော်ရစ်ဒါ လှေကားနားဘက်ခြမ်းသို့ ရောက်လာခဲ့ပြီး လင်းရီက သူ့အိတ်ထောင်ထဲကနေ ဖောက်ထွင်းမြင်နေရသည့် လက်တစ်ဖဝါးစာ လေလုံ အိတ်အကြည်လေး တစ်ခုကို ထုတ်လိုက်၏။ အထဲတွင် နှမ်းစေ့ခန့်မျှ ရှိသည့် ဆေးလုံးတို့ ဒါဇင်ခန့် ရှိနေသည်။
“ ဒါက ဘာလဲ ….”
“ မင်း အစ်မဝမ်ဆီကနေ Betalek လက်ကျန်ကို ယူလာပြီး စမ်းသပ်ဖို့ လုပ်တဲ့အချိန် ရုတ်တရက်ကြီး ကားတိုက်ခံလိုက်ရတယ်မလား ….”
လင်းဟန် ခေါင်းညိတ်လိုက်သည်။
“ အစ်ကိုလီရဲ့ အင်္ကျီအဝတ်အစားထဲမှာ ဒီဆေးတွေ တွေ့ခဲ့တာပဲ … ပြီးတော့ အဲ့ဒီ ဆေးလက်ကျန်ဆိုတာ အတည်ပြုထားပြီးပြီ ….” လင်းရီ ပြောလိုက်ပြီး “ အခု ပြဿနာက ဒါပဲ … ဒါကို ယူသွားပြီး စစ်ဆေးလိုက် …. တကယ်လို့ Batalek အစစ်သာဆိုရင် မာတဲ့ဟုန် သေတာက တခြားအကြောင်းအရင်းကြောင့် ဖြစ်သွားပြီ … တကယ်လို့ ဆေးက အတုဆိုရင်တော့ ပြဿနာက ဒီဟာပဲ …..”
လင်းရီ လက်ထဲရှိ အိတ်အကြည်လေးကို ကြည့်ရင်း လင်းဟန်၏ အမူအရာမှာ ရှုပ်ထွေးသွားခဲ့ကာ သူမ လှမ်းယူလိုက်၏။
“ စိတ်ချထားလိုက် ခေါင်းဆောင်လင်း … ဒီကိစ္စ သေချာ ကောင်းကောင်းမွန်မွန် ကိုင်တွယ်လိုက်မယ် ….”
လင်းရီ သူ့နာရီကို တစ်ချက်ကြည့်ပြီး “ နောက်တောင်ကျနေပြီ … ဓာတ်ခွဲခန်းကလူတွေတောင် အိမ်ပြန်ကုန်ကျလောက်ရောပေါ့ … ဘာပဲဖြစ်ဖြစ်ပါ … လောဖို့မလိုဘူး … ရလဒ်တွေ မှန်ကန်ဖို့ပဲ လိုတယ် …”
“ အင်း … နားလည်တယ် ….”
“ အိုကေ သွားတော့ ….”
လင်းဟန် ခေါင်းညိတ်ပြီး ထွက်ခွာသွားခဲ့သည်။
လင်းရီ နေရာတွင် မတ်တပ်ရပ်နေရင်း ထွက်ခွာသွားသည့် သူမ၏ နောက်ကျောပုံရိပ်ကို ငေးမောကြည့်ရှုနေခဲ့၏။
သူ့အမူအရာမှာ အနည်းငယ် ဝမ်းနည်းနေသည်။
အချိန်အတော် ကြာသွားခဲ့ပြီးနောက် လင်းရီက ပျင်းရိစွာ အညောင်းဆန့်လိုက်၏။ ဆေးရုံရှိ အရာအားလုံးကို စီစဉ်ပြီးဖြစ်သဖြင့် ယခု ကျန်ရစ်တော့သည်က ရလဒ်ကို စောင့်ဆိုင်းဖို့ရာပင်။
သူ ထင်ထားသလို ဟုတ်မနေဖို့ မျှော်လင့်မိသည်။
ထို့နောက် လင်းရီက လူနာခန်းထဲသို့ သွားပြီး ကျောက်ယွင်ဟူကို စစ်ဆေးကြည့်လိုက်၏။
ထိုကောင်က ကြမ်းပြင်တွင် လှုပ်ရှားသွားလာနိုင်နေပြီ ဖြစ်ပြီး အကြာဆုံး သုံးရက်အတွင်း ဆေးရုံဆင်းနိုင်နေလေပြီ။
ယွီစီယင်နှင့် ရှောင်ပင်းတို့သည်လည်း အပြင်ပန်းကြည့်မည်ဆိုပါက အဆင်ပြေနေသယောင် ထင်ရ၏။
လင်းရီ သူတို့ကို နောက်ထပ် ရက်အနည်းငယ်ခန့် ဆက်နေခိုင်းထားဖို့ စီစဉ်ထားသည်။ ကျောက်ယွင်ဟူ ဆေးရုံဆင်းပြီးနောက်တွင် ဝိုင်းတစ်ခု စီစဉ်ရင်း အသင်းလည်း လူခွဲကြမည် ဖြစ်၏။
အုပ်စုထံ လည်ပတ်ပြီးနောက် လင်းရီသည် လီချူးဟန်နှင့် ချောင်ရှင်းတို့အား သွားရောက်နှုတ်ဆက်လိုက်၏။ ပြီးသည့်နောက်တွင်တော့ ကျီချင်းရန်၏ အိမ်သို့ ပြန်လာသည်။
အပြင်ဘက်၌ ကားအင်ဂျင်သံကို ကြားတော့ စုန့်လန်က အကျင့်အလျောက် လင်းရီကို အထဲသို့ ကြိုဆိုလိုက်သည်။
“ ဟယ် … ဖုန်းလည်း ကြိုမဆက်ဘူး … လာမယ်မှန်းသိရင် ဟင်းတွေ ပြင်ထားပေးမှာပေါ့ …..”
“ မလိုပါဘူးဗျာ မလိုပါဘူး … ရပါတယ် … အပြင်လူမှ မဟုတ်တာ ….” လင်းရီ ပြုံးလျက် ဆိုလိုက်ပြီး “ ကျန်တာလေးတွေ နွှေးပေးမယ်ဆိုလည်း အဆင်ပြေပါတယ် …..”
“ အဲ့လိုတော့ ဘယ်ဖြစ်မှာ …. အန်တီ သားဖို့ အခုပဲ ဟင်းကြော်ပေးမယ် …..”
“ တော်ပြီလို့ အန်တီစုန့် … ကျွန်တော့်ကို ဒီလိုမျိုး ယဉ်ကျေးနေမယ်ဆို ကျွန်တော် နောက်မလာတော့ဘူးနော်….” လင်းရီ ပြောလိုက်ပြီး “ ကျန်တာလေးပဲ နွှေးပေးလိုက်ပါ ….”
“ ဒါဆိုလည်း ကောင်းပြီလေ … ဟင်းနွှေးနေတဲ့အချိန် ဧည့်ခန်းထဲ ထိုင်နေလိုက်ဦး ….”
“ ဟုတ် ….”
အိမ်ထဲတွင်တော့ ဧည့်ခန်းထဲ၌ မည်သူမျှ ရှိမနေသည်ကို လင်းရီ သတိထားမိလိုက်သည်။
“ အိမ်မှာ ဘယ်သူမှလည်း မရှိကြပါလား ….”
“ နင့် အန်ကယ်က မာကျောက်ကစားဖို့ အပြင်ထွက်သွားတယ် … ရန်ရန်ကလည်း အပေါ်ထပ်မှာ အလုပ်များနေတယ် … အန်တီ သူ့ကို အောက်ဆင်းလာခိုင်းလိုက်မယ် ….”
“ ရတယ် ရတယ် သူ အလုပ်ရှုပ်နေတာဆိုလည်း မနှောင့်ယှက်တော့ပါဘူး ….”
“ သဘော သဘော … အဲ့ဒါဆိုလည်း နင် စားပြီးရင် သူနဲ့ သွားတွေ့လိုက်ပေါ့ ဟုတ်ပြီလား ….”
“ ဟုတ် အန်တီစုန့် ….”
မိနစ် အနည်းငယ်ကြာပြီးနောက် စုန့်လန်က ညနေခင်း ဟင်းအကျန်များကို လင်းရီအတွက် နွှေးပြီးသွားပြီး တွေးပေးတတ်စွာဖြင့် အသီးတစ်ချို့ကိုပါ လှီးဖြတ်ပေးလိုက်သေးသည်။
လင်းရီ ခပ်သွက်သွက် စားလိုက်ရာ ဆယ်မိနစ်အတွင်း ဟင်းအားလုံး ကုန်သွားခဲ့လေသည်။ စုန့်လန်နှင့် ခေတ္တစကားပြောဆိုပြီးနောက် ကျီချင်းရန်အား ရှာရန် အပေါ်ထပ်သို့ တက်လာခဲ့သည်။
သူ လှေကားပေါ်သို့ တက်သည့်အချိန်မှာပဲ လင်းရီမှာ စိတ်ထဲ အနည်းငယ် ဇဝေဇဝါ ဖြစ်နေမိ၏။
ကျီချင်းရန်က နားအင်မတန်ပါးပြီး သူ အိမ်ထဲ ရောက်နေသည်မှာ အနည်းဆုံးတော့ နာရီဝက်ရှိပြီ ဖြစ်၏။ သို့ပေမယ့် လူက ထွက်မလာချေ။
သူမ အရမ်း အာရုံစိုက်နေလို့များလား ….
သူ စာကြည့်ခန်းသို့ ရောက်လာပြီး တံခါးဖွင့်လိုက်တော့ ထင်မှတ်မထားစွာဖြင့် ကျီချင်းရန်က သူမ၏ အလုပ်စားပွဲပေါ်မှာပဲ အိပ်မောကျနေလေသည်။
ယင်းက လင်းရီကို အနည်းငယ် အံ့အားသင့်သွားစေခဲ့၏။ နှစ်ယောက်က ၂ နှစ်နီးပါးခန့် အတူနေလာခဲ့ပြီး အချိန်အများစုကို ကျိုကျုံးဗီလာမှာပဲ ကုန်ဆုံးခဲ့ကြသည်။
ထိုစဉ်အချိန်ကလည်း သူမ ယခုလိုပဲ နေ့တိုင်းနေ့ အလုပ်များ၏။ သို့ပေမယ့် စာကြည့်ခန်းထဲ အိပ်ပျော်နေတာကိုတော့ ပထမဆုံးအကြိမ် အဖြစ် မြင်တွေ့ဖူးခြင်းပင်။
ထို့ပြင် ယခုမှ ည ရှစ်နာရီစွန်းစွန်း ရှိသေးပြီး သူမ ပုံမှန် နားနေကျ အချိန်နှင့်လည်း အကွာကြီး ဖြစ်၏။
လင်းရီ စောင်အပါးတစ်ထည်ကို ကောက်ယူ၍ ကျီချင်းရန်ကိုယ်ပေါ်သို့ ညင်သာစွာ ခြုံပေးလိုက်သည်။
လင်းရီ၏ လုပ်ရပ်ကို ခံစားမိသွားခဲ့ဟန်ပင်။ ကျီချင်းရန်မှာ အိပ်စုံမှုန်မွှားဖြင့် မျက်လုံးပွင့်လာခဲ့၏။
“ နင် ပြန်လာပြီလား ….”
“ ဘာလို့ ဒီမှာ အိပ်နေတာ ….”
“ ရီပို့တွေကို ကြည့်ရင်း ရုတ်တရက် အတော်လေး ငိုက်လာလို့ … အဲ့နောက် အိပ်ပျော်သွားခဲ့တာပဲ …”
ကျီချင်းရန်က ပျင်းရိစွာ အညောင်းဆန့်ရင်း ချစ်ဖို့ကောင်းစွာ သမ်းဝေလိုက်သည်။ ပါးဘေးသို့ ကျနေသည့် သွားရည်များအား သုတ်လိုက်သည့် လှုပ်ရှားမှုလေးကပင် အင်မတန် ချစ်ဖို့ကောင်းနေသည်။
“ ဘာလို့လဲ မသိဘူး …. ဒီနေ့ အတော်လေး အိပ်ချင်နေသလိုပဲ … ဒါတောင် နေ့လည်တုန်းက ကုမ္ပဏီမှာ တစ်ရေးအိပ်ခဲ့သေးတယ် ….”
“ ကာဗွန်ချစ်ပ်ပရောဂျက် စတဲ့အချိန်ဆိုတော့ မင်းလည်း ပင်ပန်းနေမှာပေါ့ …” လင်းရီ ပြောလိုက်ပြီး” အိပ်ချင်တယ်ဆိုလည်း ဘာမှလုပ်မနေနဲ့တော့ … အခု အိပ်ရာဝင်လိုက်တော့ ….”
ကျီချင်းရန် ခေါင်းညိတ်လိုက်သည်။ “ ဒါဆို သွားအိပ်တော့မယ် … နင် မအိပ်ချင်သေးဘူးဆို ဂိမ်းဆော့ချင်ဆော့နော်… ငါ့ကို စိတ်ထဲမထားနဲ့ …..”
“ အင်းပါ ….”
ကျီချင်းရန် ဆက်တိုက် သမ်းဝေရင်း သူမ၏ အခန်းထဲသို့ ပြန်သွားခဲ့၏။ ကိုယ်လက်သန့်စင်ခြင်းပင် မပြုလုပ်တော့ပေ။
ကလင် ကလင် ကလင် …
ထိုအချိန်မှာပဲ လင်းရီဖုန်းသံ မြည်ဟည်းလာသည်။ ချိုးယွီလော့ထံက ဖြစ်၏။
“ အခြေအနေ …”
***