ကွမ်မင် ခရိုင်တရားရုံး၏ အမှုဖွင့်ကောင်တာတွင်… ဝန်ထမ်းဖြစ်သူသည် သူ့ရှေ့ရှိ လူငယ်လေးကို တစ်လှည့်၊ အပြည့်ထည့်ထားသော စာရွက်စာတမ်းအိတ်ကြီးကို တစ်လှည့် ကြည့်လိုက်ပြီးနောက် သူ့အလိုလို ကုလားထိုင်ပေါ်သို့ နောက်မှီချလိုက်မိသည်။
"အကုန်လုံး ပါရဲ့လား။ ဒါက အလုပ်သမား အငြင်းပွားမှု အမှုပဲ။ အနုညာတ ခုံရုံး ဖြတ်ပြီးပြီလား... အို… မင်းရဲ့ အနုညာတ ရလဒ်တွေကို တွေ့ပြီ”
ကောင်းလိုက်လေ။ ကြည့်ရတာ ဒီနေ့လည်း သူ အချိန်ပို ဆင်းရဦးမယ့်ပုံပဲ။
အမှုဖွင့်ရန် စစ်ဆေးသည့် ကောင်တာဆိုသည်မှာ စာရွက်စာတမ်းများကို လက်ခံရုံသက်သက် မဟုတ်ဘဲ အမှုဖွင့်၍ ရ၊ မရ သိနိုင်ရန် စာရွက်စာတမ်းတိုင်းကို စစ်ဆေးရခြင်း ဖြစ်သည်။
ထို့အပြင် ဒီလူငယ်လေးက သူတစ်ယောက်တည်း အမှုလာဖွင့်တာလေ။ သူက ရှေ့နေတောင် မဟုတ်ဘူး...။
သူ ရှေ့နေမဟုတ်မှန်း သိနေရသည့် အကြောင်းရင်းက ရှိသည်။
ဒေသအသီးသီးရှိ တရားရုံးများတွင် ကိုယ်ပိုင် သီးသန့် လုပ်ထုံးလုပ်နည်းများ ရှိနိုင်သော်လည်း၊ ပေကျင်းတွင်တော့ ရှေ့နေများ အမှုဖွင့်ခြင်းနှင့် သာမန် နိုင်ငံသားများ အမှုဖွင့်ခြင်းကို သီးခြားစီ ခွဲထားသည်။ ရှေ့နေများအတွက် သီးသန့် အမှုဖွင့်ကောင်တာ ရှိပြီး တန်းစီသည့် လုပ်ငန်းစဉ်ကတည်းက ခွဲခြားထားခြင်း ဖြစ်သည်။
အချိန်ပို ဆင်းရချိန်တွင် မည်သူမှ စိတ်အခြေအနေ မကောင်းနိုင်ကြပေ။ ဝန်ထမ်းဖြစ်သူက တိုင်ကြားလွှာကို ဂရုတစိုက် စတင်ဖတ်ရှုလိုက်ပြီးနောက် သူပါ ကြောင်အမ်းသွားရသည်။
"အချိန်ပို... မင်းက အချိန်ပိုကြေးကို ခြောက်သိန်းကျော်ကြီးတောင် တောင်းထားတာလား"
သူက အနုညာတ ရလဒ်များကို ထပ်ထုတ်ကြည့်လိုက်ပြန်သည်။ ဝန်ထမ်းဖြစ်သူက ထန်ဖန်ကျင်းကို မော့ကြည့်ကာ တုံ့ဆိုင်းဆိုင်းဖြင့် ပြောလိုက်သည်။
“ညီလေး… အလုပ်သမားခုံရုံးကလည်း မင်းရဲ့ အချိန်ပိုကြေးကို အတည်မပြုပေးခဲ့ဘူးပဲ။ ဘယ်ရှေ့နေက မင်းကို ဒီအမှုလုပ်ပေးတာလဲ”
ထိုသို့ပြောပြီးနောက် ထိုကဲ့သို့ မပြောသင့်ဘူးဟု ခံစားလိုက်ရဟန်ဖြင့် သူက ကမန်းကတန်း ဆက်ပြောသည်။ "ဒါပေါ့လေ။ မင်းရဲ့ အမှုနဲ့ပတ်သက်ပြီး ငါ ဘာမှဝင်ပြောနေတာတော့ မဟုတ်ပါဘူး..."
ယခုအခါတွင် အမှုမှတ်ပုံတင်စနစ် ဖြစ်နေပြီဖြစ်ရာ အခြေခံ လိုအပ်ချက်များနှင့် ပြည့်စုံပါက ယေဘုယျအားဖြင့် အမှုဖွင့်ခွင့်ရှိသည်။ အလုပ်သမားခုံရုံးမှ မာယောင်း ကဲ့သို့ပင် ဝန်ထမ်းသည်လည်း တစ်ဖက်လူက ရှေ့နေလိမ်တစ်ခုခု၏ လှည့်စားခြင်းကို ခံလိုက်ရပြီဟု စိုးရိမ်နေခြင်း ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် လုပ်ငန်းခွင်တိုင်းမှာ အမှိုက်သရိုက်တွေ ရှိတတ်စမြဲပင်။ သို့သော် ဥပဒေလောကမှ အမှိုက်သရိုက်များသည် အမြဲတမ်း ပါးစပ်အလွန်ကြမ်းပြီး "ဒါက ဥပဒေနဲ့ လုံးဝ ညီတယ်။ မင်းနဲ့ ဘာဆိုင်လို့လဲ" ဟူသော စကားမျိုးကို မကြာခဏ ပြောတတ်ကြရာ လူတွေကို ဝင်ထိုးချင်စိတ် ပေါက်အောင် လုပ်နိုင်စွမ်းရှိသည်။
သို့သော် ထန်ဖန်ကျင်း ပြန်ပြောလိုက်သော စကားကြောင့် ဝန်ထမ်းဖြစ်သူ၏ ရင်လေးသွားရသည်...။
"အာ... ကျွန်တော် စာရွက်စာတမ်းတွေ အားလုံးကို ကိုယ်တိုင် ပြင်ဆင်လာတာပါ။ အခုလောလောဆယ် ကျွန်တော် ရှေ့နေလိုင်စင်ရဖို့ ကြိုးစားပြီး စာကျက်နေပါတယ်”
ဝန်ထမ်းဖြစ်သူ၏ မျက်နှာက အေးခဲသွားပြီး သူ့ရှေ့ရှိ စာရွက်စာတမ်းပုံကြီးကို ကြည့်ကာ မျက်နှာကြွက်သားများပင် တွန့်လိမ်သွားတော့သည်။
စာရွက်စာတမ်းပုံကြီးကို စစ်ဆေးရခြင်းထက် ပို၍ ဆိုးရွားသည်မှာ ပရော်ဖက်ရှင်နယ် မဆန်သော စာရွက်စာတမ်းပုံကြီးကို စစ်ဆေးရခြင်းပင် ဖြစ်ပေလိမ့်မည်။ ဝိဇ္ဇာဘာသာရပ် စာမေးပွဲစစ်သူ တစ်ယောက်က စာမရတဲ့ကောင်တွေ လျှောက်ရေးပြီး အပြည့်ဖြည့်ထားတဲ့ စာမေးပွဲအဖြေလွှာကြီးကို ကြည့်ရသလိုမျိုးပေါ့...။
ထန်ဖန်ကျင်း တစ်ယောက် ဖောင်များ ဖြည့်နေစဉ် တစ်ဖက်ရှိ ဝန်ထမ်းမှာ ပို၍ ပို၍ ကြောင်တောင်တောင် ဖြစ်လာတော့သည်။
ဒီလူငယ်လေး ပြင်ဆင်ထားတဲ့ စာရွက်စာတမ်းတွေက ဘာလို့ ဒီလောက်တောင် ပရော်ဖက်ရှင်နယ် ဆန်နေရတာလဲ။
ထို့အပြင် အတွင်းရှိ စာရွက်စာတမ်း အများစုမှာ သက်သေအထောက်အထားများ ဖြစ်နေကြောင်း သူ တွေ့ရှိလိုက်ရသဖြင့် အလုပ်က တော်တော်လေး လွယ်ကူသွားတော့သည်။
ပြဿနာမရှိကြောင်း ထပ်မံအတည်ပြုပြီးနောက် ဝန်ထမ်းဖြစ်သူက ထန်ဖန်ကျင်း အား အမှုဖွင့်ပြီးစီးကြောင်း အသိပေးလိုက်သည်။
တရားစွဲဆိုစရိတ်အတွက်မူ အလုပ်သမား အမှုအခင်းများတွင် အလွန်ကောင်းမွန်သော မူဝါဒတစ်ခု ရှိသည်။ တရားစွဲဆိုစရိတ်သည် တောင်းဆိုသည့် ပမာဏနှင့် သက်ဆိုင်ခြင်း မရှိပေ။ ဆယ်ယွမ်သာ ပြယုဂ်အနေဖြင့် ကောက်ခံခြင်း ဖြစ်သည်။
တစ်ခါတစ်ရံတွင် ငါးယွမ်အထိပင် လျှော့ချပေးတတ်သေးသည်...
အမှုဖွင့်ခြင်း လုပ်ငန်းစဉ် ပြီးစီးသွားသည်နှင့်တပြိုင်နက် ထန်ဖန်ကျင်းက တန်းထွက်လာခဲ့သည်။ သူ ဆက်လုပ်ရမည့်အရာမှာ စောင့်ဆိုင်းရန်ပင် ဖြစ်သည်။ တရားရုံး လုပ်ငန်းစဉ်များက အမြဲတမ်း အချိန်ယူရစမြဲ မဟုတ်လော။
…………
အိမ်ပြန်ရောက်ပြီးနောက် သူ့ရှေ့ရှိ ငှားရမ်းထားသော အခန်းကျဉ်းလေးကို ကြည့်ရင်း ထန်ဖန်ကျင်း တစ်ယောက် ခဏမျှ စဉ်းစားပြီးနောက် အိမ်ပြောင်းရန် ဆုံးဖြတ်လိုက်သည်။
မူလခန္ဓာကိုယ်ပိုင်ရှင်တွင် စုဆောင်းငွေ အနည်းငယ် ရှိသည်။ မူလပိုင်ရှင် တက္ကသိုလ်တက်နေစဉ်မှာပင် မိဘများ ကွယ်လွန်သွားခဲ့ကြသည်ဆိုတော့ ဒါက ဝတ္ထုတွေထဲက စံပြ အစပျိုးမှုမျိုးပေါ့...။
ထို့ကြောင့် လောလောဆယ်တွင် ငွေကြေးကတော့ သေချာပေါက် လုံလောက်နေသည်။
ထန်ဖန်ကျင်း ယခု အိမ်ပြောင်းချင်ရသည့် အဓိက အကြောင်းရင်းမှာ ဤပတ်ဝန်းကျင်က လူကို ဖျားနာလွယ်စေသည်ဟု ခံစားရသောကြောင့် ဖြစ်သည်။ အခန်းက အရမ်း စိုစွတ်လွန်းနေသည်။
သူက အိမ်ရှင်ကို ကြိုတင် ဖုန်းဆက်လိုက်ပြီး မကြာမီ အိမ်ရှင် ရောက်လာခဲ့သည်။ သူက အဘိုးအိုခန်း ဟုခေါ်ပြီး ကြည့်ရသည်မှာ ကြမ်းတမ်းပြီး တင်းမာမည့်ပုံ ပေါက်သော်လည်း အံ့သြစရာ ကောင်းလောက်အောင် အကြောင်းအကျိုး ဆင်ခြင်တတ်သူ ဖြစ်နေသည်။
"ရှောင်ထန်... မင်း ပြောင်းချင်ရင်လည်း ရပါတယ်။ နေရာတစ်ခု ရှာပြီး တန်းပြောင်းသွားလိုက်ပေါ့။ အဲဒီကျရင် မင်းရဲ့ စပေါ်ငွေကို ပြန်ပေးမယ်။ လူ့အဖွဲ့အစည်းထဲကို အခုမှ စဝင်လာတဲ့ မင်းတို့ လူငယ်တွေ အတွက်လည်း မလွယ်ပါဘူးကွာ”
လူ့အဖွဲ့အစည်းဆိုသည်မှာ ဤသို့ပင်။ လူဆိုးတွေ အရမ်းများလွန်းလို့ မျှော်လင့်ချက်မဲ့နေပြီဟု သင် ခံစားရချိန်တိုင်းတွင် သင့်နှလုံးသားကို နွေးထွေးစေမည့် လူအချို့နှင့် အရာအချို့က အမြဲတမ်း ရှိနေတတ်စမြဲပင်။
ထိုအရာက မျက်နှာသေကြီးဖြင့် နေလာခဲ့သော ထန်ဖန်ကျင်းကို မည်သည့် မျက်နှာအမူအရာ လုပ်ပြရမည်မှန်း မသိအောင် ဖြစ်သွားစေသည်။
သူ မျက်နှာသေကြီး ဖြစ်နေရသည့် အကြောင်းရင်းမှာ မူလပိုင်ရှင်၏ မှတ်ဉာဏ်များအရ အနှီ အဘိုးကြီးသည် စကားပြော အလွန်ကြမ်းတမ်းပြီး မကြာခဏ စကားများရန်ဖြစ်တတ်ကြောင်း သိထားသောကြောင့် ဖြစ်သည်။ မူလပိုင်ရှင်ကလည်း သူ့ကို ပြန်အာခံဖူးသည်။
သို့သော် ဤကဲ့သို့ အရေးကြီးသော ကိစ္စမျိုးတွင် တစ်ဖက်လူက အလွန် ရှင်းလင်းပြတ်သားစွာ တွေးတောတတ်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။
ထန်ဖန်ကျင်းက ဘာပြောရမှန်းမသိဘဲ တိတ်ဆိတ်စွာ ခေါင်းညိတ်ပြလိုက်သည်။ အဘိုးကြီးခန်း ကတော့ ပုံမှန်အတိုင်းပင် တင်းမာ ခက်ထန်သော မျက်နှာထားဖြင့် ခေါင်းညိတ်ပြကာ လှည့်ထွက်သွားတော့သည်။
ဤသည်ကပင် ဘဝကြီး ဖြစ်ပေလိမ့်မည်။
ကွမ်မင် ခရိုင်တွင် ထန်ဖန်ကျင်း သိကျွမ်းသူ သိပ်မရှိပေ။ မူလက သူက အိမ်ရှင်ကို တိုက်ရိုက်ရှာပြီး အိမ်ငှားမည်ဟု စိတ်ကူးထားသော်လည်း အကြိမ်အနည်းငယ် လိုက်ရှာပြီးနောက် လက်လျှော့လိုက်ရသည်။
အခြေခံအားဖြင့် အိမ်ရာအားလုံးကို ပွဲစားများက လက်ဝါးကြီးအုပ်ထားသည်ဟု ဆိုနိုင်ရာ ပွဲစားရှာရန်မှ လွဲ၍ ရွေးချယ်စရာ မရှိတော့ပေ။
ပွဲစားလောကဆိုသည်မှာ ထန်ဖန်ကျင်း အတွက် စိမ်းသက်နေသောအရာ မဟုတ်ပေ။ သူ၏ အရင်ဘဝတွင် ပွဲစားများနှင့် အပေးအယူ လုပ်ဖူးသည်။
သူက App Store တွင် ရှာဖွေလိုက်ပြီး ဒေါင်းလုဒ်အကြိမ်ရေ သန်းတစ်ထောင်ကျော်ရှိသော "Anke" ဟုခေါ်သည့် App တစ်ခုကို ဒေါင်းလုဒ်ဆွဲလိုက်သည်။
သူက အထဲသို့ ဝင်ကာ အိမ်များကို စတင်ကြည့်ရှုတော့သည်။ သေချာသည်ကတော့ ထန်ဖန်ကျင်းက ပွဲစားတွေရဲ့ လှည့်ကွက်အချို့ကို သိထားပြီးသားလေ။
လူအများစုက အိမ်ကြည့်လျှင် ဓာတ်ပုံများကိုသာ ကြည့်တတ်ကြသည်။ သို့သော် သင် သိထားရမည်မှာ ဓာတ်ပုံဆိုသည်က လူတွေကို လှည့်စားဖို့ အလွယ်ကူဆုံးအရာပင်…။
မဟုတ်လို့ကတော့ အွန်လိုင်းပေါ်မှာ အဲဒီလောက် လှတဲ့မိန်းကလေးတွေ၊ ချောတဲ့ကောင်လေးတွေ ပေါများနေပြီး အပြင် လက်တွေ့ဘဝမှာကျတော့ ဘာလို့ ရှားပါးနေရမှာလဲ။
ထို့အပြင် ဓာတ်ပုံထဲက အိမ်ကောင်းကောင်းကြီးက အိမ်လငှားရမ်းခကျတော့ အဲဒီလောက် နည်းနေတာ... အခုခေတ် အိမ်ငှားရတာ ခက်တယ်လို့ ဘယ်သူပြောလဲ။
ဒါပေမယ့် သေချာလေး တစ်ချက်လောက် ပြန်စဉ်းစားကြည့်လိုက်ပါဦး။ ဒီလောကကြီးမှာ အလကားရတဲ့ နေ့လယ်စာ ဆိုတာမျိုး တကယ် ရှိလို့လား။
တကယ်လို့ အဲဒီလောက် တန်တဲ့အရာမျိုး တကယ်ရှိနေပြီး ဒေါင်းလုဒ် သန်းတစ်ထောင်ကျော်ရှိတဲ့ App ပေါ်မှာ တင်ထားမယ်ဆိုရင်တောင် မင်းအလှည့် ရောက်ပါဦးမလား။
တကယ်တမ်း သေချာလေး ကြည့်လိုက်ရင် မင်း တွေ့လာရလိမ့်မယ် "ဟေး... ဒီအိမ်ရဲ့ ဓာတ်ပုံနဲ့ ဟိုအိမ်ရဲ့ ဓာတ်ပုံက ဘာလို့ တစ်ပုံစံတည်း ဖြစ်နေရတာလဲ" ဆိုပြီးပေါ့။
ဒါက သူတို့ရဲ့ လှည့်ကွက်တွေထဲက တစ်ခုပဲ။ မင်းကို ဓာတ်ပုံတွေ ကြည့်ပြီး သဘောကျသွားအောင် လုပ်မယ်။ ပြီးတော့ မင်း အဲဒီကို ရောက်သွားတဲ့အခါ သူတို့က ဆင်ခြေတစ်ခု ရှာပေးလိမ့်မယ်။
"အာ... အဲဒီအိမ်က ခုလေးတင် ငှားသွားပြီဗျ။ တခြားအိမ်တစ်လုံးလောက် သွားကြည့်ရအောင်လား။ အဲဒါလည်း တော်တော်လေး ကောင်းပါတယ်" လို့။
မင်းကလည်း "ကံဆိုးလိုက်တာ" လို့ တွေးမိပြီး "ရောက်မှတော့ ရောက်လာပြီပဲ" ဆိုတဲ့ စိတ်နဲ့ သွားကြည့်လိုက်မိမှာ သေချာတယ်...။
ထန်ဖန်ကျင်းက ဤကဲ့သို့ လှည့်ကွက်များကို သဘာဝကျကျပင် သိထားပြီးသား ဖြစ်သည်။ တစ်ခါတစ်ရံ တစ်ဖက်လူက ကြိုတင်ငွေတောင် တောင်းတတ်သေးကြောင်းကို သူ သိထားသည်။
သို့သော် သိတာက သိတာပဲလေ။ ပွဲစားလောကတွင် အကောင်းအဆိုး ဒွန်တွဲနေပြီး လူတိုင်းကို တုတ်တစ်ချောင်းတည်းဖြင့် ရိုက်ကာ အပြစ်တင်ရန်တော့ မလိုအပ်ပေ။
ဒါ့အပြင် ပြန်တွေးကြည့်ရင် ပေကျင်းမြို့ကြီးက ဒီလောက်ကျယ်တာ။ သူ အဲဒီလို ပွဲစားမျိုးနဲ့ တိုက်တိုက်ဆိုင်ဆိုင် သွားတွေ့ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး... ဟုတ်တယ်မလား။
သူက အိမ်များကို အချိန်အတော်ကြာ ဂရုတစိုက် ရှာဖွေခဲ့ပြီး တည်နေရာကို အဓိကထား ကြည့်ရှုကာ နောက်ဆုံးတွင် စိတ်တိုင်းကျစရာ တစ်လုံးကို တွေ့သွားခဲ့သည်။ သူက App မှတစ်ဆင့် တစ်ဖက်လူကို ဆက်သွယ်ခဲ့ပြီး မကြာမီ နှစ်ဖက် သဘောတူညီမှု ရသွားခဲ့သည်။
နောက်တစ်နေ့ နံနက်ခင်းတွင် ထန်ဖန်ကျင်း ထွက်လာခဲ့ပြီး ထိုလူနေရပ်ကွက်ဆီသို့ တန်းတန်းမတ်မတ် သွားခဲ့သည်။ ရပ်ကွက်အမည်မှာ လင်ယွိ ဖြစ်ပြီး ကဗျာဆန်သော အမည်လေးပင်။
ရပ်ကွက်အဝင်ဝတွင် Huashi အိမ်ခြံမြေအကျိုးဆောင်မှ ချီကွမ်းက စောင့်နေနှင့်ပြီ ဖြစ်သည်။ ထန်ဖန်ကျင်း ကားပေါ်မှ ဆင်းလာသည်ကို မြင်သောအခါ သူက အပြုံးဖြင့် ရှေ့သို့လှမ်းလာပြီး ပြောလိုက်သည်။
"အစ်ကိုက ထန်ဖန်ကျင်း… အစ်ကိုထန် မဟုတ်လား”
ပွဲစားလောကတွင်တော့ ပိုက်ဆံမရှင်းရသေးခင် အချိန်အထိ သူတို့က အမြဲတမ်း ယဉ်ကျေး ပျူငှာနေတတ်ပြီး သင့်ကို "အစ်ကို" သို့မဟုတ် "အစ်မ" ဟု ချိုသာစွာ ခေါ်ဝေါ်တတ်ကြသည်။
ထန်ဖန်ကျင်း ခေါင်းညိတ်လိုက်ပြီး ရပ်ကွက်ကို လှမ်းကြည့်ကာ ပြောလိုက်သည် "ကျွန်တော်တို့ အခုပဲ တက်ကြည့်ကြမလား။ ကျွန်တော် အချိန်နည်းနည်း လောနေလို့ မြန်မြန်လုပ်မှ ရမယ်”
ချီကွမ်းက ချက်ချင်း ပြန်ဖြေလိုက်သည် "အစ်ကိုထန်… အာ... ကျွန်တော် အစ်ကို့ကို တောင်းပန်ရမယ်ထင်တယ်။ တကယ်ကို ဆောရီးပါဗျာ။ အစ်ကို App ပေါ်မှာ ကြည့်ထားတဲ့ အိမ်က ဒီနေ့ပဲ ငှားသွားပြီဗျ”
ထန်ဖန်ကျင်း၏ မျက်ခုံးတို့ တွန့်ကွေးသွားသည်။ ထို့နောက် သူ့ကံကြမ္မာကို ကြိတ်၍ အပြစ်တင်မိ၏။
တိုက်ဆိုင်လိုက်တာဗျာ... ဟုတ်တယ်မလား...။
***