"အသည်းကင်ဆာ နောက်ဆုံးအဆင့်။ အသက်ရှင်ရန် အချိန် သုံးလမှ လေးလခန့်သာ ကျန်တော့သည်..."
သူ့ရှေ့ရှိ ဆေးစစ်ချက်အဖြေကို စိုက်ကြည့်ရင်း ထန်ဖန်ကျင်း တစ်ယောက် အချိန်အတော်ကြာ ဆွံ့အမိသွားသည်။ ထို့နောက် အရူးတစ်ယောက်လိုပင် ထိုဆေးပုလင်းဖြူအသေးလေးများကို ကောက်ကိုင်လိုက်မိ၏။ သေချာပါသည်... အိပ်ဆေးများပင်။
ဆိုရလျှင်... ဤခန္ဓာကိုယ်ပိုင်ရှင်သည် နောက်ဆုံးအဆင့်ရောဂါကျွမ်းနေပြီး လအနည်းငယ်သာ အသက်ရှင်ရတော့မည်ဖြစ်သောကြောင့် အိမ်ထဲပုန်းကာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်မှာပင် သူက ဤခန္ဓာကိုယ်ထဲသို့ ဝိညာဉ်ကူးပြောင်းလာခဲ့ခြင်း ဖြစ်လေ၏။
ဒါ... ဒါက ဘာသဘောလဲ။ ဝိညာဉ်ကူးပြောင်းလာတာက သူ့ကို နောက်ထပ်လအနည်းငယ်လောက် မျှော်လင့်ချက်မဲ့တဲ့ ခံစားချက်ကို ထပ်ခံစားခိုင်းဖို့များလား။
သို့သော် အရင်ဘဝတုန်းက သူက သာမန်ရှေ့နေတစ်ယောက်သာ ဖြစ်သည်။ ဖြစ်နိုင်တာက နာမည်တူနေ၍သာ ဤခန္ဓာကိုယ်ထဲ ဝင်လာခြင်း ဖြစ်မည်။
သို့သော် ယခု ဒါတွေကို တွေးနေ၍လည်း အပိုပင်။ ဆေးစစ်ချက်အဖြေကြောင့်လားတော့ မသိ။ ထန်ဖန်ကျင်း တစ်ယောက် နာကျင်မှုကို စတင်ခံစားနေရပြီ ဖြစ်သည်။ ကင်ဆာနောက်ဆုံးအဆင့် ဆိုသည်မှာ နာကျင်မှုမရှိဘဲ နေရသည့်အရာမျိုး မဟုတ်။ ငရဲကျသလို နာကျင်ပြီးမှ သေဆုံးရခြင်းကသာ သာမန်ဖြစ်ရိုးဖြစ်စဉ်ပင်။
"ဒင်..."
သူ၏ဖုန်းဆီမှ WeChat အသိပေးသံ ထွက်ပေါ်လာပြန်သည်။ ထန်ဖန်ကျင်းက သူ၏ဖုန်းကို ခံစားချက်ကင်းမဲ့စွာဖြင့် ကောက်ကိုင်လိုက်၏။
သူ စောစောစီးစီး ရိပ်မိသင့်သည် မဟုတ်လော။ လူငယ်တစ်ယောက်ကို ကိုယ့်ကိုယ်ကိုယ် သတ်သေလောက်အောင် တွန်းပို့နိုင်သည့် မျှော်လင့်ချက်မဲ့ခြင်းဆိုတာ ဘယ်လိုဟာမျိုး ဖြစ်နိုင်မလဲ ဆိုတာကို။
WeChat ကို နှိပ်လိုက်သည်နှင့် နေရာတိုင်းတွင် အနီရောင်အစက်လေးများကို တွေ့လိုက်ရသည်။ "Bluebird Family" ဟု အမည်ပေးထားသော ဂရုတစ်ခုထဲတွင် သူ့ကို အရူးအမူး Mention ခေါ်နေကြခြင်း ဖြစ်သည်
"@Operations ရှောင်ထန်… မင်း ဘာလုပ်နေတာလဲ။ မင်းရဲ့ ပရိုဂျက်က ပြဿနာတက်နေပြီ။ ကာစတန်မာက ငါ့ဆီတောင် ရောက်လာပြီ"
"@Operations ရှောင်ထန်… မင်း ဘာလို့ စာမပြန်တာလဲ"
"@Operations ရှောင်ထန်..."
အားလုံးက သူ့ကို မြန်မြန်စာပြန်ရန် ဝိုင်းပြောနေကြခြင်းဖြစ်သည်။ နောက်ပိုင်းတွင်တော့ အသံမက်ဆေ့ချ်များချည်း ဖြစ်လာပြီး အသံနေအသံထားများကလည်း ပို၍ ဆိုးရွားလာသည်။
ကြည့်ရသည်မှာ ဤဂရုက အလုပ်ဂရုဖြစ်ပြီး သူသည် ဌာနမှူးဖြစ်သူ၏ ဆဲဆိုခြင်းကို ခံနေရခြင်း ဖြစ်ပုံရသည်။
ဘယ်အချိန်ကတည်းက စတင်ခဲ့သည်မသိ။ ဆက်သွယ်ရေးဆော့ဖ်ဝဲလ်များ ခေတ်စားလာပြီးနောက်ပိုင်း အလုပ်ချိန်နှင့် နားချိန်ကြားရှိ စည်းမျဉ်းများက ပိုပိုပြီး ဝေဝါးလာခဲ့သည်။ အလုပ်ဆင်း၍ အိမ်ပြန်ရောက်ခြင်းသည် အလုပ်ပြီးသွားခြင်းဟု အဓိပ္ပာယ်မသက်ရောက်တော့ချေ။
အဘယ့်ကြောင့်ဆိုသော် ဖုန်းကို အမြဲတမ်း စောင့်ကြည့်နေရနိုင်သောကြောင့်ပင်...
ဟာကွက်မပေါ်စေရန် ထန်ဖန်ကျင်း က စာပြန်လိုက်သည် "ဆောရီးပါ ဌာနမှူးလျို… ကျွန်တော် အိပ်ပျော်သွားလို့ မတွေ့လိုက်ဘူး။ ပြီးတော့ ကျွန်တော် အလုပ်ဆင်းသွားပါပြီ”
သူ၏စိတ်အခြေအနေက ယခုအချိန်တွင် ရှုပ်ထွေးနေသည်။ ဝိညာဉ်ကူးပြောင်းပြီးနောက် မှတ်ဉာဏ်များက အပြည့်အဝ ပေါင်းစပ်မသွားသေးသကဲ့သို့ ခံစားရသောကြောင့် သူနားလည်သလောက်သာ ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်ခြင်း ဖြစ်သည်။
မကြာမီပင် ဂရုထဲရှိ Operations ဌာနမှူးလျိုထံမှ နောက်ထပ် အသံမက်ဆေ့ချ်တစ်ခု ဝင်လာခဲ့သည်။
"အိပ်ပျော်သွားတယ် ဟုတ်လား။ အခုခေတ် လူငယ်တွေက ညသန်းခေါင်မတိုင်ခင် အိပ်တတ်ကြလို့လား။ မင်း ဘာတွေ ဟန်ဆောင်နေတာလဲ။ တခြားလူတွေက ချက်ချင်း စာပြန်နိုင်ပြီး မင်းကကျတော့ ဘာလို့ မပြန်နိုင်ရတာလဲ”
"ပြီးတော့ မင်းက အလုပ်ဆင်းပြီ ဟုတ်လား။ အလုပ်ဆင်းတော့ ဘာဖြစ်လဲ။ အလုပ်ဆင်းပြီဆိုတာနဲ့ အလုပ်ကို လုံးဝ ပစ်ထားလို့ ရပြီလို့ ဆိုလိုတာလား။ ငါတို့က မင်းကို အကြီးအကျယ်တွေ လုပ်ခိုင်းနေတာ မဟုတ်ဘူး။ ကာစတန်မာရဲ့ ပြဿနာလေးကို ဖြေရှင်းပေးဖို့ ပြောတာ။ အဲဒါက အရမ်းများနေလို့လား”
အသက်ရှင်ရန် လအနည်းငယ်သာ ကျန်တော့သဖြင့် စိတ်အလွန်တိုနေပြီဖြစ်သော ထန်ဖန်ကျင်းသည် ဆက်လက် သည်းမခံနိုင်တော့ချေ
"မရဘူး။ ငါ မလုပ်ပေးနိုင်ဘူးလို့ ပြောနေတယ်၊ နားလည်လား။ သောက်ကျိုးနည်း... ငါ အလုပ်ဆင်းပြီ။ အလုပ်ဆင်းပြီလို့ ပြောထားတယ်လေ။ ခင်ဗျား လူစကား နားမလည်ဘူးဆိုရင် ပြန်သွားသင်လိုက်ဦး။ ကြားလား"
ထိုသို့ပြောပြီးနောက် ထန်ဖန်ကျင်းက သူ၏ဖုန်းကို တန်းပိတ်ပစ်လိုက်သည်။ မူလခန္ဓာကိုယ်ပိုင်ရှင်က ခင်ဗျားတို့ကို သည်းခံခဲ့ရင် ခံလိမ့်မယ်။ ငါကတော့ သည်းမခံဘူး။
အခြားတစ်ဖက်တွင် ဌာနမှူးလျိုသည် အော်ဟစ်ဆဲဆိုထားသော အသံမက်ဆေ့ချ်ကို နားထောင်ပြီးနောက် သူ၏မျက်နှာမှာ အလွန်တရာ ရုပ်ဆိုးသွားတော့သည်။ ဤသည်က ကုမ္ပဏီ၏ ပင်မဂရုကြီး ဖြစ်သည်။
ကုမ္ပဏီမှ အကြီးအကဲများအားလုံး ဤဂရုထဲတွင် ရှိနေကြသည်။ သူက ဤအချိန်ထိ အလုပ် လုပ်နေသေးကြောင်းကို သူတို့ မြင်စေချင်ရုံသာ ဖြစ်သည်။ သူ မည်မျှ ကြိုးစားကြောင်း ပြသလိုခြင်း ဖြစ်၏။
သို့သော် ဘာဖြစ်သွားသနည်း။
ပုံမှန်အားဖြင့် အသံတိတ်ပြီး ရိုးသားလွန်းလှသော ၊ အသံကျယ်ကျယ်ပင် မထွက်ရဲသော ထန်ဖန်ကျင်းက ပင်မဂရုကြီးထဲတွင် သူ့ကို ဤမျှ တိုက်ရိုက်ဆဲဆိုရဲလိမ့်မည်ဟု သူ အိမ်မက်ပင် မမက်ဖူးချေ။
သူ ဘယ်လိုလုပ် လုပ်ရဲရတာလဲ။ အရင်တုန်းကဆိုလျှင် ည ၁၁ နာရီကျော်ဖို့ မပြောနှင့်။ ည နှစ်နာရီ၊ သုံးနာရီလောက် စာပို့လျှင်ဖြစ်စေ၊ စနေ၊ တနင်္ဂနွေများတွင် ဖုန်းဆက်လျှင်ဖြစ်စေ ထိုအကောင်က အမြဲတမ်း အမိန့်နာခံတတ်သူ ဖြစ်သည်။
ဒီနေ့ကျမှ ဘာဖြစ်သွားသနည်း။ ယမ်းတွေများ စားထားမိသလား။
ဤအခြေအနေမျိုးတွင် ပြန်လည် စကားများရန်မှာ လုံးဝ မကောင်းလှချေ။ သို့သော် ကံကောင်းထောက်မစွာဖြင့် ကုမ္ပဏီများတွင် မျက်နှာလိုမျက်နှာရ လုပ်တတ်သော လူလည်များက အမြဲတမ်း ရှိနေတတ်စမြဲပင်။
Operations ရှောင်ကျန်း : ရှောင်ထန်… မင်း ဘာတွေ ပြောနေတာလဲ။ အကောင်းအဆိုးကိုတောင် မခွဲခြားတတ်တော့ဘူးလား။ ဌာနမှူးလျိုက မင်း ကောင်းဖို့အတွက် လုပ်ပေးနေတာလေ။ မင်း ဘယ်လိုတွေ ပြောနေတာလဲ။ ဌာနမှူးလျိုကို အခုချက်ချင်း တောင်းပန်လိုက်စမ်း
တစ်ယောက်က ခေါင်းဆောင်ပြီး စတင်လိုက်သည်နှင့် ဂရုထဲရှိ အခြားသူများကလည်း ဝင်ရောက် ထောက်ခံလာကြသည်။ နောက်ဆုံးတွင်တော့ ဌာနမှူးလျိုတစ်ယောက် သူ၏ ဂုဏ်သိက္ခာကို အနည်းငယ် ပြန်လည်ဆယ်ယူနိုင်ခဲ့သည်ဟု ခံစားလိုက်ရသည်။
သို့ရာတွင် ကုမ္ပဏီဂရုထဲတွင် သူ့ကို အရှက်ခွဲခဲ့ခြင်းကိုတော့ အလွယ်တကူ မေ့ပျောက်သွားမည် မဟုတ်ပေ။ ဘာပဲဖြစ်ဖြစ် ထန်ဖန်ကျင်းက မနက်ဖြန် အလုပ်လာရဦးမည် ဖြစ်သည်။ ဤမျှ ရိုးသားသောလူက သူ့ကို မျက်နှာချင်းဆိုင်တွင် တစ်ခုခုလုပ်ရဲလိမ့်မည်ဟု သူ မယုံကြည်ပေ။
အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွားပြီး နောက်တစ်နေ့တွင်တော့ ထန်ဖန်ကျင်း တစ်ယောက် ခံစားချက်ကင်းမဲ့နေသော မျက်နှာထားဖြင့် ကုမ္ပဏီသို့ ရောက်ရှိလာခဲ့သည်။
သူ တကယ်ပဲ အလုပ်လုပ်ရဦးမည် ဖြစ်သည်။ အကြောင်းမှာ မူလခန္ဓာကိုယ်ပိုင်ရှင်သည် သာမန် ဝန်ထမ်းငယ်လေး တစ်ယောက်သာ ဖြစ်ပြီး ဥပဒေရေးရာနယ်ပယ်နှင့် ပတ်သက်သော မည်သည့် အသိအမှတ်ပြု လက်မှတ်မှ မရှိသောကြောင့် ဖြစ်သည်။
ဆိုလိုသည်မှာ ယခုအချိန်တွင် သူ အမှုလက်ခံ၍ မရနိုင်သေးပေ...။
သူ၏ စားပွဲတွင် ထိုင်လိုက်ပြီး ကွန်ပျူတာပင် မဖွင့်ရသေးခင်မှာပင် သူ့ဘေးမှ အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
"ရှောင်ထန်… လာ... လာ။ မင်းရဲ့ ဒီနေ့ တာဝန်က နည်းနည်းလေး များတယ်။ မန်နေဂျာဝမ်က မနက်ဖြန် မနက်အစောကြီး ဒီအလုပ်တွေ လိုချင်တယ်တဲ့။ မင်း မြန်မြန် စလုပ်သင့်ပြီ”
ထန်ဖန်ကျင်း နောက်လှည့်ကြည့်လိုက်တော့ ဌာနမှူးလျို ဖြစ်နေပြီး သူ၏မျက်နှာတွင် အပြုံးများ ပြည့်နှက်နေကာ ညက ဂရုထဲတွင် စကားများခဲ့ခြင်းများ လုံးဝ မဖြစ်ခဲ့သည့်အလားပင်။
မနက်ခင်းအချိန်ဖြစ်ပြီး Operations ဌာနမှ ဝန်ထမ်းများ ယခုမှ ရောက်ကာစရှိသေးသည်။ ထန်ဖန်ကျင်း ၏ စားပွဲပေါ်ရှိ စာရွက်စာတမ်းပုံကြီးကို ကြည့်ကာ အချို့က ပျော်ရွှင်စွာ လှောင်ပြောင်နေကြပြီး အချို့ကတော့ သနားစာနာစွာ ကြည့်နေကြသည်။
လူသားများဆိုသည်မှာ တကယ်ကို ရှုပ်ထွေးလှသော သတ္တဝါများပင်။ ယုတ္တိဗေဒအရ ပြောရလျှင် သူတို့အားလုံးမှာ ဝန်ထမ်းဘဝတူတူပင် ဖြစ်သော်လည်း အချို့သော လူများကတော့ ကိုယ့်အထက်လူကြီးကို ပြန်လည် အာခံသူအား မှတ်ကရော ဟု ခံစားနေကြဆဲပင်...
ဌာနမှူးလျိုက ဆက်ပြောသည် "ရှောင်ထန်… မနေ့ညက ငါတို့ကြားမှာ နည်းနည်း အဆင်မပြေတာတွေ ရှိခဲ့ပေမယ့် အားလုံးက အလုပ်အတွက်ချည်းပဲမို့ ဘာမှမဖြစ်ပါဘူးကွာ။ ပြီးခဲ့တာတွေ ပြီးသွားပါစေ”
"ဒါက မင်းကို ပစ်မှတ်ထားတာ မဟုတ်ပါဘူး။ မန်နေဂျာဝမ်က အရေးတကြီး လိုနေလို့ပါ..."
"မင်းမှာလည်း ခံစားချက်တွေရှိပြီး ကုမ္ပဏီရဲ့ အလုပ်တွေက များတယ်လို့ ထင်နေမှန်း ငါ သိပါတယ်။ ဒါပေမယ့် မင်းလည်း နားလည်ဖို့ လိုတယ်။ အခု စီးပွားရေးအခြေအနေက ဘယ်လောက်တောင် ကျပ်တည်းနေလဲ ဆိုတာ ကြည့်ဦး။ လုပ်ငန်းတူ ကုမ္ပဏီတွေ အများကြီးက လူလျှော့နေကြတာနော်"
"လူအများကြီးက အလုပ်မရတာ ခြောက်လလောက်တောင် ရှိနေပြီ။ မင်းက ဒီမှာ ထိုင်ပြီး အလုပ် လုပ်ခွင့်ရနေသေးတာကို ကျေးဇူးတင်တတ်ဖို့ လိုတယ် သိလား။ လူအများကြီးက ဒီကို ဝင်ချင်နေကြပေမယ့် မရကြဘူး..."
သို့သော် ထိုအချိန်တွင် ထန်ဖန်ကျင်း က သူ့စကားကို ဖြတ်ပြောလိုက်သည် "ခင်ဗျားက မနက်ဖြန် လိုချင်တယ်ဆိုတော့ အချိန်ပိုဆင်းရမယ်ဆိုတဲ့ သဘောပေါ့။ ခင်ဗျား အချိန်ပိုကြေး ပေးမှာလား”
ဌာနမှူးလျိုသည် သူ၏ရှေ့ရှိ လူငယ်လေးအား သေချာပြန်ကြည့်လိုက်သည်။ တစ်ဖက်လူက တကယ်ကို ပြောင်းလဲသွားပုံရသည်။ အရင်ကဆိုလျှင် အချိန်ပိုကြေးအကြောင်းကို သူ ထုတ်ပင် မပြောရဲပေ။
"ရှောင်ထန်... မင်း ကုမ္ပဏီရဲ့ စည်းမျဉ်းစည်းကမ်းတွေကို မဖတ်ဖူးဘူး မဟုတ်လား။ ငါတို့ ကုမ္ပဏီက Flexible Working Hours စနစ်ကို ကျင့်သုံးတာလေ။ အဲဒီတော့ အချိန်ပိုဆိုတာ မရှိဘူး သိလား”
"ကဲပါ... ဒါပါပဲ။ ကြိုးကြိုးစားစား လုပ်ပါ။ နှစ်ကုန်ရင် မင်း လစာတိုးချင် တိုးလာနိုင်တယ်”
ပါးစပ်ကသာ ထိုသို့ပြောနေသော်လည်း အမှန်တကယ်တွင်တော့ ကုမ္ပဏီက ထန်ဖန်ကျင်းကို အလုပ်ဖြုတ်ရန် ဆုံးဖြတ်ပြီးပြီဖြစ်ကြောင်း ဌာနမှူးလျို ကိုယ်တိုင် သိနေသည်။
ကုမ္ပဏီက ထိုသို့သော ပြဿနာရှာတတ်သူကို မလိုအပ်ပေ။ ပင်မဂရုကြီးထဲတွင် အထက်လူကြီးကို ထိုကဲ့သို့ ဆဲဆိုရဲသူအား ကုမ္ပဏီခေါင်းဆောင်များက ကုမ္ပဏီ၏ သဟဇာတဖြစ်သော ယဉ်ကျေးမှုကို ဖျက်ဆီးသူအဖြစ် ရှုမြင်ကြသည်လေ။
ထို့ကြောင့် သူသာ မနက်ဖြန် အလုပ်မပြီးပါက အရည်အချင်းမရှိဟု အကြောင်းပြကာ သူ့ကို အလုပ်ထုတ်ပစ်မည် ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် သူ ကုမ္ပဏီတွင် အလုပ်လုပ်နေသည်မှာ နှစ်နှစ်သာ ရှိသေးသည်ဖြစ်ရာ အလုပ်သမားခုံရုံးသို့ သွားတိုင်လျှင်ပင် လျော်ကြေးငွေအနည်းငယ်သာ ရမည်ဖြစ်သည်။ သူ တကယ်သွားတိုင်ရဲ ၊ မရဲ ဆိုသည်ကလည်း ရှိသေးသည် မဟုတ်ပါလား…။
သို့သော် ဌာနမှူးလျို ထွက်သွားတော့မည့် အချိန်တွင်ပင် ထန်ဖန်ကျင်းက စကားဆိုလ့သည် "Flexible working hours ဟုတ်လား။ အဲဒီတော့ အချိန်ပိုကြေး မရှိဘူးပေါ့။ ဒါဆိုရင်တော့ ကျုပ် မလုပ်နိုင်ဘူး။ ခင်ဗျား ရှင်းရှင်းလင်းလင်း ကြားရဲ့လား”
ဘာက flexible working hours လဲ။
အလုပ်ဝင်၊ အလုပ်ဆင်း လက်ဗွေနှိပ်ရတဲ့ ကုမ္ပဏီက flexible working hours လို့ ပြောနေတာ။ ဒါက ဟာသလုပ်နေတာလား။
"ဟမ်..." ဌာနမှူးလျို အနည်းငယ် ကြောင်အမ်းသွားသည်။
"ခင်ဗျားမှာ နားရောဂါများ ရှိနေလား။ ကျုပ် ပြောလိုက်တယ်လေ။ ကျုပ် မလုပ်နိုင်ဘူးလို့"
ဒီခံစားချက်ကြီး ထပ်ရောက်လာပြန်ပြီ။ ဌာနတွင်းရှိ လူတိုင်းက ကြည့်နေကြသည်။
ဌာနမှူးလျို မျက်နှာက မည်းမှောင်သွားပြီး ဟိန်းဟောက်လိုက်တော့သည် "ထန်ဖန်ကျင်း… မင်းက ဘာသဘောလဲ။ မင်းကိုယ်မင်း ဘာကောင်လို့ ထင်နေတာလဲ”
"မင်း အလုပ်မလုပ်ချင်ရင် ထွက်သွား။ ဘယ်သူမှ မင်းကို ဆွဲမထားဘူး။ ဘာလဲ… ကုမ္ပဏီက မင်းမရှိရင် မလည်ပတ်နိုင်တော့ဘူးလို့ ထင်နေတာလား။ မင်းက ဘာကောင်မို့လို့လဲ။ မင်းလိုလူမျိုးတွေကို ငါ မြင်ဖူးလှပြီကွ"
ဌာနမှူးလျိုက ပုံမှန်အားဖြင့် ဤမျှ စိတ်မတိုတတ်ပေ။ လူဆယ်ယောက်ကျော်ရှိသော ဌာနတစ်ခုတွင် အာခံရဲသူ အချို့ရှိသော်လည်း လူတိုင်းကို သူ ဒေါသမထွက်ပေ။
အဓိက အကြောင်းရင်းမှာ ထန်ဖန်ကျင်းသည် ယခင်က အမြဲတမ်း ရိုးသားသူတစ်ယောက် ဖြစ်ခဲ့ပြီး ယခုမှ ရုတ်တရက် ပြန်လည်ခုခံလာမှုက ဌာနမှူးလျို၏ ဒေါသကို တိုက်ရိုက် ပေါက်ကွဲသွားစေခြင်း ဖြစ်သည်။
"ခင်ဗျား ကျုပ်ကို အလုပ်ထုတ်လို့ ရတယ်။ ဒါပေမယ့် ဥပဒေနဲ့အညီ လုပ်ပါ။ ကျုပ်ကို လျော်ကြေးငွေ အလုံအလောက်ပေးရင် ကျုပ်ဘာသာ ထွက်သွားပေးမယ်..."
ထန်ဖန်ကျင်း၏ စကားမဆုံးခင်မှာပင် ဖြတ်ပြောခံလိုက်ရသည် "မင်းက ပိုက်ဆံလိုချင်သေးတာလား ဟုတ်လား။ အဲဒါဆိုရင်လည်း ခုံရုံးသွားတိုင်လေ။ မင်းတို့ Gen Z တွေက လုပ်ငန်းခွင်ကို ပြုပြင် ပြောင်းလဲမယ်ဆိုတဲ့ ကောင်တွေ မဟုတ်လား။ သွားလေ။ ငါ မင်းကို ပြောလိုက်မယ်။ မင်း ကြိုက်တဲ့နေရာသွားတိုင်”
ဌာနမှူးလျိုက တစ်ဖက်လူ ခုံရုံးသွားတိုင်ပါက သေချာပေါက် နိုင်မည်ဆိုသည်ကို သိသော်လည်း သူ ဂရုမစိုက်ပေ။ သူ့အနေဖြင့် ထိုကောင့်ကို ဒုက္ခရောက်အောင်သာ လုပ်ချင်ခြင်း ဖြစ်သည်။
သို့သော် ဌာနမှူးလျို မသိခဲ့သည်မှာ သူက ယင်းစကားများကို ပြောလိုက်ချိန်တွင် သူ၏ ရှေ့ရှိ ထန်ဖန်ကျင်း တစ်ယောက် အေးခဲသွားပြီဆိုသည်ကိုပင်။
သူ၏ အသိစိတ်ထဲတွင် အသိပေးသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
[သော့ချက် စာလုံးကို ရှာဖွေတွေ့ရှိပါသည်။ အသက်စွန့် ရှေ့နေ စနစ်ကို စတင်အသက်သွင်းပါပြီ]
ထို့နောက် ထန်ဖန်ကျင်း တစ်ယောက်တည်းသာ မြင်နိုင်ပုံရသော ဖန်သားပြင်တစ်ခုပေါ်တွင် မစ်ရှင်ရည်မှန်းချက် တစ်ခုက တိတ်ဆိတ်စွာ ပေါ်လာခဲ့သည်။
[မစ်ရှင် ရည်မှန်းချက် - ကုမ္ပဏီအား ပညာပေးရန် ဥပဒေကြောင်းအရ နည်းလမ်းများကို အသုံးပြုပါ]
[မစ်ရှင် တိုးတက်မှု - ၀%]
[မစ်ရှင် ဆုလာဘ် - ၅၀% ပြီးမြောက်ပါက အသက်ရှင်ခွင့် သုံးရက် ဆုချီးမြှင့်မည်။]
[၁၀၀% ပြီးမြောက်ပါက အသက်ရှင်ခွင့် တစ်ပတ် ဆုချီးမြှင့်မည်။]
[၂၀၀% ပြီးမြောက်ပါက အသက်ရှင်ခွင့် သုံးလ ဆုချီးမြှင့်မည်။]
[လက်ရှိ အသက်ရှင်ရန်ကျန်ရှိချိန် - လေးလ။]
ရုတ်တရက်ဆိုသလို သူ၏ ရှေ့မှ ရိုးသားသော ထန်ဖန်ကျင်းသည် ခေါင်းကို ဆတ်ခနဲ မော့လာကာ သူ့အား စိုက်ကြည့်လာသည်ကို ဌာနမှူးလျို တွေ့လိုက်ရသည်။ ထိုအကြည့်များသည် နှင်းတောထဲတွင် အချိန်အတော်ကြာ ငတ်မွတ်နေခဲ့ပြီးနောက် ဆူဖြိုးနေသော သိုးပေါက်လေး တစ်ကောင်ကို တွေ့လိုက်ရသည့် ဝံပုလွေတစ်ကောင်၏ မျက်လုံးများနှင့် တူနေလေတော့၏။
***