နှစ်နာရီမျှ ကြာပြီးနောက် နှစ်ဦးကြားရှိ ဆွေးနွေးပွဲ အဆုံးသတ်သို့ ရောက်ရှိလာသည်။
ထိုအချိန်မှာပဲ ကျီချင်းရန်၏ ဖုန်းသံက တိတ်ဆိတ်နေမှုကို ဖြိုခွင်းလာခဲ့သည်။
စုန့်လန်ထံမှ ဖြစ်၏။
“ ခြောက်နာရီ ကျော်နေပြီကို ဘာလို့ အိမ်မပြန်လာသေးတာ … နင် ဒီနေ့ အချိန်ပို ရှိတယ်လို့လည်း ငါ့ကို မပြောထားဘူးနော်….”
“ အိုး အမေ … ထင်မှတ်မထားတဲ့ ကိစ္စတစ်ခု ရုတ်တရက် ပေါ်လာခဲ့လို့ … ဒါပေမယ့် ကိုင်တွယ်လို့ ပြီးပါပြီ … သမီး အခု လာနေပြီ ….”
“ မြန်မြန် လာခဲ့တော့ … ဟင်းတွေက အဆင်သင့် ဖြစ်နေပြီ … ကြာရင် အေးသွားတော့မှာ ….”
“ အွန်း ….”
ကျီချင်းရန် ဖုန်းချလိုက်ပြီး လင်းရီအား မျက်စောင်းခဲလိုက်သည်။
“ နင် ဘာလို့ ဒီလောက်တောင် စိတ်ရှုပ်ဖို့ ကောင်းနေရတာလဲ …”
“ ငါက ဘယ်မှာ စိတ်ရှုပ်ဖို့ ကောင်းနေလို့ …”
“ တိတ်စမ်း … နင် ငါ့ကို ရှက်အောင် လာလုပ်မနေနဲ့ …”
ကျီချင်းရန်၏ ပါးနှစ်ဖက်မှာ ပို၍ပင် နီမြန်းသွားခဲ့ပြီး လင်းရီ၏ ခါးကို ဆွဲလိမ်ပစ်လိုက်သည်။
“ မြန်မြန် လုပ်တော့ … အိမ်ပြန်ပြီး ထမင်းစားကြမယ် … ဟိုမှာ အမေက စောင့်နေပြီ …”
“ အိုကေ အိုကေ ….”
လင်းရီလည်း တိုက်ပွဲ အကြွင်းအကျန်များအား ရှင်းလင်းလိုက်ပြီး ကျီချင်းရန်ကတော့ အဝတ်လဲခန်းထဲသို့ ဝင်သွားခဲ့ကာ အဝတ်အစား အသစ်တစ်စုံကို လဲပြုလိုက်သည်။ ထို့နောက် အိမ်သို့ အတူပြန်လာခဲ့ကြ၏။
ပြဿနာများ အားလုံးလည်း ဖြေရှင်းပြီးသွားခဲ့ပြီး မည်သည့် စိုးရိမ်ပူပန်စရာတို့မျှ မရှိတော့သဖြင့် လင်းရီ၏ စားသောက်လိုစိတ်ကလည်း ကောင်းမွန်လာကာ ရလဒ်အနေဖြင့် သူ လိုက်ပွဲ သုံးပန်ကန်တောင် အပိုတောင်းလိုက်၏။
“ ရီလေး … အန်တီ နင့်ကို မစားစေချင်လို့ ပြောတာတော့ မဟုတ်ဘူးနော်… ဒါပေမယ့် ဗိုက်ကို အရမ်းပြည့်အောင် စားရင် မအီမသာ ဖြစ်နေလိမ့်မယ် ….” စုန့်လန်က ကြင်နာစွာ သတိပေးလိုက်သည်။
“ ကျွန်တော် ဒီနေ့ အလုပ်အရမ်းပင်ပန်းထားတော့ အားပြန်ဖြည့်ဖို့ လိုတယ်လေ … “
မည်သည့် အဓိပ္ပာယ်မျှ မပါသော်ငြားလည်း ကျီချင်းရန်မှာ နားရွက်နီရဲသွားခဲ့ရသည်။
“ ရန်ရန် … နင့်မျက်နှာက ဘာလို့ နီနေတာ … နေမကောင်းဘူးလား ….” စုန့်လန်က စိုးရိမ်တကြီးနှင့် မေးလိုက်၏။
“ မဟုတ် … မဟုတ်ပါဘူး …” ကျီချင်းရန် စကားထစ်အစွာဖြင့် ခွန်းတုံ့ပြန်လိုက်ပြီး “ အဲကွန်းက နည်းနည်းပူလို့ ဖြစ်လိမ့်မယ် … ခဏဆို ကောင်းသွားမှာပါ ….”
“ အအေးမမိဘူးဆို ပြီးတာပါပဲအေ …”
“ ဒီနှစ် ရာသီအကူးအပြောင်းက အတော်လေး ကြမ်းတယ် … လူတွေ အများကြီး ဖျားနာနေကြတာ … နင်တို့လည်း အပြင်တွေ ဘာတွေ သွားရင် ဂရုစိုက်ကြဦး … သူများနားကနေ အဖျားတွေ မကူးလာစေနဲ့ ….”
“ သိပါတယ် အမေရယ် ….”
ကျီချင်းရန် ရေလိုက်ငါးလိုက်သာ ဖြေလိုက်ပြီး စားပွဲအောက်မှတစ်ဆင့် လင်းရီကို တစ်ချက် ပိတ်ကန်လိုက်၏။
လင်းရီ ခေါင်းလှည့်ပြီး သူမကို ကြည့်လိုက်မိသည်။ သူ့အမူအရာက ဇဝေဇဝါ ဖြစ်နေပြီး ဘာကြောင့် အကြောင်းမဲ့ လူကို လာကန်နေရတာလဲဟု မေးမြန်းနေဟန်ပင်။
သို့ပေမယ့် ကျီချင်းရန်ကတော့ ထိုကောင့်အား လျစ်လျူရှုပြီး စားပြီးသည်နှင့် အခြားအလုပ်များ ပြုလုပ်ရန်အတွက် အပေါ်ထပ်သို့ တက်သွားခဲ့သည်။
နောက်ပိုင်းတွင် လင်းရီလည်း ပြန်သွားခဲ့ပြီး သူ့ အိပ်ရာပေါ် လဲကာ ချိုးယွီလော့၏ နံပါတ်အား ဆက်သွယ်လိုက်၏။
“ နင် အဲ့ဘက်က အခြေအနေတွေ ကိုင်တွယ်ပြီးသွားပြီလို့ ကြားတယ် ….”
“ အားလုံး အတည်ပြုပြီးသွားပြီ … ဒါပေမယ့် အတွင်းသူလျှို ကိစ္စကို ဆက်ပြီး လိုက်ဖို့ မလိုတော့ဘူး … ငါ ဖြေရှင်းပြီးသွားပြီ …”
“ နင်က ပြောနေပြီဆိုမှတော့ ငါတို့လည်း ဒီမှာတင် ရပ်လိုက်တော့မယ် ….”
“ ကျိုးမိသားစုကရော ဘာသတင်း ထူးသေးလဲ ….”
“ စုံစမ်းနေတုန်းပဲ … ဒါပေမယ့် အဓိက သက်သေတွေက သူတို့တွေ နိုင်ငံခြားကို ပိုင်ဆိုင်မှု လွှဲပြောင်းတယ်ဆိုတဲ့ အချက်ကိုပဲ ညွှန်ပြနေတယ် … ဟုန်မန်ဂိုဏ်းနဲ့ ပတ်သက်ဆက်နွယ်နေတယ်ဆိုတဲ့ ဘယ်လို အထောက်အထားမျိုးမှ မတွေ့ရသေးဘူး ….” ချိုးယွီ့လော့ ရှင်းပြလိုက်၏။ “ နင်ကလည်း ဖန့်ချိန်မှာတုန်းက စိတ်မြန်လက်မြန် ရှိလွန်းပါတယ်ဟယ် … တကယ်လို့သာ လူနည်းနည်းလောက် အသက်ရှင်လျက် ချန်ထားခဲ့မယ်ဆိုရင် စုံစမ်းတဲ့ ကိစ္စက ဒီလောက်ထိ အခက်တွေ့နေမှာတောင် မဟုတ်ဘူး ….”
“ ငါလည်း အဲ့တုန်းက လက်စားချေဖို့ တစ်ခုတည်း ခေါင်းထဲရောက်နေတာဆိုတော့ သိပ်အများကြီး မစဉ်းစားမိလိုက်ဘူး … ပြန်တွေးကြည့်လိုက်တော့မှ အတော်လေး စိတ်လိုက်မာန်ပါ လုပ်ခဲ့မိတာပဲ ….”
“ ဒါတွေ ထားပါ … ဒါပေမယ့် ငါတို့ဘက်က တိုးတက်မှု နည်းနည်းတော့ ရှိထားတယ် …” ချိုးယွီလော့ ပြောလိုက်ပြီး “ နင် သတ်လိုက်တဲ့ လူတွေထဲ တစ်ယောက်က ကျိုးမိသားစု အပေးအယူ လုပ်ဖို့ လွှတ်လိုက်တဲ့လူပဲ … ဒါပေမယ့် ‘ ဘလက်မန်း’ ကတော့ ကျိုးမိသားစုနဲ့ လုံးဝ ပတ်သက်မနေဘူး …”
“ ဘလက်မန်း ဟုတ်လား ….”
“ ဗန်းစကားလေ … ကြေးစားလို့ပဲ ခေါ်မလား … လုပ်ကြံတဲ့ ကိစ္စတွေအတွက် ကြေးကြီးကြီးနဲ့ ဆောင်ရွက်ပေးတယ် … အားသာချက်ကတော့ လူက အဖမ်းခံလိုက်ရရင်တောင် သူတို့ရဲ့ အလုပ်ရှင်အကြောင်း ဖော်ထုတ်ခြင်း မရှိတာပဲ … “
“ အဲ့လူရဲ့ အချက်အလက်တွေ ငါ့ တစ်ချက် ပို့ပေးစမ်းပါ … အချိန်ရရင် ကြည့်လိုက်မယ် ….”
“ ရတယ် … အထူးသဖြင့် ကျိုးဟိုင်က နင့်လုပ်ပိုင်ခွင့်အောက်မှာ ရှိနေတာရယ် …၊ ငါ့အသင်းသားတွေကလည်း အဲ့မှာ ရှိနေတယ်ဆိုတော့ နင့်အတွက် စုံစမ်းလို့ လွယ်မှာပါ …”
“ ငါတွေးနေတာကလည်း အဲ့လိုပဲ …”
“ စကားမစပ် ကျိုးမိသာစုအကြောင်း ငါ တစ်ခု မေးချင်လို့ … မင်းတို့ကောင်တွေ မင်းတို့ ဘာကို စုံစမ်းနေကြလဲဆိုတာတော့ သိကြတယ်မလား … တကယ်လို့ မင်းတို့မှာ သက်သေတွေ ရှိပြီဆိုရင်လည်း ဘာလို့ ဒီတိုင်း ဖမ်းပြီး စစ်ဆေးမမေးမြန်းလဲ ….”
“ စစချင်းတုန်းကတော့ ငါတို့လည်း အဲ့လို လုပ်ဖို့ စဉ်းစားထားတာ … ကျိုးမိသားစုလို အသားထဲက လောက်ထွက်တဲ့ လူစားမျိုးတွေကို လွှတ်ထားပေးစရာ အကြောင်းမရှိဘူးလေ … ဒါပေမယ့် စုံစမ်းနေရင်းနဲ့ ကျိုးမိသားစုက နိုင်ငံခြား အင်အားစုတွေနဲ့ နီးကပ်တဲ့ ဆက်ဆံရေးတွေ ရှိနေတာကို တွေ့ခဲ့ရတယ် … သူတို့ကြည့်ရတာ အပေးအယူ တစ်ခုခု လုပ်ဖို့ စီစဉ်နေတဲ့ပုံပဲ … ဒါကြောင့်မို့ ငါတို့က ရေရှည် ကစားပွဲ တစ်ခုကို ကစားဖို့ ဆုံးဖြတ်လိုက်ကြတာ … ဒီကနေတစ်ဆင့် ပိုပြီး များပြားတဲ့ အချက်အလက်တွေ ရလိုရငြားပေါ့ ….”
“ ဟမ် … သူတို့က အခု နိုင်ငံခြား အင်အားစုတွေနဲ့တောင် အချိတ်အဆက် ရှိနေပြီပေါ့ … ကျိုးမိသားစုရဲ့ လက်တံက တကယ်ကို ရှည်တာပဲ ….”
“ ငါတို့ရဲ့ အခု လုပ်ရပ်ကတောင် သူတို့ကို နည်းနည်း တပ်လှန့်သလို ဖြစ်နေပြီ ….” ချိုးယွီလော့က လေးနက်သည့် လေသံဖြင့် ပြောလိုက်ပြီး “ ဖန့်ချိန် ကုန်သည်ကြီးများအသင်းနဲ့ ဟုန်မန်ဂိုဏ်း ပျက်စီးသွားတဲ့ ဖြစ်ရပ်က ကျိုးမိသားစုအပေါ် ခြိမ်းခြောက်မှု တစ်ရပ် ဖြစ်သွားစေတယ် … လက်ရှိ သက်လွန်စနဲ့ သင်္ကေတတွေက သူတို့ကို စိုးရိမ်နေပြီဆိုတာကို ရှင်းရှင်းလင်းလင်းကြီး ပြသနေတယ် … မဟုတ်ဘူးဆိုရင် နိုင်ငံခြားက အင်အားစုတွေနဲ့ အဆက်အသွယ် လုပ်မှာ မဟုတ်ဘူး ….”
“ ဒါဆို ငါတို့လည်း အဲ့ဒီရဲ့ လားရာဘက်ခြမ်းကို သေချာလေး စုံစမ်းကြတာပေါ့ … တကယ်လို့ သတင်းထူး တစ်ခုခု ရှိတယ်ဆိုရင် ငါ့ကိုလည်း အသိပေးဦး …”
“ မပူနဲ့ … နင့်ကို မချန်ထားပါဘူး ….”
ချိုးယွီလော့နှင့် ဖုန်းပြောပြီးနောက် လင်းရီ လက်နှစ်ဖက်ကို ခေါင်းအုံးသဖွယ် ခုထားလိုက်သည်။
များမကြာမီ ချိုးယွီလော့က သူ လိုချင်နေသည့် သတင်းအချက်အလက်များအား ပို့ပေးလာသည်။
သူ့နာမည်က ဟွမ်ရန်ပေါ် ဖြစ်ပြီး အသက် ၃၂ နှစ် ရှိပြီ ဖြစ်၏။ ထောင်လည်း ခြောက်နှစ် ကျထားဖူးသည်။ ထိုအရာတို့ကလွဲ၍ အခြား အသုံးဝင်သည့် သတင်းအချက်အလက်တို့ မပါချေ။
ရှောင်ပင်းက ဒဏ်ရာရထားသဖြင့် လင်းရီ ဤတာဝန်ကို လော့ချီထံသို့ လွှဲပြောင်းပေးလိုက်ပြီး သူမအား ဤလူကို စုံစမ်းဖို့ တာဝန်ပေးလိုက်သည်။
တာဝန်ပေးပြီးနောက် လင်းရီ သူ့အစီအစဉ်ကို အတွင်းကျကျ ပြန်လည် သုံးသပ်ကြည့်၏။ လက်ရှိတွင် အဓိက အရေးကြီးသည့် ကိစ္စရပ် နှစ်ခု ရှိ၏။
ပထမ တစ်ခုက ကျိုးမိသားစု၏ ဟုန်မန်ဂိုဏ်းနှင့် ဆက်စပ်နေပါသည်ဟူသော သက်သေများကို ရှာဖွေရန်ပင်။
ဒုတိယကတော့ ကျိုးမိသားစုဝင်များကို ဖမ်းဆီးဖို့ ဖြစ်သည်။
ကိစ္စရပ်နှစ်ခုလုံးက မည်သို့မျှ လွယ်ကူရိုးရှင်းပုံ မပေါ်ချေ။ ဟွာရှ နှစ်သစ်ကူးကလည်း တရွေ့ရွေ့နှင့် နီးကပ်လာနေပြီး နှစ်သစ်ကူး မရောက်မီ အနှီ ကိစ္စရပ်များအားလုံး ဖြေရှင်းပြီးစီးနိုင်ဖို့ မျှော်လင့်မိ၏။
ထိုအချိန်မှာပဲ အခန်းတံခါး တွန်းပွင့်လာခဲ့ပြီး ပန်းရောင် ညအိပ်ဝတ်စုံနှင့် ကျီချင်းရန်ကို မြင်တွေ့လိုက်ရ၏။ သူမက ရေစိုနေသည့် ဆံပင်ကို တဘက်ဖြင့် သုတ်ရင်း အထဲသို့ လျှောက်လှမ်းလာလေသည်။
လင်းရီ မသိစိတ်အလျောက် နာရီကို တစ်ချက် ကြည့်လိုက်မိသည်။
“ ကိုးနာရီကျော်ပဲ ရှိသေးတာကို အိပ်ရာဝင်တော့မလို့လား ….”
ကျီချင်းရန် သဘာဝကျကျပဲ ခေါင်းညိတ်ပြလာခဲ့။ “ ဒီနေ့ နေလို့ထိုင်လို့ သိပ်မကောင်းဘူး … စောစော အနားယူချင်တယ် …”
“ စကားမစပ် နင်နဲ့ ဆွေးနွေးစရာ တစ်ခု ရှိသေးတယ် … ငါ ယွမ်ယွမ်ဆီကနေ ကြားထာ ကုမ္ပဏီတော်တော်များများအတွက် ငွေက လွှဲလာခဲ့ပြီ … သူတို့ဘက်က မကြာခင် ကြေညာချက် ထုတ်ပြန်ဖို့လည်း လုပ်နေတယ် … ဒီကိစ္စကို လှုံ့ဆော်ပေးဖို့ ပွဲအကြီးကြီး တစ်ခုလည်း ကျင်းပဖို့ ရှိတယ် … နင် တက်ရောက်ဦးမလား ….”
“ ရတယ်လေ … “
ကာဗွန် အခြေပြုချစ်ပ်တို့က လင်းယွင်အုပ်စုနှင့် ဟွာရှတစ်ခုလုံးအတွက် အရေးကြီးသည့် ကိစ္စရပ်တစ်ခုပင်။ အကယ်၍ အချိန်ရှိမည်ဆိုပါက တက်ကို တက်ရောက်သင့်၏။
အိပ်ရာထဲ ဝင်လာခဲ့ပြီးနောက် ကျီချင်းရန်က ဖုန်းခဏ ပွတ်ပြီး ဆယ်နာရီ ဝန်းကျင်လောက်တွင် အိပ်မောကျသွားခဲ့သည်။
နောက်တစ်နေ့ နံနက်ခင်း၏ လုပ်ငန်းဆောင်တာတို့ကလည်း ပုံမှန်အတိုင်းပဲ ဖြစ်၏။
လင်းရီ အိပ်ရာနိုးလာသည့်အချိန်၌ ကျီချင်းရန်မှာ အိပ်ရာအပြင်ဘက်သို့ပင် ရောက်လို့နေလေပြီ။
မနက်ခင်း လုပ်ငန်းကိစ္စရပ်များ ပြီးစီးပြီးနောက် မနက်စာစားပြီး … ကျီချင်းရန်ကို ကုမ္ပဏီသို့ လိုက်ပို့ပေးလိုက်သည်။ လင်းရီကိုယ်တိုင်ကတော့ ရှင်းရှန်း ရဲစခန်းသို့ ထွက်လာခဲ့၏။
လမ်းတွင် စနစ်၏ မစ်ရှင် အကြောင်း လင်းရီ တွေးတောနေမိခဲ့သည်။
ရဲအရာရှိ အလုပ်အကိုင်က ပြီးပြည့်စုံလုနီးပါး ဖြစ်နေပြီး ၁၀ ရာခိုင်နှုန်းခန့်မျှသာ ကျန်သည်။
သို့ပေမယ့် အတွေ့အကြုံအမှတ် တစ်သိန်းမျှ ကမ်းလှမ်းလာမည့် အန္တိမ မစ်ရှင်က သူ့စိတ်ထဲ သိပ်မခက်ခဲလောက်ဟု ထင်ကြေးပေးနေမိသည်။
လင်းရီ ကားမောင်းရင်း စတီယာရင်ဘီးကို တတက်တက် ခေါက်နေမိ၏။
ရဲအရာရှိ အလုပ်အကိုင်ပြီးသွားရင် တာအိုရသေ့ ဝတ်ရမယ်။
ရင်နာလိုက်တာ။
တကယ့်ကို သောက်ကျိုးနည်းကြီးပါကွာ။
***