ကောင်းကင်အန်တုခြင်း နတ်ဆိုးဓားချက် ခုနစ်ချက်...
များပြားလှသော အချက်အလက်များကို လက်ခံရရှိပြီးနောက် ဝူယွမ်က ဤအားကောင်းသော သိုင်းပညာရပ်ကို သေချာ အာရုံခံကြည့်လိုက်လေသည်။
“အားကောင်းလွန်းတယ်...။ ယုံကြည်နိုင်စရာ မရှိလောက်အောင်ကို အားကောင်းလွန်းတယ်”
ဤဓား သိုင်းပညာရပ်မှာ အမှန်တကယ် ကြောက်မက်ဖွယ်ကောင်းလှ၏။
၎င်းက အသုံးပြုသူအပေါ် အတော်လေး ကြီးမားသော သက်ရောက်မှုရှိလေသည်။
ဓားသိုင်းပညာရပ်၏ အသုံးပြုပုံ နည်းလမ်းအရ ၎င်းမှာ မိမိကိုယ်ကိုယ် စတေးပြီး စွမ်းအားများကို ရယူကာ ကောင်းကင်ကို အန်တုနိုင်သော တိုက်ခိုက်ရေး စွမ်းအားများကို ထုတ်လွှတ်ခြင်းမျိုး ဖြစ်လေသည်။
အကယ်၍ ဓားချက် ခုနစ်ချက်စလုံးကို ထုတ်လွှတ်ပြီးနောက် မတ်တတ်ရပ်နေနိုင်သေးမည်ဆိုပါက အသက်စွမ်းအင်နှင့် စွမ်းအားများ ပြန်လည်ပြည့်ဖြိုးလာမည်သာမက သူတို့၏ ကျင့်ကြံခြင်း အဆင့်အတန်းမှာလည်း ပိုမိုမြင့်မားသော အဆင့်တစ်ခုသို့ တက်လှမ်းသွားမည် ဖြစ်သည်။
ဤသည်မှာ ဝင်စားခြင်းနှင့် အချိန်နိယာမကိုပင် ထိတွေ့ထားပြီးဖြစ်သော သိုင်းပညာရပ် တစ်ခုဟု ဆိုနိုင်ပေသည်။
“ဒီသိုင်းပညာရပ်က အသက်လု တိုက်ပွဲဝင်ရတဲ့ အချိန်မျိုးမှာပဲ သုံးလို့ ရနိုင်မယ်...” ဝူယွမ်က သက်ပြင်းချလိုက်လေသည်။ ၎င်းကို ပုံမှန်အချိန်များတွင် သေချာပေါက် အသုံးပြု၍ မရနိုင်ပေ... အသက်အန္တရာယ် အကျပ်အတည်း မရှိဘဲ ၎င်းကို ထုတ်လွှတ်၍ မရနိုင်ချေ။
ကောင်းကင်အန်တုခြင်း နတ်ဆိုးဓားချက် ခုနစ်ချက်၏ အချက်အလက်များကို ပြန်လည် လေ့လာပြီးနောက် ဝူယွမ်သည် လက်တွေ့ဘ၀သို့ ပြန်လည် ရောက်ရှိလာခဲ့လေသည်။
လောင်ကျွမ်းကောင်းကင် ရှေးဟောင်းရတနာတိုက်အတွင်းတွင် ဝူယွမ်အတွက် အန္တရာယ်များ ရှိနေသေးသဖြင့် သူ ပေါ့ဆနေ၍ မရနိုင်ပေ။
ဝူယွမ်က စတင် လှုပ်ရှားလိုက်ပြီး ဤအနီရင့်ရောင် မြေပြင်ကို အကဲခတ်ကြည့်လိုက်လေသည်။
မြေပြင်ပေါ်တွင် ကြီးမားသော ချောက်ကမ်းပါးကြီးများနှင့် သေးငယ်သော အက်ကွဲကြောင်းများ မရေမတွက်နိုင်အောင် ရှိနေပြီး ထိုအရာများက စစ်ပွဲမှ ချန်ရစ်ခဲ့သော အမှတ်အသားများပင် ဖြစ်လေသည်။
ဤမြေပြင်ကို ဤမျှလောက် အမှတ်အသားများ ထင်ကျန်ရစ်စေခဲ့သည့် စစ်ပွဲမှာ မည်မျှ ပြင်းထန်ခဲ့မည်ကို တွေးကြည့်နိုင်ပေသည်။
အနီရင့်ရောင် သဲများ၊ ကျိုးပဲ့နေသော လက်နက်များနှင့်... မြေပြင်မှာ သဲကန္တာရပျက်ကြီး တစ်ခုအလား ဖြစ်နေခဲ့၏။
လေထုထဲတွင် စိတ်အနှောင့်အယှက် ဖြစ်ဖွယ်ကောင်းလောက်အောင် ပူပြင်းခြောက်သွေ့သော အရှိန်အဝါများ ပြည့်နှက်နေခဲ့သည်။
သို့သော် ဝူယွမ်က ဤစိတ်အနှောင့်အယှက် ဖြစ်မှုများကို လွယ်ကူစွာပင် ဖိနှိပ်ထားနိုင်ခဲ့လေသည်။
ရုတ်တရက် ဝူယွမ်လျှောက်သွားနေစဉ် ကျက်သရေရှိလှသော ပူံရိပ်လေး တစ်ခုက သူ၏ အရှေ့မှနေ၍ ပြေးဝင်လာခဲ့၏။
၎င်းမှာ ဆွဲဆောင်မှုရှိပြီး ချစ်စရာကောင်းသော ချင်းတန်ပင် ဖြစ်လေသည်။ သူမ၏ မျက်နှာလေးပေါ်တွင် အပြုံးတစ်ခု ပေါ်လွင်နေပြီး ဝူယွမ်၏ ရင်ခွင်ထဲသို့ လျင်မြန်စွာ ပြေးဝင်လာခဲ့သည်။
ဝူယွမ်မှာ ချက်ချင်း ဝမ်းသာသွားပြီး ဤနူးညံ့သော နွေးထွေးမှုလေးကို ကြိုဆိုရန် သူ၏ လက်မောင်းများကို ဆန့်တန်းတော့မည့် အချိန်လေးမှာပင် သူ၏ နီ၀မ်နယ်ပယ် အတွင်းရှိ ကစဉ်ကလျားသန္ဓေသားမှာ တုန်ခါသွားပြီး ဝူယွမ်၏ မျက်လုံးများထဲတွင် စူးရှသော အလင်းတန်း တစ်ခု လင်းလက်သွားခဲ့သည်။
ချင်းတန်ကို ပြန်လည် ကြည့်ရှုလိုက်သောအခါ သူမ၏ အသွင်အပြင်မှာ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
၎င်းမှာ အနီရင့်ရောင် မြူခိုးများဖြင့် ဖန်တီးထားသော ထင်ယောင်ထင်မှား မြင်ကွင်းတစ်ခုမျှသာ ဖြစ်ပြီး အနီရင့်ရောင် မြူခိုးများ အတွင်းမှ အေးစက်သော အလင်းတန်း တစ်ခု လင်းလက်သွားကာ ဝူယွမ်ကို လုပ်ကြံရန် ရည်ရွယ်ထားကြောင်း ထင်ရှားလှပေသည်။
“ဘန်း...”
ဝူယွမ်က လက်ဝါးတစ်ချက် ရိုက်ချလိုက်ရာ ချင်းတန်၏ အနီရောင် အရိပ်လေးမှာ လွင့်စင်သွားခဲ့လေသည်။ မြေပြင်နှင့် ရိုက်မိသွားသောအခါ ၎င်းမှာ အမှုန့်ဖြစ်သွားပြီး အနီရင့်ရောင် မြူခိုးအစုအဝေး တစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ မြေကြီးထဲသို့ တိုးဝင် ထွက်ပြေးသွားလေတော့သည်။
ထို့နောက် ယင်းဟွမ်ဟွမ်၏ ပုံရိပ် ပေါ်လာပြီး သူ့ထံသို့ အလားတူပင် ညင်သာစွာ လျှောက်လာကာ တိုက်ခိုက်လာခဲ့ပြန်၏။
ယင်းနောက် သူရင်းနှီးကျွမ်းဝင်သော ပုံရိပ်များ တစ်ခုပြီးတစ်ခု သူ့ကို အဆက်မပြတ် တိုက်ခိုက်လာကြလေသည်။
“ထူးဆန်းတဲ့ အစီအရင်ပဲ...” ဝူယွမ်က ရေရွတ်လိုက်လေသည်။ ဤသည်မှာ ဤနေရာရှိအစီအရင်က အလုပ်လုပ်နေခြင်း ဖြစ်ကြောင်းကို သူ သိရှိသွားခဲ့ပြီ ဖြစ်သည်။
ကံကောင်းစွာဖြင့် သူထံတွင် ကစဉ်ကလျားသန္ဓေသား ရှိနေလေသည်။ ရူန်းစာလုံးများအပေါ် အခြေခံထားသော မည်သည့်အစီအရင်မဆို သူ၏ မျက်စိကို လှည့်စားနိုင်မည် မဟုတ်ပေ။
“လင်ချင်းကျူ...”
ဤအချိန်တွင် အနည်းငယ် ကွဲပြားသော ပုံရိပ်လေး တစ်ခု ပေါ်လာခဲ့လေသည်။
ကစဉ်ကလျားသန္ဓေသား၏ အကူအညီဖြင့် ကြည့်ရှုနေသော ဝူယွမ်၏ မျက်လုံးများပင်လျင် မည်သည့် ကွာခြားချက်ကိုမျှ မမြင်တွေ့ခဲ့ရပေ။
ဝူယွမ်က တိုက်ရိုက်ပင် လှုပ်ရှားလိုက်ပြီး သူမကို ဖမ်းဆုပ်လိုက်လေသည်။
ယခုလေးတင် ပေါ်လာသော ကျက်သရေရှိလှသည့် ပုံရိပ်လေးမှာ ဝူယွမ်၏ ဧရာမ လက်ဝါးကြီးက သူမထံသို့ ဆန့်တန်းလာသည်ကို မြင်သောအခါ အနည်းငယ် လန့်သွားခဲ့၏။
ထို့နောက် ကြာပန်းလေးများအလား ပေါ့ပါးသော ခြေလှမ်းများဖြင့် နက်နဲလှသော ခြေလှမ်းသိုင်းကွက်ကို အသုံးပြုကာ ရှောင်တိမ်းသွားခဲ့လေသည်။
“ရှင် ဘာလုပ်နေတာလဲ...” လင်ချင်းကျူက ဒေါသတကြီးဖြင့် မေးလိုက်လေသည်။
ဝူယွမ်က ဖြေလိုက်၏။ “အစစ် ဟုတ်၊ မဟုတ် သိရအောင် စမ်းကြည့်တာလေ...”
“ဒါဆိုရင် ဘာလို့ ‘အဲ့ဒီ’ နေရာကို သွားကိုင်ရတာလဲ...” လင်ချင်းကျူက သူ့အောက်သူပြန်ကြည့်ရင်း စိတ်ဆိုးဒေါသထွက်ကာ မျက်နှာလေး နီရဲလျက် ပြောလိုက်လေသည်။
“သိသာတယ်လေ...”
ဝူယွမ်က နှုတ်ခမ်းကို တင်းတင်းစေ့ကာ စကားလုံး နှစ်လုံးကို ပြောဆိုလိုက်လေသည်။
“ကြည့်ရတာ အစစ်ပဲ...” သူက ရိုးရှင်းသော အပြုံးတစ်ခုဖြင့် ပြောလိုက်၏။
လင်ချင်းကျူ မျက်နှာလေး နီရဲသွားပြီး ဝူယွမ်ကို စူးရဲစွာ ကြည့်လိုက်လေသည်။
“ဒီအစီအရင်က တကယ်ကို ထူးဆန်းတယ်... လူတွေကို တိုက်ခိုက်ဖို့ ပုံရိပ်တွေ အများကြီး ဖန်တီးနိုင်တယ်...” ဝူယွမ်က နေရခက်စွာဖြင့် ရှင်းပြလိုက်လေသည်။
လင်ချင်းကျူက ပြောလိုက်၏။ “လောင်ကျွမ်းကောင်းကင် ရှေးဟောင်းရတနာတိုက်ထဲမှာ ရှေးကျပြီး နက်နဲတဲ့ အစီအရင်တွေ အများကြီး ရှိတယ်...”
“ဒီနေရာက အရာတော်တော်များများက သဘာဝအတိုင်း ဖြစ်ပေါ်လာတာ မဟုတ်ဘဲ စိတ်နှလုံးထဲကနေ ဖြစ်ပေါ်လာတာတွေပဲ၊ အစစ်အမှန်ရော၊ ထင်ယောင်ထင်မှားရောက... တကယ်ကို နက်ရှိုင်းတယ်...”
“ရှင့်ရဲ့ စိတ်ကို တည်ငြိမ်အောင်ထားပြီး အာရုံစူးစိုက်ထား... ထင်ယောင်ထင်မှားပုံရိပ်တွေက တိုက်ခိုက်စရာမလိုဘဲ အလိုလို ပျောက်ကွယ်သွားလိမ့်မယ်... ရှင် ဒီထင်ယောင်ထင်မှားပုံရိပ်တွေနဲ့ ဆုံရတဲ့ အကြောင်းရင်းက ရှင် အရမ်း တွေးလွန်းနေလို့ ဖြစ်နိုင်တယ်...”
လင်ချင်းကျူက ဝူယွမ်ကို မျက်လုံးလှန်ပြလိုက်လေသည်။ ဖြူစင်သော စိတ်နှလုံးမရှိသူ တစ်ယောက်သာ ဤမျှလောက် တွေးတောနေလိမ့်မည် ဖြစ်သည်။
“အဲ့ဒီလိုလား... ငါက အရမ်း တွေးလွန်းနေလို့ ထင်ယောင်ထင်မှားပုံရိပ်တွေက ဆက်ရှိနေတာကိုး...” ဝူယွမ်က မတတ်သာဘဲ ပြုံးလိုက်လေသည်။
သူသည် ထင်ယောင်ထင်မှားများကို မြင်နိုင်စွမ်း ရှိသော်လည်း ဤထင်ယောင်ထင်မှားများက သူ၏ စိတ်နှလုံးမှ မြစ်ဖျားခံလာခြင်း ဖြစ်ကြောင်းကိုတော့ သတိမထားမိခဲ့ပေ။
သူ၏ စိတ်နှလုံးထဲတွင် အမျိုးသမီးများဖြင့် ပြည့်နှက်နေခဲ့ပြီ ဖြစ်ကြောင်း ထင်ရှားလှပေသည်။
“ဝင်လာတဲ့သူတိုင်း အစီအရင်ထဲမှာ ပိတ်မိနေလောက်တယ်...”
ဝူယွမ်က မျက်မှောင်ကြုတ်လိုက်လေသည်။ တောင်ဂိုဏ်းမှ လူအများအပြားလည်း အစီအရင် အတွင်းသို့ ဝင်ရောက်လာခဲ့ကြသဖြင့် သူ အနည်းငယ် စိုးရိမ်နေခဲ့၏။
“ငါတို့ အစီအရင်ကို မြန်မြန် ချိုးဖျက်ဖို့ လိုတယ်...”
“ရှင် အစီအရင်ကို ချိုးဖျက်နိုင်လို့လား...” လင်ချင်းကျူက သူ့ကို မေးလိုက်လေသည်။
ဝူယွမ်က ပြန်ဖြေလိုက်၏။ “ရလောက်ပါတယ်... တကယ်လို့ မင်း ငါ့ကို ယုံကြည်ရင် ငါနဲ့အတူ လိုက်ခဲ့လို့ ရတယ်... ဒီမှာ ဆုံရတာလည်း ကံကြမ္မာ တစ်မျိုးပါပဲ...”
သူတို့ အချင်းချင်း မတွေ့ရသည်မှာ ကြာမြင့်ခဲ့ပြီဖြစ်ပြီး ယခင်ကလောက် လွတ်လပ်ပွင့်လင်းမှု မရှိတော့ပေ... သူတို့၏ ခံစားချက်များကို ပြန်လည် မီးမွှေးရန် လိုအပ်နေသေး၏။
လင်ချင်းကျူက စကားမပြောသော်လည်း ဝူယွမ်နောက်သို့ လိုက်ရန် တိတ်တဆိတ် ရွေးချယ်လိုက်လေသည်။
ဝူယွမ်ထံတွင် ဟွမ်၏ လမ်းညွှန်မှု ရှိနေသဖြင့် အစီအရင်၏ ဗဟိုချက်ကို ရှာဖွေရာတွင် မြန်ဆန်လှပေသည်။ ဟွမ်သည် ဤနေရာနှင့် အတော်လေး ရင်းနှီးကျွမ်းဝင်ပုံ ရလေသည်။
သူတို့ နှစ်ဦးက ခြေလှမ်းများကို ခပ်သွက်သွက် လျှောက်လာကြပြီး မိနစ်အနည်းငယ်ခန့် အကြာတွင် ယခင်က မြင်တွေ့ခဲ့ရသော ရှေးဟောင်းနန်းတော်ကြီး၏ အရိပ်အယောင်များမှာ သူတို့၏ မျက်စိရှေ့တွင် ပေါ်လာခဲ့လေသည်။
၎င်းမှာ အတော်လေး ကြီးမားလှသော ကျောက်သား ယဇ်ပလ္လင်ကြီး တစ်ခုဖြစ်ပြီး ယဇ်ပလ္လင်အတွင်းတွင် ရှေးဟောင်း အရှိန်အဝါတစ်ခု ပြန့်နှံ့နေခဲ့၏။
၎င်း တည်ရှိနေခဲ့သည်မှာ အချိန်အတော်ကြာပြီ ဖြစ်ကြောင်း ထင်ရှားလှပေသည်။
“ဒါက လေဟာနယ် တစ်ခုလုံးရဲ့ ဗဟိုချက်ပဲ...” ဝူယွမ်က ဧရာမ ကျောက်သား ယဇ်ပလ္လင်ကြီးကို စိုက်ကြည့်ရင်း တိုးတိုးလေး ပြောလိုက်လေသည်။
“ကမ္ဘာကြီးက တကယ်ကို ကျဉ်းတာပဲ...”
ဝူယွမ် စကားပြော၍ပင် မဆုံးသေးမီ အခြား အရပ်မျက်နှာ တစ်ခုမှလည်း ခြေသံများ ထွက်ပေါ်လာခဲ့လေသည်။
သူတို့ နှစ်ဦးက လျင်မြန်စွာ လှမ်းကြည့်လိုက်ရာ လူရိပ် သုံးခုက ဖြည်းညင်းစွာ ထွက်ပေါ်လာပြီး နောက်ဆုံးတွင် သူတို့၏ မြင်ကွင်းထဲသို့ ရောက်ရှိလာခဲ့၏။
နှစ်ဖက်စလုံး၏ မျက်နှာအမူအရာများမှာ ချက်ချင်းပင် မှောင်မည်းသွားကြသည်။
ရောက်ရှိလာသော လူရိပ်သုံးခုမှာ ယွမ်ဂိုဏ်း၏ လူငယ်ဘုရင် သုံးပါးပင် ဖြစ်ကြ၏။
“ချင်းကျူ... မင်း အဆင်ပြေရဲ့လား...”
ယွမ်ချန်း၏ အကြည့်များက လင်ချင်းကျူပေါ်သို့ ကျရောက်သွားပြီး သူ၏ မျက်ဝန်းများထဲတွင် နက်ရှိုင်းသော ချစ်ခြင်းမေတ္တာများဖြင့် ပြည့်နှက်နေကာ သူ၏ မျက်နှာပေါ်တွင် နူးညံ့သော အပြုံးတစ်ခု ပေါ်လာပြီး လင်ချင်းကျူကို စိုးရိမ်တကြီးဖြင့် မေးလိုက်လေသည်။
“ကျွန်မ အဆင်ပြေပါတယ်... အစ်ကိုကြီးယွမ်ချန်း၊ ဒီမှာ ဘာတွေ ဖြစ်နေတာလဲဆိုတာ ရှင်သိလား...” လင်ချင်းကျူက အေးအေးဆေးဆေးပင် မေးလိုက်လေသည်။
ယွမ်ချန်းက ပြုံးရင်း ပြန်ပြောလိုက်၏။ “ဒါက လောင်ကျွမ်းကောင်းကင် ရှေးဟောင်းရတနာတိုက်ရဲ့ ဖန်ထျန်းအစီအရင်လေ... ရှေးဟောင်း ရတနာတိုက်ရဲ့ အစောင့်အရှောက် အစီအရင်ပေါ့၊”
“ရှေးဟောင်း ရတနာတိုက်ထဲကို ဝင်လာတဲ့သူတိုင်း ဒီဖန်ထျန်းအစီအရင်ထဲကို ကျရောက်သွားလိမ့်မယ်... ဒါပေမယ့် ဖန်ထျန်းအစီအရင်က အသက်မဝင်သေးဘူး၊ မဟုတ်ရင် ငါတို့ ဒီကို ရောက်နိုင်ခဲ့မှာ မဟုတ်ဘူး...”
“အခု လောင်ကျွမ်းကောင်းကင် ရှေးဟောင်းရတနာတိုက်ထဲကို ဝင်လာတဲ့ သူတိုင်း ဒီဖန်ထျန်း အစီအရင်ထဲမှာ ပိတ်မိနေကြပြီ... ချင်းကျူ... စိတ်မပူပါနဲ့၊ ငါ အစီအရင်ကို ထိန်းချုပ်ပြီးသွားရင် ကိုးကောင်းကင် တိုင်ချင်းနန်းတော်က တပည့်တွေ ဘာမှ ထိခိုက်မှု ရှိမှာ မဟုတ်ပါဘူး...”
လောင်ကျွမ်းကောင်းကင် ရှေးဟောင်းရတနာတိုက်အတွင်းသို့ ရောက်ရှိသွားသည်နှင့် အရာအားလုံးက သူ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေလိမ့်မည် ဖြစ်သည်။
သူက ဝူယွမ်ကို အေးစက်စွာ တစ်ချက် ကြည့်လိုက်ပြီး ပြောဆိုလိုက်လေသည်။
“တခြား စကားနားမထောင်တဲ့ ကောင်တွေကတော့ ဒီအစီအရင်ထဲမှာပဲ ပြာကျသွားကြပါစေ...”
“မင်းက အမြဲတမ်း အိပ်မက်မက်ရတာကို သဘောကျတာပဲ... မင်း ဘာလို့ ဒီလောက်တောင် ယုံကြည်မှု ရှိနေရတာလဲဆိုတာကို ငါ မသိတော့ဘူး...” ဝူယွမ်က မတတ်သာဘဲ ခေါင်းခါယမ်းလိုက်လေသည်။
ယွမ်ချန်းသည် အမြဲတမ်း သူကိုယ်သူ အားအကောင်းဆုံးဟု ထင်မှတ်နေပြီး မည်သည့်အခါကမျှ မလှုပ်ရှားခဲ့ပေ။ သို့သော် ဝူယွမ်၏ အမြင်တွင် သူသည် လူရွှင်တော် တစ်ယောက်ထက် မပိုကြောင်းကိုတော့ သူ မသိရှိခဲ့ချေ။
“ငါ အစီအရင်ကို ထိန်းချုပ်ပြီးတဲ့အချိန်က မင်းကို ရှင်းပစ်မယ့်အချိန်ပဲ...”
ယွမ်ချန်းက ဝူယွမ်ကို ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် စိုက်ကြည့်လိုက်ပြီးနောက် အနောက်ဘက်သို့ ပျံဝဲသွားကာ ဧရာမ ကျောက်သား ယဇ်ပလ္လင်ကြီးပေါ်သို့ ဆင်းသက်လိုက်လေသည်။ သူသည် ယုံကြည်မှု ရှိနေသော်လည်း အမြဲတမ်း သတိကြီးစွာဖြင့် လှုပ်ရှားတတ်လေသည်။
ဝူယွမ်နှင့် တစ်ခါမျှ မတိုက်ခိုက်ဖူးသဖြင့် သူ့ကို အနိုင်ရနိုင်မည်လား ဆိုသည်ကို သူ မသေချာသဖြင့် ပြင်ပ စွမ်းအားကိုသာ အားကိုးနိုင်တော့သည်။
သူ ဖန်ထျန်းအစီအရင်ကို ထိန်းချုပ်ပြီးသည်နှင့် ဝူယွမ်ထံတွင် ကောင်းကင်ကို အန်တုနိုင်သော လျှို့ဝှက်ချက် ရှိနေလျှင်တောင်မှ သေချာပေါက် သေဆုံးရမည်ဟု သူ ယုံကြည်ထားလေသည်။
***