"ဘယ်လိုလုပ် ဒီလောက် တိုက်တိုက်ဆိုင်ဆိုင် ငှားသွားရတာလဲ။ မနေ့ကမှ မင်းကို ငါ ဆက်သွယ်ခဲ့တာ မဟုတ်ဘူးလား။ ဒီနေ့ကျမှ ဘယ်လိုလုပ် ငှားသွားရတာလဲ”
ထန်ဖန်ကျင်းက သူ့ရှေ့ရှိ ချီကွမ်းကို မေးလိုက်သည်။
"ပြီးတော့ မနေ့က ငါ မင်းနဲ့ သေချာ အတည်ပြုခဲ့သေးတယ်။ ဒီအိမ်နဲ့ ဈေးနှုန်းနဲ့ ပတ်သက်ပြီး ဘာပြဿနာမှ မရှိဘူးဆိုတာကိုလေ။ မင်းက သေချာပေါက် ပြဿနာမရှိပါဘူး။ လာသာ လာခဲ့ပါလို့ ပြောခဲ့တယ်လေ။ အခု ဘယ်အချိန် ရှိသေးလို့လဲ။ ဘယ်လိုလုပ် ငှားသွားပြီလို့ ပြောနိုင်ရတာလဲ”
"တကယ်လို့ လူတစ်ယောက်က မနက်စောစောထပြီး အိမ်လာငှားသွားလောက်အောင် တိုက်ဆိုင်နေခဲ့ရင်တောင် မင်း ငါ့ကို ကြိုပြောသင့်တယ်လေ။ အခု ငါ ဒီကို ရောက်နေပြီမှ အိမ်က ခုလေးတင် ငှားသွားပြီလို့ လာပြောနေတယ်။ ငါက အဲဒါကို ယုံမယ်ထင်နေလား”
ဘယ်လိုလုပ် သူ ကျပန်းရွေးလိုက်တဲ့ ပွဲစားဆီမှာမှ ဒီလိုကိစ္စမျိုး လာကြုံရတာလဲ ဆိုတာကို သူ မသိပေ။
ချီကွမ်းက ကမန်းကတန်း ရှင်းပြသည် "မဟုတ်ရပါဘူး အစ်ကိုထန်ရယ်။ တကယ် ငှားသွားတာပါ။ ဘာပဲဖြစ်ဖြစ် ရောက်မှတော့ ရောက်လာပြီပဲ... ဟို နောက်တစ်ခန်းကို သွားကြည့်ကြရအောင်လား။ အစ်ကို့အတွက် ဘာမှ နစ်နာသွားတာမှ မဟုတ်တာ..."
"နစ်နာတာ၊ မနစ်နာတာတွေ လာမပြောနဲ့... ငါ ဒီကို တက္ကစီစီးပြီး လာခဲ့ရတာ။ တော်ကြာ ပြန်ရင်လည်း တက္ကစီ ထပ်စီးရဦးမယ်။ အဲဒီကားခကို မင်း ရှင်းပေးနိုင်လား”
အလုပ်သမား အငြင်းပွားမှု အမှုက ယခုမှ တရားရုံးလုပ်ငန်းစဉ်များ စတင်ရုံသာ ရှိသေးသည်။ လက်ရှိတွင် သူ့ထံ၌ ငွေသိပ်မရှိသော်လည်း အရင်ဘဝက တက္ကစီစီးသည့် အကျင့်ပါနေသောကြောင့် ရုတ်တရက် ဆင်းရဲသွားသည့် အခြေအနေနှင့် အသားမကျသေးခြင်း ဖြစ်သည်။
ချီကွမ်းက သူ့ရှေ့ရှိ လူငယ်လေးကို အနည်းငယ် ကူကယ်ရာမဲ့စွာ ကြည့်ကာ ပြောလိုက်သည် "အစ်ကိုထန်… ဒါဆို... ဒါဆိုလည်း ကျွန်တော် အမှန်တိုင်းပဲ ပြောပါတော့မယ်။ အွန်လိုင်းပေါ်က အချက်အလက်တွေက တကယ်တော့ အတုတွေပါ။ ဒါပေမယ့်... ဒါပေမယ့် ကျွန်တော်တို့လည်း မတတ်နိုင်လို့ပါ”
"အစ်ကိုတို့ အိမ်ငှားတွေက ဈေးလည်းနည်းပြီး အိမ်ကောင်းကောင်းလည်း လိုချင်ကြတာလေ။ ကျွန်တော်တို့ကသာ အိမ်အစစ်၊ ဈေးနှုန်းအစစ်တွေ တင်လိုက်ရင် ဘယ်သူမှ လာမကြည့်ကြတော့ဘူး။ အခုခေတ်မှာ လူတိုင်း ဒီလိုပဲ လုပ်နေကြတာလေ။ အဲဒီတော့ အစ်ကိုထန်... ကျွန်တော်တို့ကို ဘယ်လိုလုပ်စေချင်လဲ။ ကျွန်တော်တို့လည်း ထမင်းစားရသေးတယ်လေဗျာ"
သူ့ရှေ့မှ ပွဲစားက ဤမျှ ရိုးသားစွာ ဝန်ခံလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
ထန်ဖန်ကျင်းက ဤအခြေအနေကို သေချာပေါက် သိထားပြီးဖြစ်သည်။ သို့သော် ဤသည်မှာ အလွန် ဝမ်းနည်းစရာကောင်းသော ကိစ္စတစ်ခုပင်။
လူတွေအများကြီး လိမ်လည်နေကြမှန်း သင် သိထားသော်လည်း သင် ဘာမှမလုပ်နိုင်ပေ။ လူတစ်ယောက်တည်း၏ အင်အားက နောက်ဆုံးတွင်တော့ သေးငယ်လွန်းလှပြီး အများပြည်သူ အကျိုးစီးပွားဆိုင်ရာ တရားစွဲဆိုမှုကို လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်တည်းက စတင်၍မရနိုင်ပေ။
အရင်ဘဝတုန်းက သူဖတ်ခဲ့ဖူးသည့် Web Novel ဝတ္ထုတစ်ပုဒ်ကို သူ သတိရသွားသည်။ ထိုဝတ္ထုထဲက ဇာတ်လိုက်က သောက်ရမ်း မိုက်သည်။ သူ့ရဲ့ Systemက မစ်ရှင်လုပ်ဖို့ ရန်ပုံငွေတွေကို အကန့်အသတ် မရှိ ပေးနိုင်တော့ လူတစ်သိုက်ကို စုပြီး တစ်ပြိုင်နက်တည်း တရားစွဲခိုင်းလို့ ရခဲ့၏။ တွေးကြည့်လိုက်ရုံနဲ့တင် တကယ်ကို အရသာရှိလှသည်။
"အဲဒါဆိုလည်း မင်း ငါ့ကို စောစောစီးစီးကတည်းက ကြိုပြောသင့်တယ်။ ငါ ဒီရောက်တဲ့အထိ စောင့်ပြီး လိမ်နေတာမျိုး မလုပ်သင့်ဘူး... ငါ အိမ်မကြည့်တော့ဘူး။ ငါ ဒီကိုလာခဲ့တဲ့ တက္ကစီခကို ပေး။ ဒါဆိုရင် ဒီကိစ္စ ပြီးပြီ”
တစ်ခုချင်းစီ ရှင်းကြတာပေါ့။ မင်းအတွက် မလွယ်ကူဘူး ဆိုတိုင်း တခြားလူတွေအတွက်ရော လွယ်ကူနေတယ် ထင်နေလား။
ထန်ဖန်ကျင်းက အိမ်မကြည့်တော့ဘဲ တက္ကစီခ ပြန်တောင်းနေသည်ကို ကြားသောအခါ ချီကွမ်း၏ မျက်နှာပေါ်မှ အပြုံးများ ပျောက်ကွယ်သွားသည် "အစ်ကိုထန်… အဲ့ဒါကတော့ မဖြစ်နိုင်ဘူးဗျ။ တကယ်လို့ အစ်ကိုက အိမ်ကိုကြည့်ပြီး စာချုပ်ချုပ်ခဲ့မယ်ဆိုရင်တော့ တက္ကစီခကို ကျွန်တော် သေချာပေါက် ရှင်းပေးလို့ရပါတယ်။ ဒါပေမယ့် အခုက ဘာမှလည်း အတည်မဖြစ်သေးတော့ ကျွန်တော့်ဘက်က ပေးစရာ အကြောင်းမရှိဘူးလေ..."
ထန်ဖန်ကျင်း ခေါင်းခါလိုက်ပြီး ပြောသည် "ဒါဆို မင်း ငါ့ကို ဒီအရောက် လိမ်ခေါ်ခဲ့တဲ့ ကိစ္စကရော ဘယ်လိုလုပ်မလဲ”
ချီကွမ်းက ချက်ချင်းပင် အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်သည် "လိမ်တယ်ဆိုတာ ဘာသဘောလဲ။ ဘယ်သူက ခင်ဗျားကို လိမ်လို့လဲ။ စကားကို အဲဒီလောက် ရမ်းမပြောနဲ့လေ။ ဟုတ်ပြီလား။ လူတိုင်း ဒီလိုပဲ လုပ်နေကြတာပါလို့ ခင်ဗျားကို ကျွန်တော် ပြောပြီးပြီလေ။ ကဲပါ... ကဲပါ... ကျွန်တော်တို့ရဲ့ ရုံးခွဲက ဟိုဘက်နားမှာ ရှိတယ်။ ခင်ဗျား ဟိုက ရုံးခွဲမန်နေဂျာဝမ်ဆီ သွားပြောလိုက်"
"ကုမ္ပဏီက ကျွန်တော်တို့ကို ဒီလိုလုပ်ခိုင်းတာလေ။ သွားလိုက်။ သူတို့က ခင်ဗျားကို ပိုက်ဆံပေး၊ မပေး သွားကြည့်လိုက်"
ပြောပြီးသည်နှင့် ချီကွမ်း လှည့်ထွက်သွားသည်။ သောက်ကျိုးနည်း... အရူးတစ်ယောက်နဲ့ လာတွေ့နေတယ်။ တကယ်ကို ကံဆိုးတာပဲ။
အိမ်ငှားရမ်းဖြစ်သွားရင်တောင်မှ သူရမယ့် ပွဲခက သိပ်များတာ မဟုတ်ဘူး။ အခုလို မငှားဖြစ်တဲ့ အခြေအနေမျိုးမှာဆိုရင် ပြောနေစရာတောင် မလိုတော့ဘူး။
ထန်ဖန်ကျင်းကတော့ သူ့ကို ဂရုမစိုက်ပေ။ တစ်ဖက်လူက သူ့ကို ပိုက်ဆံပေးမည်မဟုတ်ကြောင်း သူ သိသည်။ ဘာပဲဖြစ်ဖြစ် နောက်ရက်အနည်းငယ်အတွင်း သူ တရားရုံးသွားရဦးမည်ဖြစ်ရာ အဲဒီကျမှ သူတို့ကိုပါ တစ်ခါတည်း တရားစွဲပစ်လိုက်မည်။
အရင်ဘဝတုန်းကလည်း သူ ဒီလိုမျိုး လုပ်ဖူးသည်။ ကံထူးရှင်တစ်ယောက်ကို ကျပန်းရွေးချယ်ပြီး သူရဲ့ တရားခွင်ချေပချက်တွေကို လေ့ကျင့်ဖို့ သုံးခဲ့တာလေ...။
ဆယ်မိနစ်ခန့် လမ်းလျှောက်ပြီးနောက် ရုံးခွဲတစ်ခုသို့ ရောက်ရှိသွားသည်။ ပုံမှန် အိမ်ခြံမြေ အကျိုးဆောင်ရုံးလေးတစ်ခုဖြစ်ပြီး အလွန် သေးငယ်ကာ အထဲတွင် ကုတ်အင်္ကျီဝတ်ထားသော လူအနည်းငယ် စကားပြောနေကြသည်။
ချီကွမ်းက အထဲသို့ဝင်သွားပြီး သူတို့ထဲမှ တစ်ယောက်ကို တစ်ခုခု ပြောလိုက်သည်။ ချက်ချင်းပင် ကုတ်အင်္ကျီဝတ်ထားသော ထိုလူက ထွက်လာပြီး ထန်ဖန်ကျင်းကို ကြည့်ကာ ပြောသည်။
"မစ္စတာထန် မဟုတ်လား။ ကျွန်တော်က ဒီက ရုံးခွဲမန်နေဂျာဝမ်ပါ။ ရှောင်ချီ က အခြေအနေတွေကို ကျွန်တော့်ကို ပြောပြပြီးပါပြီ”
"အခု ခင်ဗျားလည်း အခြေအနေကို သိနေပြီပဲ။ ကျွန်တော်တို့လည်း မတတ်နိုင်ပါဘူးဗျာ။ ခင်ဗျားက ရှောင်ချီဆီက ပိုက်ဆံကို အတင်းတောင်းနေမယ်ဆိုရင်တော့ အဲဒါက သေချာပေါက် မသင့်တော်ဘူးလေ။ ရှောင်ချီက အလုပ်ဝင်တာ သိပ်မကြာသေးတော့ တစ်လကို ဝင်ငွေလည်း သိပ်များတာ မဟုတ်ဘူး..."
အမှန်တကယ်တော့ ထန်ဖန်ကျင်း သည် တစ်ဖက်လူနှင့် စကားအပိုတွေ ပြောနေရန် ပျင်းရိနေပြီ ဖြစ်သည်။ သူ့အတွက်တော့ အချိန်ဖြုန်းခြင်းသည် အသက်ကို ဖြုန်းတီးနေခြင်းပင်။
သူ အချိန်ဖြုန်းပြီး စကားများနေရသည့် အကြောင်းရင်းမှာ စနစ်က သူ့ကို နောက်ထပ် မစ်ရှင်တစ်ခုများ ပေးလာမလားဆိုသည်ကို သိချင်၍ ဖြစ်သည်။ သို့သော် ကံမကောင်းစွာဖြင့် မည်သည့် လှုပ်ရှားမှုမှ ရှိမလာခဲ့ပေ။
ထို့ကြောင့် သူက လိုရင်းကိုသာ တိုက်ရိုက် ပြောလိုက်သည် "မန်နေဂျာဝမ်… အသုံးမဝင်တဲ့ စကားတွေ မပြောပါနဲ့။ ခင်ဗျား ကုမ္ပဏီက ဝန်ထမ်းတွေကို အတုအယောင် စာရင်းတွေ၊ အတုအယောင် ဈေးနှုန်းတွေ သုံးပြီး လူတွေကို လိမ်ခိုင်းတာ ဟုတ်သလား၊ မဟုတ်ဘူးလား ဆိုတာကိုပဲ ပြောပါ”
"ဒါနဲ့... စကားမစပ် ခင်ဗျားကို သတိပေးလိုက်မယ်။ ကျွန်တော့်ဖုန်းက အသံဖမ်းနေတယ်။ ခင်ဗျား ပြောလိုက်တဲ့ စကားတိုင်းအတွက် ခင်ဗျား တာဝန်ယူရလိမ့်မယ်နော်"
ဤစကားကို ကြားသောအခါ မန်နေဂျာဝမ် တစ်ယောက် ချက်ချင်းပင် အနည်းငယ် ထိတ်လန့်သွားသည် "မဟုတ်ဘူးလေ။ ခင်ဗျား ဘယ်လိုတွေ ပြောနေတာလဲ။ လိမ်တယ်ဆိုတာ ဘာသဘောလဲ။ ကျွန်တော်တို့က ခင်ဗျားကို ဘာများ လိမ်လို့လဲ"
"ကုမ္ပဏီက ကျွန်တော်တို့ကို ဒီလိုလုပ်ခိုင်းတော့ရော ဘာဖြစ်လဲ။ အခုခေတ်မှာ လူတိုင်း ဒီလိုပဲ လုပ်နေကြတာ မဟုတ်ဘူးလား။ ခင်ဗျားလို လူမျိုးကို တစ်ခါမှ မမြင်ဖူးပါဘူးဗျာ။ ကျွန်တော် ပြောလိုက်မယ်။ ခင်ဗျားကို အဲဒီပိုက်ဆံ ပေးစရာ အကြောင်း လုံးဝမရှိဘူး"
ထန်ဖန်ကျင်း သည် သူ၏ မစ်ရှင်ဖန်သားပြင်ကို နောင်တအနည်းငယ်ဖြင့် ကြည့်လိုက်ပြီး ခေါင်းခါကာ ပြောလိုက်သည် "ဘာမှမဖြစ်ပါဘူး။ ခင်ဗျားက ဟုတ်တယ်လို့ ပြောလိုက်မှတော့ ရပါပြီ”
ပြောပြီးသည်နှင့် သူ လှည့်ထွက်လာခဲ့သည်။
ကြည့်ရသည်မှာ အသက်စွန့် ရှေ့နေ စနစ် ဆိုသည်က သူ စိတ်ကူးထားသလို မဟုတ်ပုံရသည်။ တစ်ဖက်လူကို နှစ်ခွန်းသုံးခွန်းလောက် ရန်စလိုက်ရုံဖြင့် မစ်ရှင် ပေးမည်မဟုတ်ပေ။
တကယ်ကို နှမြောစရာကောင်းလိုက်တာ။
သို့သော် အလုပ်သမား အငြင်းပွားမှု အမှုက တရားခွင်ရောက်တဲ့အခါကျရင် သူတို့ကိုပါ တစ်ခါတည်း တရားစွဲပစ်လိုက်တာက ပိုကောင်းပါလိမ့်မည်။
ထန်ဖန်ကျင်း မည်သည့် တွေဝေမှုမှမရှိဘဲ ထွက်ခွာသွားသည်ကို ကြည့်ရင်း မန်နေဂျာဝမ်က ခေါင်းခါကာ ပြောလိုက်သည် "အရူးပဲ"
သူတို့က ဤအရာကို လူတွေကို လိမ်လည်သည်ဟု မထင်ကြပေ။ တစ်ဖက်လူက ဘာမှ နစ်နာသွားတာမှ မဟုတ်တာ။ တက္ကစီခ ဆိုတာက ဘယ်လို နစ်နာမှုမျိုးလဲ။ သူတို့ မပေးဘူးဆိုရင်လည်း မပေးဘူးပေါ့။ ဒီကိစ္စလေးအတွက်နဲ့ သူတို့ကို လာပြီး အနှောင့်အယှက်ပေးမည့်သူ ရှိလိမ့်မည်ဟု သူတို့ တကယ် မယုံကြည်ပေ။
သူ ငှားရမ်းထားသော အခန်းကျဉ်းလေးသို့ ပြန်ရောက်ပြီးနောက် ထန်ဖန်ကျင်းသည် အိမ်ထပ် မငှားတော့ရန် ဆုံးဖြတ်လိုက်သည်။ အလုပ်သမား အငြင်းပွားမှု အမှုမှ ရမည့်ငွေများကို ရရှိသည်နှင့် တပြိုင်နက် အိမ်တစ်လုံးကို တန်းဝယ်ပစ်လိုက်မည်။
တစ်ထိုင်တည်းနဲ့ အကုန်ပြီးသွားတာပေါ့။ ဘာပဲဖြစ်ဖြစ် သူက နေ့လယ်ဘက်ဆို စာကြည့်တိုက်မှာ စာသွားကျက်နေမှာဖြစ်ပြီး ညဘက်ကျမှ အိပ်ဖို့ ပြန်လာမှာလေ။ အဲ့ဒီတော့ အိမ်ကြီးကြီးလည်း မလိုပါဘူး။
ရက်အနည်းငယ် ကုန်လွန်သွားပြီး တတိယမြောက်နေ့ နံနက်ခင်းတွင်…
Bluebird ကုမ္ပဏီအတွင်း၌ မန်နေဂျာချုပ်ဟူက ဌာနမှူးလျို နှင့် အဘိုးကြီးကျန်းတို့ကို ကြည့်ကာ ပြောလိုက်သည်။ "မင်းတို့အားလုံး တရားရုံးက သမ္မာန်စာကို မြင်ပြီးကြပြီ မဟုတ်လား။ ပြောစမ်းပါဦး။ မင်းတို့ ဘယ်လိုထင်လဲ”
အဘိုးကြီးကျန်းနှင့် ဌာနမှူးလျိုတို့ အချင်းချင်း မျက်နှာချင်းဆိုင် ကြည့်လိုက်ကြပြီးနောက် ပြန်ဖြေသည။ "မန်နေဂျာချုပ်ဟူ… အနုညာတ ခုံရုံး ပြီးကတည်းက ကျွန်တော်တို့ ဒီအကြောင်းကို ဆွေးနွေးပြီးပါပြီ။ တစ်ဖက်လူက သေချာပေါက် တရားစွဲလာမှာပါ။ ကျွန်တော်တို့အတွက်ကတော့ ဘာမှ ကိစ္စမရှိပါဘူး။ ဘယ်လိုပဲကြည့်ကြည့် အသာစီးရနေတာက သေချာပေါက် ကျုပ်တို့ဘက်မှာပဲ"
မန်နေဂျာချုပ်ဟူက နားထောင်ပြီးနောက် ခေါင်းညိတ်လိုက်သည် "ကောင်းပြီလေ။ ဒါဆိုလည်း မင်းတို့နှစ်ယောက် ဒီကိစ္စကို မြန်မြန် ဖြေရှင်းလိုက်ကြ”
လူတိုင်း၏ အမြင်တွင်တော့ ဤအမှုသည် မရှုံးနိုင်သော အမှုပင်…။ ဤအမှုက ရှုံးမည် ဆိုသည်မှာ တွေးကြည့်လို့ပင် မရနိုင်သော ကိစ္စဖြစ်သည်။
ထိုသို့ဖြင့် တရားခွင် ကြားနာမည့်နေ့သို့ နောက်ဆုံးတွင် ရောက်ရှိလာခဲ့လေသည်။
ကွမ်မင် ခရိုင်တရားရုံး၏ အဝင်ဝတွင် ထန်ဖန်ကျင်း၏ မျက်နှာထားက တည်ငြိမ်နေသော်လည်း သူ၏ ရင်ထဲတွင်မူ မီးတောက်တစ်ခု လောင်ကျွမ်းနေဆဲပင်…။
တစ်ဖက်လူက လစာအတွက်သာ တိုက်ပွဲဝင်နေခြင်း ဖြစ်သော်လည်း သူကမူ သူ၏ အသက်အတွက် တိုက်ပွဲဝင်နေရခြင်း ဖြစ်သည်...။
အမှားအယွင်း မရှိစေရန်အတွက် ဤကာလအတွင်းတွင် သူသည် တရားခွင် လုပ်ငန်းစဉ်များကို အကြိမ်များစွာ ကြိုတင် ဇာတ်တိုက်လေ့ကျင့်ထားခဲ့သည်။ တစ်ဖက်လူ၏ မည်သည့် တုံ့ပြန်မှုမျိုးမဆို သူ၏ မျှော်လင့်ချက်ထဲတွင် ရှိနေသည်ဟု ဆိုနိုင်လောက်ပေသည်။
ထို့ကြောင့် သူက မာန်တင်း၍ စိတ်ထဲ၌ ကြုံးဝါးလိုက်သည်။
ကဲ… စလိုက်ကြရအောင်…။
***