သို့သော် ဝူယွမ်၏ အမြင်တွင် ဤအရာမှာ ဘာမှမဟုတ်ပေ။
လင်းတုန် တစ်ယောက်တည်းဖြင့် သူ့ကို အပြတ်အသတ် အနိုင်ယူရန် လုံလောက်လှပေသည်။
“ဝီ၊ ဝီ...”
နှစ်ဖက်စလုံး တင်းမာနေသော အခြေအနေတွင် ရှိနေစဉ် ချိုင့်ဝှမ်း၏ အလယ်ဗဟို မြည်ဟည်းသံကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။
ပတ်ဝန်းကျင်ရှိ အကြည့်များမှာ ချက်ချင်းပင် အလန့်တကြားဖြင့် ရွေ့လျားသွားကြပြီးနောက် လေဟာနယ်မှာ တကယ်ကြီး တွန့်လိမ်ကောက်ကွေးနေသည့် လက္ခဏာများကို ပြသနေသည်ကို သူတို့ မြင်တွေ့လိုက်ကြရလေသည်။
တွန့်လိမ်ကောက်ကွေးနေသော လေဟာနယ်အတွင်းမှ အလွန်အမင်း ရှေးကျသော ရှေးဟောင်းနန်းတော်ကြီးများ ခပ်ရေးရေး ပေါ်လာပုံရပြီး အချိန်ကာလ ကုန်လွန်မှုကြောင့် ဖြစ်ပေါ်လာသော လောကဓံ အငွေ့အသက်တစ်ခုက လေဟာနယ်အတွင်းမှ စိမ့်ထွက်လာကာ ကောင်းကင်နှင့် မြေကြီးကို လွှမ်းခြုံသွားခဲ့၏။
“လောင်ကျွမ်းကောင်းကင် ရှေးဟောင်းရတနာတိုက် ပွင့်လာတာလား...”
လူတိုင်းက အံ့ဩတကြီး ရေရွတ်လိုက်ကြပြီး သူတို့၏ မျက်နှာများမှာ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေခဲ့လေသည်။
ယွမ်ဂိုဏ်းနှင့် တောင်ဂိုဏ်းတို့ တိုက်ခိုက်နေကြသည်ကို ကြည့်ရှုရန် သူတို့ ဤနေရာသို့ စုဝေးလာခဲ့ကြခြင်း မဟုတ်ပေ... သူတို့၏ ရည်ရွယ်ချက်မှာ ဤနေရာတွင် ဖုံးကွယ်နေသော လောင်ကျွမ်းကောင်းကင် ရှေးဟောင်းရတနာတိုက်ပင် ဖြစ်လေသည်။
သို့သော် လေဟာနယ်မှာိ တွန့်လိမ်ကောက်ကွေးနေပြီး အတွင်းရှိ ရှေးဟောင်းနန်းတော် အဆောက်အအုံများကို ခပ်ရေးရေး မြင်တွေ့နိုင်သော်လည်း ဤလေဟာနယ်မှာ အပြည့်အဝ ပွင့်လန်းလာမည့် အရိပ်အယောင်များကို မပြသသေးပေ။ ယင်းကို ဖွင့်ရန် သော့လိုနေသကဲ့သို့ ခံစားရလေသည်။
“ယွမ်ဂိုဏ်းဆီမှာ အဲ့ဒါကို ဖွင့်မယ့် နည်းလမ်း ရှိလောက်တယ်...”
တစ်စုံတစ်ယောက်က ထိုသို့ ပြောလိုက်သည်နှင့် ချက်ချင်းပင် မရေမတွက်နိုင်သော အကြည့်များ ယှက်နွယ်သွားကြပြီး အားလုံးက ယွမ်ချန်းထံသို့ လှည့်ကြည့်လိုက်ကြလေသည်။
ယွမ်ဂိုဏ်းက ဤတစ်ကြိမ်တွင် ရှေးဟောင်း ရတနာတိုက်ကို ဖွင့်နိုင်သည်ဟူသော သတင်းကို ရရှိခဲ့သောကြောင့် သူတို့ ဤနေရာသို့ လာခဲ့ကြခြင်း ဖြစ်သည်။ ယခုအခါ ရှေးဟောင်း ရတနာတိုက်ကို ဖွင့်ရန်အတွက် သူတို့ ယွမ်ဂိုဏ်းကိုသာ အားကိုးနိုင်တော့သည်။
သောင်းနှင့်ချီသော လူများက စောင့်ကြည့်နေကြသဖြင့် ကြီးမားလွန်းသော ဖိအား ခံစားချက်က တောင်ဂိုဏ်းနှင့် ယွမ်ဂိုဏ်းမှ တပည့်များကို တင်းမာသွားစေခဲ့လေသည်။
ယွမ်ချန်းက ပတ်ဝန်းကျင်ရှိ လူများ၏ စိတ်အားထက်သန်မှုကို ခံစားလိုက်ရပြီး သူ၏ မျက်လုံးများ ရုတ်တရက် လင်းလက်သွားခဲ့၏။
သူက အေးအေးဆေးဆေးပင် ပြောလိုက်လေသည်။ “ဝူယွမ်... ဒီတစ်ခေါက် ငါတို့ရဲ့ ရည်ရွယ်ချက် အားလုံးက လောင်ကျွမ်းကောင်းကင် ရှေးဟောင်းရတနာတိုက် အတွက်ချည်းပဲလေ..."
“တကယ်လို့ မင်း လင်းကျန်းကို လွှတ်ပေးရင် ငါ့ရဲ့ ယွမ်ဂိုဏ်းက ရှေးဟောင်း ရတနာတိုက်ကို ဖွင့်ပေးပြီး လူတိုင်းကို အတွင်းက ရတနာတွေ ခွဲဝေယူခွင့် ပြုမယ်... တကယ်လို့ မင်း သူ့ကို မလွှတ်ပေးဘူးဆိုရင်တော့ ဘယ်သူမှ ဝင်ခွင့်ရမှာ မဟုတ်ဘူး၊ ဘယ်သူမှ ဘာမှရမှာမဟုတ်ဘူး...”
“ရွေးချယ်ခွင့်က အခု မင်းတို့ တောင်ဂိုဏ်းရဲ့ လက်ထဲမှာပဲ ရှိတယ်... တကယ်လို့ မင်း သဘောမတူဘူးဆိုရင် မင်းက ဒီမှာ ရှိနေတဲ့ လူတိုင်းကို ဆန့်ကျင်နေတာပဲ...”
ယွမ်ချန်း၏ မျက်နှာပေါ်တွင် မကောင်းဆိုးဝါးဆန်သော အပြုံးတစ်ခု ရှိနေခဲ့၏။
သူ၏ အသံမှာ ကျယ်လောင်ပြီး လူတိုင်း ကြားနိုင်ရန် တမင်တကာ ပြောဆိုလိုက်ခြင်း ဖြစ်သည်။ လင်းကျန်းကို လွှဲပြောင်းပေးရန် တောင်ဂိုဏ်းကို ခြိမ်းခြောက်ရန်အတွက် လက်ရှိ အခြေအနေကို အသုံးပြုလိုခြင်း ဖြစ်သည်။
ချက်ချင်းပင် သောင်းနှင့်ချီသော အကြည့်များက တောင်ဂိုဏ်း၏ ဘက်သို့ စူးစိုက်ကျရောက်သွားကြပြီး အားလုံးက ဝူယွမ်ကို ကြည့်နေကြကာ တီးတိုး ဆွေးနွေးသံများ မြင့်တက်လာခဲ့လေသည်။
တောင်ဂိုဏ်းမှ လူများမှာ ရုတ်တရက် ကြီးမားလှသော ဖိအားများကို ခံစားလိုက်ရ၏။
“ဟဲဟဲ... လင်းကျန်း တစ်ယောက်တည်းပါ၊ မင်းတို့ သူ့ကို ဘယ်လောက်တောင် တန်ဖိုးထားနေကြသလဲဆိုတာ ကြည့်ပါဦး... ငါ သူ့ကို မင်းတို့ကို ပေးလိုက်ပါ့မယ်...”
ဝူယွမ်က တည်ငြိမ်စွာ ပြုံးလိုက်ပြီး လင်းကျန်း၏ သိုလှောင်အိတ်ကို သူ၏ လက်ထဲသို့ တိုက်ရိုက် စုပ်ယူလိုက်ကာ လင်းကျန်းကို အားကုန် ကန်ထုတ်လိုက်လေသည်။
“အခု မင်း အဲ့ဒါကို ဖွင့်လို့ ရပြီမလား... တကယ်လို့ မင်း ကတိဖျက်သေးတယ်ဆိုရင်တော့ ဒေါသတွေက မင်းတို့ ယွမ်ဂိုဏ်းဆီ ပြောင်းသွားလိမ့်မယ်...”
ဝူယွမ်က လင်းကျန်းကို လုံးဝ ဂရုမစိုက်ခဲ့ပေ။ ယခု လင်းကျန်းမှာ ဒုက္ခိတ တစ်ပိုင်း ဖြစ်နေသည်ကို မဆိုထားနှင့်၊ အကယ်၍ သူ ဒုက္ခိတ မဖြစ်လျှင်တောင်မှ သူသည် ဝူယွမ်အတွက် မည်သည့် ခြိမ်းခြောက်မှုမျှ မဖြစ်စေနိုင်ပေ။
အကယ်၍ သူ သတ်ချင်ပါက ဤကမ္ဘာခြားနတ်ဆိုးနယ်မြေအတွင်းတွင် အချိန်ယအများကြီး ရှိနေသေးသည်။ လောစရာ မလိုပေ။
လောလောဆယ်တွင် လောင်ကျွမ်းကောင်းကင် ရှေးဟောင်းရတနာတိုက်ကို သူတို့ကို ဖွင့်ခွင့်ပြုလိုက်ခြင်းက ပိုကောင်းလေသည်။ သူ စာရင်းသွင်းရန် စောင့်ဆိုင်းနေဆဲ ဖြစ်သည် မဟုတ်လော။
“ဟမ့်...”
ယွမ်ချန်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီးနောက် ယွမ်ဂိုဏ်းတပည့်များကို တွန့်လိမ်ကောက်ကွေးနေသော လေဟာနယ် အရှေ့တွင် စုရုံးရန် ဦးဆောင်သွားခဲ့လေသည်။
ထို့နောက် ခေါင်းဆောင ဖြစ်သူ ယွမ်ချန်းသည် မရေမတွက်နိုင်သော စိတ်အားထက်သန်သည့် အကြည့်များအောက်တွင် ဖြည်းညင်းစွာ ရှေ့ထွက်လာခဲ့၏။
မရေမတွက်နိုင်သော အကြည့်များအောက်တွင် ယွမ်ချန်းက သူ၏ လက်ဖဝါးကို ဆုပ်ကိုင်လိုက်ရာ သူ၏ လက်ထဲတွင် မီးတောက်များကဲ့သို့ နီရဲနေသော အလင်းတန်း တစ်ခု ပေါ်လာခဲ့လေသည်။
အလင်းတန်း အတွင်း၌ မီးတောက် အစုအဝေး တစ်ခု လောင်ကျွမ်းနေသကဲ့သို့ ရှိလေသည်။
သူက လက်ဖဝါးကို ပစ်မြှောက်လိုက်ရာ မီးတောက် အလင်းတန်းမှာ သူ၏ လက်ထဲမှ ထွက်ခွာသွားပြီး နောက်ဆုံးတွင် မီးတောက် အမြီးတန်းလေး တစ်ခုကို သယ်ဆောင်ကာ တွန့်လိမ်ကောက်ကွေးနေသော လေဟာနယ်ဆီသို့ တိုက်ရိုက် ပြေး၀င်သွားလေသည်။
မီးတောက်အလင်းတန်းသည် တွန့်လိမ်ကောက်ကွေးနေသော လေဟာနယ်ကို ထိတွေ့သွားသည်နှင့်အမျှ မီးတောက်များကဲ့သို့ နီရဲနေသော စက်ဝိုင်းများ ပြန့်နှံ့ထွက်ပေါ်လာခဲ့၏။
ချက်ချင်းပင် တွန့်လိမ်ကောက်ကွေးနေသော လေဟာနယ်မှာ ဖြည်းညင်းစွာ ဖြဲပွင့်လာသည်ကို လူတိုင်း မြင်တွေ့လိုက်ကြရသည်။
ဆွဲဖြဲခံလိုက်ရသော လေဟာနယ်၏ အနောက်ဘက်တွင် အဆုံးအစမရှိသော မီးတောက်အလင်းတန်းများ ထွက်ပေါ်လာပုံရပြီး ရှေးကျပြီး ကျယ်ပြန့်သော အရှိန်အဝါတစ်ခုက ၎င်းအတွင်းမှ ပြန့်နှံ့ထွက်ပေါ်လာကာ ရှေးဟောင်းနယ်မြေ တစ်ခုတွင်း ပြန်လည် ရောက်ရှိသွားသကဲ့သို့ ခံစားရစေခဲ့သည်။
“အဲဒီ တွန့်လိမ်ကောက်ကွေးနေတဲ့ လေဟာနယ်ကြီး ပွင့်သွားပြီ...”
၎င်းအတွင်းမှ မီးတောက်များကဲ့သို့ နီရဲနေသော အလင်းတန်းများ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင် လေထုမှာ ပူလောင်လာခဲ့လေသည်။ အလားတူပင် လူများ၏ အကြည့်များမှာလည်း လက်ရှိ ပတ်ဝန်းကျင်နှင့် လိုက်ဖက်ညီစွာ စိတ်အားထက်သန်နေကြ၏။
လောင်ကျွမ်းကောင်းကင် ရှေးဟောင်းရတနာတိုက်သည် ကမ္ဘာခြားနတ်ဆိုးနယ်မြေအတွင်းရှိ အကျော်ကြားဆုံးသော ရှေးဟောင်း ရတနာတိုက်များထဲမှ တစ်ခု ဖြစ်လေသည်။
ရှေးခေတ်ကာလမှ ယနေ့အထိ ၎င်းကို မည်သည့်အခါကမျှ မဖွင့်နိုင်ခဲ့ဖူးဘဲ ၎င်းနှင့် ပတ်သက်သော ဒဏ္ဍာရီများ အလွန် များပြားလှပေသည်။ အချို့က ရတနာသိုက်အတွင်း၌ အားကောင်းသော ရှေးဟောင်း သိုင်းပညာရပ်များစွာ ရှိသည်ဟု ဆိုကြလေသည်။
အချို့ကလည်း ကောင်းကင်နှင့် မြေကြီး ဝိညာဉ်ရတနာများ အမြောက်အမြား ရှိသည်ဟု ဆိုကြ၏။
အတွင်း၌ သန့်စင်ယွမ်ရတနာများ ရှိသည်ဟုပင် ကောလာဟလများ ထွက်ပေါ်နေခဲ့သေးသည်။
အတိုချုပ် ပြောရလျှင် ဤသည်မှာ အသစ်စက်စက်၊ မဖော်ထုတ်ရသေးသော ရတနာသိုက် တစ်ခုဖြစ်ပြီး အရာအားလုံးမှာ အမျိုးအမည်မသိ ဖြစ်နေကာ လူများကို အလွန်အမင်း တောင့်တလာစေခဲ့လေသည်။
ဤအချိန်တွင် ရှေးဟောင်း ရတနာတိုက်မှာ ပွင့်တော့မည်ဖြစ်ပြီး နှစ်ထောင်ချီ သက်တမ်းရှိသော အလှပဂေးတစ်ဦးက သူမ၏ မျက်နှာဖုံးကို ဖယ်ရှားကာ သူမ၏ အဝတ်အစားများကို ချွတ်ပြတော့မည့်အလား ဖြစ်နေခဲ့၏။
ထို့ကြောင့် လူတိုင်း၏ ရင်တွင်းရှိ လောဘများမှာ ဤအခိုက်အတန့်၌ လှောင်အိမ်ထဲမှ လွတ်မြောက်လာသော ကျားများအလား အပြည့်အဝ ပေါက်ကွဲထွက်လာခဲ့လေတော့သည်။
အက်ကွဲနေသော လေဟာနယ်ကို ကြည့်ရင်း လူများမှာ ခဏတာ တိတ်ဆိတ်သွားကြ၏။
သို့သော် ခဏလေး ကြာပြီးနောက်တွင် လေထုကို ခွင်းလာသော မရေမတွက်နိုင်သည့် အသံများက တိတ်ဆိတ်မှုကို ချိုးဖျက်ပစ်လိုက်လေသည်။
လေဟာနယ်တံခါးပေါက်ကြီးနှင့် နီးကပ်နေသည့် လူရိပ်အချို့က မစောင့်နိုင်တော့ဘဲ ပွင့်လာသော ရှေးဟောင်းရတနာတိုက်အတွင်းသို့ အလျင်စလို ပြေးဝင်သွားကြလေပြီ။
သို့သော် ယွမ်ဂိုဏ်းမှလူများမှာ ရှေးဟောင်းရတနာတိုက်၏ အဝင်ဝတွင် ရှိနေကြသော်လည်း ချက်ချင်း ဝင်ရောက်ခြင်း မပြုခဲ့ကြသလို ပြေးဝင်သွားသူများကိုလည်း တားဆီးခြင်း မပြုခဲ့ကြပေ။
တောင်ဂိုဏ်းမှ တပည့်များသည်လည်း စိတ်အားထက်သန်သော မျက်လုံးများဖြင့် လိုက်ပါသွားကြ၏။ အားလုံးက အတွင်းသို့ လျင်မြန်စွာ ပြေးဝင်သွားကြလေသည်။ အဘယ်ကြောင့်ဆိုသော် အတွင်းရှိ ရတနာများက မည်သူ့ကိုမျှ စောင့်ဆိုင်းနေမည် မဟုတ်သောကြောင့်ပင်။
“မလောပါနဲ့... ယွမ်ဂိုဏ်းက လူတွေ မလှုပ်ရှားသေးဘူးဆိုတော့ သေချာပေါက် အဲ့ဒီလောက် မရိုးရှင်းဘူး...”
ဝူယွမ်က တောင်ဂိုဏ်း တပည့်များကို တားဆီးရန် လက်လှမ်းလိုက်လေသည်။
သူတိုအားလုံး အတွင်းရှိ အနီရင့်ရောင် ကမ္ဘာကြီးကို လှမ်းကြည့်လိုက်ကြ၏။
ရှဲ... ရှဲ...
ဤအချိန်တွင် အထဲသို့ ပြေးဝင်သွားနှင့်ပြီဖြစ်သော လူရိပ်အချို့မှာ ရုတ်တရက် ထူးဆန်းစွာ မီးလောင်ကျွမ်းသွားကြလေသည်။ ကြောက်မက်ဖွယ်ကောင်းသော အော်ဟစ်သံများက အထဲမှ ထွက်ပေါ်လာပြီး အပြင်ဘက်ရှိ လူအုပ်ကြီးကို ချက်ချင်းပင် အသိစိတ် ပြန်လည်ဝင်လာစေခဲ့၏။
ထိုလူ အနည်းငယ်မှာ လျင်မြန်စွာ ပြာကျသွားလေတော့သည်။
ဤအချိန်မှသာ ယွမ်ဂိုဏ်းမှ လူများ စတင် လှုပ်ရှားလာကြသော်လည်း သူတို့ထဲမှ တစ်စိတ်တစ်ပိုင်းသာ ဝင်ရောက်သွားကြလေသည်။
“ယွမ်ဂိုဏ်းက နိဗ္ဗာန်အဆင့် ၈ အထက်မှာ ရှိတဲ့ ကျင့်ကြံသူတွေကိုပဲ အထဲလွှတ်နေတာ... ကြည့်ရတာ အတွင်းထဲက အန္တရာယ်တွေကို နိဗ္ဗာန်အဆင့် ၈ ရှိတဲ့ သူတွေပဲ ကိုင်တွယ်နိုင်ပုံရတယ်...” ဝူယွမ်က ချက်ချင်း အမိန့်ပေးလိုက်လေသည်။
“ငါတို့လည်း ဝင်ကြစို့... နိဗ္ဗာန်အဆင့်မှာ ၈ ရှိတဲ့ တပည့်တွေ၊ ငါတို့နောက်ကနေ လိုက်ပြီး လောင်ကျွမ်းကောင်းကင် ရှေးဟောင်းရတနာတိုက် ထဲကို ဝင်ကြ... ကျန်တဲ့သူတွေက ဒီမှာပဲစောင့်နေ...”
တောင်ဂိုဏ်းမှ အလင်းတန်း ဒါဇင်ပေါင်းများစွာက ဝူယွမ်နောက်မှ လိုက်ပါသွားကြပြီး ပျံသန်းထွက်ခွာကာ တွန့်လိမ်ကောက်ကွေးနေသော လေဟာနယ် အတွင်းသို့ ဝင်ရောက်သွားကြလေသည်။
အနီရင့်ရောင် ကမ္ဘာကြီးအတွင်းသို့ ခြေချလိုက်သည်နှင့်တစ်ပြိုင်နက် အတွင်းရှိ ပူလောင်နေသော လေထုကို သူတို့ ချက်ချင်း ခံစားလိုက်ရ၏။
၎င်းကို ရှူသွင်းလိုက်သောအခါ အလွန်အမင်း ကြမ်းတမ်းလှသော အပူရှိန်က သူတို့၏ ခန္ဓာကိုယ်များကို မီးလောင်ကျွမ်းသွားစေတော့မည့်အလား ခံစားလိုက်ရလေသည်။
ဤအချိန်တွင် သူတို့နှင့်အတူ ဝင်ရောက်လာခဲ့သော လူများမှာ သူတို့၏ ဘေးတွင် မရှိတော့ကြောင်းကို ရုတ်တရက် သတိပြုမိလိုက်ကြ၏။
ဝူယွမ်သည် အနီရင့်ရောင် မြေပြင်ပေါ်တွင် ရပ်နေလေသည်။ မြေပြင်အထက်တွင် အပူရှိန်လှိုင်းများ တက်လာပြီး လေဟာနယ်ကို အနည်းငယ် တွန့်လိမ်ကောက်ကွေးနေသကဲ့သို့ ခံစားရစေခဲ့သည်။
ယခင်က ခပ်ရေးရေး မြင်တွေ့ခဲ့ရသော ရှေးဟောင်းနန်းတော် အဆောက်အအုံများကို မည်သည့်နေရာတွင်မျှ မမြင်တွေ့ရတော့ပေ။
[ဒင်... လောင်ကျွမ်းကောင်းကင် ရှေးဟောင်းရတနာတိုက် သို့ ရောက်ရှိပါပြီ။ ဆိုင်းအင်၀င်မည်လား။]
စနစ်၏ အသိပေးချက် ထွက်ပေါ်လာပြီး ဝူယွမ်က များများစားစား စဉ်းစားမနေတော့ဘဲ ချက်ချင်းပင် ပြန်ဖြေလိုက်လေသည်။
“ဆိုင်းအင်၀င်မယ်...”
[ဆိုင်းအင်၀င်ခြင်း အောင်မြင်ပါသည်။ ဆုလာဘ် - ကောင်းကင်အန်တုခြင်း နတ်ဆိုးဓားချက် ခုနစ်ချက်။]
[ကောင်းကင်အန်တုခြင်း နတ်ဆိုးဓားချက် ခုနစ်ချက် - ကံကြမ္မာကို ပြောင်းလဲနိုင်သည့် ကောင်းကင်ကို အန်တုသော နည်းလမ်း တစ်ခု။ ဓားချက် ခုနစ်ချက်က လေဟာနယ်ကို အဆက်မပြတ် ထိုးဖောက်နိုင်ပြီး မသေမျိုးအဖြစ်သို့ တက်လှမ်းနိုင်စေသည်။ ၎င်းသည် အသက်စွမ်းအင်ကို ထုတ်ယူကာ အသုံးပြုရသော ဓာ သိုင်းပညာရပ် တစ်ခု ဖြစ်သည်။
အကယ်၍ လူတစ်ယောက်က မသေဆုံးဘဲ ဓားချက် ခုနှစ်ချက်ကို ထုတ်လွှတ်နိုင်မည်ဆိုပါက ခန္ဓာကိုယ်မှ ထုတ်ယူထားသော အသက်စွမ်းအင်များ ပြန်လည် စီးဝင်လာမည်ဖြစ်ပြီး သေလုနီးပါး ဖြစ်နေသော ခန္ဓာကိုယ်ကို ပြန်လည် ရှင်သန်လာစေနိုင်ကာ သိုင်းပညာရပ် အသုံးပြုသူ၏ ကျင့်ကြံခြင်း အဆင့်ကို နောက်ထပ် အဆင့်တစ်ခုသို့ တက်လှမ်းသွားစေနိုင်သည်။]
ဤသည်မှာ ကောင်းကင်ကို အန်တုသော ပညာရပ်ပင် ဖြစ်သည်။
***