အလုပ်သမားခုံရုံး၏ အနုညာတ ခုံရုံးခန်းအတွင်းတွင် ဌာနမှူးလျိုသည် ကုမ္ပဏီ၏ ဥပဒေအကြံပေး ဖြစ်သူ အဘိုးကြီးကျန်းနှင့် စကားပြောနေသည်။
"ဌာနမှူးလျို… ထန်ဖန်ကျင်းလို ဝန်ထမ်းမျိုးတွေကို ကျွန်တော် အများကြီး မြင်ဖူးပါတယ်။ သူတို့အားလုံးက အွန်လိုင်းမှာ လျှောက်ရှာဖတ်ပြီး ပိုက်ဆံတောင်းရဲကြတာချည်းပဲ။ အွန်လိုင်းမှာ ရှာဖတ်ရုံနဲ့ လုံလောက်မယ်ဆိုရင် ကျွန်တော်တို့ ရှေ့နေတွေက ဘာလုပ်ဖို့ လိုတော့မှာလဲဗျာ။ ဟုတ်တယ်မလား”
"ခဏလေး နေပါဦး။ ခင်ဗျား ဘာမှဝင်မပြောနဲ့ဦး။ ကျွန်တော် သူ့ကို ပြောမယ်။ သူ ဒီလိုတွေ လုပ်နေတာ ပိုက်ဆံပိုရချင်လို့ပဲ။ ဒီလိုလူမျိုးတွေက အရမ်းပေါပါတယ်။ ကြည့်လေ။ သူ ရှေ့နေတောင် ခေါ်မလာဘူး ဆိုတော့ တရားရုံးအထိ သွားဖို့ ရည်ရွယ်ချက် လုံးဝ မရှိဘူးဆိုတဲ့ သဘောပဲ”
အဘိုးကြီးကျန်းက ယုံကြည်မှုအပြည့်ရှိသော မျက်နှာထားဖြင့် ပြောလိုက်သည်။
ဌာနမှူးလျို ခေါင်းညိတ်လိုက်သည်။ မှန်ပါသည်။ ထန်ဖန်ကျင်းက ဘယ်လိုလူမျိုးလဲ။ သူက အလွန် ရိုးသားပြီး ဥပဒေနှင့် ပတ်သက်၍ ဘာမှနားလည်သူ မဟုတ်ပေ။ ထို့ကြောင့် သူ ညှိနှိုင်းဖို့ လာခြင်းသာ ဖြစ်ရမည်။
အဘိုးကြီးကျန်းသည် တစ်ဖက်လူ၏ သက်သေအထောက်အထား စာရွက်စာတမ်းများကို သေချာပေါက် ဖတ်ကြည့်ခဲ့ပြီးပြီ ဖြစ်သော်လည်း အစပိုင်းလောက်သာ ဖတ်ခဲ့ခြင်း ဖြစ်သည်။ အသေးစိတ် သက်သေအထောက်အထားများနှင့် တွက်ချက်မှုများကိုတော့ သူ လုံးဝ မကြည့်ခဲ့ပေ။
အကြောင်းမှာ အလုပ်ချိန်ပြင်ပတွင် ထိုကဲ့သို့ ရံဖန်ရံခါ ဆက်သွယ်ခြင်းကို အချိန်ပိုအဖြစ် သတ်မှတ်၍ မရကြောင်း သူကိုယ်တိုင် လက်ခံထားသောကြောင့် ဖြစ်သည်။
အလုပ်ဆင်းပြီးရင် ဆက်သွယ်သမျှ အားလုံးအတွက် အချိန်ပိုကြေး ပေးရမယ် ဆိုရင် သူဌေးတွေက အလုပ်ဆင်းပြီးနောက် လက်အောက်ငယ်သားတွေဆီ မက်ဆေ့ချ်တောင် ပို့လို့ရတော့မှာ မဟုတ်ဘူးလေ။ ဟုတ်တယ်မလား။
သူတို့နှစ်ယောက် ထိုသို့ စောင့်ဆိုင်းနေစဉ် မကြာမီမှာပင် ခုံရုံးခန်းတံခါး ပွင့်လာပြီး လူနှစ်ယောက် ရှေ့ဆင့်နောက်ဆင့် ဝင်လာခဲ့သည်။
ရှေ့မှ ဝင်လာသူမှာ ထန်ဖန်ကျင်း ဖြစ်ပြီး နောက်မှ ဝင်လာသူမှာ ဤအမှုအတွက် အနုညာတ ခုံသမာဓိလူကြီး ဖြစ်သူ ဝမ်ရှန်လန် ဖြစ်သည်။
အစ်မကြီးဝမ်သည် အလွန် ဝါရင့်သော ခုံသမာဓိလူကြီး တစ်ဦးဖြစ်ပြီး အနုညာတ လုပ်ငန်းစဉ်များတွင် နှစ်ပေါင်းများစွာ လုပ်ကိုင်လာခဲ့သူဖြစ်ရာ အတွေ့အကြုံများစွာ ရှိသူဖြစ်သည်။
အခန်းထဲသို့ ဝင်လာပြီးနောက် သူမက အခန်းတွင်းကို ဝေ့ကြည့်ကာ ပြုံးလျက် ပြောလိုက်သည် "အို... နှစ်ဖက်စလုံး ရောက်နေကြပြီပဲ ကောင်းပြီ။ စောင့်နေစရာ မလိုတော့ဘူး။ အခုပဲ စလိုက်ကြတာပေါ့”
"ရှင်တို့ရဲ့ အငြင်းပွားမှုကို ကျွန်မ ဖတ်ကြည့်ပြီးပါပြီ။ သိပ်ပြီးတော့ ပြဿနာကြီးကြီးမားမားတော့ မဟုတ်ပါဘူး။ တတ်နိုင်သလောက် ညှိနှိုင်းကြည့်ကြရအောင်။ လာပါ... လျှောက်ထားသူ… ရှင့်ရဲ့ အမြင်ကို အရင် ပြောပြပါ”
အစ်မကြီးဝမ်၏ အမြင်တွင်တော့ ဤကိစ္စသည် အမှန်တကယ်ပင် ပြဿနာကြီးကြီးမားမား မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် တစ်ဖက်လူ တင်ပြထားသော အချိန်ပိုကြေး တောင်းဆိုချက်သည် အငြိုးအတေးဖြင့် တောင်းဆိုခြင်းသာဖြစ်ပြီး အခြေခံအားဖြင့် အတည်ပြုခံရမည်မဟုတ်ဟု သူမ ယူဆထားသောကြောင့် ဖြစ်သည်။
ထန်ဖန်ကျင်းသည် သူ့ရှေ့ရှိ ဌာနမှူးလျိုကို ကြည့်ကာ ပြောလိုက်သည် "ကျွန်တော့်အမြင်ကတော့ လျှောက်လွှာထဲက တောင်းဆိုချက်တွေ အတိုင်း လိုချင်ပါတယ်။ သူတို့က ကျွန်တော့် တောင်းဆိုချက်တွေကို လိုက်လျောမယ်ဆိုရင် ညှိနှိုင်းမှုကို လက်ခံပါမယ်”
ထန်ဖန်ကျင်း ကိုယ်တိုင်က ညှိနှိုင်းမှုကို သိပ်ပြီး စိတ်မဝင်စားသော်လည်း ဤအရာက လူ့အဖွဲ့အစည်း၏ အရင်းအမြစ်များကို တကယ်ပဲ သက်သာစေသည် ဆိုသည်ကိုတော့ ဝန်ခံရမည်ဖြစ်သည်။
အောက်ခြေအဆင့်တွင် အမြဲတမ်း အလွန်ခက်ခဲလှသည်။ အထက်တွင် အပ်ချည်ကြိုး ထောင်ပေါင်း များစွာ ရှိပြီး အောက်တွင် အပ်တစ်ချောင်းတည်းဖြင့် အရာအားလုံးကို ကိုင်တွယ်ဖြေရှင်းရသကဲ့သို့ ဖြစ်သောကြောင့် ညှိနှိုင်းခြင်းသည် သဘာဝကျကျပင် အလွန်အရေးကြီးသော နေရာတွင် ရှိနေသည်။
အစ်မကြီးဝမ် စကားမပြောနိုင်ခင်မှာပင် တစ်ဖက်ရှိ ဌာနမှူးလျိုက မအောင့်နိုင်ဘဲ အော်ပြောလိုက်သည် "မင်းက ဘာတွေ အိပ်မက်မက်နေတာလဲ။ အလုပ်ဆင်းပြီးနောက်ပိုင်း မက်ဆေ့ချ် နည်းနည်းပါးပါး ပို့တာကို အချိန်ပိုလို့ သတ်မှတ်လို့ရမလား”
ထိုအခါ ထန်ဖန်ကျင်းက ချက်ချင်း ပြန်ပြောလိုက်သည် "ဒါဆို ခင်ဗျားတို့က တောင်းဆိုချက်တွေကို လုံးဝ လက်မခံဘူးဆိုတဲ့ သဘောပေါ့”
"ဒါက လုံးဝကို မဖြစ်နိုင်တာလေ မင်းက ပိုက်ဆံလိုချင်ရုံ သက်သက်ပဲ မဟုတ်လား။ ငါ မင်းကို ပြောမယ်။ မင်းသာ သေသေချာချာ ကောင်းကောင်းမွန်မွန် ပြောရင်..."
သို့သော် ဌာနမှူးလျို စကားမဆုံးခင်မှာပင် ထန်ဖန်ကျင်းက ဖြတ်ပြောလိုက်သည် "ခုံသမာဓိလူကြီး… သူက လုံးဝ မဖြစ်နိုင်ဘူးလို့ ပြောနေတာကို ခင်ဗျားလည်း မြင်တဲ့အတိုင်းပဲ။ ဒါကြောင့် ညှိနှိုင်းမှု ကျရှုံးသွားပြီ။ ခုံရုံးလုပ်ငန်းစဉ်ကို တိုက်ရိုက်ပဲ ဆက်လုပ်ကြရအောင်”
အစ်မကြီးဝမ် : "..."
အဘိုးကြီးကျန်း : "..."
အစ်မကြီးဝမ် တစ်ယောက် တုံ့ပြန်ချိန်တောင် မရလိုက်ပေ။ သူမက နှစ်ဖက်စလုံးကို သေချာ စကားပြောပြီး သူတို့နားလည်အောင် ရှင်းပြကာ နှစ်ဖက်စလုံးအား တစ်လှမ်းချင်း နောက်ဆုတ်ဖို့ ဖျောင်းဖျပြီးနောက် ညှိနှိုင်းမှုနှင့်တင် အရာအားလုံး အဆင်ပြေသွားစေရန် ပြင်ဆင်ထားခဲ့ခြင်း ဖြစ်သည်။
အဘိုးကြီးကျန်းကတော့ မျက်လုံးကို အပေါ်လှန်ပစ်လိုက်ချင်စိတ်များပင် ပေါက်သွားသည်။ ခုနလေးတင် သူက ဝင်မပြောဖို့ တားထားခဲ့သည်လေ။
ဌာနမှူးလျို တစ်ယောက်တည်းသာ လုံးဝ ကြောင်အမ်းကျန်ခဲ့တော့သည်။
နေပါဦး။ ဒါက... ဒီကောင်က သူ အရင်က တွေးထားတာနဲ့ လုံးဝ မတူပါလား။ သူက ညှိနှိုင်းပြီး ပိုက်ဆံပိုရအောင် လုပ်နေတာ မဟုတ်ဘူးလား။
အခြေအနေက ဤသို့ဖြစ်သွားသော်လည်း အစ်မကြီးဝမ်က ဆက်လက် ကြိုးစားကြည့်ချင်သေးသည်။
"ရှောင်ထန်... အန်တီက ဒီလိုပဲ ခေါ်မယ်နော်။ မင်းက အန်တီ့သားနဲ့ ရွယ်တူလောက်ပါပဲ။ လူ့အဖွဲ့အစည်းထဲကို စပြီး ဝင်လာတဲ့ လူငယ်တွေက အမြဲတမ်း ဒါက မကောင်းဘူး၊ ဟိုဟာက မကောင်းဘူးလို့ ခံစားရတတ်ပါတယ်။ ဒါပေမယ့် ဒါက လက်တွေ့ဘဝပဲလေ”
"မင်းရဲ့ အချိန်ပိုကြေး တောင်းဆိုချက်က လက်တွေ့မကျဘူး ဆိုတာကို မင်း သိသင့်တယ် မဟုတ်လား။ ဒါကြောင့် နှစ်ဖက်စလုံးက တစ်လှမ်းချင်း နောက်ဆုတ်ဖို့ အန်တီ အကြံပြုချင်တယ်။ ကုမ္ပဏီက နစ်နာကြေး နည်းနည်း ပိုပေးလိုက်မယ်ဆိုရင် မင်းလည်း ဆက်ပြီး ဒုက္ခခံစရာ မလိုတော့ဘဲ အလုပ်သစ်ကို အေးအေးဆေးဆေး ရှာလို့ရပြီလေ။ ဟုတ်တယ်မလား”
မျှမျှတတ တွေးကြည့်မည်ဆိုလျှင် ထန်ဖန်ကျင်းသည် ခုံသမာဓိ အစ်မကြီးက သူ့ကို တကယ် ကူညီပေးနေကြောင်း၊ သူ၏ အချိန်နှင့် လူပန်းစိတ်ပန်းဖြစ်ရမည့် ဒုက္ခများကို သက်သာစေကြောင်းနှင့် သူရရှိမည့် ငွေပမာဏသည်လည်း နည်းမည် မဟုတ်ကြောင်း သိပါသည်။
သို့သော် သူ လက်မခံနိုင်ပေ။ ထန်ဖန်ကျင်းက ခေါင်းမာလွန်းနေ၍ မဟုတ်ဘဲ အဓိကကတော့... သူ မစ်ရှင် ပြီးမြောက်ဖို့ လိုအပ်နေလို့ပင် ဖြစ်၏။
ထို့ကြောင့် ထန်ဖန်ကျင်းက ချက်ချင်း ပြောလိုက်သည် "ခုံသမာဓိလူကြီး… ဘာမှ ဆက်ပြောစရာ မလိုတော့ပါဘူး။ သူတို့က ကျွန်တော့် တောင်းဆိုချက်တွေကို လက်မခံသရွေ့ ကျွန်တော်ကလည်း ညှိနှိုင်းမှုကို လုံးဝ လက်ခံမှာ မဟုတ်ဘူး။ ဒါပါပဲ”
အစ်မကြီးဝမ်က ကူကယ်ရာမဲ့နေသော မျက်နှာထားဖြင့် ပြောလိုက်သည် "မင်းက ဘာလို့ ဒီလောက် ခေါင်းမာရတာလဲ လူငယ်လေးရယ်"
"ဒါဆို မင်း အချိန်ရွှေ့ဆိုင်းဖို့ လျှောက်ထားချင်သေးလား။ ကြည့်လေ။ သူတို့ဘက်မှာ ဥပဒေအကြံပေးတောင် ပါသေးတယ်။ မင်းကတော့ တစ်ယောက်တည်း..."
"မလိုပါဘူး။ ကျေးဇူးတင်ပါတယ်။ ကျေးဇူးပြုပြီး ကြားနာမှုကို အခုချက်ချင်း စတင်ပေးပါ"
ယခု ထန်ဖန်ကျင်း အတွက် အချိန်ဖြုန်းခြင်းသည် အသက်ကို ဖြုန်းတီးခြင်းနှင့် အတူတူပင် ဖြစ်သည်။
ထန်ဖန်ကျင်းက ဒီလိုပြောနေမှတော့ အစ်မကြီးဝမ်၌လည်း ရွေးချယ်စရာ မရှိတော့ပေ။ အနုညာတ လုပ်ငန်းစဉ်အတိုင်း ဆက်လုပ်ရုံသာ ရှိတော့သည်။
ခုံရုံးလုပ်ငန်းစဉ်အတိုင်း ဆက်လုပ်မည်ဆိုပါက လုပ်ထုံးလုပ်နည်းများအရ နောက်ထပ် ခုံသမာဓိလူကြီး နှစ်ဦးနှင့် စာရေးတစ်ဦး လိုအပ်မည်ဖြစ်သည်။
စောင့်ဆိုင်းနေစဉ်အတွင်း ဌာနမှူးလျိုက အဘိုးကြီးကျန်းကို တောင်းပန်နေသည် "အဘိုးကြီးကျန်း… ဒီကိစ္စက တကယ်ကို... ခုနက ငါ တကယ်ကို မအောင့်နိုင်တော့လို့ပါ။ သူက ဘယ်လိုလုပ် မျက်နှာပြောင် တိုက်ပြီး အဲဒီလိုစကားတွေ ပြောထွက်ရတာလဲ”
"ပြီးတော့... အရင်တုန်းက မင်း ပြောတော့ သူက ညှိနှိုင်းချင်တာဆို”
ထိုစကားကို ကြားသောအခါ အဘိုးကြီးကျန်း၏ မျက်နှာမှာ ချက်ချင်း မည်းမှောင်သွားသော်လည်း သူက ပြန်ပြောလိုက်သည် "လူငယ်တွေက မျက်နှာပျက်မှာစိုးလို့ လုပ်ကြတာလေ။ ဒီလို ရန်စခံလိုက်ရတော့ သူက ညှိနှိုင်းတာကို လက်မခံတော့ဘူးပေါ့။ စောင့်သာ ကြည့်နေ။ ဒီနေ့တော့ ပရော်ဖက်ရှင်နယ် ဆိုတာ ဘာလဲဆိုတာ သူ့ကို ငါ သိအောင် လုပ်ပြမယ်"
သူ့တွင် ယုံကြည်မှု ရှိပေသည်။ ရှေ့နေလောက၏ အဆင့်ဆင့်တွင် သူတို့လို ဥပဒေအကြံပေးများက အခြေခံအားဖြင့် အောက်ဆုံးအဆင့်တွင် ရှိနေသော်လည်း ဤအရာက အမှုအတွက် သူ၏ ယုံကြည်မှု အပြည့် ရှိနေခြင်းကိုတော့ မတားဆီးနိုင်ပေ။
ကြားနာမှု စတင်လေပြီ။
ခေါင်းဆောင် ခုံသမာဓိလူကြီး အစ်မကြီးဝမ်က အနုညာတ ခုံရုံးစည်းမျဉ်းများ၊ ကန့်ကွက်ခွင့် စည်းမျဉ်းများ စသည်တို့ကို ဖတ်ကြားပြီး နှစ်ဖက်စလုံး၏ မည်သူမည်ဝါ ဖြစ်ကြောင်းကို စစ်ဆေး အတည်ပြုခဲ့သည်။
ဤသို့ဖြင့် တရားခွင် အတွင်း တစ်နာရီအချိန်သည် လျင်မြန်စွာ ကုန်ဆုံးသွားပြီး ခုံသမာဓိလူကြီးက ရုံးချိန်း ရွှေ့ဆိုင်းကြောင်း ကြေညာလိုက်သည်ကို ကြားရသောအခါ အဘိုးကြီးကျန်း တစ်ယောက် အလွန် ကျေနပ်သွားတော့သည်။ ထို့အပြင် အချိန်ပိုကြေး အကြောင်း တောင်းဆိုထားမှုကိုလည်း ပယ်ချကြောင်း ဆုံးဖြတ်ခဲ့ပေသည်။
အချိန်ပိုကြေးကို အတည်ပြုမည် မဟုတ်ကြောင်း သူ စောစောစီးစီးကတည်းက သိထားသော်လည်း သူ အလွန် ကျေနပ်နေဆဲပင်။ အကြောင်းမှာ သူသည် တရားခွင်တွင် နိုင်လိုမင်းထက် စကားပြောဆိုနိုင်ခဲ့ပြီး တကယ်ကို ဇာတ်လိုက် ဖြစ်ခဲ့သောကြောင့်ပင်။
သို့သော် တစ်ဖက်လူက အလုပ်ဖြုတ်ခံရမှု လျော်ကြေးငွေ ပြဿနာနှင့် ပတ်သက်၍ အချို့သော အရာများကို ပြောခဲ့သေးသည်။ သူက အချိန်ပိုကြေး ဆိုသည်မှာ လှည့်ကွက်တစ်ခုသာ ဖြစ်ကြောင်း သိနေပုံရသည်။
နှစ်ဖက်စလုံးက ညှိနှိုင်းမှုကို လက်မခံကြောင်း အနုညာတ ခုံရုံးက ထပ်မံ အတည်ပြုပြီးနောက် တရားခွင်တွင် ဆုံးဖြတ်ချက် ချမှတ်ခဲ့သည်။
ထန်ဖန်ကျင်း စိတ်ကူးထားသည်နှင့် အနည်းငယ် ကွာခြားနေသည်။ သူ၏ အလုပ်ဖြုတ်ခံရမှု လျော်ကြေးငွေကို အပြည့်အဝ အတည်မပြုပေးခဲ့ဘဲ လုပ်သက် + ၁လစာသာ ရရှိခဲ့ပြီး သူ တောင်းဆိုထားသော လုပ်သက် + ၂လစာကိုပင် မရခဲ့ချေ။
ထို့အပြင် ပမာဏကလည်း သိပ်မများလှပေ။
အချိန်ပိုကြေး အတွက်ကတော့... ထန်ဖန်ကျင်းသည် စာရွက်ပေါ်တွင် သူရေးမှတ်ထားသော အကြောင်းအရာများကို ကြည့်ရင်း ခေါင်းခါလိုက်သည်။
အမှုအခင်းများကို တိုက်ခိုက်ရာတွင် သူ၏ တစ်သမတ်တည်းရှိသော မူဝါဒမှာ ပြိုင်ဘက်ကို တစ်ချက်တည်းဖြင့် အသေ သတ်ပစ်ရန်ပင် ဖြစ်သည်။
သူ၏ အရင်ဘဝက အမှုတစ်ခု၌ ဆိုလျှင် အတည်ပြုချက် ရရန် ဒုတိယအကြိမ် အယူခံတရားရုံးအထိ တိုက်ပွဲ ဝင်ခဲ့ရသည်။ ယခုဘဝတွင်တော့ ပထမအကြိမ် ကြားနာမှုနှင့်တင် အဆုံးသတ်နိုင်မည်ဟု သူ ယုံကြည်ချက် အပြည့်ရှိနေသည်။
အဘိုးကြီးကျန်းကလည်း ယုံကြည်မှု အပြည့်ရှိနေသည်။ ယင်းက ကောင်းပေသည်။ ယုံကြည်မှု ရှိသောသူများကို သူ သဘောကျပြီး ဤသို့ ယုံကြည်မှုရှိသူများ ပါးစပ်မဟနိုင်အောင် ဖြစ်သွားသည်ကို မြင်ရခြင်းကို သူ ပို၍ပင် သဘောကျသည်...။
အနုညာတ ဆုံးဖြတ်ချက်ကို ရရှိခဲ့ပြီ။
ခုံရုံး၏ ဆုံးဖြတ်ချက်သည် သာမန် ဆုံးဖြတ်ချက် တစ်ခုသာ ဖြစ်ပြီး ကုမ္ပဏီတွင်လည်း တရားစွဲဆိုခွင့် ရှိသည်။
ဌာနမှူးလျိုသည် အနုညာတ ဆုံးဖြတ်ချက်ကို ကြည့်ရင်း အလွန်ပျော်ရွှင်နေသည်။ သူ ရှေ့သို့ လှမ်းသွားကာ ပြောလိုက်သည်
"ရှောင်ထန်... ကြည့်လေ။ တကယ်တော့ ငါက ဒီလိုမျိုး မဖြစ်ချင်ခဲ့ပါဘူး။ ဒါပေမယ့် ရွေးချယ်စရာ မရှိဘူးလေ။ ဥပဒေက ဥပဒေပဲ။ ငါလည်း... ဟေ့… ရှောင်ထန်... ရှောင်ထန်"
သူ တွေ့လိုက်ရသည်မှာ တစ်ဖက်ရှိ ထန်ဖန်ကျင်းက သူ့ကို လုံးဝ လျစ်လျူရှုထားပြီး ချက်ချင်း မတ်တပ်ရပ်ကာ ထွက်သွားခြင်းပင်။ ထို့အပြင် "နောက်ဆုံးတော့ လုပ်ငန်းစဉ် ပြီးသွားပြီ" စသည်ဖြင့် ရေရွတ်နေပြီး သူ၏မျက်နှာတွင်လည်း ပျော်ရွှင်နေသော အမူအရာများ အပြည့်အဝ ရှိနေသည်။
ဒီကောင် ဘာဖြစ်နေပြန်တာလဲ။ သူ့တောင်းဆိုချက်တွေကို အတည်မပြုပေးခဲ့တာတောင် သူက အရမ်းပျော်နေပုံရတယ်။
သူ၊ အဘိုးကြီးကျန်းနှင့် အစ်မကြီးဝမ်တို့ မသိခဲ့သည်မှာ နာရီဝက်အကြာတွင် ကွမ်မင် ခရိုင်တရားရုံး၏ အမှုဖွင့်ကောင်တာတွင် ထန်ဖန်ကျင်း တစ်ယောက် ထူထဲလှသော စာရွက်စာတမ်းအထပ်လိုက်ကို လှမ်းပေးနေသည် ဆိုခြင်းကိုပင်။
"မင်္ဂလာပါ။ ကျွန်တော် အမှုလာဖွင့်တာပါ။ လုပ်ငန်းစဉ်တွေ အားလုံး ပြီးသွားပါပြီ။ ကျေးဇူးပြုပြီး နည်းနည်းလောက် မြန်မြန်လေး လုပ်ပေးပါ၊ ကျွန်တော် တကယ်ကို လောနေလို့ပါ"
***