ယင်းမတိုင်မီကဆိုလျှင် ဘဝကြီးသည် ဤမျှ လှပနေလိမ့်မည်ဟု ထန်ဖန်ကျင်း တစ်ယောက် ဘယ်တုန်းကမှ တွေးမထားခဲ့ဖူးချေ။
ကောင်းကင်ဘုံက သူ့ကို ဟာသလုပ်နေသကဲ့သို့ပင်။ သို့သော် ကံကောင်းထောက်မစွာဖြင့် စနစ်က ပေါ်လာခဲ့ပြီး ပို၍အရေးကြီးသည်မှာ မစ်ရှင်ပြီးမြောက်ပါက ရရှိမည့် ဆုလာဘ်သည် သူ အသည်းအသန် လိုအပ်နေသော အသက်ရှင်ခွင့်ရက်များ ဖြစ်နေခြင်းပင်…။
ဥပဒေရေးရာ နည်းလမ်းများ ဆိုသည်ကတော့ သူ အရင်ဘဝတုန်းကတည်းက လုပ်နေကျအလုပ်သာ ဖြစ်ပြီး ယခု သူ၏ အသက်ရှင်ခွင့်အတွက် သူ ဘာမဆို လုပ်ရဲသည်။
သူ့ရှေ့ရှိ ဌာနမှူးလျိုကို ကြည့်ရင်း ထန်ဖန်ကျင်း တစ်ယောက် ပြေးသွားပြီး ပါးနှစ်ဖက်ကို ရွှတ်ခနဲ နမ်းပစ်လိုက်ချင်စိတ်များပင် ပေါက်လာသည်။
ကျေးဇူးရှင်ဆိုတာ ဘာလဲ။ ဒါမျိုးကို ကျေးဇူးရှင်လို့ ခေါ်တာပေါ့။
"ဌာနမှူး... ဌာနမှူးလျို… ခင်ဗျားပြောတာ တကယ်လား" ထန်ဖန်ကျင်းက အလောတကြီး မေးလိုက်သည်။
"ဟမ်... ဘာကို ပြောတာလဲ”
"ဟို... ကြိုက်တဲ့နေရာ သွားတိုင် ဆိုတဲ့စကားလေ"
"အဲဒါ... အဲဒါ တကယ်ပေါ့"
"ကောင်းလိုက်တာ... တကယ်ကို ကောင်းလိုက်တာ"
ထန်ဖန်ကျင်း သည် ခေါင်းကိုမော့ကာ စိတ်လှုပ်ရှားမှုများ အပြည့်အဝပါဝင်နေသော ရယ်သံကြီးဖြင့် ရယ်မောလိုက်တော့သည်။
ဌာနမှူးလျို တစ်ယောက် လုံးဝကို ကြောင်အမ်းသွားသည်။
ဒီကောင် ဘာဖြစ်သွားတာလဲ။ စောစောလေးတင် သေတော့မယ့်သူလို သူ့ကို ပြန်အာခံနေပြီး အခုကျတော့ ထီပေါက်သွားတဲ့သူလို ဖြစ်နေပါလား။
ဌာနတွင်းရှိ အခြားဝန်ထမ်းများကတော့ ရှောင်ထန် တစ်ယောက် ရူးသွားပြီဟု ထင်နေကြသည်...
သို့သော် အနည်းငယ် ရယ်မောပြီးနောက် ထန်ဖန်ကျင်းက ချက်ချင်း ရပ်တန့်လိုက်ကာ ဌာနမှူးလျိုအား ကြည့်ပြီး ပြောလိုက်သည်။
"ဌာနမှူးလျို… ခင်ဗျား ကျုပ်ကို အလုပ်ဖြုတ်တော့မယ်ဆိုမှတော့ လုပ်ငန်းစဉ်တွေကို မြန်မြန်လေး လုပ်ပေးပါ။ ကျုပ် လောနေလို့။ တကယ်ကို လောနေလို့ပါ"
ဌာနမှူးလျို "..."
၂၀၀% ပြီးမြောက်မှုဆိုသည်ကို အခြားသူများ နားမလည်နိုင်သော်လည်း ထန်ဖန်ကျင်း မြင်လိုက်သည်နှင့် သူ၏ခေါင်းထဲတွင် ပြီးပြည့်စုံသော အစီအစဉ် တစ်ခုက ချက်ချင်း ပေါ်လာခဲ့ပြီးဖြစ်သည်။
ကုမ္ပဏီကို ဘယ်လို ပညာပေးရမလဲ။ အလုပ်ဖြုတ်ခံရလျှင် လျော်ကြေးရမည်။ သို့သော် ဥပဒေနှင့် မညီဘဲ အလုပ်ဖြုတ်ပါက နှစ်ဆလျော်ကြေး ရမည်ဖြစ်သည်။ သို့ရာတွင် ဤငွေကြေးသည် လုပ်သက်နှစ်များနှင့် သက်ဆိုင်နေသည်။
သူ အလုပ်လုပ်သည်မှာ နှစ်နှစ်သာ ရှိသေးသဖြင့် လုပ်သက် x ၂ လစာ ရလျှင်တောင် ဘာမှ မဟုတ်သေးပေ။ ကုမ္ပဏီအတွက် ပညာပေးလောက်သည့် အဆင့်နှင့် အဝေးကြီး ဝေးနေသေးသည်။
စနစ်၏ ပြီးမြောက်မှု အခြေအနေအရ ကြည့်လျှင် လုပ်သက် + ၁ လစာသည် ၅၀% ပြီးမြောက်မှု ဖြစ်သင့်ပြီး 2N သည် ၁၀၀% ဖြစ်မည်။
သို့သော် ၁၀၀% ပြီးမြောက်လျှင် အသက်ရှင်ခွင့် တစ်ပတ်သာ ရမည်ဖြစ်ရာ သူ့အတွက် အသုံးမဝင်လှပေ။ ထို့ကြောင့် သူ၏ အသက်ရှင်ရေး ဖိအားကို လျော့ပါးစေရန် ၂၀၀% ပြီးမြောက်ရန် လိုအပ်သည်။
ကင်ဆာရောဂါသည် လူတစ်ယောက်၏ သက်တမ်းကို အဆက်မပြတ် တိုက်စားနေသည် ဆိုသည်ကို သိထားရမည်...။
ထန်ဖန်ကျင်း စဉ်းစားမိသော အမြင့်ဆုံး ပြီးမြောက်မှု အခြေအနေမှာ အချိန်ပိုကြေးပင် ဖြစ်သည်။
သူ၏ အရင်ဘဝနှင့် ဤကမ္ဘာသည် အခြေခံအားဖြင့် ကွာခြားမှု မရှိပေ။ ဥပဒေများကပင် တူညီနေသည်။ သို့သော် သူ၏ အရင်ဘဝက အမှုအခင်း များစွာမှာ ဤကမ္ဘာတွင် မရှိသေးခြင်းသာ ဖြစ်သည်...
ဥပမာအားဖြင့် အလုပ်ဆင်းပြီးနောက် စာတိုပေးပို့ရေး ဆော့ဖ်ဝဲလ်များမှတစ်ဆင့် ဆက်သွယ်ခြင်းသည် အချိန်ပိုအဖြစ် သတ်မှတ်နိုင်သလား၊ မည်သည့် အခြေအနေမျိုးတွင် အချိန်ပိုအဖြစ် အသိအမှတ် ပြုနိုင်သလဲ ဆိုသည်ကို သူ အသိဆုံးပင်။
ဘာကြောင့်လဲဆိုတော့ ဤကိစ္စအတွက် လမ်းညွှန်အမှုအခင်းကို သူ၏ အရင်ဘဝတွင် သူကိုယ်တိုင် ဖန်တီးခဲ့ခြင်းကြောင့် ဖြစ်သည်။
အလုပ်ဆင်းပြီးနောက် ဆက်သွယ်တာလား။
အဲဒါကို အချိန်ပိုလို့ ခေါ်တယ်ဗျ။ ကျေးဇူးပါပဲ။
ရုံးဖွင့်ရက်များတွင် အလုပ်ဆင်းပြီးနောက် အချိန်ပိုကြေးသည် ပုံမှန်လစာ၏ ၁.၅ ဆ၊ စနေ၊ တနင်္ဂနွေများတွင် ၂ ဆ နှင့် ရုံးပိတ်ရက်များတွင် ၃ ဆ ဖြစ်သည်။
သူက WeChat၊ DingTalk စသည်တို့၏ မှတ်တမ်းများကို အကြမ်းဖျင်း စစ်ဆေးကြည့်လိုက်သည်။ ဤကုမ္ပဏီတွင် ထိုသို့သော ဆက်သွယ်မှုများ နေ့စဉ်နီးပါး ရှိနေပြီး စနေ၊ တနင်္ဂနွေနှင့် ရုံးပိတ်ရက်များတွင်ပင် ရပ်နားခြင်း မရှိခဲ့ချေ။
ဒါက ဘာကိုဆိုလိုတာလဲ။ ဆိုလိုတာက သူတော့ အကြီးအကျယ် ပွဲကြမ်းရတော့မည်...။
.........
အခြားတစ်ဖက်တွင် ဌာနမှူးလျိုသည် ကြောင်အမ်းနေသော်လည်း စကားများက ဤအခြေအနေအထိ ရောက်သွားပြီဖြစ်ရာ စီစဉ်ထားသည့်အတိုင်း ဆက်လုပ်ရုံသာ ရှိတော့သည်။
သို့မဟုတ်ပါက ထိုသို့သောသူကို ဆက်ထားပါက အခြားသူများ၏ စိတ်ဓာတ်များပါ ကျဆင်းသွားပြီး အဖွဲ့ကို ဦးဆောင်ရန် ခက်ခဲသွားပေလိမ့်မည်။
အပေါ်ထပ်ရှိ ရုံးခန်းအတွင်းတွင် ဌာနမှူးလျိုနှင့် မန်နေဂျာဝမ်တို့သည် သူဌေးကုလားထိုင်ပေါ်တွင် ထိုင်နေသော အမျိုးသားအား ကြည့်ကာ "မန်နေဂျာချုပ်ဟူ… အခြေအနေက အဲဒီလိုပါပဲ" ဟု ပြောလိုက်သည်။
မန်နေဂျာချုပ်ဟူက ပေါ့ပေါ့ပါးပါးပင် "အဲဒါဆိုလည်း သူ့ကို အလုပ်ထုတ်လိုက်ပေါ့။ ဥပဒေရေးရာဌာနကို အကြောင်းပြချက် ရှာခိုင်းလိုက်။ သူက ဘယ်သူ့ကို လာခြောက်နေတာလဲ။ လုပ်ထုံးလုပ်နည်းအတိုင်းပဲ ဆက်လုပ်”
သူ ခေတ္တရပ်လိုက်ပြီးနောက် ဆက်ပြောသည် "ဒီခေတ် လူငယ်တွေက ကြိုးစားချင်စိတ် လုံးဝ မရှိတော့ဘူး။ တစ်ယောက်ပြီး တစ်ယောက် ဗီဒီယိုအတိုတွေ အရမ်းကြည့်ပြီး သူတို့ကိုယ်သူတို့ လုပ်ငန်းခွင်ကို ပြုပြင်ပြောင်းလဲနိုင်မယ် လို့ ထင်နေကြတာ”
"ကဲပါ... မင်းတို့နှစ်ယောက် သွားပြီး အလုပ်ဆက်လုပ်ကြတော့”
Bluebird ကုမ္ပဏီ၏ သူဌေးအတွက်တော့ ဤသည်မှာ ကြီးကျယ်သောကိစ္စ မဟုတ်ပေ။ စကား နားမထောင်သော ဝန်ထမ်းများကို အလုပ်ထုတ်ပစ်ရုံသာ။ တစ်ဖက်လူ၏ စိတ်လှုပ်ရှားနေသော တုံ့ပြန်မှုနှင့် "ကောင်းလိုက်တာ" ဟု ပြောခြင်းသည် သူဌေးအမြင်တွင် ဟန်ဆောင်နေခြင်းသာ ဖြစ်သည်။
ဝတ္ထုတွေထဲကလို ဝန်ထမ်းတွေက ခုံရုံးသွားတိုင်ရင် သူဌေးတွေက ကြောက်သွားလိမ့်မယ်လို့ သူတို့အားလုံး ထင်နေကြတာလား။
ကုမ္ပဏီကို သေချာလေး လာပြောရင်တောင် သနားပြီး ပိုက်ဆံနည်းနည်းပါးပါး ပေးကောင်း ပေးနိုင်ပေမယ့် အခုလို အခြေအနေမျိုးမှာတော့ အိပ်မက်သာ မက်နေလိုက်တော့
သူက မင်းကို လစာတိုးပေးမယ့်အစား အဲဒီပိုက်ဆံတွေကို အလှူငွေထည့်ပစ်လိုက်မယ်။ ဆင်းရဲသားတွေကို ပိုက်ဆံအလကားပေးတာက အပြစ်တစ်ခုပဲကွ သိလား။
အချိန်သည် လျင်မြန်စွာ မွန်းလွဲပိုင်းသို့ ရောက်ရှိသွားပြီး ထန်ဖန်ကျင်းသည် အလုပ်ထုတ်စာကို လက်ခံရရှိလိုက်သည်။
ထိုအထဲတွင် အကြောင်းပြချက်များစွာ ပါဝင်သည် - ကုမ္ပဏီ၏ စည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်ခြင်း၊ လုပ်ဖော်ကိုင်ဖက်များကို စော်ကားခြင်း၊ အလုပ်တာဝန်များကို မထမ်းဆောင်နိုင်ခြင်း စသည်ဖြင့် ဖြစ်သည်။
အတိုချုပ်ပြောရလျှင် ဤစာရွက်ကိုသာ ကြည့်မည်ဆိုပါက ကုမ္ပဏီကပင် တကယ်ကို မတရားခံရသည်ဟု ခံစားရနိုင်ပေသည်။
WeChat၊ DingTalk အစရှိသော အလုပ်နှင့်သက်ဆိုင်သည့် ဂရုများအားလုံးမှ သူ့ကို ဖယ်ရှားလိုက်ပြီ ဖြစ်သော်လည်း ကိစ္စမရှိပေ။ တစ်နေကုန်နီးပါး အချိန်ရခဲ့သည်က ထန်ဖန်ကျင်း အတွက် လုံလောက်နေပြီ ဖြစ်သည်။ သူက ပရော်ဖက်ရှင်နယ်လေ။
သူ၏ ပစ္စည်းများကို သယ်ကာ ကုမ္ပဏီမှ ထွက်ခွာလာချိန်တွင် ရောဂါကြောင့် ခန္ဓာကိုယ်က တုန်ယင်နေသော်လည်း ထန်ဖန်ကျင်း၏ ရင်ထဲတွင် မီးတောက်တစ်ခု လောင်ကျွမ်းနေသကဲ့သို့ ခံစားနေရသည်။
အိမ်ပြန်ရောက်သည်နှင့်တပြိုင်နက် သူသည် အလုပ်သမားခုံရုံးသို့ တိုင်ကြားရန် လျှောက်လွှာနှင့် သက်သေအထောက်အထားများကို ချက်ချင်း စတင်ပြင်ဆင်တော့သည်။ အဓိကကတော့ သက်သေအထောက်အထားတွေပင်…။
သေချာသည်မှာ ရှေ့နေလူလည် တစ်ယောက်အနေဖြင့် ထန်ဖန်ကျင်းသည် အလုပ်သမားခုံရုံးတွင် အမှုရှုံးနိုင်ခြေ မြင့်မားကြောင်း ကောင်းစွာ သိရှိထားသည်။
အကြောင်းပြချက်မှာ ရိုးရှင်းပါသည်။ ဤကမ္ဘာတွင် အလားတူ အမှုအခင်းမျိုး ယခင်က မရှိခဲ့ဖူးသောကြောင့် အလုပ်သမားခုံရုံးက ထောက်ခံမည်မဟုတ်သလို ပထမအကြိမ် ကြားနာမှုတွင်ပင် ပယ်ချခံရနိုင်ခြေ ရှိသည်။
ဥပဒေနယ်ပယ်တွင် "အချက်အလက်တွေအပေါ် အခြေခံပြီး ဥပဒေရဲ့ လမ်းညွှန်မှုအတိုင်း လုပ်ဆောင်ပါ" ဟု ဆိုရိုး ရှိသည်။ သို့သော် လုပ်ထုံးလုပ်နည်းဟောင်းများအတိုင်း လိုက်နာခြင်းသည် ကြီးမားသော ပြဿနာများကို မဖြစ်ပေါ်စေသော်လည်း အသစ်အဆန်းများကို မိတ်ဆက်ရာတွင်တော့ များစွာ ပြဿနာ ရှိနိုင်၏။
အချို့သောအမှုများသည် တရားလွှတ်တော်ချုပ်အထိ သွားရန် လိုအပ်ပြီး ဤသည်မှာလည်း ဥပဒေ နယ်ပယ်၏ လက်တွေ့အခြေအနေပင် ဖြစ်သည်။ အခြားအရာများကြောင့် မဟုတ်ဘဲ ပြောင်းလဲမှုတစ်ခု ပြုလုပ်ရန် ဖိအားများကို ခံနိုင်ရည်ရှိရန် လိုအပ်ပြီး မည်သည့်လုပ်ငန်းခွင်တွင်မဆို ထိုနည်းတူပင် ဖြစ်သည်။
နှစ်ရက်တိတိ ထန်ဖန်ကျင်းသည် အိမ်ပြင်မထွက်ခဲ့ပေ။ သူသည် မှောင်မိုက်ပြီး စိုစွတ်နေသော အခန်းငယ်လေးထဲတွင် အဆက်မပြတ် ပြင်ဆင်တွက်ချက်နေခဲ့သည်။
သူသည် ဤကမ္ဘာတွင် ရှေ့နေတစ်ယောက် မဟုတ်သေးသော်လည်း ယခုနှစ်အတွက် ရှေ့နေလိုင်စင် စာမေးပွဲက နီးကပ်လာပြီဖြစ်ရာ စာမေးပွဲအား ဝင်ရောက် ဖြေဆိုရန် ရည်ရွယ်ထားသည်။
ဤကမ္ဘာရှိ ရှေ့နေလိုင်စင်စာမေးပွဲသည် နှစ်စဉ်ကျင်းပဆဲ ဖြစ်ပြီး ဥပဒေဘွဲ့ မရထားသူများလည်း ဖြေဆိုခွင့်ရှိသည်မှာ ကံကောင်းခြင်းပင်...
တတိယမြောက်နေ့ နံနက်ခင်းသို့ ရောက်ရှိလာခဲ့သည်။ ထန်ဖန်ကျင်းသည် သူ၏ နှစ်ရက်တာ ကြိုးပမ်းအားထုတ်မှု ရလဒ်ဖြစ်သော အထုတ်ကြီးတစ်ထုတ်ကို ဆွဲကာ အိမ်မှ ထွက်လာခဲ့သည်။
နာရီဝက်အကြာတွင်တော့ သူသည် အလုပ်သမားခုံရုံး၏ ကောင်တာရှေ့တွင် ရပ်နေပြီ ဖြစ်သည်။
"မင်္ဂလာပါ… ကျွန်တော် အလုပ်သမားခုံရုံးကို အမှုလာတိုင်ချင်လို့ပါ"
အလုပ်သမားခုံရုံးမှ ဧည့်ကြိုဝန်ထမ်း မာယောင်းက သူမ၏ အလုပ်များဖြင့် ရှုပ်ယှက်ခတ်လုပ်နေရင်းမှ "မှတ်ပုံတင်နဲ့ လျှောက်လွှာပေးပါ..."
"ကျွန်တော် အကုန်ယူလာပါတယ်။ နည်းနည်းလောက် မြန်မြန်လေး လုပ်ပေးပါ။ ကျွန်တော် လောနေလို့ပါ"
ဘာတွေများ လောနေတာလဲ...။
မာယောင်းက ခေါင်းမော့ကာ တစ်ခုခုပြောမည်အလုပ် ကောင်တာပေါ်တွင် တင်လိုက်သော အထုတ်ကြီး တစ်ထုတ်ကို မြင်လိုက်ရသည်။ သူမရှေ့ရှိ ဖြူဖျော့ဖျော့ လူငယ်လေးသည် ဇစ်ကိုဆွဲဖွင့်ကာ ကြည့်လိုက်ရုံဖြင့် ခေါင်းမူးသွားစေလောက်မည့် စာရွက်စာတမ်း အထပ်လိုက်ကြီးကို ဆွဲထုတ်လိုက်သည်။
မာယောင်း တစ်ယောက် မသိမသာ တံတွေးမြိုချလိုက်မိသည် "ဒါတွေ... ဒါတွေ အကုန်လုံးပဲလား”
"အကုန်လုံးပါပဲ။ အရင်ဆုံး ကြည့်လိုက်ပါဦး။ အဓိက တောင်းဆိုချက်တွေကတော့ ဥပဒေနဲ့မညီဘဲ အလုပ်ဖြုတ်မှု၊ လျော်ကြေးငွေ နှစ်ဆနဲ့ အချိန်ပိုကြေးတွေပါ”
စာရွက်စာတမ်းပုံပေါ်ရှိ လျှောက်လွှာကို ကောက်ကိုင်လိုက်ရင်း မာယောင်းက ပြောလိုက်သည် "အို... အချိန်ပိုကြေးပါ ပါတာလား။ ကြည့်ရအောင်... အချိန်ပိုကြေး ခြောက်သိန်းရှစ်သောင်း သုံးထောင်... ဟမ်”
***