အားလုံး၏ အကြည့်များက အနီရောင်ဝတ်ရုံ၀တ် အဘိုးအိုအပေါ်သို့ ကျရောက်သွားကြသည်။
ထိုသူ အသက်ရှင်နေသည်လော သေဆုံးသွားပြီလော၊ ဆိုသည်ကို သူတို့ အလွန်သိချင်နေကြလေသည်။
ဝူယွမ်က ဘေးရှိ ယင်းဟွမ်ဟွမ်ကို အနည်းငယ် ရှုပ်ထွေးသော အကြည့်ဖြင့် ကြည့်လိုက်သည်။
သူမ၏ တဖြည်းဖြည်း ပြောင်းလဲလာသော ရေခဲပြာရောင် မျက်ဆန်များက သူမ၏ ခန္ဓာကိုယ်ထဲတွင် နောက်ထပ် ဝိညာဉ်တစ်ခု ရှိနေသေးကြောင်းကို ဝူယွမ်အား သတိပေးနေသကဲ့သို့ ရှိနေသည်။
“သူအသက်ရှင်နေသေးတယ် ထင်တယ်၊ သူ့ရဲ့ အသက်စွမ်းအင်တွေ လုံးဝ ပျောက်ကွယ်သွားတာ မဟုတ်ဘူး၊ ပြီးတော့ သူ့အရှိန်အဝါက နည်းနည်း ရင်းနှီးနေသလိုပဲ”
ယင်းဟွမ်ဟွမ်သည် သူမ၏ လှပသော မျက်ခုံးလေးများကို တွန့်ချိုးကာ တွေးတောရင်း ပြောလိုက်လေသည်။
သူမ အပြင်းအထန် စဉ်းစားနေပုံရသော်လည်း မည်သူဖြစ်ကြောင်းကိုတော့ မမှတ်မိပေ။
ဒေါင်၊
ရုတ်တရက် ကြေးဝါအိုးမှ မြည်သံတစ်ခု ထွက်ပေါ်လာပြီး လေဟာနယ်တစ်ခုလုံး တုန်ခါသွားသည်။
“ဟဲဟဲဟဲ၊ အဘိုးအို တစ္ဆေဖန်ထျန်း၊ မင်းရဲ့ အက်ကွဲနေတဲ့ ကြေးဝါအိုးက ဒီစစ်သူကြီးကို ဖိနှိပ်ထားလို့ မရပါဘူးကွာ”
အနီရင့်ရောင် ကြေးဝါအိုးကြီး တုန်ခါသွားပြီး ၎င်းအတွင်းမှ ကြောက်မက်ဖွယ်ကောင်းသော အနက်ရောင် မြူခိုးများ ရုတ်တရက် ပေါက်ကွဲထွက်လာသည်။
အဆုံးအစမရှိသော မှောင်မိုက်မှုများဖြင့် ပြည့်နှက်နေသည့် စူးရှသော ရယ်မောသံတစ်ခုက တောင်တန်းတစ်လျှောက် ဖြတ်သန်းသွားသည်။
အနက်ရောင် မြူခိုးများက ကြေးဝါအိုး အပြင်ဘက်တွင် စုစည်းသွားပြီး ၎င်းအတွင်း၌ အနီရင့်ရောင် အလင်းတန်း တစ်ခုက နတ်ဆိုးတစ်ကောင်၏ မျက်လုံးများအလား ခပ်ရေးရေး လင်းလက်နေသည်။
၎င်း အကြည့်ရောက်သွားသော နေရာတိုင်းရှိ လူတိုင်းတွင် ကြောက်ရွံ့မှုများ ဖြစ်ပေါ်လာလေသည်။
သူသည် အနီရင့်ရောင် မျက်လုံးများဖြင့် တောင်များပေါ်ရှိ များပြားလွန်းသော လူရိပ်များကို ဝေ့ကြည့်လိုက်ပြီးနောက် အနက်ရောင်မြူခိုးများ အတွင်းမှ မကောင်းဆိုးဝါးဆန်သော အသံတစ်ခု ထွက်ပေါ်လာသည်။
“အို... ပုရွက်ဆိတ်တွေ အများကြီးပဲ”
နောက်တစ်ခဏတွင် မရေမတွက်နိုင်သော အနက်ရောင် အလင်းတန်းများ ပစ်လွှတ်ထွက်ပေါ်လာလေသည်။
“သတိထား၊ အားလုံး ငါ့အနောက်မှာနေကြ”
ဝူယွမ်က တောင်ဂိုဏ်းတပည့်များကို လျင်မြန်စွာ စုစည်းလိုက်ပြီး သူ၏ အနောက်တွင် ကာကွယ်ထားလိုက်သည်။
လျှပ်စီးအလား လျင်မြန်သော အနက်ရောင် အလင်းတန်းများက လူအုပ်ကြီးထံသို့ တိုး၀င်လာလေသည်။
အချို့လူများမှာ အချိန်မီ မရှောင်တိမ်းလိုက်နိုင်ဘဲ တိုက်ရိုက် ဖောက်ထွင်းခံလိုက်ရသည်။
အနက်ရောင် အလင်းတန်း ထိမှန်သွားသူများမှာ တဖြည်းဖြည်း ခြောက်သွေ့သွားပြီး နောက်ဆုံးတွင် အရိုးများပင် မကျန်တော့ဘဲ ပြာအဖြစ်သို့ ပြောင်းလဲကာ ပျောက်ကွယ်သွားကြသည်။
ဝူယွမ်၏ မျက်နှာအမူအရာမှာ လေးနက်သွားသည်။ ဤအနက်ရောင် အလင်းတန်း တိုက်ခိုက်မှုများမှာ ဆန်းကြယ်ရှင်ခြင်းအဆင့်နှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိပြီး သူပင်လျှင် အလွယ်တကူ မတားဆီးနိုင်ပေ။
“မြန်မြန် ဆုတ်ကြ”
သူက တောင်ဂိုဏ်း တပည့်များကို လျင်မြန်စွာ နောက်ဆုတ်ရန် အော်ဟစ်လိုက်သည်။ တစ်ချိန်တည်းမှာပင်
တစ်ချိန်တည်းမှာပင် သူ၏ ရင်ဘတ်ပေါ်ရှိ မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်ထဲမှ အညိုရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ဝင်ရောက်လာသော အနက်ရောင် အလင်းတန်းများ အားလုံးကို ပြန့်ကျဲသွားစေသည်။
“မဟာရှေးဟောင်း... တောရိုင်းကျောက်တိုင်”
အနီရောင်ဝတ်ရုံနှင့်လူက ရုတ်တရက် မော့ကြည့်လာခဲ့ပြီး သူ၏ အကြည့်များက လေဟာနယ်ကို ထိုးဖောက်သွားပြီး နောက်ဆုံးတွင် ဝူယွမ်အပေါ်သို့ ကျရောက်သွားတော့သည်။
ရှေးကျသော အရှိန်အဝါတစ်ခု ပါဝင်နေသည့် ပုံမှန်မဟုတ်ဘဲ တွေဝေနေသည့် အသံဩဩ တစ်ခုက ဖြည်းညင်းစွာ ထွက်ပေါ်လာလေသည်။
၎င်းနောက်တွင် သူ၏ အကြည့်များက ယင်းဟွမ်ဟွမ်ဆီသို့ ပြောင်းလဲသွားသည်။
“ရေခဲသခင်မ”
ဝူယွမ်၏ အရှေ့ရှိ လေဟာနယ်မှာ ရုတ်တရက် တွန့်လိမ်ကောက်ကွေးသွားပြီး သူတို့၏ အရှေ့တွင် အနီရောင်ဝတ်ရုံနှင့်လူက ရုတ်တရက် ပေါ်လာလေသည်။
လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် ဝင်ရောက်လာသော အနက်ရောင် အလင်းတန်းများ အားလုံးကို တိုက်ရိုက် တားဆီးလိုက်နိုင်လေသည်။
“ရှင်က...”
ယင်းဟွမ်ဟွမ်က အနီရောင်ဝတ်ရုံနှင့်လူကို တွေဝေမှုများ ပြည့်နှက်နေသော အကြည့်များဖြင့် ကြည့်လိုက်သည်။
အနီရောင်ဝတ်ရုံနှင့်လူက ယင်းဟွမ်ဟွမ်ကို မြင်သောအခါ သူ၏ မျက်လုံးများထဲတွင် စိတ်သက်သာရာရသွားသည့် အရိပ်အယောင်လေးတစ်ခု ပေါ်လာလေသည်။
“ရေခဲသခင်မ၊ မင်း တကယ်ပဲ အောင်အောင်မြင်မြင် ဝင်စားနိုင်ခဲ့တာကိုး”
သူက အနက်ရောင် မြူခိုးများကို ကြည့်ရန် ခေါင်းလှည့်လိုက်သည်။
ရုတ်တရက် မီးပင်လယ်ကြီး တစ်ခုအလား ကြီးမားလွန်းသော ယွမ်စွမ်းအင်များက သူ၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာပြီးနောက် အနက်ရောင် မြူခိုးသတ္တဝါကို လွှမ်းခြုံသွားသည့် ဧရာမမီးတောက် ကန့်လန့်ကာကြီး တစ်ခုအဖြစ်သို့ တိုက်ရိုက် ပြောင်းလဲသွာ လေသည်။
“ဟဲဟဲဟဲ၊ အဘိုးအို တစ္ဆေဖန်ထျန်း၊ နှစ်တွေအများကြီး ကြာပြီးတဲ့နောက်မှာ မင်းက သေတာလည်း မဟုတ်၊ ရှင်တာလည်း မဟုတ်တဲ့ ဒီအသွင်အပြင်မျိုး ဖြစ်လာတာပဲ၊ ဟဲဟဲဟဲ၊ ကြည့်ရတာ ဝင်စားခြင်းကပ်ဘေးကို မင်း ကျရှုံးခဲ့ပုံပဲ”
အဆုံးအစမရှိသော အနက်ရောင် မြူခိုးများ လှိုင်းထသွားပြီး အနီရင့်ရောင် အလင်းတိုင်က လေထုကို ဖြတ်သန်းလာသော အနီရောင်ဝတ်ရုံနှင့်လူကို တိုက်ရိုက် ပစ်မှတ်ထားလိုက်ပြဌး စူးရှစွာ ရယ်မောလိုက်သည်။
“ငါ့ရဲ့ တာဝန်က မင်းကို ဖိနှိပ်ထားဖို့ပဲ”
အနီရောင်ဝတ်ရုံနှင့်လူ၏ အသံမှာ ယှဉ်ပြိုင်၍ မရနိုင်လောက်အောင် ခိုင်မာပြတ်သားနေပြီး အနက်ရောင် မြူခိုးများထံသို့ ပြေးဝင်သွားစဉ် အဆုံးအစမရှိသော မီးတောက်များကို သယ်ဆောင်သွားလေသည်။
“ဒီစစ်သူကြီးကို ဖိနှိပ်ထားမယ် ဟုတ်လား၊ ဟဲဟဲဟဲ၊ အဲဒီအချိန်တုန်းက အဆောင်ဘိုးဘေးသာ သူ့ရဲ့ဝင်စားခြင်းကို လောင်ကျွမ်းပြီး ဟင်းလင်းပြင်အက်ကွဲကြောင်းကို မချိတ်ပိတ်ခဲ့ဘူးဆိုရင် မင်းတို့လို အဆင့်နိမ့်သတ္တဝါတွေရဲ့ ကမ္ဘာကြီးက ဘယ်လိုလုပ် ဆက်ရှိနေဦးမှာလဲ”
အနက်ရောင် မြူခိုးများက တွန့်လိမ်နေပြီး ၎င်းအတွင်းမှ စူးရှသော အသံများ အဆက်မပြတ် ထွက်ပေါ်နေသည်။
အနက်ရောင် မြူခိုးများအတွင်းမှ အသံများကို နားထောင်ရင်း စူပါဂိုဏ်းကြီးအသီးသီးမှ လူများ၏ မျက်နှာအမူအရာများမှာ သိသိသာသာ ပြောင်းလဲသွားကြသည်။
ထိုရှေးဟောင်းစစ်ပွဲကြီး၏ တရားခံမှာ ဤအနက်ရောင်မြူခိုး မျိုးနွယ်စု ဖြစ်ပုံရသည်။
“ဒါပေမယ့် ရလဒ်ကတော့ ငါတို့ အနိုင်ရခဲ့တာပဲ၊ ဒီတစ်ခေါက်လည်း မင်း ငါ့လက်ကနေ လွတ်မှာ မဟုတ်ပါဘူး”
အနီရောင်ဝတ်ရုံနှင့်လူ၏ အသံမှာ ခပ်ဩဩ ဖြစ်နေသည်။
လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ ကောင်းကင်ယံတွင် ပျံဝဲနေသော ဧရာမ ကြေးဝါအိုးကြီးက ရုတ်တရက် လေခွင်းသံများဖြင့် အောက်သို့ ဆင်းသက်လာသည်။
ကြေးဝါအိုး၏ အဝမှ ကြောက်မက်ဖွယ်ကောင်းသော မီးတောက်များ ပေါက်ကွဲထွက်လာပြီး အနက်ရောင်မြူခိုး သတ္တဝါထံသို့ တိုက်ခတ်သွားလေသည်။
“အခု မင်း အဲ့ဒါကို ထပ်လုပ်လို့ မရတော့ဘူး”
အနက်ရောင်မြူခိုးများ ပေါက်ကွဲထွက်လာပြီး ပေတစ်ထောင်ခန့် ကြီးမားသော ဧရာမလက်ဝါးကြီး တစ်ခုအဖြစ်သို့ တိုက်ရိုက် ပြောင်းလဲသွားကာ ဝင်ရောက်လာသော မီးတောက်အလင်းလုံးကြီးကို ချက်ချင်းပင် ရိုက်ထုတ်ပစ်လိုက်သည်။
နှစ်ဖက်စလုံးက ပြင်းထန်သော တိုက်ပွဲတစ်ခုကို စတင်လိုက်ကြလေသည်။
ဖန်ထျန်း ကြေးဝါအိုးကြီးအတွင်းမှ ပေရာချီ ကြီးမားသော မီးတောက်အလင်းတိုင်များ အဆက်မပြတ် ထွက်ပေါ်လာလေသာ်။
စီးဆင်းနေသော မီးတောက်လှိုင်းများကလည်း ကြောက်မက်ဖွယ်ကောင်းသော မီးလျှံအစီအရင်ကြီး တစ်ခုကို လျင်မြန်စွာ ဖန်တီးလိုက်ပြီး အနက်ရောင်မြူခိုး သတ္တဝါကို တိုက်ရိုက်ပင် လွှမ်းခြုံသွားလေသည်။
“ကမ္ဘာဝါးမျိုခြင်းနတ်ဆိုး”
အနက်ရောင်မြူခိုးများအတွင်းမှ စူးရှသော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။
အော်သံနှင့်အတူ အနီရင့်ရောင် အလင်းတန်းများ လင်းလက်သွားပြီး ကြောက်မက်ဖွယ်ကောင်းသော အနက်ရောင် ချီစွမ်းအင်များက လှိုင်းတံပိုးများအလား ထွက်ပေါ်လာကာ မီးလျှံအစီအရင်ကို ခုခံလိုက်လေသည်။
ဘုန်း၊ဝုန်း...
ဤနေရာရှိ ဟင်းလင်းပြင်မှာ မတည်ငြိမ်တော့ပဲ ပြိုကျတော့မည့် လက္ခဏာများ ပြသလာခဲ့လေသည်။
“ဟဲဟဲဟဲ၊ မင်းရဲ့ အက်ကွဲနေတဲ့ ကြေးဝါအိုးက အရင်ကလောက် မစွမ်းတော့ပါဘူး” အနက်ရောင်မြူခိုးများအတွင်းမှ ဝမ်းသာနေဟန်ဂသော အသံတစ်ခု ထွက်ပေါ်လာသည်။
“အဲ့ဒါက မင်းကို ဖိနှိပ်ထားဖို့တော့ လုံလောက်ပါသေးတယ်”
အနီရောင်ဝတ်ရုံနှင့်လူက လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ ကြေးဝါအိုးကြီး အတွင်းမှ အနီရင့်ရောင် အလင်းတန်း ရှစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
ဤအလင်းတန်းများက ကောင်းကင်ယံတွင် စုစည်းသွားပြီး နောက်ဆုံးတွင် အနီရင့်ရောင် အဆောင်တံဆိပ်ပြား ရှစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။
အနီရင့်ရောင် အဆောင်တံဆိပ်ပြား ရှစ်ခု ပေါ်လာသည်နှင့်တစ်ပြိုင်နက် ဝူယွမ်နှင့် ယင်းဟွမ်ဟွမ်တို့၏ မျက်လုံးများ ချက်ချင်း လင်းလက်သွားသည်။
ထိုအနီရင့်ရောင် အဆောင်တံဆိပ်ပြား ရှစ်ခုမှာ သူ အစောပိုင်းက ရတနာရှာဖွေရေးနယ်မြေတွင် ရရှိခဲ့သော အရာနှင့် အတိအကျ တူညီနေသည်။
သိပ်မကြာမီပင် ထိုအဆောင်တံဆိပ်ပြားများက ဤကမ္ဘာထဲရှိ ဧရာမမီးတောင်ကြီး ရှစ်လုံး၏ အထက်တွင် ပျံဝဲနေကြလေသည်။
ထို့နောက် မီးတောင်များ တုန်ခါသွားပြီး ချော်ရည်များ ပေါက်ကွဲထွက်လာကာ နောက်ဆုံးတွင် ကောင်းကင်ယံ၌ ဧရာမချော်ရည်တံခါးကြီး ရှစ်ခုကို ဖန်တီးလိုက်သည်။
သို့သော် ဤချော်ရည်တံခါးကြီးရှစ်ခုဖြင့် ဖန်တီးထားသော အစီအရင်တွင် အရှေ့မြောက်ဘက် ထောင့်တစ်ခု လိုအပ်နေပြီး ၎င်းကို ပြီးပြည့်စုံမှု မရှိအောင် တားဆီးထားကြောင်းကို ဝူယွမ် သတိပြုမိလိုက်သည်။
“အားလုံးပဲ၊ ဒီနေရာကနေ ထွက်သွားကြ” အနီရောင်ဝတ်ရုံနှင့်လူက အော်ဟစ်လိုက်သည်။
“ဟဲဟဲဟဲ၊ မင်းရဲ့ အစီအရင်က မပြည့်စုံဘူး၊ အဲ့ဒါနဲ့ ငါ့ကို ထပ်ပြီးဖမ်းထားလို့မရတော့ဘူး၊ ငါ ထွက်လာတာနဲ့ သူတို့ကို ဝါးမျိုပစ်မယ်၊ ဒီပုရွက်ဆိတ်အုပ်က ငါ့ရဲ့ စွမ်းအား နည်းနည်းလောက် ပြန်နာလန်ထူဖို့ လုံလောက်ပါတယ်”
အနက်ရောင်မြူခိုးများအတွင်းမှ အံ့ဩသွားဟန်ရသော အသံတစ်ခု ထွက်ပေါ်လာသည်။
မရေမတွက်နိုင်သော နှစ်ပေါင်းများစွာကြာ ပိတ်မိနေပြီးနောက် နောက်ဆုံးတော့ သူ လွတ်မြောက်နိုင်တော့မည် ဖြစ်သည်။
“ရွှစ်၊ ရွှစ်၊ ရွှစ်...”
ထိုစကားများကို ကြားလိုက်ရသောအခါ လူတိုင်းက ရတနာရှာဖွေခြင်းကို ဂရုမစိုက်တော့ဘဲ အရူးများအလား ထွက်ပြေးကုန်ကြလေသည်။
ဤနက်နဲဆန်းကြယ်သော အနက်ရောင်မြူခိုး၏ ကြောက်မက်ဖွယ်ကောင်းမှုကို သူတို့ အားလုံး မြင်တွေ့ခဲ့ရပြီးပြီး ဖြစ်သည်။
အကယ်၍ ၎င်းသာ တကယ် လွတ်မြောက်သွားမည်ဆိုပါက သူတို့သည် ပထမဆုံး သေဆုံးမည့်သူများ ဖြစ်လာပေလိမ့်မည်။
“မင်းတို့ အားလုံး အရင်ထွက်သွားကြ”
ဝူယွမ်က တောင်ဂိုဏ်း တပည့်များကို ပြောလိုက်သည်။
“ရှင်ကကော”
ယင်းဟွမ်ဟွမ်က စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။
“စိတ်မပူပါနဲ့၊ ငါ့ဆီမှာ မဟာရှေးဟောင်းတောရိုင်းကျောက်တိုင် ရှိတယ်၊ ဒီအခြေအနေကို ငါ ထိန်းချုပ်နိုင်ပါတယ်” ဝူယွမ်က သူမကို ခေါင်းညိတ်ပြရင်း ပြောလိုက်သည်။
“သွားကြစို့”
ယင်းရှောင်ရှောင်က ယင်းဟွမ်ဟွမ်ကို ဆွဲကာ နောက်ဆုတ်သွားသည်။
ဤအချိန်တွင် ဆက်နေခြင်းက ဝူယွမ်ကို ဝန်ထုပ်ဝန်ပိုး ဖြစ်စေရုံသာ ရှိမည်ကို သူမ နားလည်ထားလေသည်။ ထိုအနက်ရောင်မြူခိုးအရိပ်ထံမှ အလင်းတန်း တစ်ခုတည်းကပင် သူတို့ကို ချက်ချင်း သတ်ပစ်ရန် လုံလောက်ပေသည်။
တောင်ဂိုဏ်း တပည့်များ အားလုံး နောက်ဆုတ်သွားပြီးနောက် ဝူယွမ်၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
ယွမ်ချန်းနှင့် သူ၏ အပေါင်းအပါနှစ်ဦးတို့သည် ခိုးကြောင်ခိုးဝှက်ဖြင့် ထွက်ခွာသွားကြပြီး အဝေးရှိ မြေပြင်ပေါ်သို့ ကျဆင်းသွားသော အနီရင့်ရောင် ကြေးဝါအိုးကြီးဆီသို့ ပျံသန်းသွားနေကြကြောင်းကို သူ ချက်ချင်း သတိပြုမိလိုက်သည်။
ဤကဲ့သို့သော အခြေအနေမျိုးတွင်ပင် သူတို့သည် ဖန်ထျန်း ကြေးဝါအိုးကြီးကို လိုချင်နေကြသေးလေသည်။
“သူတို့က ယွမ်ဂိုဏ်းရဲ့ အထက်လူကြီးတွေဆီကနေ ညွှန်ကြားချက်တွေ ရထားတာများလား”
လူငယ်ဘုရင်သုံးပါး၏ ရည်ရွယ်ချက်များမှာ မရိုးရှင်းကြောင်းကို ဝူယွမ် ရုတ်တရက် သတိထားလိုက်မိသည်။
ချိတ်ပိတ်ခံထားရသော ကမ္ဘာခြားနတ်ဆိုးသည် ဤကမ္ဘာကြီးအပေါ် မကောင်းသော ရည်ရွယ်ချက်များဖြင့် ပြည့်နှက်နေပြီး ၎င်းကို လွှတ်ပေးလိုက်ခြင်းက သေချာပေါက် ကပ်ဘေးတစ်ခု ဖြစ်လာစေမည်ဖြစ်ကြောင်းကို မည်သူမဆို မြင်တွေ့နိုင်လေသည်။
***