“ ကူညီပေးရအောင် စခန်းပြန်ပြီး အင်အားတစ်ချို့ စုဆောင်းလိုက်မယ်လေ … အားလုံး ဝိုင်းရှာကြမယ်ဆိုရင် မြန်တာပေါ့ မဟုတ်ဘူးလား ….”
“ မလိုဘူး .. ငါတို့ သဲလွန်စ ရှာတွေ့ထားပြီးပြီ …”
“ သဲလွန်စ ရှာတွေ့ထားပြီ ဟုတ်လား ….” လင်းဟန်၏ မျက်နှာထက်တွင် အံ့အားသင့်သည့် အမူအရာတို့ ပြည့်နှက်သွားခဲ့သည်။
“ တိုက်မောင်းပြေးသွားတဲ့ ဒရိုင်ဘာက ကားကို စွန့်ပစ်ပြီး ထွက်ပြေးသွားခဲ့တယ် … ဒါပေမယ့် ကားကိုတော့ မီးရှို့သွားခဲ့တယ် … အခု သွားပြီး တစ်ချက် ကြည့်တော့မလို့ ….”
“ ကျွန်မလည်း လိုက်ခဲ့မယ် …” လင်းဟန် စဉ်းစားခြင်းပင် မရှိဘဲ ပြောဆိုလိုက်သည်။
“ သွားစို့ ….”
နှစ်ယောက်က ဆေးရုံထဲကနေ အတူထွက်လာခဲ့ပြီး လင်းရီ၏ ကားထဲသို့ ဝင်လိုက်ကြသည်။ ထို့နောက် ဆင်ခြေဖုံးဘက်ခြမ်းသို့ ထွက်လာခဲ့ကြ၏။
လင်းရီက ကားကို အမြန်မောင်းသဖြင့် နာရီဝက်အတွင်းမှာပဲ ဆင်ခြေဖုံးဧရိယာသို့ ရောက်ရှိလာခဲ့သည်။ အနီးနားတစ်ဝိုက်တွင် မည်သူကမျှ ရှိမနေချေ။ ရှေ့ဘက်ခြမ်းတွင်လည်း မျက်စိတစ်ဆုံး မြင်နေရသလောက်က အဝေးပြေးလမ်းမကြီး ဖြစ်၏။
သူတို့တို့ နောက်ထပ် တစ်နာရီလောက် မောင်းနှင်ပြီး နောက်ဆုံး၌ လင်းရီ ကားကို ထိုးရပ်လိုက်သည်။
လင်းဟန် ဘေးပတ်ဝန်းကျင်ကို တစ်ချက် ကြည့်လိုက်၏။ လူသူ အရိပ်အယောင်ဟူ၍ ခွေးတစ်ကောင်ကြောင်တစ်မြီးသော်မျှ မမြင်ရ။ ဖြတ်သွားဖြတ်လာ ယာဉ်တို့ကလည်း အင်မတန် နည်းပါးပြီး လောကကြီး တစ်ခုလုံး ငြိမ်သက်တိတ်ဆိတ်နေသယောင် ထင်ရသည်။
“ ခေါင်းဆောင်လင်း … ဒီနေရာက ဒရိုင်ဘာ ကားကို စွန့်ပစ်ပြီး ထွက်ပြေးသွားခဲ့တဲ့ နေရာလား … ဟုတ်တော့ မဟုတ်သေးဘူး ထင်တယ်နော်….”
“ ငါတို့ မကြာခင် ရောက်တော့မှာ … ဒါပေမယ့် မင်းနဲ့ ဆွေးနွေးချင်တာလေး တစ်ခုရှိတာကို အခုမှ သတိရမိလို့ ….”
“ အမှုအကြောင်း ပြောမလို့လား …”
“ အမ်ဟမ့် … ကိုယ်ရေးကိုယ်တာကိစ္စအကြောင်း ပြောကြတာပေါ့ ….”
လင်းဟန် လင်းရီကို ပြုံးပြလိုက်သည်။
“ ခေါင်းဆောင်လင်း … ရှင် ကျွန်မအပေါ် အဲ့အတွေးတွေတော့ ရှိနေတာတော့ မဟုတ်ဘူးမလား … ကျွန်မက ရှင်ကြိုက်တတ်တဲ့ ပုံစံမျိုးမှ မဟုတ်တာ ….”
လင်းရီ ခွန်းတုံ့ပြန် ပြုံးပြလိုက်ပြီး “ ကျုံးဝေ့တပ်ဖွဲ့အကြောင်း ပြောကြတာပေါ့ ….”
ကျုံးဝေ့တပ်ဖွဲ့ဟူသည့် စကားကို ကြားလိုက်ရတော့ လင်းဟန်၏ နှလုံးခုန်သံမှာ ထိန်းချုပ်မရနိုင်အောင် မြန်ဆန်လာပြီး စိတ်ခံစားချက်တို့ ပြည့်နှက်လာခဲ့သည်။
သို့ပေမယ့် သူမကိုယ်သူမ ကောင်းမွန်စွာ ထိန်းချုပ်ထားခဲ့၏။ ဤသည်က သူမ၏ အခွင့်အရေး ဖြစ်နေနိုင်သည်။
“ ခေါင်းဆောင်လင်းက ဘာပြောချင်တာ … နောက်တစ်ကြိမ် လူရွေးပွဲ ရှိလို့လား … ဒါဆိုရင်တော့ ဒီတစ်ခေါက် ကျွန်မဘက်က သေချာလေး ပြင်ဆင်ထားရတော့မှာပဲ ….”
လင်းရီ ခေါင်းညိတ်လိုက်ပြီး ပြတင်းပေါက် အပြင်ဘက်ကို တသသ ဖြစ်စွာ ကြည့်ရှုလိုက်သည်။
“ ကျုံးဝေ့တပ်ဖွဲ့က မင်းအတွက် ဘယ်လိုအဓိပ္ပာယ်မျိုး ရှိလဲဆိုတာ ငါ သိချင်တယ် …”
“ အရာအားလုံးပဲ ….”
လင်းဟန် လေးနက်ပြတ်သားသည့် လေသံဖြင့် ပြောဆိုလာခဲ့၏။
“ တခြားအရာရော မရှိတော့ဘူးလား … ကျုံးဝေ့တပ်ဖွဲ့အပြင် လောကကြီးထဲမှာ တပ်မက်လောက်စရာ အခြားအရာတွေ မရှိတော့ဘူးလား ….”
“ မရှိဘူး ….” လင်းဟန်က ခါးသီးမှုတို့ ပြည့်နှက်နေသည့် အရိပ်အယောင်ဖြင့် ဆံပင်ကို ပင့်သပ်လိုက်ပြီး ပြောလာခဲ့သည်။ “ ကျုံးဝေ့တပ်ဖွဲ့ဆိုတာ ကျွန်မအတွက်တော့ ဘဝတစ်သက်တာ ရည်မှန်းချက်ပဲ … လူက မသေသေးသရွေ့ ဘယ်တော့မှ အရှုံးပေးသွားမှာ မဟုတ်ဘူး ….”
“ စိတ်အားထက်သန်မှု ရှိတာက ကောင်းတယ် … ဒါပေမယ့် အင်မတန် စွဲလမ်းရူးသွပ်လာမယ်ဆိုရင် ဝန်ထုပ်ဝန်ပိုး တစ်ခု ဖြစ်လာနိုင်တယ် …” လင်းရီ ပြောလိုက်ပြီး “ မင်း မိသားစုထဲမှာ ကျုံးဝေ့တပ်ဖွဲ့ဝင် ဖြစ်ဖူးတဲ့လူ ရှိတယ်မဟုတ်ဘူးလား … သူမင်းကို အကြံဉာဏ်မပေးဖူးဘူးလား ….”
လင်းဟန် ခေါင်းခါယမ်းလိုက်၏။
“ ငယ်ငယ်တုန်းက သူတို့တွေ ကျွန်မကို ကျုံးဝေ့တပ်ဖွဲ့ထဲ သိပ်ပြီးမှ ဝင်စေချင်ကြတယ် … ဘာလို့ဆို လင်းမိသားစု အောင်မြင်နိုင်မယ့် တစ်ခုတည်းသော နည်းလမ်း ဖြစ်နေလို့ပဲ … ပြီးတော့ ကျွန်မကလည်း အမြဲတမ်း ပြိုင်ဆိုင်လိုစိတ် ကြီးတယ် … အကောင်းဆုံးဆိုတဲ့အရာကိုမှ လိုချင်တတ်တဲ့စိတ်ရှိတယ် … ဒီတော့ ကျုံးဝေ့တပ်ဖွဲ့ထဲ ဝင်ရောက်ဖို့က ကျွန်မရဲ့ ငယ်ငယ်တုန်းကတည်းက ကလေးဘဝရည်မှန်းချက် ဖြစ်ခဲ့တာ ….”
လင်းဟန် သူမကိုယ်သူမ ရယ်မောလိုက်၏။
“ အမှန်အတိုင်း ရိုးရိုးသားသား ဝန်ခံရရင် ကျွန်မကိုယ်ကျွန်မ အတော်လေး ဟုတ်လှပြီ ထင်နေခဲ့တာ … လူရွေးပွဲ ဝင်မပြိုင်ခင်တုန်းကတောင် ကိုယ့်ရဲ့ အစွမ်းအစနဲ့ပတ်သက်လို့ကတော့ ဘာပြဿနာမှ မရှိဘူးပေါ့ … ကိုယ့်ဘက်က ပုံမှန်လေး စွမ်းဆောင်ပြနေသရွေ့ ကျုံးဝေ့တပ်ဖွဲ့ဝင် ဖြစ်ဖို့ဆိုတာ ပြဿနာ မရှိနိုင်ဘူး … အသင်းတစ် အဖွဲ့ဝင် ဆိုရင်တောင်မှပေါ့ ….”
“ လူရွေးပွဲရောက်တော့မှပဲ တစ်တောင်ထက် တစ်တောင်က ပိုမြင့်တယ်ဆိုတဲ့ စကားအဓိပ္ပာယ်ကို နက်နက်ရှိုင်းရှိုင်း နားလည်သဘောပေါက်လိုက်နိုင်တော့တယ် … ငြင်းခံလိုက်ရတဲ့ အဲ့ဒီရက်တွေတုန်းက ကိုယ့်ကိုယ်ကို ဒီလောကကြီးထဲ ဘယ်လိုဖြတ်သန်းရမလဲတောင် မသိတော့တဲ့ အထိပဲ ….”
“ မင်းရဲ့ ခံစားချက်တွေကို ငါ နားလည်တယ် … မဟုတ်ရင် မာနကြီးတဲ့ မင်းလိုလူက ငါ့ရဲ့ လေ့ကျင့်ရေးနည်းလမ်းတွေကို အောက်ကျခံပြီး လာမေးနေမှာ မဟုတ်ဘူး…” လင်းရီ ပြောလိုက်ပြီး “ ဒါပေမယ့် အခု မင်းပုံစံကြည့်ရတာ လက်မလျှော့ချင်သေးတဲ့ပုံပဲ …”
“ ဟုတ်တယ် … ကျွန်မ အရှုံးမပေးသေးဘူး … အနည်းဆုံးတော့ ကျွန်မမှာ အခွင့်အရေး တစ်ခု ရှိနေသေးတယ် … နောက်တစ်ကြိမ် လူရွေးပွဲကျရင် အခွင့်အရေးကို ကျိန်းသေပေါက် ဆုပ်ကိုင်သွားမှာ …”
စကားဆုံးအောင် ပြောပြီးနောက် သူမက လင်းရီကို ပြုံးပြလိုက်သည်။
“ ခေါင်းဆောင်လင်း … အချင်းချင်းတွေကို အရိပ်အမြွက်လေး ဘာလေး မပြောပြချင်ဘူးလား … လူရွေးပွဲက ဘယ်အချိန်လောက် ဖြစ်မှာလဲတဲ့ဟင် …”
“ လာမယ့်နောက်နှစ်လောက်မှာ … လူ သုံးယောက် ခေါ်ဖို့ စီစဉ်ထားတယ် … ဆိုတော့ အပြိုင်အဆိုင်ကလည်း ပိုပြီးတောင် ကြမ်းလာဦးမယ် …”
လင်းဟန် စိတ်သက်သာရစွာ သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်၏။
“ ပြဿနာ မရှိဘူး … ဟော့ဒီက ယုံကြည်ချက် အပြည့် ရှိပြီးသား ….”
“ တကယ်တမ်းပြောရရင် မင်းရဲ့ လယ်ဗယ်ကလည်း မဆိုးပါဘူး … တကယ်လို့ နည်းနည်းလေးသာ ကံကောင်းခဲ့မယ်ဆိုရင် အရင်တစ်ခေါက်ကတည်းက တပ်ဖွဲ့ထဲ ဝင်လို့ရနေပြီ ….”
လင်းဟန်၏ မျက်လုံးတို့ အရောင်လက်လာခဲ့ပြီး လင်းရီအား စူးစိုက်ကြည့်လိုက်သည်။
“ ဒီတော့ ကျွန်မရဲ့ အရည်အချင်းတွေကို အသိအမှတ်ပြုတယ်ပေါ့ ….”
“ အင်း ….”
လင်းရီ၏ ပြောသံကိုကြားတော့ လင်းဟန် အပျော်လွန်သွားခဲ့သည်။
လင်းရီ၏ အသိအမှတ်ပြုမှုကို ရရှိသည်က သူမအတွက် အံ့ဖွယ် ကိစ္စရပ်ကြီး တစ်ခု ဖြစ်၏။
“ ဒီမှာ … ရော့ ယူလိုက် …”
လင်းရီက သူ့ အိတ်ကပ်ထဲကနေ အလယ်တွင် ရွှေရောင် ဓားတစ်စင်းပုံစံနှင့် လက်မောင်းတံဆိပ်တစ်ခုကို ထုတ်ပေးလိုက်သည်။
လင်းရီ ကမ်းပေးလာသည့် လက်မောင်းတံဆိပ်ကို မြင်တော့ လင်းဟန် ကြက်သေသေသွားခဲ့ပြီး သူမ တစ်ကိုယ်လုံး တုန်ယင်လာသည်။
“ ဒါ … ဒါ ကျုံးဝေ့တပ်ဖွဲ့ဝင်တွေမှာပဲ ရှိတဲ့ တံဆိပ်မဟုတ်လား ….”
“ အင်း … ဒီနေ့ကစပြီးတော့ မင်းက ကျုံးဝေ့တပ်ဖွဲ့အသင်းဝင်ပဲ … အသင်းတစ် အဖွဲ့ဝင်တွေ အားလုံးကိုယ်စား မင်းကို ကြိုဆိုပေးမယ်….”
လင်းဟန် ထိုင်ခုံနေရာတွင် အေးခဲနေမိ၏။ လက်ရှိ အခိုက်အတန့်က သူမအတွက် အိပ်မက်ပမာ မယုံကြည်နိုင်ပေ။
မရေမတွက်နိုင်သည့် အိပ်ပျက်ညများ၌ သူမ အတမ်းတဆုံး၊ အိပ်မက်မက်ခဲ့ရဆုံးသော အရာက သတိပေးခြင်း မရှိပါဘဲ လက်ရှိ အခိုက်အတန့်တွင် အကောင်အထည်ပေါ်လာခဲ့သည်။
အိပ်မက်တစ်ခုကဲ့သို့ … အစစ်အမှန် မဟုတ်သည့်နှယ် ခံစားနေရသည်။
“ ခေါင်းဆောင်လင်း … ရှင် ရုတ်တရက်ကြီး ဘာဖြစ်တာလဲ …” လင်းဟန် လေးနက်တည်ကြည်စွာ မေးမြန်းလိုက်၏။
“ တကယ်လို့ ကိုယ်ရေးကိုယ်တာ အကြောင်းပြချက်ကြောင့်ဆိုရင်တော့ ကျွန်မ ဒီတံဆိပ်ကို လက်မခံနိုင်ဘူး … ကိုယ့်နည်းကိုယ့်ဟန် ၊ ကိုယ့်ကိုယ်ပိုင် အရည်အချင်းနဲ့ပဲ ကျုံးဝေ့တပ်ဖွဲ့ထဲ ဝင်ချင်တယ် …”
“ ငါ့အတွက်တော့ အသင်းတစ်က တခြားလူတွေနဲ့ ကွဲပြားတယ် … ဒါပေမယ့် တစ်ကိုယ်တော် တိုက်ခိုက်နိုင်စွမ်းအရဆိုရင် ငါတို့လူတွေက တခြားအသင်းက လူတွေလောက်တောင် မတော်တာတွေ ရှိတယ် … ဒါပေမယ့် တိုက်ပွဲ မြေပြင်ဆိုတာ အချိန်နဲ့အမျှ ပြောင်းလဲနေတာ … အင်အားရှိနေရုံနဲ့ ပြဿနာအကုန်လုံးကို ဖြေရှင်းပြီးသား မဖြစ်နိုင်ဘူး … မင်းရဲ့ ကြံ့ကြံ့ခံနိုင်စွမ်းနဲ့ မဆုတ်မနစ် ကြိုးပမ်းမှု အတော်လေးကို မြင်ရဲခဲတဲ့ အရာပဲ … ငါတို့အသင်းတစ်ကလည်း စိတ်ဓာတ်ကြံ့ခိုင်တဲ့လူစားမျိုးကို လိုအပ်နေတာနဲ့ ကွက်တိပဲ … ခြုံငုံပြီးပြောရရင် ငါ့ကို အတော်လေး ကျေနပ်စေတယ် … ဒါကြောင့်မို့လည်း မင်းကို အသင်းထဲ ဖိတ်ခေါ်ဖို့ ဆုံးဖြတ်လိုက်တာပဲ …”
လင်းရီ၏ အသံက ပျော့ပျောင်းညင်သာပြီး သူ့ကိုယ်သူ ပြောနေသယောင် ထင်နေရသည်။
“ အချင်းချင်းမို့ အခွင့်အရေးပေးတယ်လို့ ထင်ရပေမယ့် ရှက်ဖို့ မလိုဘူး … ငါ့မှာလည်း ခွဲတမ်းရှိတယ် … တစ်ခုတည်းဆိုပေမယ့် မင်းနဲ့ သင့်လျော်တယ် …”
ဤသည်ကိုကြားတော့ လင်းဟန်၏ စိတ်ခံစားချက်တို့က အနည်းငယ် ပျော့ပျောင်းသွားခဲ့သည်။
“ ဒါပေမယ့် အသင်းတစ်က ရှင်တို့အတွက် ထူးခြားတဲ့ အမှတ်သညာ တစ်ခုဆိုတာ ကျွန်မသိပါတယ် … ကျွန်မက တကယ်ပဲ အရည်အချင်းပြည့်မီတာရော ဟုတ်လို့လား ….”
“ ဒါပေါ့ …” လင်းရီ ပြောလိုက်ပြီး “ ကျုံးဝေ့တပ်ဖွဲ့ဆိုတာ အထူးနေရာတစ်ခုပဲ … သေဖို့အတွက် အဆင်သင့်မဖြစ်ရင် ဝင်ဖို့မလိုဘူး … မင်းရဲ့ စိတ်ဓာတ်သန်မာမှုနဲ့ဆိုရင် တခြား ဘာပြောစရာ လိုနေဦးမှာ … “
အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားခဲ့၏။
လင်းဟန် မေးမြန်းလိုက်သည်။ “ ခေါင်းဆောင်လင်း … တကယ်လို့ တစ်နေ့ မစ်ရှင် တစ်ခုခု လုပ်ရင်း သေမှာ သေချာနေတဲ့ အခြေအနေနဲ့ ရင်ဆိုင်လာရရင် ရှင် ဘာလုပ်ဖို့ ရွေးချယ်မလဲ ….”
“ ငါကတော့ လက်လျှော့ဖို့ပဲ ရွေးချယ်မှာ …. သေမှာ သေချာနေတဲ့ မစ်ရှင်တစ်ခုကို ငါ့ အသင်းဝင်တွေရဲ့ အသက်နဲ့ လောင်းကြေးထပ်ပြီး မကစားခိုင်းနိုင်ဘူး ….”
“ ဒါပေမယ့် မစ်ရှင်အတွင်း တခြားဘက်က ခြုံခိုတိုက်ခိုက်လာလို့ ပြန် မတိုက်ခိုက်နိုင်ရင်ကော …”
“ တကယ်လို့ အဲ့လို ဖြစ်လာခဲ့မယ်ဆိုရင် …..”
လင်းရီ တိတ်ဆိတ်သွားခဲ့ပြီး သူ့အကြည့်က ပြတင်းပေါက် အပြင်ဘက်ရှိ အဝေးပြေးလမ်းမသို့ ကျရောက်သွားခဲ့သည်။
“ အဲ့လိုဖြစ်လာခဲ့မယ်ဆိုရင်တော့ … သူတို့ကို ငါကိုယ်တိုင် သတ်လိုက်မယ် … ရန်သူတွေလက်ထဲမှာတော့ ကျရှုံးခွင့် မပေးနိုင်ဘူး …”
ထိုသို့ ပြောပြီးနောက် လင်းရီ သက်ပြင်းချလိုက်သည်။
“ တကယ်လို့ တစ်နေ့ … သူတို့က ခွင့်လွှတ်လို့ မရနိုင်တဲ့ ပြစ်မှုကျူးလွန်ခဲ့မယ်ဆိုရင် သူတို့ကို ငါ့လက်နဲ့ အဆုံးသတ်ပေးဦးမှာပဲ … အသင်းတစ်ရဲ့လူတွေကို ငါ့လက်နဲ့ပဲ အဆုံးသတ်ပေးသင့်တယ် ….”
ပြောပြီးသည်နှင့် လင်းရီသည် အနက်ရောင် ဓားမြောင်တစ်ချောင်းကို တိတ်ဆိတ်စွာ ဆွဲထုတ်၍ လင်းဟန်၏ လည်ပင်းပေါ် တင်ထားလိုက်သည်။
***