ဂဏန်းတန်းရှည်ကြီးအား ထပ်မံကြည့်ရှုပြီးနောက် မာယောင်း သည် ခေါင်းကိုမော့ကာ ကြောင်တောင်တောင်ဖြင့် ပြောလိုက်သည် "ထန်ဖန်ကျင်း ဟုတ်တယ်မလား။ ဒီပမာဏက မမှားဘူးဆိုတာ သေချာရဲ့လား။ အချိန်ပိုကြေး ခြောက်သိန်းကျော်ကြီးတောင်လား”
ဂဏန်းပမာဏက များလွန်းနေရုံသက်သက်ကြောင့်တော့ မဟုတ်ပေ။ မျှမျှတတ ပြောရလျှင် သူမ အလုပ်သမားခုံရုံးတွင် အလုပ်လုပ်သည်မှာ မကြာသေးသော်လည်း ထိုကဲ့သို့ မတန်တဆများပြားသော လျော်ကြေးငွေများအကြောင်းကို ကြားဖူးပါသည်။
သို့သော် ထိုအရာများသည် လစာအလွန်မြင့်မားသူများ သို့မဟုတ် လုပ်သက် အလွန်ရှည်ကြာသူများ အတွက်သာ ဖြစ်ပြီး အများစုမှာ အလုပ်ထွက်ပြီးနောက် ရရှိသော လျော်ကြေးငွေ သို့မဟုတ် နစ်နာကြေးများသာ ဖြစ်ကြသည်။
လုပ်သက်နှစ်နှစ်အတွင်း အချိန်ပိုကြေးက ဒီလောက်အထိ ရောက်သွားသည်ကို သူမ တစ်ခါမှ မကြားဖူးခဲ့ချေ...။
ဒီပမာဏနဲ့ယှဉ်လိုက်ရင် ဥပဒေနဲ့မညီဘဲ အလုပ်ဖြုတ်ခံရလို့ရမယ့် နှစ်ဆလျော်ကြေးဆိုတာက ရေတစ်စက်လောက်ပဲ ရှိတော့သည်။
ထန်ဖန်ကျင်းက စာရွက်စာတမ်းပုံကြီးကို လက်ညှိုးထိုးပြကာ ပြောလိုက်သည် "ဒီပမာဏက သေချာပါတယ်။ ခြောက်သိန်း ရှစ်သောင်း သုံးထောင် နှစ်ရာ့ဆယ့်သုံးယွမ်နဲ့ အကြွေ ငါးကျောက်ပါ။ အားလုံးကို အသေးစိတ် တွက်ချက်ထားတာမို့လို့ ခင်ဗျား ကြည့်လို့ရပါတယ်”
မာယောင်းက စာရွက်စာတမ်းများကို စတင်လှန်လှောကြည့်ရင်း ပြောလိုက်သည် "ဒါပေမယ့် ရှင်ရဲ့ လျှောက်လွှာကို ကြည့်ရသလောက် ရှင် ဒီကုမ္ပဏီမှာ အလုပ်လုပ်တာ နှစ်နှစ်ပဲ ရှိသေးတယ်လေ။ ဘယ်လိုလုပ် ဒီလောက်များနေရတာလဲ... နေပါဦး။ ရှင်က အလုပ်ဆင်းပြီးနောက်ပိုင်း WeChat နဲ့ DingTalk ကနေ ဆက်သွယ်တာတွေကိုပါ အခြေခံပြီး တွက်ထားတာလား”
အမှန်ပင်... စာရွက်စာတမ်းများကို ဖတ်ရှုရင်း မာယောင်း တစ်ယောက် တွက်ချက်မှု၏ အခြေခံကို နောက်ဆုံးတွင် တွေ့သွားခဲ့ပြီဖြစ်သည်။
"ဟုတ်ပါတယ်။ ကျွန်တော် တင်ပြထားတဲ့ သက်သေအထောက်အထားတွေက ပြီးခဲ့တဲ့ နှစ်နှစ်အတွင်းမှာ ရုံးဖွင့်ရက်၊ စနေ တနင်္ဂနွေ ဒါမှမဟုတ် ရုံးပိတ်ရက်တွေပါမကျန် ဆက်သွယ်ရေးဆော့ဖ်ဝဲလ် အမျိုးမျိုးကနေ တစ်ဆင့် ကျွန်တော် အလုပ်လုပ်ခဲ့ရတယ် ဆိုတာကို သက်သေပြနိုင်ပါတယ်..."
သို့သော် ထန်ဖန်ကျင်း၏ စကားမဆုံးခင်မှာပင် ဖြတ်ပြောခံလိုက်ရသည်။
"ဒါပေမယ့် ဒါက... အလုပ်ဆင်းပြီးနောက် WeChat ကနေ စာပြန်တာကို အချိန်ပိုလို့ သတ်မှတ်လို့ ရလို့လား”
သူမတွင် ထိုသို့သော သံသယများ ရှိနေခြင်းမှာ အံ့သြစရာတော့ မဟုတ်ပေ။ အလုပ်သမားခုံရုံး၏ ဝန်ထမ်းတစ်ဦးဖြစ်သော သူမလိုလူမျိုးပင် တိတိကျကျ မဆုံးဖြတ်နိုင်သော မေးခွန်းတစ်ခု ဖြစ်နေသည်ကိုး။
တရုတ်နိုင်ငံသည် Common Law နိုင်ငံ (တရားသူကြီးများ၏ ဆုံးဖြတ်ချက်ကို အခြေခံသော ဥပဒေစနစ် ကျင့်သုံးသည့် နိုင်ငံ) မဟုတ်သော်လည်း ယခင်ဖြစ်ပွားခဲ့သော အမှုအခင်းများသည် လုံးဝ အသုံးမဝင်ဘူးဟု ဆိုလိုခြင်း မဟုတ်ပေ။ သို့မဟုတ်ပါက တရားလွှတ်တော်ချုပ် နှစ်ခုက အဘယ့်ကြောင့် လမ်းညွှန်အမှုအခင်း များစွာကို ထုတ်ပြန်နေမည်နည်း။
တစ်ဖက်လူ၏ တုံ့ပြန်မှုသည် ထန်ဖန်ကျင်း မျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်သည်။
သူ ထင်ထားသည့်အတိုင်းပင်။ ပြဋ္ဌာန်းပြီးသား စည်းမျဉ်းများကို လိုက်နာခြင်းက ကြီးမားသော ပြဿနာများကို မဖြစ်ပေါ်စေနိုင်သော်လည်း အသစ်အဆန်း ပြောင်းလဲမှုများ ပြုလုပ်ခြင်းကသာ ပြဿနာများကို ဖြစ်စေနိုင်သည်။
ဘာပဲဖြစ်ဖြစ် ဤကိစ္စကို အလုပ်သမားခုံရုံးက ဆုံးဖြတ်ပေးနိုင်လိမ့်မည် ဟု သူ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။
ထို့ကြောင့် ထန်ဖန်ကျင်းက တိုက်ရိုက်ပင် ပြောလိုက်သည် "အခြေအနေကတော့ ဒီလိုပါပဲဗျာ။ ဘာပဲဖြစ်ဖြစ် ကျွန်တော့်ရဲ့ တောင်းဆိုချက်တွေထဲမှာ ဒါတွေ ပါဝင်ပါတယ်။ ဒါပေမယ့် ခင်ဗျားတို့ဘက်က နည်းနည်းတော့ မြန်မြန်လေး လုပ်ပေးဖို့ လိုမယ်။ ကျွန်တော် တကယ်ကို လောနေလို့ပါ”
မာယောင်းသည် ဤစကားကို ကြားသောအခါ မျက်မှောင်ကြုတ်သွားပြီးနောက် မတ်တတ်ရပ်ကာ လှမ်းခေါ်လိုက်သည် "အစ်မဝမ်… အစ်မဝမ်… ခဏလောက် ဒီကို လာခဲ့ပေးလို့ရမလား”
"ဒီလျှောက်လွှာကို ကြည့်ပါဦး။ သူက အလုပ်ဆင်းပြီးနောက်ပိုင်းနဲ့ နားရက်တွေမှာ WeChat ကနေ ခဏခဏ ဆက်သွယ်ရတာတွေ ရှိခဲ့တယ်တဲ့။ အဲဒါကို သူက အချိန်ပိုအဖြစ် သတ်မှတ်တယ်တဲ့။ အစ်မ ဘယ်လိုထင်လဲ..."
အစ်မဝမ် ဟုခေါ်သော အမျိုးသမီးကလည်း စာရွက်စာတမ်းများကို မြင်သောအခါ အေးခဲသွားသော်ငြား ချက်ချင်းပင် ပြန်ပြောလိုက်သည် "တစ်ဖက်လူက ဒီတောင်းဆိုချက်ကိုပဲ အတင်းတောင်းဆိုနေတာ မဟုတ်လား။ အဲဒါဆိုရင်လည်း ပုံမှန် လုပ်ထုံးလုပ်နည်းအတိုင်းပဲ ဆက်လုပ်လိုက်ပါ”
မာယောင်းက ခေါင်းညိတ်ကာ ထိုင်ချလိုက်ပြီး ပြောသည် "ထန်ဖန်ကျင်း ဟုတ်တယ်မလား။ ကျွန်မ ရှင်းပြပါရစေ။ စာရွက်စာတမ်းတွေကို လက်ခံရရှိပါပြီ။ ရလဒ်တစ်ခုခု ထွက်လာတာနဲ့ ရှင့်ကို အကြောင်းကြားပေးပါ့မယ်။ ရှင် အရင် ပြန်လို့ရပါပြီ”
မည်သည့် တွေဝေမှုမှမရှိဘဲ ထွက်ခွာသွားသော ထန်ဖန်ကျင်းကို ကြည့်ရင်း မာယောင်းက သိချင်စိတ်ဖြင့် မေးလိုက်သည် "အစ်မဝမ်… ဒီတောင်းဆိုချက်ကို အတည်ပြုပေးလိမ့်မယ်လို့ ထင်လား။ ဒီလိုမျိုး ကျွန်မ တစ်ခါမှ မမြင်ဖူးဘူး”
အစ်မဝမ်က နှုတ်ခမ်းမဲ့ကာ ပြောလိုက်သည် "ဒီမှာတော့ ဖြစ်နိုင်ခြေနည်းတယ်။ ငါထင်တာတော့ သူက ရှေ့နေတစ်ယောက်ယောက်ရဲ့ လိမ်ညာတာကို ခံလိုက်ရတာနေမယ်။ ဒီစာရွက်စာတမ်းပုံကြီးကို ကြည့်ဦး။ ရှေ့နေခက သေချာပေါက် နည်းမှာမဟုတ်ဘူး"
မကြာမီပင် ဤလျှောက်လွှာ စာရွက်စာတမ်းများသည် ခုံရုံးအတွင်း ပျံ့နှံ့သွားခဲ့သည်။ ယခင်ကလည်း အလားတူ လျှောက်လွှာမျိုး ရှိခဲ့ဖူးသည်။
သို့သော် ထိုကဲ့သို့ စာရွက်စာတမ်းများသည် မသိနားမလည်သူများကို မျက်စိလှည့်စားရန် သို့မဟုတ် ဟန်ပြသက်သက်သာ ဖြစ်ကြောင်း သိသာလှသည်။ အလုပ်သမားခုံရုံးက အခကြေးငွေ မယူသောကြောင့် အချို့လူများက ဖြစ်သလို ရေးတတ်ကြသည်။
သို့သော် ထန်ဖန်ကျင်း ပြင်ဆင်ထားသော စာရွက်စာတမ်းများသည် တကယ်ကို အသေးစိတ်ကျပြီး ခိုင်မာလှသည်။ အချိန်ပို မည်မျှလုပ်ခဲ့ရသည်။ အချိန်ပိုအတွက် သက်သေအထောက်အထားများနှင့် အချိန်ပိုကြေး တွက်ချက်မှုများ အားလုံး တိကျရှင်းလင်းစွာ ပါဝင်နေသည်။
ယခုအခါ ဖြေရှင်းရန် မေးခွန်း တစ်ခုသာ ကျန်တော့သည် : အလုပ်ချိန်ပြင်ပတွင် ဆက်သွယ်ရေးဆော့ဖ်ဝဲလ်မှ တစ်ဆင့် ဆက်သွယ်ခြင်းသည် အချိန်ပိုအဖြစ် သတ်မှတ်နိုင်ပါသလား။
ထန်ဖန်ကျင်းကတော့ အခြား ဘာမှမလုပ်ဘဲ ယခုနှစ်အတွက် ရှေ့နေလိုင်စင်စာမေးပွဲ ဖြေဆိုရန်သာ ပြင်ဆင်နေခဲ့သည်။
ဟုတ်ပါသည်။ အရင်ဘဝက နာမည်ကြီးရှေ့နေဖြစ်ခဲ့သော အဘိုးကြီးထန် တစ်ယောက် ယခုအချိန်တွင် ရှေ့နေလိုင်စင်စာမေးပွဲ ဖြေဆိုရန် ပြင်ဆင်နေရဆဲပင်။
စဉ်းစားကြည့်ပါ။ မင်းက အိမ်ထောင်ရေးဥပဒေကို ဆယ်နှစ်လောက် ကိုင်တွယ်လာခဲ့ပြီး အခု ရုတ်တရက် ရာဇဝတ်မှုဥပဒေ စာမေးပွဲကို သွားဖြေရမယ်။ အဲဒီစာမေးပွဲကလည်း နေ့စဉ်ဘဝမှာ တစ်ခါမှ မသုံးဖူးတဲ့ ရှုပ်ထွေးပြီး ရှားပါးတဲ့ အမှုအခင်းတွေအကြောင်း ဖြစ်နေမယ်...
ဒီလိုအခြေအနေမှာ စာမေးပွဲကျတယ်ဆိုတာ တကယ်ကို သာမန်ပါပဲ။
နာမည်ကြီးရှေ့နေတွေက စာမေးပွဲကို အလွယ်တကူ အောင်မြင်သွားကြတယ်ဆိုတဲ့ စကားတွေကိုတော့ နားထောင်ပြီးရင် မေ့သာပစ်လိုက်ပါ...။ ထို့ကြောင့် ထန်ဖန်ကျင်းက စာများကို အစွမ်းကုန် ကျက်မှတ် လေ့လာရလေတော့သည်။
တစ်ပတ်တာအချိန်သည် မျက်တောင်တစ်ခတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။
ကျင်းကျိုးမြို့ရှိ Bluebird အင်တာနက် စီမံခန့်ခွဲမှု ကုမ္ပဏီလီမိတက်အတွင်းတွင်တော့ သဟဇာတ ဖြစ်မှုတွေက အပြည့်အဝ ရှိနေဆဲပင်။
ဌာနမှူးလျို တစ်ယောက် မကြာသေးမီက အလွန် ပျော်ရွှင်နေခဲ့သည်။ ပြဿနာရှာတတ်သူများအတွက် ဂေါ်ဒီးယန်းကြိုးထုံးကို ဓားဖြင့် ဖြတ်ချလိုက်သလို အမြန်ဆုံး ရှင်းလင်းပစ်သင့်ကြောင်း အချက်အလက်များက သက်သေပြနေသည်။
ရလဒ်ကတော့ အလွန်ကောင်းမွန်လှသည်။ ယခုအခါ သူ၏ဌာနတွင် မည်သူမှ ပြဿနာ မရှာရဲကြတော့ပေ။
ညဘက် ကာစတန်မာတွေနဲ့ ဆက်သွယ်ခိုင်းတာ ဘာများမှားနေလို့လဲ။ မက်ဆေ့ချ်တစ်ခုကို ပြန်ခိုင်းတာ ဘာများမှားနေလို့လဲ။
နောက်ထပ် တနင်္လာနေ့ နံနက်ခင်း အစည်းအဝေးတစ်ခုသို့ ရောက်ရှိလာပြန်ပြီး ဌာနမှူးလျိုသည် အရှေ့ဆုံးတွင် မတ်တပ်ရပ်ကာ လေးလေးနက်နက် ပြောဆိုနေသည်။
"မင်းတို့ဘာသာ စဉ်းစားကြည့်ကြ။ ကုမ္ပဏီက မင်းတို့ကို ဒုက္ခပေးပါ့မလား။ မင်းတို့အားလုံး အိမ်ပြန်ရောက်ရင် ဖုန်းသုံးကြတယ် မဟုတ်လား။ ဗီဒီယိုတွေကြည့်မယ်။ ဝတ္ထုတွေဖတ်မယ်။ ဂိမ်းတွေဆော့မယ်။ မင်းတို့အရွယ်မှာ အသစ်အဆန်းတွေ ပိုသင်ယူတာက ထိခိုက်နစ်နာစရာ မရှိပါဘူးကွ”
"ဒါ့အပြင် လူငယ်တွေဆိုတာ အခက်အခဲတွေကို သည်းခံနိုင်ဖို့ လိုသေးတယ်။ ငါတို့ရဲ့ မန်နေဂျာချုပ်ဟူကို ကြည့်။ မန်နေဂျာဝမ် ကို ကြည့်။ သူတို့ ငယ်ငယ်တုန်းက ဒုက္ခမရောက်ခဲ့တဲ့သူ ဘယ်သူရှိလဲ။ အားလုံး ဖြတ်သန်းခဲ့ရတာချည်းပဲ။ မန်နေဂျာချုပ်ဟူ ဆိုရင် ငယ်ငယ်တုန်းက တစ်နေ့ကို သုံးနာရီပဲ အိပ်ခဲ့ရတာကွ သိလား”
"ကဲပါ... ငါ အပိုစကားတွေ မပြောတော့ဘူး။ အတွေ့အကြုံရှိတဲ့သူ တစ်ယောက်အနေနဲ့ ငါ မင်းတို့ကို ပြောချင်တာက လူငယ်တွေအနေနဲ့ ငွေကို ပထမဦးစားပေး မထားသင့်ဘူး။ အချိန်တိုင်း ငွေအကြောင်းချည်းပဲ မပြောကြနဲ့။ မင်းတို့ရဲ့ ကျွမ်းကျင်မှုတွေကို သေချာသင်ယူထားရင် ငွေရှာဖို့ အခွင့်အရေးတွေ အများကြီး ရလာလိမ့်မယ် သိလား။ ကဲ... အားလုံး ကိုယ့်နေရာကိုယ် ပြန်သွားလို့ရပြီ”
ဟူး... ဒီဆိုးရွားတဲ့ ခေတ်ရေစီးကြောင်းကြီး လူ့အဖွဲ့အစည်းထဲမှာ ဘယ်အချိန်ကတည်းက စတင်ခဲ့လဲဆိုတာတော့ မသေချာဘူး။ အားလုံးက ငွေအကြောင်းချည်းပဲ ပြောနေကြတယ်။ ကျောင်းကနေ အခုမှ ဘွဲ့ရခါစ ကောင်တွေတောင် ငွေဘယ်လောက်ရမလဲ ဆိုတာကိုပဲ ပြောနေကြတယ်။
ပြီးတော့ တချို့လူတွေဆို ပြဿနာလေး နည်းနည်းတက်တာနဲ့ အချိန်ပိုကြေး တောင်းကြတယ်။ အရင်ခေတ်တွေကလို မဟုတ်တော့ဘူး...။
ထိုအချိန်တွင် တံခါးဝရှိ လုံခြုံရေးဝန်ထမ်းတစ်ဦးက အော်ပြောလိုက်သည် "ဌာနမှူးလျို… ဌာနမှူးလျို… ဒီမှာ စာရွက်စာတမ်းတစ်ခု ရှိတယ်။ အလုပ်သမားခုံရုံးက လာပို့တာပါ”
ဟမ်...
"အလုပ်သမားခုံရုံး" ဆိုသော စကားလုံးက လူတိုင်း၏ အာရုံကို ချက်ချင်း ဖမ်းစားသွားသည်။ ဌာနမှူးလျိုက လှည့်ကြည့်ကာ ပြောလိုက်သည်။
"မင်းတို့အားလုံး ဘာရပ်လုပ်နေကြတာလဲ။ အလုပ်သွားလုပ်ကြလေ။ ကုမ္ပဏီက မင်းတို့ကို ပိုက်ဆံပေးထားတာ အလုပ်လုပ်ဖို့ကွ။ ဇာတ်လမ်းကြည့်ဖို့ မဟုတ်ဘူး"
ထိုသို့ပြောပြီးနောက် သူက လုံခြုံရေးဝန်ထမ်းထံသို့ လျှောက်သွားကာ ယူနီဖောင်းဝတ်ထားသော လူငယ်လေးအား ကြည့်ပြီး မေးလိုက်သည် "အလုပ်သမားခုံရုံးက စာရွက်စာတမ်း လာပို့တာလား”
လူငယ်လေးက ခေါင်းညိတ်ကာ လျှောက်လွှာမိတ္တူနှင့် အခြားစာရွက်စာတမ်းများကို ကမ်းပေးရင်း ပြောလိုက်သည် "ကျွန်တော်တို့ ဒီနေရာမှာ တစ်ခါတည်း အသိပေးရမှာက ခင်ဗျားတို့အနေနဲ့ ဒီစာရွက်တွေကို လက်ခံရရှိပြီး ဆယ်ရက်အတွင်း ချေပလွှာ တင်သွင်းရပါမယ်။ တကယ်လို့ မတင်သွင်းဘူးဆိုရင်..."
ဌာနမှူးလျိုက လျှောက်လွှာမိတ္တူကို လှမ်းယူလိုက်ပြီး မျက်မှောင်ကြုတ်ကာ ဖတ်ကြည့်လိုက်ရာ သူ၏ မျက်နှာမှာ ချက်ချင်းဆိုသလို သိသိသာသာ ပြောင်းလဲသွားတော့သည်။ သူက အသံကုန် အော်ဟစ်လိုက်သည် "အချိန်ပိုကြေးက ခြောက်သိန်းရှစ်သောင်းကျော်ကြီးတောင်လား"
သူ တကယ်ကို အံ့သြသွားခြင်း ဖြစ်သည်။ ထိုမျှ ကျယ်လောင်စွာ အော်ဟစ်လိုက်သဖြင့် အနီးအနား ရုံးခန်းဧရိယာရှိ အခြားဌာနများမှ ဝန်ထမ်းများပင် ကြားသွားကြသည်။
ထို့အပြင် ကြောက်မက်ဖွယ် ပမာဏကြီးနှင့် "အချိန်ပိုကြေး" ဆိုသော စကားလုံးပေါင်းစပ်မှုက အလွန်တရာ မျက်စိကျစရာကောင်းလှသဖြင့် လူများစွာက လှမ်းကြည့်လာကြသည်။
ဌာနမှူးလျိုက ယခုအချိန်တွင် အခြားမည်သည့်အရာကိုမှ ဂရုမစိုက်နိုင်တော့ချေ။ သူ၏ရှေ့ရှိ လူငယ်လေးအား ကြည့်ကာ အော်ပြောလိုက်သည်။
"ဒါက ဘာသဘောလဲ။ မင်းတို့ အလုပ်သမားခုံရုံးက ဒါကို ဘယ်လို ကိုင်တွယ်တာလဲ။ အချိန်ပိုကြေး ခြောက်သိန်းရှစ်သောင်းကျော်တဲ့လား။ ဒါက ငွေညှစ်တာ မဟုတ်ဘူးလား။ ပြီးတော့ မင်းတို့က ဒါကို ငါတို့ဆီ လာပို့ပေးတယ်ပေါ့လေ"
ယွမ် ခြောက်သိန်းရှစ်သောင်းကျော် ဆိုသည်မှာ အမှန်ပင် နည်းပါးသော ပမာဏ မဟုတ်ပေ။ အဓိကအချက်မှာ ထန်ဖန်ကျင်း ဆိုသည်က သူကိုယ်တိုင် အလုပ်ထုတ်ရန် အကြံပြုခဲ့သူ ဖြစ်နေခြင်းပင်…။
သူ ဘယ်လိုလုပ် လုပ်ရဲရတာလဲ။ ဒီလောက် ပိုက်ဆံအများကြီး တောင်းရဲတယ်ပေါ့လေ။
အလုပ်သမားခုံရုံးမှ ဝန်ထမ်းလေးကလည်း ချက်ချင်း ပြောလိုက်သည်။ "ကျွန်တော်က စာရွက်စာတမ်း လာပို့တာပါ။ ကျွန်တော့်ကို လာမအော်ပါနဲ့။ အသေးစိတ်ကိုတော့ ဥပဒေက ဆုံးဖြတ်ပါလိမ့်မယ်။ ကျေးဇူးပြုပြီး လက်ခံရရှိကြောင်း လက်မှတ်ထိုးပေးပါ”
ဌာနမှူးလျို တစ်ခုခုပြောမည်အလုပ် မန်နေဂျာဝမ်က လျှောက်လာခဲ့ပြီး မျက်မှောင်ကြုတ်ကာ ပြောလိုက်သည် "အဘိုးကြီးလျို… မင်း ဘာတွေ အော်နေတာလဲ။ အချိန်ပိုကြေး ခြောက်သိန်းရှစ်သောင်းက ဘာလဲ။ မင်း ဘာလုပ်နေတာလဲ”
ဌာနမှူးလျိုက ကမန်းကတန်း ပြန်ပြောလိုက်သည် "မန်နေဂျာဝမ်… ခင်ဗျားကိုယ်တိုင်သာ ကြည့်ပါတော့ဗျာ။ ဟိုထန်ဖန်ကျင်းလေ။ သူက အလုပ်သမားခုံရုံးကို တိုင်ထားတယ်။ အချိန်ပိုကြေး ခြောက်သိန်းရှစ်သောင်းကျော် တောင်းထားတယ်တဲ့"
မန်နေဂျာဝမ် သည်လည်း ထိုအရာကို မြင်သောအခါ အေးခဲသွားတော့သည်။ အထူးသဖြင့် ထိုအချိန်ပိုကြေးများထဲတွင် အလုပ်ဆင်းပြီးနောက် ဆက်သွယ်မှုများ ပါဝင်နေသည်ကို မြင်လိုက်ရသောအခါ သူ ပို၍ပင် မကျေမနပ် ဖြစ်သွားတော့သည်။
သို့သော် နောက်ဆုံးတွင်တော့ သူ ဒေါသတကြီး မတုံ့ပြန်ခဲ့ဘဲ ဤသို့သာ ပြောလိုက်သည် "ကဲပါ ကဲပါ... ငါတို့ လက်မှတ်ထိုးပေးလိုက်မယ်။ အဘိုးကြီးလျို… အရမ်းကြီးလည်း လန့်မနေစမ်းပါနဲ့။ ဒီလောက် ယုတ္တိမရှိတဲ့ တောင်းဆိုချက်မျိုးကို ခုံရုံးက အတည်ပြုပေးလိမ့်မယ်လို့ မင်း တကယ် ထင်နေတာလား။ ဒါက ဟာသပဲ”
ထိုအခါ ဌာနမှူးလျိုလည်း ဖြည်းဖြည်းချင်း စိတ်တည်ငြိမ်သွားသည်။ သူ ခုနက ကြောက်မက်ဖွယ် ဂဏန်း ပမာဏကြီးကြောင့် အနည်းငယ် လန့်သွားခြင်းသာ ဖြစ်သည်။ ထန်ဖန်ကျင်းက သူနှင့် တစ်ကြိမ် စကားများခဲ့ဖူးသော်လည်း ရိုးသားသူတစ်ယောက်ဟူသော ပုံရိပ်က သူ့စိတ်ထဲတွင် စွဲထင်နေဆဲပင်...။
"တစ်ဖက်လူက ပိုက်ဆံရဖို့အတွက် ဒီလို ဟန်ပြလုပ်နေတာပါ။ မင်း ခုံရုံးသွားတဲ့အခါ သူ့ကို ပြောလိုက်။ သေသေချာချာ ကောင်းကောင်းမွန်မွန် ပြောရင် ငါတို့ တစ်ခုခု ပေးမယ်လို့။ မဟုတ်ရင်တော့ သူ ဖြည်းဖြည်းချင်းသာ စောင့်နေတော့လို့”
ဘယ်သူကမှ ဒီကိစ္စကို အလေးအနက် မထားခဲ့ကြပေ။ သူက လူငယ်လေးတစ်ယောက်ပဲလေ။ သူ ဗီဒီယိုအတိုတွေ အရမ်းကြည့်ပြီး ရူးနေတာလား ဘယ်သူသိမှာလဲ။
***