အေးစက်သည့် ဓားမြောင်က ကျောချမ်းဖွယ်ရာ အငွေ့အသက်ကို သယ်ဆောင်နေပြီး ချက်ချင်းဆိုသလို လင်းဟန်၏ တစ်ကိုယ်လုံး အေးစက်သွားခဲ့၏။
“ ခေါင်းဆောင်လင်း ….”
လင်းဟန်၏ အသံက တုန်ယင်နေပြီး သူမ၏ မျက်နှာသည်လည်း စက္ကူတစ်ရွက်နှယ် ဖြူလျော်နေသည်။
သို့ပေမယ့် သူမ၏ လက်ကတော့ လင်းရီ သူမအား ပေးထားသည့် လက်မောင်းတံဆိပ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားနေမိသည်။
“ ဒီအခြေအနေထိ ရောက်လာပြီးမှတော့ တခြားဟာတွေ ပြောနေလို့လည်း အသုံးမဝင်တော့ဘူး ….”
ကားက အသံအတိ တိတ်ကျသွားခဲ့ပြီး… လင်းရီ၏ မျက်နှာထက်တွင် မည်သို့သော အမူအရာကိုမျှ မြင်တွေ့နေရခြင်း မရှိပေ။
လင်းဟန်၏ လက်က လက်မောင်းတံဆိပ်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားပြီး ခန္ဓာကိုယ်မှာ တဆတ်ဆတ် တုန်ယင်နေသည်။
“ ကျွန်မ … ကျွန်မ တောင်းပန်ပါတယ် ….”
မျက်ရည်စီးကြောင်းနှစ်ခုက လင်းဟန်၏ ပါးထက်မှ စီးကျလာခဲ့ပြီး ပေါင်ပေါ်သို့ ကျရောက်သွားခဲ့သည်။
ကောင်းကင်တွင် အလှပဆုံး လင်းလက်ပြနေသည့် မီးရှူးမီးပန်းများနှယ် …
တဒင်္ဂမျှ ကြာသည်ဆိုသော်လည်း သူ့အတတ်နိုင်ဆုံးတော့ လှပသွားခဲ့၏။
“ ကျုံးဝေ့တပ်ဖွဲ့ အသင်းတစ်ရဲ့ ခေါင်းဆောင်တစ်ယောက်အနေနဲ့ … မင်း ဘက်က အားလုံး ပြောပြပေးနိုင်ဖို့ မျှော်လင့်တယ် …”
ပြောပြီးနောက် လင်းရီက ဓားမြောင်ကို ပြန်ရုတ်သိမ်းသွားခဲ့သည်။
လင်းဟန် ခေါင်းငုံ့ချလိုက်၏။ မျက်ရည်တို့က ပိုးပိုးပေါက်ပေါက် ကျဆင်းနေလျက်ပင်။
“ လူရွေးပွဲ ကျပြီးတဲ့နောက်မှာ ကျွန်မ အိမ်ပြန်လာခဲ့တယ် … ပြီးတော့ မိသားစုနဲ့ တိုင်ပင်ဆွေးနွေးတယ် … တကယ်လို့ ကျုံးဝေ့တပ်ဖွဲ့က နောက်တစ်နှစ် ၊ နှစ်နှစ်နေလို့ လူရွေးပွဲ ထပ်လုပ်ဦးမယ်ဆိုရင်တောင် ကျွန်မရဲ့ လက်ရှိ အစွမ်းအစနဲ့တော့ ဖြစ်နိုင်မှာ မဟုတ်ဘူး ….”
“ တကယ်လို့ ထင်မှတ်မထားတာတွေ ဖြစ်မလာခဲ့ဘူးဆိုရင် ကျွန်မ တစ်သက်လုံး ကြိုးစားလို့တောင် ကျုံးဝေ့တပ်ဖွဲ့ထဲ မဝင်နိုင်တာမျိုး ဖြစ်သွားနိုင်တယ် ….”
လင်းဟန်က သူမ၏ မျက်ရည်များကို တိတ်တဆိတ် ဖယ်ရှားလိုက်ပြီး သူမ၏ အသံသည်လည်း ဆို့နင့်နေသည်။
“ အဲ့ဒီနောက်မှာ ကျွန်မ အဘိုးက E အဆင့် ဗီဇဆေးရည် ရောင်းတဲ့ အဖွဲ့အစည်းတစ်ခုနဲ့ ချိတ်ဆက်မိပြီး ကျွန်မတို့တွေ အပေးအယူ လုပ်ခဲ့ကြတယ် ….”
“ မင်း ဆေးရည်ဝယ်ခဲ့တဲ့ အဖွဲ့အစည်းကို ဟုန်မန်လို့ ခေါ်တယ် … ဟောင်ကောင်ကပဲ .. ငါသူတို့ကို အမြစ်ပြတ် သုတ်သင်ပြီးသွားပြီ ….” လင်းရီ ပြောလိုက်သည်။
“ မင်း အဲ့ဒီ ဆေးရည်ကြည်ကို ပိုက်ဆံ ဘယ်လောက်သုံးပြီး ဝယ်ခဲ့လဲပဲ သိချင်တာ … လင်းမိသားစုက နွမ်းပါးမနေဘူး … ဒါပေမယ့် အဲ့တာက သာမန်လူတွေရဲ့ အမြင်မှာပဲ ….”
“ ကျွန်မတို့ဘက်က ဆယ်သန်းပေးခဲ့တယ် … ဒါပေမယ့် သူတို့က မလိုချင်ဘူး … အဲ့ဒီအစား ကျွန်မကို သူတို့အတွက် တစ်ခုခု လုပ်ပေးဖို့ တောင်းဆိုလာတယ် ….”
“ မာတဲ့ဟုန်ကို သတ်ပေးဖို့ပေါ့ ဟုတ်လား ….”
“ အင်း ….” လင်းဟန် ပြောလိုက်ပြီး “ တကယ်လို့ ကျွန်မက သဘောမတူဘူးဆိုရင် အပေးအယူကို ရုပ်သိမ်းလိုက်လို့ရတယ် …. ကျွန်မလည်း အခွင့်အရေးကို ဆုံးရှုံးသွားရမယ် … အဲ့လိုဖြစ်ခဲ့မယ်ဆိုရင် ကျွန်မတစ်သက်လုံး ကျုံးဝေ့တပ်ဖွဲ့ထဲ ဝင်နိုင်မှာ မဟုတ်တော့ဘူး ….”
“ ဆိုတော့ အဲ့လိုကိုး ….”
လင်းရီ သက်ပြင်းချလိုက်သည်။ ယခု အချိန်၌ သူ့စိတ်ခံစားချက်များက ဖော်မပြတတ်လောက်အောင် ရှုပ်ထွေးနေသည်ဟု ခံစားနေရ၏။
လင်းဟန်သည်လည်း အမှန်တကယ် သနားဖို့ ကောင်းသူ တစ်ဦဂပင်။
“ အသင်းခေါင်းဆောင် ….”
“ အင်း ….”
“ ရှင် ဘယ်လိုမျိုး ရှာတွေ့သွားခဲ့လဲဆိုတာ ပြောပြလို့ရမလား ….”
“ ဒီရဲ့ ကားအက်စီးဒင့်ကြောင့်သာ မဟုတ်ဘူးဆိုရင် တရားခံက မင်းပါဆိုတာကိုတောင် ငါ သတိပြုမိခဲ့မှာ မဟုတ်ဘူး …” လင်းရီ တည်ငြိမ်စွာ ဆိုလိုက်၏။
“ အခင်း ဖြစ်တဲ့နေရာမှာ ရဲဘက်က မတူညီတဲ့ သွေးနမူနာ သုံးခုကို ရှာတွေ့ခဲ့တယ် … အစ်ကိုလီနဲ့ ဒရိုင်ဘာရဲ့ သွေးနမူနာမှာ ဘာထူးခြားတာမျိုးမှ မပြဘူး … ဒါပေမယ့် မင်းရဲ့ သွေးထဲမှာက ဆဲလ်တစ်မျိုး ပါဝင်မှုနှုန်းက အင်မတန်လေး မြင့်မားနေတယ် … အသင်းခေါင်းဆောင်နင်က အဲ့တာကို အမှတ်မထင် မြင်တွေ့သွားပြီး E အဆင့် ဆေးရည်ကြည်ကို သုတေသန လုပ်ထားတဲ့ ရလဒ်တွေနဲ့ သွားပြီး ကိုက်ညီနေတာကို တွေ့ရှိသွားခဲ့တယ် ….”
“ နောက်ပြီး ငါ့အရင် လုပ်ဖော်ကိုင်ဖက်ကလည်း ငါ့ကို အရိပ်အမြွက်ပေးခဲ့တယ် … ဒီလို အမှုမျိုးတွေက ပုံမှန်ဆိုရင် တရားခံက ငါတို့နဲ့ နီးကပ်တဲ့လူတွေပဲ ဖြစ်လေ့ရှိကြတာ … ဖန့်ချိန် ကုန်သည်ကြီးများ အသင်း ကိစ္စ ဖြစ်ပျက်ပြီးနောက်ပိုင်းမှာ မင်း ဗိုက်နာနေခဲ့တယ် … အခု တွေးကြည့်တော့မှ မင်းက ဗိုက်နာနေတာ မဟုတ်ဘဲ ဆေးရည်ကြည် ထိုးသွင်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ လက္ခဏာရပ်တွေကို ခံစားနေခဲ့ရတာပဲ … ငါ ပြောတာ မှန်တယ်မဟုတ်လား ….”
“ အင်း … ဟုတ်တယ် …” လင်းဟန် အသံတိုးတိုးလေး ပြောလိုက်၏။ သူမကြည့်ရသည်မှာ အများအပြား ပိုမိုတည်ငြိမ်သွားခဲ့ဟန်ပင်။
“ ပြီးတော့ မနေ့က ငါမင်းကို တောင်းဆိုခဲ့တဲ့ ဓာတ်ခွဲခန်း ရလဒ်ကလည်း မင်း ဒီကြားထဲမှာ ဆေးတွေကို လဲခဲ့သေးတယ်မလား ….”
“ မဟုတ်မှလွဲရော ….”
“ အင်း … အဲ့တာက ဆေးအတုပဲ ….” လင်းရီ သက်ပြင်းချပြီး ပြောလိုက်သည်။
“ မာတဲ့ဟုန်သောက်ခဲ့တဲ့ ဆေးတွေက အတုတွေမှန်း ငါသိပြီးသား … ဟုန်မန်ဂိုဏ်းအောက်မှာ ရှိတဲ့ ဆေးဝါးစက်ရုံတစ်ခုက Betalek လိုမျိုး ဆေးဝါးအတုတွေကို ထုတ်လုပ်ခဲ့တယ် … မနေ့က ကိစ္စက မင်းကို စမ်းသပ်ဖို့အတွက်ပဲ .. ဒါပေမယ့် မင်းက ငါ့ကို စိတ်ပျက်စေခဲ့တယ် ….”
“ ပြီးတော့လည်း ဒီတစ်ချိန်လုံး မင်းက ကိုယ့်တာဝန်တွေကိုတောင် ပစ်ထားပြီး ငါ့နောက် တစ်ချိန်လုံးလိုက်ရင်း မာတဲ့ဟုန်အမှုကို စုံစမ်းနေတာကလည်း စုံစမ်းစစ်ဆေးတဲ့ ဖြစ်စဉ်ကို နှောင့်ယှက်ဖို့နဲ့ ငါ့ကို လမ်းလွဲအောင် လုပ်ဖို့အတွက်ပဲ ဟုတ်တယ်မလား …”
“ ပြီးတော့ မင်းက ဒီခု ကားအက်စီးဒင့်ကိုလည်း ဖန်တီးခဲ့သေးတယ် … ဘာလို့ဆို အစ်ကိုလီရဲ့ စုံစမ်းမှုတွေက အမှန်တရားနဲ့ သိပ်ကို နီးကပ်နေပြီ … မင်းနဲ့ ဝမ်ကျားမေတို့ရဲ့ ပတ်သက်မှုကနေတစ်ဆင့် မာတဲ့ဟုန်ရဲ့ ဆေးကို ဖလှယ်ခဲ့ပြီး အရာအားလုံးကို သူ့နေရာနဲ့သူ ဖြစ်အောင် စီစဉ်ခဲ့တယ် …. ဘယ်သူကမှလည်း အမှန်တရားကို မသိရတော့ဘူး …”
လင်းဟန် မည်သည်ကိုမျှ မဆိုချေ။ သူမ၏ မျက်နှာအမူအရာလေးပင် ပြောင်းလဲသွားခြင်း မရှိပေ။
“ အသင်းခေါင်းဆောင် … ကျွန်မ တောင်းပန်ပါတယ် ….”
“ မင်း မှားယွင်းခဲ့တာ ဘာမှမလုပ်ခဲ့ဘူး … အချိန်တွေကပဲ မှားယွင်းခဲ့တာ ….”
“ ဒီမှာ ခဏလောက် နားလိုက် … အပြင်ဘက်က ရှုခင်းတွေ ကြည့်ရင်း ခေါင်းလေးဘာလေးနား … တစ်ချိန်လုံး စိတ်ပူပန်နေတာက လူကို နုန်းစေတယ် ….”
ပြောရင်းဖြင့် လင်းရီ ကားတံခါးကို ဖွင့်လိုက်သည်။
“ ဘာလဲ ….”
“ ကျွန်မ ရှင့်ကို တစ်ခုလောက် မေးချင်တယ် ….”
“ မေး ….”
လက်ထဲရှိ လက်မောင်းတံဆိပ်ကို ကျစ်နေအောင် ဆုပ်ထားလျက် “ ရှင် ကျွန်မကို ဒီလက်မောင်းတံဆိပ် ပေးခဲ့တာ ကျွန်မကို သနားလို့လား ….”
“ ငါက နှလုံးသား နူးညံ့ကြင်နာတတ်တဲ့ကောင်မဟုတ်ဘူး … တကယ်လို့ မင်းက ငါ့စံနှုန်းတွေကို မမီဘူးဆိုရင် ဒီ လက်မောင်းတံဆိပ်နဲ့လည်း ထိုက်တန်မှာ မဟုတ်ဘူး ….” လင်းရီ စကားကို ခေတ္တရပ်တန့်ထားလိုက်ပြီး “ အတွေးလွန်မနေနဲ့ … အခုချိန်ကစပြီး မင်းက ကျုံးဝေ့တပ်ဖွဲ့ဝင် တစ်ယောက် ဖြစ်သွားပြီ … ဒီတော့ ဒီခုအခိုက်အတန့်လေးကိုပဲ ခံစားလိုက် …”
လင်းဟန် ခေါင်းလှည့်လာ၍ လင်းရီအား ကြည့်လိုက်၏။ “ ကျွန်မရှေ့မှာ လမ်းမရှိတော့ဘူးဆိုတာ သိတယ် … ဒါပေမယ့် ကျွန်မရဲ့ လုပ်ရပ်တွေက အသင်းတစ်ကို သိက္ခာကျစေလိမ့်မယ် ….”
လင်းရီ သူမ၏ ပခုံးကို ပုတ်ပေးလိုက်၏။
“ မပူနဲ့ … ငါ့အသင်းသားတစ်ယောက်ကို အဲ့ဒီ နိမ့်ကျတဲ့ကောင်တွေရဲ့ လက်ထဲမှာတော့ မသေစေရဘူး ….”
“ ခဏလောက် အေးဆေးလေး နေလိုက်… ငါ မင်းကို မနှောင့်ယှက်တော့ဘူး ….”
လင်းရီ ကားတံခါးဖွင့်ပြီး လင်းဟန်ကို တစ်ဦးတည်း ချန်ထားရစ်လိုက်သည်။
လင်းဟန်မှာ ခရီးသည်ထိုင်ခုံရှေ့ရှိ ဒက်ရှ်ဘုတ်ပေါ်တွင် မျက်နှာအပ်ရင်း ကျယ်လောင်စွာ ငိုကြွေးညည်းညူနေမိသည်။
နောင်တရမှုလား …
စိတ်ပျက်ဝမ်းနည်းလား …
ဒေါသလား …
အပြစ်ရှိစိတ်လား …
ရောနှောရှုပ်ထွေးနေသည့် စိတ်ခံစားချက် စီးကြောင်းတစ်ခုက ပင်လယ်ထဲ စီးဝင်လာသည့် မြစ်တစ်စင်းနှယ် လင်းဟန်၏ အတွေးများအားလုံးကို တိုက်စားသယ်ဆောင်သွားခဲ့သည်။
ယခုအချိန်အခိုက်အတန့်၌ ကျဆင်းနေသည့် အနှီ မျက်ရည်တို့က မည်သည့်အရာကို ဆိုလိုနေမှန်း သူမကိုယ်၌ပင် နားမလည်တော့ပါချေ။
ဂျစ် ဂျစ် ဂျစ် …
ရုတ်တရက်ဆိုသလို စည်းချက်ကျသည့် လျှပ်စီးသံတစ်သံ ထွက်လာခဲ့ပြီး လင်းဟန် သူမ၏ ခေါင်းကို ဆတ်ခနဲ မော့လိုက်သည်။
သူမ၏ အတွေးများအားလုံး ချက်ချင်း ရှင်းလင်းသွားခဲ့၏။
ယင်းက မည်သည့်အရာဖြစ်ကြောင်းကို သူမ အတိအကျ သိနေခဲ့သည်။
သို့ပေမယ့် သူမ မကြောက်ရွံ့။ ဤအတိုင်း …
ပြောဖို့မေ့နေခဲ့သည့် စကားလေးတစ်ခွန်းကို ပြန်ပြီး အမှတ်ရသွားရုံမျှပင် ….။
ဝုန်း ….
နားစည် ကွဲလုမတတ် ကျယ်လောင်သည့် ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာခဲ့ပြီး ဖန်ကွဲစတို့က နေရာအနှံ့ ပျံ့ကျဲသွားခဲ့၏။
လင်းရီ၏ Lexus 570 သည် ချက်ချင်းဆိုသလို မီးဟုန်းဟုန်း တောက်လောင်သွားခဲ့ပြီး မြင်ကွင်းထဲရှိ အရာအားလုံးကို လောင်ကျွမ်းသွားခဲ့သည်။
လင်းဟန် ပြောလိုခဲ့သည့် စကားများ အတွက်ကတော့ …
ထိုအတွက် နှုတ်က ပြောမထွက်နိုင်ခဲ့သလို လင်းရီသည်လည်း နားထောင်ဖို့ရာ အခွင့်အရေး မရှိခဲ့လိုက်ပေ။
ဤကိစ္စ၏ သူ့အပေါ် အကျိုးသက်ရောက်မှုတို့ကတော့ ထင်မှတ်မထားနိုင်လောက်သည်ထိအောင် ပြင်းထန်လာပေလိမ့်မည်။
ကားက လင်းရီ၏နောက်ကျောဘက် မီတာငါးဆယ်ခန့်အကွာတွင် ပေါက်ကွဲသွားခဲ့၏။
လင်းရီနှင့် မလှမ်းမကမ်းရှေ့တွင်၊ လော့ချီ ရှိနေပြီး အနက်ရောင် trench coat နှင့် နေကာမျက်မှန်ကို တပ်ဆင်ထားသည်။
လင်းရီ လင်းဟန်ကို ပေးခဲ့သည့် လက်မောင်းတံဆိပ်က သူမထံမှ ဖြစ်ပြီး ကားအောက်တွင် ဗုံးတစ်ခုကို လျှို့ဝှက်တပ်ဆင်ထားခဲ့သည်ကလည်း သူမ လက်ချက်ပဲ ဖြစ်၏။
ဟန်အမူအရာ အပြည့်နှင့် သွယ်လျလှပစွာ ရှိနေသည့် လော့ချီကို ကြည့်ရင်း လင်းရီ ခေါင်းခါယမ်းမိလိုက်ကာ ကမ္ဘာလောကကြီးက အတော်လေး မမျှတဟု စိတ်ထဲ ခံစားလိုက်ရ၏။
ခွန်အားအရဆိုပါက အသင်း တစ်ထဲတွင် လော့ချီက အင်အားအနည်းဆုံး ဖြစ်သည်။ သူမ၏ ပုံမှန် လေ့ကျင့်ရေးတို့ကလည်း ကပြက်ကချော်နှင့် စိတ်ပါမှသာ လုပ်လေ့ရှိ၏။
သို့ပေမယ့် သူမတွင် ကျုံးဝေ့တပ်ဖွဲ့ထဲသို့ ဝင်ရောက်နိုင်သည့် အရည်အချင်း ရှိနေခဲ့ပြီး …. ထို့ထက်ပိုသည်က အသင်းတစ်ထဲသို့ ရောက်ရှိနေခြင်း ဖြစ်၏။
သို့တိုင် … တစ်ဖက်တွင် ငယ်စဉ်ကတည်းက လိုလားမက်မောခဲ့ပြီး အရာအားလုံးကို လျစ်လျူရှု၍ ကြိုးပမ်းခဲ့သည့် လင်းဟန်မှာမူကား ရှေ့တွင် ပိတ်ဆို့နေသည့် အတားအဆီးကို မည်သို့မျှ မကျော်လွှားနိုင်ခဲ့ပေ။
ဘာကြောင့်လဲ …
တကယ်လို့ သူမမှာသာ စွဲလမ်းရူးသွပ်မှုတွေ အဲ့လောက် အများကြီး မရှိခဲ့ဘူးဆိုရင် သူမရဲ့ အနာဂတ်ကရော တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားနိုင်လောက်လား …
စွဲလမ်းရူးသွပ်မှု …
ယင်းကား တကယ့်ကို အသွားနှစ်ဖက်ပါသည့် ဓားတစ်စင်းပင် ဖြစ်သည်။
“ သွားကြစို့ …”
လော့ချီအနားမှ ဖြတ်သန်းသွားပြီး လင်းရီ ထူးမခြားနားသည့် လေသံအမူအရာဖြင့် ပြောလိုက်သည်။
“ တစ်ချက်လေးတောင် နောက်ပြန်လှည့်မကြည့်တော့ဘူးလား ….”
“ မလိုဘူး … သူ့ကို ဂုဏ်ယူဝင့်ကြွားမှုအပြည့်နဲ့ ထွက်သွားပါစေ …”
***