လင်းရီ လျင်လျင်မြန်မြန်ပဲ ရှင်းရှန်း ရဲစခန်းသို့ ရောက်ရှိလာခဲ့သည်။
စခန်း၏ အခြေအနေက ယခင်အတိုင်း တည်ရှိနေပြီး မည်သည့်အရာကမျှ ထူးထူးခြားခြား ပြောင်းလဲ မသွားသည့်ဟန်ပင်။
လင်းရီ ရောက်လာသည်ကို မြင်တော့ ကျန်းဖန့်နှင့် ကျန်းဇီရှင်းတို့လည်း ရောက်လာခဲ့ပြီး လီရှန်းဟွေ့၏ အခြေအနေအကြောင်း မေးမြန်းကြသည်။
ထို့နောက် လူတိုင်းက ကိုယ်စီ အလုပ်ပြန်လုပ်ကြတော့၏။
လီရှန်းဟွေ့၏ ဒဏ်ရာကြောင့် လစ်လပ်နေသည့် သူ့ရာထူးနေရာကို ကျန်းဟွေ့က ခေတ္တယာယီ ဝင်ဖြည့်ထားပေး၏။ ကျန်းဟွေ့က ရုံးတွင် စီနီယာ အကျဆုံးဖြစ်သဖြင့် သူ၏ ယာယီ တာဝန်ယူထားမှုက ရုံးရှိ လူတိုင်းအတွက် လက်ခံစရာပင်။ ဤစီစဉ်မှုနှင့် ပတ်သက်၍ မည်သူကမျှ စောဒက မတက်ကြပေ။
သို့ပေမယ့် လင်းရီ၏ အမြင်တွင်တော့ ကျန်းဟွေ့၏ ရာထူးနေရာက မြဲသွားပြီ ဖြစ်၏။ အကယ်၍ လီရှန်းဟွေ့ ပြန်လည်သက်သာလာပြီး ဤရာထူးနေရာတွင် ဆက်လက် တာဝန်ထမ်းဆောင်လိုလျှင်ပင် စိတ်အားသာ ရှိတော့ပြီး ခန္ဓာကိုယ်ကတော့ ခွင့်ပြုမှာ မဟုတ်တော့ချေ။
မည်သို့ပင်ဆိုစေ ရှေ့တန်း အလုပ်အကိုင်ဆိုသည်က မသက်သာချေ။
အမျိုးမျိုးသော အကြောင်းအရင်းတို့ကြောင့် လင်းရီသည် သူ၏ အဆက်အသွယ်များအား အသုံးပြု၍ လီရှန်းဟွေ့ကို ပိုမိုမြင့်မားသည့် ရာထူးတစ်နေရာသို့ ပို့ပေးဖို့ စီစဉ်ထားသည်။
သူ့နောက်တွင် ရှာကျွေးရမည့် မိသားစုကလည်း ရှိနေပြီး အလုပ်ပြုတ်သွားလို့ကတော့ အဆင်ပြေမှာ မဟုတ်ချေ။
ဤအချင်းအရာများအပြင် လင်းရီ စနစ်၏ မစ်ရှင်အကြောင်းလည်း စဉ်းစားနေမိသည်။
နောက်ဆုံး မစ်ရှင်အတွက် စနစ်ဘက်က မည်သို့သော သဲလွန်စကိုမျှ ပေးအပ်မလာသေးပေ။ သူ့ဘက်က လှုံ့ဆော်ပေးဖို့ လိုအပ်နေသည်။
သို့ပေမယ့် တစ်မနက်ခင်းလုံး အလုပ်များနေသည့်တိုင် မည်သည့်အရာကမျှ ထူးခြားမလာသေးချေ။
သို့သော်လည်းပဲ လင်းရီကတော့ ကျင့်သားရနေလေပြီ။ ယခင် မစ်ရှင်တွေတုန်းကလည်း မစ်ရှင် သိရဖို့ကို အချိန် အတော်လေး ယူခဲ့ရ၏။
ထို့ပြင် … လင်းရီ အလျင်မလိုနေရသည့် အကြီးမားဆုံး အကြောင်းအရင်းကတော့ ယခု အလုပ်အကိုင် ပြီးသွားသည်နှင့် သူသည် တာအိုရသေ့တစ်ပါး ဖြစ်လာမှာ ဖြစ်သောကြောင့်ပင်။
ဆိုလိုသည်က … သူ မြို့ပြင်သို့ ထွက်ရမည်။
သူ တကယ်ပဲ ထိုသို့ မလုပ်ချင်ပေ။
ချီးတဲ့မှပဲ …
မွန်းလွဲ သုံးနာရီ ရောက်တော့ လင်းရီ သူ့ အလုပ်များအားလုံး ပြီးစီးသွားခဲ့သည်။ စနစ်၏ မစ်ရှင်ကို လှုံ့ဆော်ဖို့အတွက် သူ တော်တော်လေး အလုပ်ကြိုးစားခဲ့၏။
သို့တိုင် မည်သည့်အရာကမျှ ထူးခြားမလာခဲ့သေးပေ။
စခန်းထဲက ထွက်လာခဲ့ပြီးနောက် လင်းရီ ဆေးရုံသို့ ဦးတည်လာခဲ့သည်။
ကျောက်ယွင်ဟူ၏ အခြေအနေကလည်း အဆိုးရွားကြီး မဟုတ်တော့ဘဲ ရက် အနည်းငယ်ကြာသည်နှင့် ဆေးရုံဆင်း၍ ရနေလေပြီ။
လီရှန်းဟွေ့သည်လည်း အများအပြား ပိုမိုသက်သာလာပြီး သူ့လက်များကို ကောင်းကောင်းမွန်မွန် ရွေ့လျားနိုင်နေပြီး ဖြစ်သည်။
သူ့ဘယ်ဘက်ခြေထောက် တစ်ဖက်တည်းကသာ မည်သည်ကိုမျှ မခံစားနိုင် ဖြစ်နေပြီး ထိုအတွက်ကတော့ ပြန်လည် ထူထောင်ရေး လေ့ကျင့်ခန်းများ ပြုလုပ်ဖို့လိုသည်။
လီရှန်းဟွေ့နှင့် စကားခေတ္တ ပြောဆိုပြီးနောက် လော့ချီထံမှ ဖုန်းဝင်လာခဲ့ပြီး ဟွမ်ရန်ပေါ် အကြောင်း အနည်းငယ် စုံစမ်းရမိထားပြီး သူနှင့် ဆွေးနွေးချင်သည်ဟု ဆိုလာခဲ့သည်။
ဖုန်းချပြီးနောက် လင်းရီ ကျီချင်းရန်ထံသို့ ဖုန်းခေါ်လိုက်ပြီး သူမကို ယနေ့ လာမကြိုပေးနိုင်ကြောင်းနှင့် ကိုယ်ဘာကိုယ်ပဲ အိမ်ပြန်လိုက်ဖို့ရာ အသိပေးလိုက်သည်။
ထို့နောက် လော့ချီပေးလာသည့် လိပ်စာအတိုင်း HCool ဆိုသည့် ကော်ဖီဆိုင်သို့ ရောက်ရှိလာသည်။
“ ဘာလို့ ဒီနေရာကို ချိန်းလိုက်တာ ….”
“ ခေါင်းဆောင်လင်း … ရှင် မျက်စောင်းထိုးက ဘားကို မြင်တယ်မလား ….”
“ မြင်တယ်လေ … အွန်လိုင်းပေါ်မှာတောင် တွေ့ဖူးသေးတယ် … အတော်လေး နာမည်ကြီးတယ် ….”
“ ကျွန်မ နေ့ခင်းပိုင်းတုန်းက နည်းနည်း တူးဆွဲခဲ့မိတာ အဲ့နေရာက လုံးဝ ကောင်းတဲ့ နေရာမဟုတ်ဘူး … လူပေါင်းစုံက အဲ့မှာ စီးပွားရေး လာလုပ်ကြတယ် … ဟွမ်ရန်ပေါ်က သူ မသေခင် အဲ့နေရာကို သွားနေကျပဲ …”
“ အဲ့တော့ … အဲ့ဒါ အပြင် တခြား ဘာသိခဲ့သေးလဲ ….” လင်းရီ ကော်ဖီသောက်ရင်း မေးလိုက်သည်။
“ ဟွမ်ရန်ပေါ်မှာ လီကျားဝေလို့ ခေါ်တဲ့ ဘော်ဒါ တစ်ယောက် ရှိတယ် … သူက ဘားရဲ့ အဖျော်ဆရာ … ဟွမ်ရန်ပေါ်ရဲ့ ကိစ္စတွေ ရှင်းလင်းဖို့ အတွက်ဆိုရင် လီကျားဝေကနေ တစ်ဆင့် သွားမှပဲ ရမှာ ….”
“ ဒါဆိုလည်း တိုက်ရိုက်သွားလေ … ဘာလို့ ငါ့ကို လှမ်းခေါ်နေသေးလဲ … ခက်ခဲတဲ့ ကိစ္စမို့လို့လား ….”
“ ကြိုတင် ကာကွယ်ထားတာ မမှားဘူးလေ ခေါင်းဆောင်ကလဲ ….” လော့ချီက သံပုရာရည်သောက်ရင်း ပြောလိုက်ပြီး “ ဘားပိုင်ရှင်ရဲ့ နာမည်က ဟော်ရှီရုံ … သူက ကျိုးဟိုင်မှာ နာမည် နည်းနည်း ရှိတယ် … သူ့မှာ သေနတ်တွေတောင် ရှိတယ်လို့ ကျွန်မ ကြားမိတယ် … တကယ်လို့ ကျွန်မတို့ဘက်က အင်အားသုံးလိုက်ရင် သေနတ်ပစ်ခတ်တာတွေ ဖြစ်လာမှာ စိုးလို့လေ … အဲ့တာကြောင့် လှမ်းခေါ်လိုက်တာ …”
“ ဟက် ….”
လင်းရီ တစ်ချက်ရယ်ရင်း နှာခေါင်းရှုံ့လိုက်ပြီး သူ့ကော်ဖီခွက်ကို ပြန်ချလိုက်သည်။ “ ဘယ်သူက အဲ့လောက်တောင် သတ္တိကောင်းနေလဲ ကြည့်ကြသေးတာပေါ့ ….”
နှစ်ယောက်သား ပိုက်ဆံရှင်းပြီး မျက်စောင်းထိုးရှိ ဘားသို့ ထွက်လာခဲ့ကြသည်။
အမှောင် အတိ မကျသေးသော်လည်း အတွင်းရှိ ဧည့်အရေအတွက်က အတော်လေး များပြားလွန်လှ၏။
လာရောက်ကြသည့် အမျိုးသား ၊ အမျိုးသမီးတို့က အုတ်ရောရော၊ ကျောက်ရောရော ဆိုပေမယ့် မျက်စိပသာဒတော့ ရှိလှသည်။
လင်းရီနှင့် လော့ချီတို့နှစ်ဦး ရောက်ရှိလာခဲ့မှုက ကြက်အုပ်စုအတွင်းရှိ ကြိုးကြာများကဲ့သို့ လူတိုင်း၏ အာရုံကို ဆွဲဆောင်မိနေသည်။
သူတို့ အထဲကို လျှောက်လှမ်းဝင်လာသည်နှင့် ဝိတ်တာတစ်ဦးက လာရောက် နှုတ်ခွန်းဆက်သည်။
“ လူကြီးမင်းတို့နှစ်ယောက် …. စားပွဲ ကြိုမှာထားတာများ ရှိလားခင်ဗျာ ….” ဝိတ်တာက သူတို့နှစ်ဦးကို မြင်တော့ စိတ်အား ထက်သန်စွာ မေးမြန်းလိုက်သည်။
“ ဒီတိုင်း ထွက်လာခဲ့တာ … ဘားမှာထိုင်ပြီးပဲ သောက်မယ် …”
“ ဒါဆို ကျေးဇူးပြုပြီး နောက်က လိုက်ခဲ့ပေးပါ ….”
ဝိတ်တာက ဖိတ်မန္တကပြုသည့် လက်ဟန်အမူအရာကို ပြုလုပ်လိုက်ပြီး မျက်လုံးတို့က မရည်ရွယ်ဘဲ လော့ချီ၏ ခြေထောက်များသို့ ရောက်ရှိသွားခဲ့သည်။
ဝိတ်တာ၏ ဦးဆောင်မှုအောက်တွင် လင်းရီတို့နှစ်ဦးလည်း ဘားသို့ ရောက်လာခဲ့ပြီး ကြုံရာပုလင်းတစ်ချို့မှာ၍ ပတ်ဝန်းကျင် အခြေအနေကို တစ်ချက် အကဲခတ်လိုက်ကြသည်။ လီကျားဝေကိုတော့ မည်သည့်နေရာတွင်မျှ မမြင်မိသေးပေ။
“ စောသေးလို့နေမှာ … အဲ့တာကြောင့် လီကျားဝေ ပေါ်မလာသေးတာ ဖြစ်မယ် …” ဘီယာကို တစ်ကျိုက်ငုံပြီးနောက် လော့ချီက ပြောလိုက်။
“ မလောပါဘူး … အားနေမယ့်အတူတူ ဒီမှာထိုင်ရင်း အချိန်ခဏလောက် ဖြုန်းကြတာပေါ့ …”
“ ကျွန်မလည်း အဲ့လို စဉ်းစားနေတာ ဟီးဟီး …” လော့ချီ ရွှင်ပြစွာ ပြုံးလိုက်၏။
“ အဲ့ အပျက်မ ရှောင်ပင်းကပဲ ခေါင်းဆောင်နဲ့ မစ်ရှင်တွေ ခဏခဏ သွားနေတာ … နောက်ဆုံးတော့ ကျွန်မ အလှည့် ရောက်လာခဲ့ပြီ … ဒိတ်လုပ်တယ်ပဲ သဘောထားကြတာပေါ့ ….”
လင်းရီ ရယ်လည်း ရယ်ချင်မိသလို အနည်းငယ်လည်း ရှက်ကိုးရှက်ကန်း ဖြစ်နေမိသည်။ “ ဆိုတော့ မင်းရဲ့ အကြံက ဒါပေါ့ ….”
“ တစ်ကိုယ်ကောင်းမဆန်တဲ့လူ ဘယ်သူရှိလို့လဲ … ကျွန်မတို့က ရှင့်ကို မရနိုင်ဘူးဆိုပေမယ့် အိပ်မက်သေးသေးလေးတွေတော့ မက်လို့ ရပါသေးတယ် ဟုတ်တယ်မလား …”
“ ဒါဆိုလည်း ငါ မင်းကို အခွင့်အရေး တစ်ခု ပေးလိုက်မယ်….”
လင်းရီသည် လော့ချီနှင့် ခွက်ချင်းတိုက်လိုက်ပြီး နှစ်ဦးမှာ သူတို့၏ ကိုယ်စီ သောက်စရာများအပေါ် နှစ်ခြိုက်နေခဲ့ကြသည်။
မကြာမီ ဘားအတွင်း၌ လူတို့ ပြည့်နှက်လာခဲ့ပြီး ဆူညံမှု လယ်ဗယ်ကလည်း မြင့်တက်လာသည်။
သက်လတ်ပိုင်း အမျိုးသားနှစ်ဦးသည်လည်း ဘားတွင် ထိုင်ချလိုက်ကြပြီး ရံဖန်ရံခါ လော့ချီထံသို့ အကြည့်ပို့နေကြသည်။
ထိုကဲ့သို့ အကြည့်များကို ကျင့်သားရနေသဖြင့် လော့ချီမှာ ထွေထူးလုပ်၍ စိတ်ထဲထားမနေချေ။
အမျိုးသားနှစ်ဦးက လော့ချီကို အစုံအဆန် ခဏလောက် သေချာကြည့်ပြီးနောက် သူတို့စကားဝိုင်းသို့ ပြန်သွားလိုက်ကြသည်။
“ အစ်ကိုရုံ ဒီရက်ပိုင်း စိတ်အခြေအနေ သိပ်မကောင်းဘူးကွ … မနေ့က ငါ နှုတ်ဆက်တာတောင် ပြန်မဖြေဘူး …” ကတုံးနှင့် အမျိုးသားက ပြောလိုက်သည်။
“ အခုရက်ပိုင်းတွေမှာ အစ်ကိုရုံကို သွားမနှောင့်ယှက်နဲ့ … သူ့အလုပ်ကိစ္စ အဆင်မပြေ ဖြစ်သွားတယ်လို့ ကြားတယ် … စိတ်အတော်လေး မကြည်ဘူး ဖြစ်နေတာ … တစ်ညတုန်းက လူတစ်ယောက် ဘားမှာ မူးရူးပြီး ပွက်လောရိုက်နေတာ အဲ့တာ အစ်ကိုရုံမြင်တော့ အဲ့ကောင်ရဲ့ ခြေထောက်ကို ရိုက်ချိုးပြီး အမှိုက်ပုံးထဲ သွားပစ်ထားလိုက်တယ် … ပုံမှန်ဆို သူအဲ့လောက်ထိ မဆိုးဘူး ….”
“ ငါတို့ကောင်တွေလည်း ဒီရက်ပိုင်း ဂရုစိုက်သင့်တယ် … တကယ်လို့ အစ်ကိုရုံ စိတ်ဆိုးသွားလို့ကတော့ ဘာတွေ ဖြစ်လာမလဲ ဘယ်သူကမှ မပြောနိုင်ဘူး …..”
“ ဘားထဲက လူတွေ ဒီရက်ပိုင်း အတော်လေး တိတ်နေတာကို သတိမထားမိဘူးလား … တစ်ကောင်မှ ပြဿနာ မရှာရဲကြတာ အဲ့တာကြောင့်လေ …”
“ လာကွာ … သောက်ကြစို့ ….”
ထိုအချိန်မှာပဲ အနက်ရောင် စွပ်ကျယ်နှင့် အဖြူရောင် ရှပ်ကို ဝတ်ဆင်ထားသည့် လူငယ်တစ်ဦးက မလှမ်းမကမ်းမှနေ၍ လျှောက်လှမ်းလာသည်။
သူ့ဘေးနားတွင် ဆံပင်အရှည်နှင့် ဆက်စီကျကျ ဝတ်ဆင်ထားသည့် အမျိုးသမီး တစ်ဦးလည်း ကပ်လျက် လိုက်ပါလာခဲ့သည်။ ၎င်းတို့နှစ်ဦးက လက်ချင်း တွဲချိတ်လျက် ဘားအတွင်းသို့ ကြီးစိုးသည့် အရှိန်အော်ရာတို့ဖြင့် လျှောက်လှမ်းလာခဲ့ကြလေသည်။
အချိန်တစ်ခုရောက်တော့ အမျိုးသားက အမျိုးသမီး၏ နားထဲသို့ တီးတိုးစကားတချို့ ပြောဆိုပြီးသည့်နောက် နှစ်ဦးက လမ်းခွဲလိုက်ကြလေသည်။
လူငယ် အနားသို့ ရောက်လာသည့်အခါ ကတုံးနှင့် အမျိုးသားက မတ်တပ်ရပ်ပြီး ပြုံးလျက် နှုတ်ခွန်းဆက်လိုက်သည်။
“ ကျားဝေ … မင်းရောက်လာပြီပဲ ….”
“ ကိစ္စလေးပြီးလို့ အောက်ဆင်းပြီး အခြေအနေ တစ်ချက် လာကြည့်တာ … အတော်လေး အသက်ဝင်နေတာပဲ ….”
နှစ်ဘက် စကားစပြောသည်နှင့် လော့ချီက လင်းရီနားသို့ တီးတိုးပြောလာခဲ့သည်။
“ ခေါင်းဆောင်လင်း … အဲ့တာ လီကျားဝေ ၊ ဟော်ရှီရုံနဲ့ တူတော်တယ် …”
စာစဉ် (၁၅၆) ပြီး၏။
***