“ ငါ လိုရင်းပဲ တန်းပြောမယ် … ဟုန်မန်ဂိုဏ်းလက်အောက်မှာ ရှိတဲ့ ဆေးဝါးစက်ရုံက ပဋိဇီဝဆေးတွေ ၊ အားဆေးတွေကို အဓိက ထုတ်တယ် … နင် ပြောတဲ့ ဆေးနဲ့တော့ မတူဘူး … ကြည့်ရတာ သူတို့ ကုမ္ပဏီထုတ် မဟုတ်ဘူးနဲ့တူတယ် …”
ထိုနေရာတွင် စကားခေတ္တရပ်တန့်ပြီးနောက် ချိုးယွီလော့က “ ဆေးက အတုဆိုတာလည်း အတည်ပြုပြီးသွားပြီ … Betalek အတုပဲ …”
“ ဒီနယ်ပယ်ထဲက ကျွမ်းကျင်တဲ့သူတစ်ချို့နဲ့တောင် တိုင်ပင်ကြည့်ပြီးသွားပြီ … စက်ရုံရဲ့ အရွယ်အစားနဲ့ သူတို့သုံးထားတဲ့ စက်အစိတ်အပိုင်းတွေအရဆိုရင် ဒီလိုဆေးမျိုးကို ပွားဖို့က မခက်ခဲဘူး …”
“ အဲ့လိုကိုး … နားလည်ပြီ ….”
“ ပြီးတော့ ဘော့စ်လျိုကလည်း မေးခိုင်းလိုက်သေးတယ် … နင်ပို့လိုက်တဲ့ သွေးနမူနာက ဘယ်ကနေ ရလာခဲ့တာလဲတဲ့ ….”
“ သွေးစစ်ချက် ရလဒ်က ထွက်လာပြီလား …” လင်းရီ လေးနက်သည့် လေသံဖြင့် မေးလိုက်၏။
ဘာကြောင့်ဆိုတော့ ယင်းက မေးခွန်းအလုံးစုံ၏ အဆုံးသတ် အမှတ်နေရာ ဖြစ်နေသောကြောင့်ပင်။
“ အင်း … ထွက်လာပြီ … တိရစ္ဆာန်တွေအပေါ် လုပ်ထားတဲ့ စမ်းသပ်ချက်တွေနဲ့ နှိုင်းယှဉ်လိုက်ရင် မိုနိုနျူးကလိယား ဆဲလ်ပါဝင်နှုန်း မြင့်မားနေတာက ဗီဇဆေးရည်ကြည်ကြောင့်ပဲ …”
“ ကောင်းပြီ … ငါ သဘောပေါက်ပြီ …” လင်းရီ ပြောလိုက်ပြီး “ မင်းတို့ ဒီကိစ္စ စိတ်ပူဖို့ မလိုဘူး … ငါ ကိုင်တွယ်လိုက်မယ် ….”
“ ဒါဆိုလည်း ငါတို့ ဝင်မပါတော့ဘူး … တကယ်လို့ နင့်ဘက်ခြမ်းက တစ်ခုခု ရှိတယ်ဆိုရင် ငါတို့ဆီ ဖုန်းခေါ်ဖို့ မမေ့နဲ့ ….”
“ အိုကေ ….”
ချိုးယွီလော့နှင့် ဖုန်းပြောပြီးနောက် လင်းရီ အချိန်အတော်ကြာသည်ထိအောင် စိတ်မတည်ငြိမ်နိုင်ခဲ့ပေ။
အပေါ်ထပ် ကြမ်းပြင်တွင် ထိုင်နေရင်း နှုတ်ဆိတ်နေသည့် ရုပ်ထုကြီးကဲ့သို့ ဖြစ်နေသည်။
မိနစ် နှစ်ဆယ်နီးပါးခန့် ကြာပြီးနောက် လင်းရီ ကြမ်းပြင်ပေါ်က ထလာခဲ့သည်။ ကိစ္စရပ်များက ယခုလို အခြေအနေသို့တိုင် ရောက်လာခဲ့ပြီး ထိုကဲ့သို့ ဖြစ်ပျက်လာသဖြင့် တစ်ခုတည်းသော ရွေးချယ်စရာက နည်းလမ်းတကျ ကိုင်တွယ်ဖို့ပဲ ဖြစ်၏။
လူတိုင်းက အရွယ်ရောက်ပြီးသူများ ဖြစ်ပြီး ကိုယ့်လုပ်ရပ်ကိုယ် တာဝန်ယူသင့်သည်။
ည ဆယ်နာရီကျော် အချိန်ရောက်တော့ လင်းရီ သူ့အခန်းသို့ ပြန်ရောက်လာသည်။ ကျီချင်းရန်က အိပ်မောကျနေပြီး ပုံမှန်ထက်ပင် ပို၍ နှစ်ခြိုက်စွာ အိပ်မောကျနေခဲ့၏။
လင်းရီ ဤအတိုင်း ရပ်ကြည့်မနေချေ။ ယခုတလော ရုပ်ရောစိတ်ပါ အတော်လေး ပင်ပန်းထားသဖြင့် သေချာ ကောင်းကောင်းမွန်မွန် အနားယူဖို့ လိုအပ်နေလေသည်။
နောက်တစ်နေ့ နံနက်ခင်း။
ရှစ်နာရီ ဝန်းကျင် အချိန်။
လင်းရီ အိပ်ရာနိုးသည့် အချိန်၌ ကျီချင်းရန်၏ ဦးခေါင်းက သူ့ရင်ဘတ်ပေါ် ရှိနေသည်ကို သတိထားမိလိုက်သည်။ သူမ၏ ညအိပ်ဝတ်စုံက ကြယ်သီးများပြုတ်နေသည်။
ကျီချင်းရန် အိပ်မောကျနေဆဲ ဖြစ်တာကို မြင်လိုက်ရတော့ လင်းရီ ခေတ္တမျှ ကြက်သေသေသွားခဲ့သည်။
သူ့ဦးနှောက် မှတ်ဉာဏ်များထဲတွင်တော့ ဤသည်က ကျီချင်းရန် ပထမဆုံးအကြိမ် အအိပ်လွန်ခြင်း ဖြစ်ပုံရသည်။
ယခုမတိုင်မီကဆိုလျှင် သူ မျက်လုံးဖွင့်သည်နှင့် သူမမှာ ထွက်သွားခဲ့ပြီး ဖြစ်၏။ သို့ပေမယ့် ယနေ့တွင်တော့ ဆက်လက် အိပ်မောကျနေလျက် ရှိသည်မှာ အနည်းငယ်တော့ ထူးဆန်းသည်။
လင်းရီ သူ့လက်ကို ကျီချင်းရန်၏ နဖူးပေါ်တင်လိုက်၏။ ကိုယ်အပူချိန်ကလည်း ပုံမှန် ဖြစ်သဖြင့် ရှည်ရှည်ဝေးဝေး တွေး၍ စိတ်ပူမနေတော့ချေ။
ထိုအချိန်မှာပဲ ကျီချင်းရန်မှာ အိပ်စုံမှုန်မွှားဖြင့် အညောင်းဆန့်ရင်း မျက်လုံးဖွင့်လာခဲ့၏။ လင်းရီ သူမအား စိုက်ကြည့်နေသည်နှင့် ပက်ပင်းတိုးသွားခဲသည်။
“ နင် နိုးပြီပဲ … အခု ဘယ်အချိန် ရှိပြီလဲ …”
“ ရှစ်နာရီကျော်ပြီ ….”
“ အာ … ရှစ်နာရီတောင် ကျော်သွားပြီလား ….”
ကျီချင်းရန် ရုတ်ချည်း ကုတင်ပေါ်က ဆတ်ခနဲ ထထိုင်လိုက်ပြီး ဆံပင်တစ်ခုလုံးလည်း ရှုပ်ပွနေကာ တစ်စုံတစ်ရာက ဆိုးဆိုးရွားရွား ဖြစ်ပျက်ထားသကဲ့သို့ပင်။
“ အဲ့လောက်ထိ ဖြစ်ပျက်ပြစရာ မလိုပါဘူးကွာ … အခုမှ ရှစ်နာရီကျော်လည်းပဲ ရှိသေးတာပါ ….”
“ အလုပ်တက်ရက်ကြီးမှာ ဒီလောက်ထိ နောက်ကျအောင် တစ်ခါမှ မအိပ်ဖူးလို့လေ …” ကျီချင်းရန်က သူမ၏ ရှုပ်ပွနေသည့် ဆံပင်ကို ထိုးဖွလိုက်ပြီး “ မနေ့ကလည်း စောစောအိပ်ခဲ့ရဲ့သားနဲ့ကို …”
“ လူတိုင်းလည်း တစ်ခါတစ်လေ ပင်ပန်းတဲ့ အချိန်ဆိုတာ ရှိတာပဲလေ … မဝသေးရင် နည်းနည်းထပ်အိပ်လိုက် … မဟုတ်ရင် ကုမ္ပဏီမှာ ခွန်အားမရှိဘဲ ဖြစ်နေလိမ့်မယ် …”
“ အိပ်လည်း အိပ်မပျော်တော့ဘူး …” ကျီချင်းရန် အိပ်ရာထဲက ထွက်လိုက်ပြီး “ ရေသွားချိုးတော့မှာ … ငါ့ကို မပူနဲ့ … နင် အလုပ်များရင် လိုက်ပို့ပေးဖို့ မလိုပါဘူး … ငါ့ဘာငါ မောင်းသွားလို့ရတယ် ….”
“ ငါလည်း အလျင်မလိုပါဘူး … လိုက်ပို့ပေးလို့ရတယ် …”
“ အင်း ….”
အိပ်ရာထပြီးနောက် နှစ်ယောက်က ရေချိုးခန်းထဲသို့ အတူသွားပြီး ကိုယ်လက်သန့်စင် ဆေးကြောလိုက်ကြသည်။ ထို့နောက် မနက်စာကို အလျင်အမြန်စား၍ ကားဖြင့် ထွက်လာခဲ့ကြလေသည်။
လင်းရီက အရင်ဦးဆုံး ကျီချင်းရန်ကို ကုမ္ပဏီရှေ့ပေါက်ဝ၌ ချပေးလိုက်၏။ ထို့နောက် ဆေးရုံသို့ ဦးတည်လာခဲ့လေသည်။
ဆေးရုံသို့ ရောက်လာခဲ့ပြီးနောက် ICU သို့ ထွက်လာခဲ့လိုက်၏။
လီရှန်းဟွေ့၏ အခြေအနေက မနေ့ကထက်စာလျှင် အများအပြား သက်သာလာပြီး ရွှင်ပြလာဟန်ပင်။
အခြေအနေကို တစ်ချက်သိရှိပြီးနောက် လီချူးဟန်နှင့် တွေ့ဖို့ ပြန်ထွက်လာခဲ့လိုက်သည်။
ယနေ့ လုပ်စရာ ကိစ္စရပ်တို့က မများလှပေ။ အဓိကကတော့ သူကြိုသိထားပြီးသည့် နောက်ဆုံးရလဒ်ကို စောင့်ဆိုင်းဖို့ပဲ ဖြစ်၏။ ထင်မှတ်ထားသည့်အတိုင်း ဖြစ်မလာဖို့တော့ မျှော်လင့်လျက်ပင်။
မနက်ခင်းပိုင်းတွင် ကူရိရန်က လီရှန်းဟွေ့အကြောင်း လာမေးမြန်းသည်။ ထို့နောက် လင်းရီနှင့်အတူ အမှုအကြောင်းကို ဆွေးနွေးခဲ့လေသည်။
“ တိုက်ပြေးသွားတဲ့ ကားကို တွေ့ပြီ … ဒါပေမယ့် ဒရိုင်ဘာကလည်း ကားနဲ့အတူ မီးရှို့ခံထားရတယ် ….”
“ ဝါရင့်တဲ့ ပြစ်မှူကျူးလွန်သူတွေ လက်ချက်ဆိုတာ ကျိန်းသေတယ် …”
“ အမှန်ပဲ … ဒါပေမယ့် ကံကောင်းချင်တော့လည်း ညီမတို့ဘက်က ဒရိုင်ဘာရဲ့ DNA အကြွင်းအကျန်ကို တွေ့ခဲ့ရတယ် … နည်းပညာ ဌာနက သူတို့နှစ်ခုကို အခု တိုက်စစ်ကြည့်နေပြီ … မကြာခင် ရလဒ် ထွက်လာလောက်တယ် ….” ကူရိရန် ပြောလိုက်ပြီး သူမ၏ ဆံပင်ကို နားအနောက်သို့ ပင့်သပ်လိုက်သည်။
“ ညီမအထင်တော့ ဒါက သက်သေပဲ … ဒရိုင်ဘာကို ရှာတွေ့ဖို့ကတော့ မခက်လောက်ဘူး …. ဒါပေမယ့် သူက လူသတ်သမား ဟုတ်မဟုတ်ဆိုတာကတော့ တခြား ဇာတ်လမ်းတစ်ခု ဖြစ်သွားပြီ ….”
“ လုံးဝ မဟုတ်ဘူး …” လင်းရီ ယုံကြည်ချက် အပြည့်ဖြင့် ဆိုလိုက်၏။
“ လူသတ်သမားက ခြေလှမ်းတိုင်းကို တစ်ဆင့်ချင်း သေချာစီစဉ်ထားတယ် … သူတို့ကိုယ်တိုင်ကိုယ်ကျတော့ လုံးဝ လှုပ်ရှားလာမှာ မဟုတ်ဘူး …. တကယ်လို့ ဒရိုင်ဘာကို ဖမ်းမိခဲ့ရင်တောင် လူသတ်သမား ဘယ်သူလဲဆိုတာ ရှာတွေ့ဖို့ မဖြစ်နိုင်လောက်ဘူး ….”
“ ညီမလည်း အဲ့ကိစ္စကို စိုးရိမ်နေတာ … ဒရိုင်ဘာကို ရှာရုံသပ်သပ်နဲ့တော့ အထောက်အကူဖြစ်မှာ မဟုတ်ဘူး …”
“ ဖြည်းဖြည်းပေါ့ … အလျင်လိုဖို့ မလိုပါဘူး … တစ်နေ့ကျရင်တော့ အမှန်တရားက ထွက်ပေါ်လာမှာပဲလေ ….”
“ အွန်း ….”
နှစ်ယောက်က စခန်းကိစ္စများကို ခေတ္တကြာအောင် ဆွေးနွေးခဲ့ကြသည်။ ထို့နောက် ဆေးရုံက မထွက်ခွာမီ ကူရိရန်က စခန်းတစ်ခုလုံးကိုယ်စား ကျန်းဝန်လိထံသို့ သွားရောက်လည်ပတ်ခဲ့လေသည်။
လီရှန်းဟွေ့အကြောင်း မေးမြန်းစုံစမ်းသည်။
နေ့လည်ခင်းပိုင်းသည်လည်း ယမန်နေ့ကကဲ့သို့ ဖြစ်ပြီး နေ့လည်စာ စားသောက်ရန်အတွက် သုံးဦးအတူ စုဝေးလိုက်၏။
ချောင်ရှင်းက အမှုကိစ္စအကြောင်း အတော်လေး သိချင်စိတ်ပြင်းပြနေခဲ့ပြီး မေးခွန်းများအား မရပ်တမ်း မေးမြန်းနေခဲ့သည်။
လီချူးဟန်ကတော့ ဘေးတွင် တိတ်ဆိတ်နေလျက် သူတို့နှစ်ဦး၏ စကားဝိုင်းကို နားထောင်နေလျက်ရှိ၏။
ကလင် ကလင် ကလင်…
စားနေတစ်ခိုက် လင်းရီ၏ ဖုန်းသံ မြည်ဟည်းလာခဲ့၏။ လင်းဟန်ထံကပင်။
“ ခေါင်းဆောင်လင်း … ရလဒ် ထွက်လာခဲ့ပြီ … နင် ဘယ်မှာလဲ …. ငါ အခု နင့်ဆီ ယူလာခဲ့ပေးမယ် …”
“ နှလုံးခွဲစိတ်ကုသဌာနမှာ … လာခဲ့လိုက် ….”
လင်းဟန်က ရလဒ်အစီရင်ခံစာကို ယူလာခဲ့ပေးမည်ဟု ဆိုသော်ငြားလည်းပဲ လင်းရီ၏ မျက်နှာထက်တွင် မျှော်လင့်စောင့်စားမှု တစ်စိုးတစ်စိကိုမျှ မမြင်နေရပေ။
ဆယ့်ငါးမိနစ်ခန့် ကြာပြီးနောက် လင်းဟန်က ဌာနသို့ ရော်ကလာခဲ့ပြီး လင်းရီကို ကော်ရစ်ဒါ အပြင်ဘက်တွင် မြင်တွေ့လိုက်ရလေသည်။
လင်းဟန်က မဖွင့်ရသေးသည့် ဖိုင်တစ်ခုကို ကမ်းပေးလာခဲ့သည်။
“ ခေါင်းဆောင်လင်း … ရလဒ် အစီရင်ခံစားက ဒီထဲမှာပဲ ….”
လင်းဟန်လက်ထဲက ဖိုင်ကို လင်းရီ လက်ခံရယူလိုက်၏။ ထို့နောက် ချိပ်ကို ဖွင့်လိုက်ပြီး စာရွက်ကို ဆွဲထုတ်လိုက်သည်။
စာပါ အကြောင်းအရာများအား လင်းရီ အချိန်အတော်ကြာသည်ထိတိုင်အောင် စိုက်ကြည့်နေခဲ့လေသည်။
“ အစီရင်ခံစာထဲမှာ ပြဿနာ တစ်ခုခု ရှိနေလို့လား ….” လင်းဟန် စိုးရိမ်ကြောင့်ကြစွာ မေးမြန်းလိုက်၏။
“ မရှိပါဘူး … ပြောထားတာ Batalek က အစစ်တဲ့ ….”
“ ဆိုလိုတဲ့သဘောက မာတဲ့ဟုန် သောက်တဲ့ ဆေးနဲ့ ပတ်သက်ပြီး မှားယွင်းနေတာမျိုး မရှိဘူး … ရုတ်တရက် သွေးဆောင့်တိုးလာတာကြောင့်ပဲ ဖြစ်မယ် … ငါတို့တွေ အစကတည်းကနေ မှားယွင်းနေခဲ့ကြတာပဲ ….”
“ အင်း … ငါတို့တွေ အစကတည်းကနေ မှားယွင်းပြီး စုံစမ်းနေခဲ့မိကြတာပဲ …. မဟုတ်ရင် ဒီလောက်အချိန်များပြီး ပုပ်သွားစရာ အကြောင်း မရှိဘူး ….”
လင်းဟန် ခေါင်းညိတ်လိုက်သည်။ “ ဒါဆို မာတဲ့ဟုန်ရဲ့ အမှုကို ပိတ်လို့ ရလောက်ပြီ … လက်ရှိတာဝန်က ဒရိုင်ဘာကို ရှာဖို့နဲ့ သူ့ကို တရားစီရင်ပေးပြီး ကပ္ပတိန်လီအတွက် တရားမျှတမှု ပြန်လည်ဖော်ဆောင်ပေးဖို့ပဲ ….”
“ အင်း … အစ်ကိုလီကို ဆိုးဆိုးရွားရွား ထိခိုက်အောင် လုပ်သွားတဲ့လူက ဘယ်သူပဲ ဖြစ်နေပါစေ … ငါ ဒင်းတို့ကို လုံးဝ အလွှတ်မပေးဘူး …”
***