ကွမ်မင် ခရိုင်တရားရုံး၏ တရားမမှုဌာနခွဲ (၂) အတွင်းတွင် တရားလိုနှင့် တရားပြိုင်တို့ နေရာယူထားပြီး ဖြစ်သည်။
သို့သော် ဌာနမှူးလျိုသည် သူ့ရှေ့ရှိ လူငယ်လေးကို ကြည့်ရင်း အလွန်တရာ နေရထိုင်ရ ခက်နေသည်။ တစ်ဖက်လူ၏ မျက်လုံးများက သူတို့နှစ်ယောက်ကို အချိန်ပြည့် စိုက်ကြည့်နေသောကြောင့်ပင်။
ထန် ဟူသော မျိုးရိုးနာမည်ရှိသည့် ထိုလူငယ်က နောက်တစ်စက္ကန့်တွင် သူတို့ဆီ ခုန်အုပ်လာပြီး လက်တွေ့ဘဝမှာပါ အသေအကြေ လာချမည့်ပုံပေါက်နေသည်ဟုပင် သူ ခံစားနေရသည်
“အခြေအနက မဆိုးလောက်ပါဘူးလေ”
ဌာနမှူးလျိုက သူ့ဘာသာ တီးတိုးရေရွတ်လိုက်သည်။
ခဏမျှ စဉ်းစားပြီးနောက် သူက ပြောလိုက်သည် "အဘိုးကြီးကျန်း... ဒီနေ့ တရားခွင်မှာလေ... ဟိုဘက်က ကောင်လေးရဲ့ အကြည့်တွေက ဘာလို့ အဲဒီလောက် ပြင်းထန်နေရတာလဲ”
ဘေးနားရှိ ဥပဒေရေးရာအရာရှိ အဘိုးကြီးကျန်းက ထိုစကားကို ကြားသောအခါ မကျေမနပ်ဖြင့် ပြန်ပြောသည် "အဘိုးကြီးလျို… မင်းက ဘာသဘောနဲ့ ပြောတာလဲ။ ငါ့ကို မယုံလို့လား။ ငါက ပရော်ဖက်ရှင်နယ်လား၊ သူက ပရော်ဖက်ရှင်နယ်လား”
"ဒီနေ့ သူ ရှေ့နေတောင် ခေါ်မလာဘူးလေ။ မင်း ဘာကို စိုးရိမ်နေမှန်းတောင် ငါ မသိတော့ဘူး။ ငါ ရှုံးသွားမှာကို စိုးရိမ်နေတာလား”
ဤစကားများက အနည်းငယ် လေးနက်သွားသဖြင့် ဌာနမှူးလျိုက ကမန်းကတန်း ပြန်ပြောလိုက်သည်။ "မဟုတ်ပါဘူး။ မဟုတ်ပါဘူး အဘိုးကြီးကျန်းရယ်… သေချာပေါက် ငါ မင်းရဲ့ ပရော်ဖက်ရှင်နယ် ကျွမ်းကျင်မှုကို ယုံကြည်တာပေါ့”
အဘိုးကြီးကျန်းသည် ဥပဒေဘွဲ့ရ အစစ် တစ်ယောက်ဖြစ်ပြီး တရားခွင်တွင် အမှုလိုက်ဖူးသည့် အတွေ့အကြုံ ဆယ်နှစ်ပင် ရှိသေးသည်။
တစ်ဖက်လူအတွက် ပြောရလျှင်တော့ သူ့မှာရှိသမျှ ဥပဒေဗဟုသုတ ဆိုသည်မှာ အင်တာနက်ပေါ်မှ လျှောက်ဖတ်ထားသည့် အရာများသာ ဖြစ်လောက်မည်။ ဤအခြေအနေ၌ သူတို့ ရှုံးစရာအကြောင်း လုံးဝ မရှိပေ။
ဤသို့တွေးမိတော့ ဌာနမှူးလျို စိတ်အေးသွားသည်။ သူ ကြိုက်သလောက် စိုက်ကြည့်နေပါစေ။ တရားခွင်ထဲမှာတော့ ဘယ်သူ့ကိုမှ သူ ကိုယ်ထိလက်ရောက် လုပ်ရဲမှာ မဟုတ်ပါဘူးလေ။ တကယ်လို့ သူ တကယ်လုပ်လာခဲ့ရင်တော့ အဲဒါက ပိုတောင် အဆင်ပြေသေးတယ်။
ထိုအချိန်၌ စာရေး၏ "အားလုံး မတ်တတ်ရပ်ပါ" ဟူသော အော်သံနှင့်အတူ တရားသူကြီးချုပ် ကျိုးယုံနှင့် တရားသူကြီးများ၊ ပြည်သူ့ခုံသမာဓိလူကြီးများ စသည်တို့သည် ပင်ပန်းနွမ်းနယ်နေသော မျက်နှာထားများဖြင့် တရားခွင်အတွင်းသို့ ဝင်ရောက်လာကြသည်။
တရားသူကြီး ကျိုးယုံ တစ်ယောက် တကယ်ကို ပင်ပန်းနေပြီ ဖြစ်သည်။ အားလုံးသိကြသည့်အတိုင်း အောက်ခြေ တရားရုံးများမှ တရားသူကြီးများသည် အခြေခံအားဖြင့် ဝန်တင်သင်္ဘော များကဲ့သို့ ဆက်ဆံခံရလေ့ရှိသည်။ အကြောင်းမှာ အမှုအခင်းများကို ကိုင်တွယ်ရခြင်းသည် တရားခွင်အတွင်း မြင်ရသည်ထက် အလုပ်ပို၍ များပြားသောကြောင့်ပင်။ ထို့အပြင် ဤအမှုက ပို၍ပင် ပြဿနာများလှသည်။
“ကောင်းပြီ။ ဒီနေ့ နှစ်ဖက် ကိုယ်စားလှယ်တွေ ဘာတွေပြောမလဲ ဆိုတာ ကြည့်ကြတာပေါ့... ဟမ်၊ တရားလိုမှာ ကိုယ်စားလှယ် မပါဘူးလား”
တရားသူကြီး ကျိုးယုံက အမှုတွဲဖိုင်ကို သေချာစေရန် မြန်မြန်ဆန်ဆန် ထပ်မံစစ်ဆေးကြည့်လိုက်သည်။
ဪ... ဟုတ်သားပဲ။ ဒီတရားလိုက ရှေ့နေတောင် မငှားထားဘူးပဲ။
ဒါက တကယ်ကို ထူးဆန်းလွန်းလှသည်။ တောင်းဆိုထားသည့် ပမာဏ ခြောက်သိန်းကျော် ရှိသော ဤမျှ ကြီးမားသည့် အမှုကြီးအတွက် သူက ကိုယ့်ဘာသာကိုယ် ခုခံချေပဖို့ စဉ်းစားထားသည်တဲ့။
ထို့အပြင် လူငယ်လေး၏ ယခင်အလုပ်က ဥပဒေနှင့် ဘာမှမဆိုင်ကြောင်းကိုလည်း အမှုတွဲဖိုင်မှတစ်ဆင့် ကျိုးယုံ သိထားသည်။
သူက အဲဒီလောက်တောင် ယုံကြည်မှု ရှိနေတာလား။
တရားခွင် စတင်ကြောင်း ကြေညာပြီးနောက် လုပ်ထုံးလုပ်နည်းများအတိုင်း ဆက်လက် လုပ်ဆောင်ရမည် ဖြစ်သည်။ တရားစွဲဆိုမှုတွင် ပါဝင်သူအားလုံး၏ အမည်၊ နေရပ်လိပ်စာ၊ ဆက်သွယ်ရန် အချက်အလက်များအပြင် ကန့်ကွက်ခွင့် စသည့် ကိစ္စရပ်များကိုပါ မေးမြန်းရမည် ဖြစ်သည်။ လိုအပ်သည့် လုပ်ထုံးလုပ်နည်းများ အားလုံးကို မဖြစ်မနေ လိုက်နာရမည်။
နောက်ဆုံးတွင် တရားခွင် စုံစမ်းစစ်ဆေးရေး အဆင့်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည် : နှစ်ဖက်စလုံး၏ ထွက်ဆိုချက်များ၊ သက်သေအထောက်အထား တင်ပြခြင်းနှင့် အပြန်အလှန် မေးခွန်းထုတ်ခြင်း အဆင့်ဖြစ်သည်။
အဘိုးကြီးကျန်းက လူကြီးတစ်ယောက်လို ထိုင်နေရင်း ဌာနမှူးလျိုကို "မစိုးရိမ်ပါနဲ့" ဟူသော အကြည့်ဖြင့် ကြည့်လိုက်ပြီးနောက် သူ၏ ဖျော်ဖြေမှုကို တက်ကြွစွာ စတင်လိုက်တော့သည်။
လူအများစုသည် တရားခွင်ထဲသို့ ဝင်ရောက်ပြီးနောက် အကျင့်ပါနေသလို စိတ်လှုပ်ရှားလာတတ်ကြ၏။
စဉ်းစားကြည့်လေ။ ကျောင်းမှာဖြစ်ဖြစ်၊ လုပ်ငန်းခွင်မှာဖြစ်ဖြစ် လူအများကြီးရှေ့မှာ စကား ပြောရတာကတောင် စိတ်လှုပ်ရှားစရာ ကောင်းနေပြီကို။ ခမ်းနားထည်ဝါပြီး တည်ငြိမ်နေတဲ့ တရားခွင်မျိုးမှာ ဆိုရင်တော့ ပြောနေစရာတောင် မလိုတော့ဘူး။
ထို့ကြောင့် အဘိုးကြီးကျန်း တစ်ယောက် မျှော်လင့်တကြီး မျက်နှာထားဖြင့် ကြည့်နေစဉ်မှာပင် ထန်ဖန်ကျင်းက စကားစတင် ပြောဆိုလိုက်သည်။
"သက်သေအထောက်အထား (၁) - အလုပ်ဝင်၊ အလုပ်ဆင်း လက်ဗွေနှိပ်မှတ်တမ်း။ Bluebird ကုမ္ပဏီမှာ ကျွန်တော့်ရဲ့ အလုပ်ချိန်တွေက သတ်မှတ်ထားပြီးသား ဖြစ်တယ်ဆိုတာကို သက်သေပြပါတယ်”
ယင်းအတွက် အဘိုးကြီးကျန်းက တိုက်ရိုက်ပင် ပြောလိုက်သည် "သက်သေအထောက်အထားရဲ့ အစစ်အမှန် ဖြစ်တည်မှုအပေါ် ကန့်ကွက်စရာ မရှိပေမယ့် သက်သေအထောက်အထားရဲ့ ခိုင်လုံမှုအပေါ်တော့ ကန့်ကွက်စရာ ရှိပါတယ်။ ကျွန်တော်တို့ ကုမ္ပဏီက အချိန်ကန့်သတ်ချက်မရှိတဲ့ အလုပ်ချိန်စနစ်ကို ကျင့်သုံးတာဖြစ်တဲ့အတွက် ဒီသက်သေအထောက်အထားက အချိန်ပို ရှိတယ် ဆိုတာကို သက်သေမပြနိုင်ပါဘူး”
ထန်ဖန်ကျင်းကတော့ အံ့သြသွားခြင်း မရှိဘဲ ဒုတိယ သက်သေအထောက်အထားကို ချက်ချင်း ကောက်ကိုင်လိုက်သည်။
"သက်သေအထောက်အထား (၂) - ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း ရုံးဖွင့်ရက်တွေမှာ အလုပ်ဆင်းပြီးနောက် ဆက်သွယ်ခဲ့တဲ့ မှတ်တမ်းများ..."
သူ့တွင် အဓိက သက်သေအထောက်အထား လေးခုရှိပြီး နောက်ဆုံး သုံးခုမှာ ရုံးဖွင့်ရက်များတွင် အလုပ်ဆင်းပြီးနောက် ဆက်သွယ်မှုမှတ်တမ်းများ၊ နားရက်များတွင် ဆက်သွယ်မှုမှတ်တမ်းများနှင့် ရုံးပိတ်ရက်များတွင် ဆက်သွယ်မှုမှတ်တမ်းများ အသီးသီး ဖြစ်ကြသည်။
အရမ်းများသည်။ တကယ်ကို အရမ်းများပြားလှသည်။
ဤအပေါ် အဘိုးကြီးကျန်း၏ အပြန်အလှန် မေးခွန်းထုတ်မှုကလည်း အတူတူပင် ဖြစ်သည် : သက်သေအထောက်အထား၏ ခိုင်လုံမှုကို အသိအမှတ်မပြု။ ထိုအရာများက သာမန် ဆက်သွယ်မှုများသာ ဖြစ်ပြီး အချိန်ပိုအဖြစ် လုံးဝ သတ်မှတ်၍ မရပါ။
မကြာမီ အဘိုးကြီးကျန်း အလှည့်သို့ ရောက်လာပြီး သူကလည်း သူ၏ သက်သေအထောက်အထားကို ထုတ်ပြလာသည်။
"သက်သေအထောက်အထား (၁) - ကုမ္ပဏီက အချိန်ကန့်သတ်ချက်မရှိတဲ့ အလုပ်ချိန်စနစ်နဲ့ ပြောင်းလွယ် ပြင်လွယ်ရှိတဲ့ အလုပ်ချိန်ကို ကျင့်သုံးကြောင်း ရှင်းလင်းစွာ ဖော်ပြထားတဲ့ Bluebird ကုမ္ပဏီရဲ့ စည်းမျဉ်းစည်းကမ်းများနဲ့ အလုပ်သမား စာချုပ် ဥပဒေ”
"ဒါကြောင့် တရားလို ကိုယ်တိုင်ကလည်း အဲဒီအချိန်တုန်းက သဘောတူခဲ့တာဖြစ်ပြီး အချိန်ပို ဆိုတာမျိုး မရှိပါဘူး။ အလုပ်ဝင်၊ အလုပ်ဆင်း လက်ဗွေနှိပ်တာက ဝန်ထမ်းတွေကို ကြီးကြပ်ဖို့ နည်းလမ်းတစ်ခု သက်သက်သာဖြစ်ပြီး လက်ဗွေနှိပ်တဲ့စနစ်ကနေတစ်ဆင့် ဝန်ထမ်းတွေကို တကယ်ကြီး ကန့်သတ်ထားမှာ မဟုတ်ပါဘူး..."
အဘိုးကြီးကျန်း စကားပြောပြီးနောက် သူ့ရှေ့ရှိ ထန်ဖန်ကျင်းကို ကြည့်လိုက်သည်။ မြင်လား... ငါ့ဆီမှာ ကုမ္ပဏီစည်းမျဉ်းတွေ ရှိရုံသာမကဘူး။ အလုပ်သမား စာချုပ် ဥပဒေပါ ရှိတယ်။ မင်း အလုပ် စဝင်တုန်းက စာချုပ်မှာ လက်မှတ်ထိုးကတည်းက ဒါကို သိပြီးသားပဲလေ ဟု သူ တွေးနေသည်။
သေချာသည်ပေါ့... သူ လျှောက်ပြောနေခြင်းဖြစ်ကြောင်း သူကိုယ်တိုင် သိပါသည်။ Bluebird ကုမ္ပဏီတွင် အလုပ်နောက်ကျခြင်း သို့မဟုတ် စောပြန်ခြင်း ဆိုသည်မှာ အလွန် ပြင်းထန်သော အပြစ်ဖြစ်သည်။
သို့သော် အဘိုးကြီးကျန်း၏ အကြည့်အောက်တွင် သူ့ရှေ့ရှိ ဖြူဖျော့ဖျော့ လူငယ်လေးက ချက်ချင်း ပြောလိုက်သည် "သက်သေအထောက်အထားရဲ့ အစစ်အမှန်ဖြစ်တည်မှု အပေါ် ကန့်ကွက်စရာ မရှိပေမယ့် အချိန်ကန့်သတ်ချက်မရှိတဲ့ အလုပ်ချိန်စနစ်ကိုတော့ လုံးဝ သက်သေမပြနိုင်ပါဘူး”
"အလုပ်သမား စာချုပ် ဥပဒေနဲ့ အချိန်ကန့်သတ်ချက်မရှိတဲ့ အလုပ်ချိန်စနစ်ကို ကျင့်သုံးတဲ့ လုပ်ငန်းတွေ အတွက် ဟန်တုံးပြည်နယ်ရဲ့ စည်းမျဉ်းတွေအရ အချိန်ကန့်သတ်ချက်မရှိတဲ့ အလုပ်ချိန်စနစ်ကို ကျင့်သုံးမယ် ဆိုရင် အလုပ်သမားဝန်ကြီးဌာနကို လျှောက်ထားပြီး ခွင့်ပြုချက် ရယူဖို့ လိုအပ်ပါတယ်”
"ဒါပေမယ့် တရားပြိုင်ရဲ့ သက်သေအထောက်အထားမှာ အလုပ်သမားဝန်ကြီးဌာနရဲ့ ခွင့်ပြုချက် မပါဝင်တဲ့ အတွက် သက်သေမပြနိုင်ပါဘူး”
ပြောင်းလွယ်ပြင်လွယ်ရှိတဲ့ အလုပ်ချိန်၊ အချိန်ကန့်သတ်ချက်မရှိတဲ့ အလုပ်ချိန် စသည်တို့ကို ကျင့်သုံးခြင်း ဆိုသည်မှာ ကုမ္ပဏီတစ်ခုက လွယ်လွယ်ကူကူ ကြေညာလိုက်ရုံဖြင့် ရနိုင်သောအရာ မဟုတ်ပေ။ ဝန်ထမ်းက သဘောတူလျှင်တောင် ခွင့်ပြုချက် လိုအပ်ဆဲဖြစ်သည်။
နှစ်ဖက်စလုံးက သဘောတူခဲ့မည်ဆိုပါက ပြဿနာမရှိနိုင်သော်လည်း တကယ်တမ်း ပြဿနာရှာမည် ဆိုပါက ထိုအရာများ အားလုံးက ပြဿနာချည်းပင် ဖြစ်သည်။
ခေတ္တရပ်သွားပြီးနောက် ထန်ဖန်ကျင်းက အဘိုးကြီးကျန်း၏ ကြောင်အမ်းနေသော အကြည့်အောက်၌ နောက်ထပ် စကားတစ်ခွန်း ထပ်ပြောလိုက်သည် "ကျွန်တော် သိသလောက်တော့ အလုပ်ရှင်က အလုပ်သမားဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်မရှိဘဲ အချိန်ကန့်သတ်ချက်မရှိတဲ့ အလုပ်ချိန်စနစ်ကို ကျင့်သုံးမယ်ဆိုရင် အလုပ်သမားဝန်ကြီးဌာနက သူတို့ကို အချိန်ပိုလုပ်ရတဲ့ နာရီတွေအတွက် ငွေပေးချေဖို့နဲ့ လိုအပ်တဲ့ လုပ်ထုံးလုပ်နည်းတွေကို ပြီးမြောက်အောင် လုပ်ဆောင်ဖို့ အမိန့် ပေးသင့်ပါတယ်”
"တကယ်လို့ သူတို့က မလိုက်နာဘူးဆိုရင် ဒဏ်ရိုက်ခံရလိမ့်မယ်လို့ ထင်ပါတယ်"
“ဒါ... ဒါ... ဒါက...”
ဥပဒေအကြောင်း သိပ်မသိသော ဌာနမှူးလျိုပင် ယခုအချိန်တွင် အဘိုးကြီးကျန်း တစ်ယောက် တစ်ဖက်လူ၏ ဖိနှိပ်ခြင်းကို လုံးဝ ခံလိုက်ရပြီ ဖြစ်ကြောင်း သိမြင်နေပြီ ဖြစ်သည်။ တစ်ဖက်လူက သူ၏ သက်သေအထောက်အထားများမှ ဟာကွက်များကို ရှာတွေ့သွားသည်ကိုတော့ မပြောနှင့်ဦး။ ထိုဟာကွက်သည် သူ့ကို အမှုနိုင်စေရန် ကူညီပေးနိုင်ရုံသာမက သူတို့ကို အလုပ်သမားဝန်ကြီးဌာနသို့ တိုင်ကြားရန်အတွက်ပါ အသုံးပြုနိုင်သည်။
ထန်ဖန်ကျင်းကတော့ အနည်းငယ် ရယ်ချင်နေပြီ ဖြစ်သည်။ ကုမ္ပဏီ၏ အသင်းအဖွဲ့ စည်းမျဉ်းများတွင် အချိန်ကန့်သတ်ချက်မရှိသော အလုပ်ချိန်စနစ်အကြောင်း ပါဝင်ခြင်း ရှိ၊ မရှိကို သူ သိပ်ပြီး မမှတ်မိတော့ပေ။ အဓိက အကြောင်းရင်းမှာ သူက ထိုစည်းမျဉ်းများကို တစ်ခါမှ မမြင်ဖူးသောကြောင့် ဖြစ်သည်။
သို့သော် ကိစ္စမရှိပေ။ တစ်ဖက်လူက ဤအရာကို သက်သေအထောက်အထားအဖြစ် သေချာပေါက် ထုတ်သုံးလာမည်ကို တရားမစွဲမီကတည်းက သူ သိထားပြီး ဖြစ်သည်။ သူ ထင်သည့်အတိုင်းပင်...
လုပ်ထုံးလုပ်နည်းတွေကို ပြီးမြောက်အောင် လုပ်ဖို့လား။ လုံးဝ မဖြစ်နိုင်ပါဘူး။ ဘာလို့လဲဆိုတော့ Bluebird ကုမ္ပဏီက ပုံသေ အလုပ်ချိန်နဲ့သာ ပိုပြီး ကိုက်ညီနေတာ အသိသာကြီးပဲလေ။
ပြီးတော့ အချိန်ကန့်သတ်ချက်မရှိတဲ့ အလုပ်ချိန်စနစ် အတွက် ပေးရမယ့် ပိုက်ဆံက နည်းနည်းနောနော မဟုတ်ဘူး။ ဒါကြောင့် Bluebird ကုမ္ပဏီက အဲဒီလို ခေါ်တဲ့ လုပ်ထုံးလုပ်နည်းတွေကို လုပ်ဆောင်လိမ့်မည် မဟုတ်ပေ။
တရားသူကြီးချုပ် ကျိုးယုံသည် ယခုအခါ လုံးဝ မအိပ်ချင်တော့ပေ။ ထန်ဖန်ကျင်း ဟူသော လူငယ်၏ နည်းလမ်းများက တော်တော်လေး လည်ဝယ်ပြီး ဝါရင့်ရှေ့နေအချို့ထက်ပင် ပို၍ ကောင်းနေသေး၏။
တရားခွင် စုံစမ်းစစ်ဆေးရေး လုပ်ငန်းစဉ်အတွင်းတွင် တရားသူကြီးချုပ်က သေချာပေါက် မေးခွန်းအနည်းငယ် မေးရမည် ဖြစ်သည်။
ထို့ကြောင့် သူက မေးလိုက်သည် "တရားပြိုင်… Bluebird ကုမ္ပဏီရဲ့ အချိန်ကန့်သတ်ချက်မရှိတဲ့ အလုပ်ချိန်စနစ်ကို အတည်ပြုချက် ရယူထားဖူးပါသလား”
အဘိုးကြီးကျန်း တစ်ယောက် အချိန်အတော်ကြာ အထစ်ထစ်အငေါ့ငေါ့ ဖြစ်နေပြီးနောက် နောက်ဆုံးတွင် ပြောလိုက်သည် "မရှိ... မရှိပါဘူး..."
ဒီအချိန်ရောက်မှ သူ ငြင်း၍ မရတော့ချေ။
ထိုအချိန်၌ ထန်ဖန်ကျင်း၏ ခပ်ရေးရေး အပြုံးနှင့် ခပ်ရွတ်ရွတ် စကားကို သူ ထပ်မံ ကြားလိုက်ရသည်။ "အို... ခွင့်ပြုချက်မရှိဘဲနဲ့တောင် ကုမ္ပဏီစည်းမျဉ်းတွေထဲမှာ ထည့်ရေးရဲတယ်ပေါ့လေ။ ဒီကုမ္ပဏီရဲ့ ဥပဒေရေးရာဌာနက အားကစားတက္ကသိုလ်ကနေများ ဥပဒေ သင်လာတာလားဗျာ”
အဘိုးကြီးကျန်း : "..."
***