တရားခွင်တစ်ခုလုံး တိတ်ဆိတ်နေပြီး အထက်တွင် ထိုင်နေသော တရားသူကြီးချုပ် ကျိုးယုံသည် သူ၏ရယ်ချင်စိတ်ကို မနည်းအောင့်ထားရသည်။
သူက ပရော်ဖက်ရှင်နယ် မဆန်လို့တော့ မဟုတ်ပါဘူး။ တကယ်ကို မရယ်ဘဲ မနေနိုင်လို့ပါ...
အထူးသဖြင့် ဟိုလူ့ရဲ့ ကြောင်အမ်းအမ်း မျက်နှာထားနဲ့ ခုနက ဟိုကောင်လေးပြောလိုက်တဲ့ စကား... တကယ်ကို အဲဒီနေရာမှာ ဘယ်သူရှိနေပါစေ ရယ်ချင်စိတ်ကို ထိန်းနိုင်မှာ မဟုတ်ပါဘူး။
တရားသူကြီးတစ်ယောက်က အူတက်မတတ် မရယ်ရဘူးလို့ ဘယ်သူပြောလဲ။ တရားသူကြီးအလုပ်က တကယ်တော့ ရယ်စရာကောင်းတဲ့ အခြေအနေမျိုးစုံနဲ့ ကြုံတွေ့ရဖို့ အလွန် လွယ်ကူတဲ့ အလုပ်တစ်ခုပဲ။ ဘာလို့လဲဆိုတော့ တရားခွင်မှာ သက်သေအထောက်အထားတွေ တင်ပြတဲ့အခါ အသေးစိတ်ကျဖို့ လိုအပ်တယ်လေ။
အထူးသဖြင့် ကွာရှင်းပြတ်စဲမှု အမှုအခင်းများတွင် လုံးဝကို ယုတ္တိမတန်သော အခြေအနေအချို့ကို မကြာခဏ ကြုံတွေ့ရတတ်သည်...
ဥပမာအားဖြင့် ကွမ်မင် ခရိုင်တရားရုံးတွင် အမှု တစ်ခု ဖြစ်ခဲ့ဖူးသည်။ ကွာရှင်းပြတ်စဲမှု အမှုတစ်ခုတွင် ဇနီးမောင်နှံနှစ်ဦးသည် သူတို့၏ အိမ်ထောင်ရေးဘဝနှင့် ခင်ပွန်းဖြစ်သူက မယားငယ်ထားသည့် ကိစ္စများ အကြောင်းကို အလွန်အမင်း အသေးစိတ်ကျကျ ငြင်းခုံခဲ့ကြသည်။
အခြေခံအားဖြင့် ပြောရလျှင် ဒါက တရားခွင်ထဲမှာသာ မဟုတ်ဘူး ဆိုလျှင် ညစ်ညမ်းစာပေ ဖြန့်ဝေခြင်းနှင့် အတူတူလောက်နီးပါးကို ဖြစ်နေပြီ။ လူတွေဖတ်နေကြသည့် ညစ်ညမ်းဝတ္ထု တော်တော်များများထက်ကို ပိုပြီးတော့တောင် ပွင့်လင်းမြင်သာနေသေးသည်။
အဓိကအချက်ကတော့ သူတို့ပြောနေစဉ်အတွင်း တရားသူကြီးကို ဆုံးဖြတ်ပေးရန် အဆက်မပြတ် တောင်းဆိုနေကြခြင်းပင်။ ပို၍ တိုက်ဆိုင်သည်မှာ သနားစရာ တရားသူကြီးလေးမှာ မွေးကတည်းက ရည်းစား မထားဖူးသေးသော အပျိုကြီး ဖြစ်ပြီး ကြောင်တောင်တောင်လေးဖြစ်နေကာ သူတို့အတွက် ဆုံးဖြတ်ပေးဖို့နှင့် ဖျောင်းဖျပေးဖို့ လုပ်နေရသေးသည်။
ထိုအမှုက ကြားရသူ အပေါင်း အတွက် အတော်လေး ရယ်ချင်စရာ ကောင်းလှပေသည်။
တစ်ချိန်တည်းမှာပင် ဌာနမှူးလျို တစ်ယောက် စိုးရိမ်ပူပန်နေပြီဖြစ်ပြီး တိုးတိုးလေး ဟိန်းဟောက်လိုက်သည်။ "အဘိုးကြီးကျန်း… ဘယ်လိုဖြစ်နေတာလဲ။ ငါတို့ အသာစီးရနေတယ်ဆို။ ဘယ်လိုလုပ် ဒီလို ပြန်ဖြစ်သွားရတာလဲ”
အဘိုးကြီးကျန်း၏ လက်သီးများမှာ ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီးဖြစ်သည်။ သူ အမှု လိုက်လာသည်မှာ ကြာပြီ ဖြစ်သော်လည်း သူ ကြုံတွေ့ဖူးသော ရှေ့နေများမှာ ပုံမှန်အားဖြင့် သူတို့၏ ဇာတ်ညွှန်းများ အတိုင်းသာ ရေရွတ်သွားတတ်ကြပြီး စီရင်ချက်ကို စောင့်ကာ ထွက်သွားတတ်ကြသည်။
မင်းရဲ့ သက်သေအထောက်အထားက ဟာကွက်ကို အမိအရဖမ်းပြီး တခြားလမ်းကြောင်းတွေဆီ ဆွဲသွားမယ့်သူမျိုးနဲ့ သူ တစ်ခါမှ မကြုံဖူးခဲ့ချေ။
သူ၏ စိတ်ကို တည်ငြိမ်အောင် မနည်းအားတင်းထားရင်း အဘိုးကြီးကျန်းက စတင်လိုက်သည်။ "နောက်ထပ်က သက်သေအထောက်အထား (၂)..."
"ဒါက Chat မှတ်တမ်းတစ်ခုပါ။ တရားလိုက အချိန်ပိုလုပ်ခဲ့တယ်ဆိုတဲ့ သက်သေအထောက်အထားလို့ ပြောပါတယ်။ ဒါပေမယ့် တရားလိုရဲ့ အချိန်ပိုဆိုတာက Chat ဂရုတစ်ခုထဲမှာ ကာစတန်မာတွေကို ရံဖန်ရံခါ စာပြန်တာလောက်လေးပဲ ဖြစ်ပြီး ဒါက အချိန်ပိုအဖြစ် လုံးဝ သတ်မှတ်လို့ မရဘူးဆိုတာကို ကျွန်တော်တို့ မြင်တွေ့နိုင်ပါတယ်”
ပိုမှန်အောင် ပြောရလျှင် ဤသည်မှာ အမှု၏ အဓိက အငြင်းပွားဖွယ်ရာ အချက်ပင် ဖြစ်သည် : အလုပ်ဆင်းပြီးနောက် ထိုသို့ ဆက်သွယ်ခြင်းသည် အချိန်ပိုအဖြစ် သတ်မှတ်နိုင်ပါသလား။
အဘိုးကြီးကျန်းကတော့ သတ်မှတ်၍မရဟု ယုံကြည်ထားသောကြောင့် အသေးစိတ် တွက်ချက်မှုများကို သူ တစ်ချက်လေးပင် မကြည့်ခဲ့ပေ။ ဒါက အချိန်ပိုမဟုတ်ဘူး ဆိုတာကို သက်သေပြဖို့သာ လိုအပ်သည်လေ။
တစ်ဖက်တွင် ထန်ဖန်ကျင်းက ထပ်မံပြောဆိုလာသည် "ဒီအထောက်အထားရဲ့ အစစ်အမှန် ဖြစ်တည်မှု အပေါ် ကျွန်တော် ကန့်ကွက်စရာ မရှိပါဘူး။ ဒါပေမယ့် ဒီသက်သေအထောက်အထားက အချိန်ပို အမှန်တကယ် လုပ်ခဲ့ရတယ် ဆိုတာကို ပိုပြီးတော့တောင် သက်သေပြနေတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်”
"ကျွန်တော့်အလုပ်က Operations ပိုင်းဖြစ်ပြီး ကာစတန်မာတွေနဲ့ မကြာခဏ ဆက်သွယ်ဖို့ လိုအပ်ပါတယ်။ Chat ဂရုထဲမှာ ကာစတန်မာတွေရဲ့ မေးခွန်းတွေကို ဖြေဆိုပေးတာက သေချာပေါက် အလုပ်တစ်ခုပါပဲ။ ဒါက အလုပ်ချိန်ပြင်ပမှာ ဖြစ်ပွားခဲ့တာဖြစ်တဲ့အတွက် ဒါကို အချိန်ပိုအဖြစ် သတ်မှတ်ရမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်”
ဤသည်မှာ ထန်ဖန်ကျင်း ၏ ယုတ္တိဗေဒများထဲမှ တစ်ခုပင် ဖြစ်သည်။
အလွန် ရိုးရှင်းပါသည်။ အလုပ်ဆင်းပြီးနောက် WeChat ကနေ စာပြန်တာက အလုပ်နဲ့ သက်ဆိုင်သလား။ သက်ဆိုင်တယ်။ ပြီးတော့ အလုပ်ဆင်းပြီးနောက် ဆိုတာက အလုပ်ချိန်အတွင်း မဟုတ်ဘူး။
ဒါဆို ရှင်းသွားပြီမလား။ အလုပ်ချိန်ပြင်ပမှာ အလုပ်လုပ်ခဲ့ရတယ်ဆိုမှတော့ အဲဒါကို အချိန်ပို မဟုတ်ဘူးလို့ ငြင်းစရာ အကြောင်းမှ မရှိတာ။
"တရားခွင် စုံစမ်းစစ်ဆေးရေး ပြီးဆုံးပါပြီ။ အခု တရားခွင် အချေအတင် ငြင်းခုံခြင်းကို စတင်ပါမယ်" ဟု အထက်မှ တရားသူကြီး ကျိုးယုံက ကြေညာလိုက်သည်။
ထန်ဖန်ကျင်းက စတင်လိုက်သည် "ကျွန်တော် တင်ပြထားတဲ့ သက်သေအထောက်အထားတွေက အလုပ်ချိန်ပြင်ပမှာ အလုပ်အတွက် ဆိုရှယ်မီဒီယာကို အသုံးပြုခြင်းဟာ ရိုးရှင်းတဲ့ ဆက်သွယ်မှုဆိုတဲ့ ဘောင်ကို ကျော်လွန်နေပြီဆိုတာ သက်သေပြနေပါတယ်”
"ဒါ့အပြင် ဒီဆက်သွယ်မှု အပြုအမူတွေက နေ့စဉ်နီးပါး ဖြစ်ပွားနေပြီး အချိန်ကာလတစ်ခုကို အခြေခံကာ ပုံမှန် ဖြစ်ပေါ်နေတဲ့ လက္ခဏာရပ်တွေ ရှိနေပါတယ်။ ဒါက ကျွန်တော့်ရဲ့ အနားယူချိန်တွေကို ရှင်းရှင်းလင်းလင်း သိမ်းပိုက်ထားတာပါ။ ဒါကြောင့် ဒါကို အချိန်ပိုအဖြစ် အသိအမှတ်ပြုသင့်ပါတယ်”
အဘိုးကြီးကျန်း တစ်ယောက် စတင် စိတ်လှုပ်ရှားလာပြီ ဖြစ်သည်။ ဤသည်က သူ စိတ်ကူးထားသလိုမျိုး မဟုတ်ပေ။ တစ်ဖက်လူ၏ ယုတ္တိကျသော တွေးခေါ်မှုများက အလွန် ရှင်းလင်း ပြတ်သားလွန်းလှသဖြင့် သူ့ကို ဆွံ့အသွားစေသည်။
သို့သော် ရွေးချယ်စရာ မရှိပေ။ သူ စကားဆက်ပြောရဦးမည်။
"ကျွန်တော်တို့ဘက်က... ကျွန်တော်တို့ဘက်က ယုံကြည်တာက ထန်ဖန်ကျင်းဟာ Operations ဌာနက ဝန်ထမ်းတစ်ယောက် ဖြစ်ပါတယ်။ ကုမ္ပဏီက သူ့ကို ကိစ္စတစ်ခုခုရှိလို့ ခေါ်တာကို အချိန်ပိုလို့ သတ်မှတ်လို့ မရပါဘူး။ WeChat ဂရုထဲမှာ စာပြန်တာနဲ့ ပတ်သက်လို့ကတော့ အဲဒါက သူ့ရဲ့ အနားယူချိန်တွေကို သိသိသာသာ နေရာယူထားတာမျိုး မဟုတ်ပါဘူး”
"ဘာလို့လဲဆိုတော့ သူက စာပြန်နေရင်းနဲ့ တခြားအလုပ်တွေကိုလည်း လုပ်လို့ရနေတာပဲလေ။ ရှင်းနေတာပဲ... အချိန်ပို တကယ်လုပ်နေရတယ်ဆိုရင် တစ်ချိန်တည်းမှာ တခြားအလုပ်တွေကို လုပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ”
"ဒါကြောင့် အလုပ်ချိန်ပြင်ပ ဆက်သွယ်တာကို အချိန်ပိုအဖြစ် အသိအမှတ်ပြုဖို့ဆိုတာ မသင့်တော်ပါဘူး..."
ဤအပေါ် ထန်ဖန်ကျင်းက ပြန်လည် ချေပလိုက်သည် "အချိန်ပို ဟုတ်၊ မဟုတ် ဆိုတာ အလုပ် လုပ်နေရင်း တခြားအလုပ်တွေ လုပ်လို့ရသလား၊ မရဘူးလား ဆိုတဲ့အပေါ်မှာ မူတည်ပြီး ဆုံးဖြတ်တာ မဟုတ်ပါဘူး။ အလုပ်သမားက ခိုင်လုံတဲ့ အလုပ်တာဝန်တွေကို တကယ်တမ်း လုပ်ဆောင်ခဲ့သလား ဆိုတဲ့အပေါ်မှာသာ မူတည်တာပါ”
"ပြီးတော့ Chat မှတ်တမ်းတွေအရဆိုရင် အလုပ်ချိန်ပြင်ပမှာ စာပြန်ရတဲ့ အချိန် သုံးနာရီကျော်သွားတဲ့ နေ့အရေအတွက်က အင်မတန်မှ များပြားပါတယ်။ ဒါကြောင့် ကျွန်တော်ဟာ အလုပ်ချိန်ပြင်ပမှာ ခိုင်လုံတဲ့ အလုပ်တာဝန်တွေကို တကယ်တမ်း လုပ်ဆောင်ခဲ့တယ်ဆိုတာ အပြည့်အဝ အတည်ပြုနိုင်ပြီး ဒါကို အချိန်ပိုအဖြစ် သတ်မှတ်ပေးသင့်ပါတယ်..."
ဤအချိန်ရောက်မှတော့ ဌာနမှူးလျိုပင်လျှင် တစ်ဖက်လူက ပို၍ ပရော်ဖက်ရှင်နယ် ဆန်နေသည်ဟု ခံစားလာရသည်။
ထန်ဖန်ကျင်း၏ အဓိကအချက်မှာ အချိန်ပို ဟုတ်၊ မဟုတ် ဆိုသည်မှာ သင် အလုပ်လုပ်ခဲ့သလား ဆိုသည့်အပေါ်တွင် မူတည်သည် ဆိုခြင်းပင်။ သင် အလုပ်လုပ်ခဲ့တယ်ဆိုရင် သင် အီးပါနေရင်း အလုပ်လုပ်နေရင်တောင် အဲဒါက အလုပ်ပဲ။ ဘယ်သူမှ ငြင်းလို့မရဘူးလေ။
အဘိုးကြီးကျန်း တစ်ယောက် စကားတွေကို လှည့်ပတ်ပြောဆိုနေပြီ ဖြစ်သည်။ ထန်ဖန်ကျင်းကတော့ ထိုင်ချလိုက်ပြီးနောက် တိတ်တဆိတ်သာ နေကာ သူ့ကို ကြိုက်သလို ပြောခွင့်ပေးထားလိုက်သည်။
တရားခွင် အချေအတင် ငြင်းခုံခြင်း ပြီးဆုံးသွားပြီးနောက် တရားသူကြီး ကျိုးယုံက အကျင့်ပါနေသလို မေးလိုက်သည်။ "နှစ်ဖက်စလုံးက ညှိနှိုင်းမှုကို လက်ခံဖို့ ဆန္ဒရှိကြပါသလား”
နှစ်ဖက်စလုံးက ညှိနှိုင်းမှုကို လက်မခံလိုကြောင်း ပြောကြားခဲ့ကြသည်။
တရားသူကြီးအဖွဲ့ ခေတ္တ အနားယူရန် ထွက်သွားကြသည်။ အဘိုးကြီးကျန်းသည် တရားသူကြီးချုပ်နှင့် အခြားနှစ်ဦး ထွက်သွားသည်ကို ကြည့်ပြီးနောက် ထန်ဖန်ကျင်းဘက်သို့ လှည့်ကာ ပြောလိုက်သည်။
"ခုနက မင်း ပြောတာ ဘာသဘောလဲ။ ငါက မင်းကို စော်ကားမိလို့လား။ ငါက အားကစား တက္ကသိုလ်ကနေ ဥပဒေသင်လာတာဆိုတာ ဘာသဘောလဲ။ ရှင်းပြစမ်း"
ဤအတွက် ထန်ဖန်ကျင်းက ချက်ချင်း ပြန်ဖြေလိုက်သည် "ဒါက ကျုပ် အလုပ်လုပ်တဲ့ ပုံစံပဲ။ ကျုပ်တို့ တရားခွင်ထဲ ရောက်နေတဲ့အချိန်မှာ ကျုပ်ရှေ့မှာ ရပ်နေတဲ့သူ ဘယ်သူမဆို ပြိုင်ဘက်ပဲ။ ခင်ဗျား မကျေနပ်ရင် ကျုပ်တို့ ဆက်လုပ်ကြတာပေါ့။ ခင်ဗျား တကယ်ပဲ အားကစားတက္ကသိုလ်ကနေ ဥပဒေသင်လာတာ ဟုတ်၊ မဟုတ် ကြည့်ကြတာပေါ့”
အဘိုးကြီးကျန်းက ဆက်ပြောချင်သေးသော်လည်း တားဆီးခံလိုက်ရသည်။ သူ ဒေါသကြောင့် မျက်နှာတစ်ခုလုံး နီမြန်းနေလျက် မကျေမနပ်ဖြင့်သာ ထိုင်ချလိုက်ရတော့သည်။
သူ စောင့်ထိန်းလာသမျှသော အရှက်တို့ ကွဲသွားပြီဟု သူ ခံစားလိုက်ရသည်။
ဒါက အမှုတစ်ခု သက်သက်ပဲလေ။ လူတစ်ယောက်ကို စော်ကားလိုက်လို့ သူ့အတွက် ဘာများ အကျိုးရှိသွားမှာမို့လို့လဲ။
ဌာနမှူးလျိုက ဘာမှမပြောပေ။ သို့သော် သူက အဘိုးကြီးကျန်းကို အလွန်အမင်း ဒေါသထွက်နေ၏။
ဒါက ပရော်ဖက်ရှင်နယ်တဲ့လား…။ သူက အစကနေ အဆုံးထိ လုံးဝ ဖိနှိပ်ခံလိုက်ရတာလေ။ ငါကိုယ်တိုင် တက်ပြောရင်တောင် ဒီရလဒ်ပဲ ထွက်လာလောက်တယ်။
အချိန်အတော်ကြာ စောင့်ဆိုင်းပြီးနောက် နောက်ဆုံးတွင် တရားသူကြီးချုပ် ကျိုးယုံ ပြန်ရောက်လာပြီး သူ့လက်ထဲရှိ စီရင်ချက်ကို အနည်းငယ် ရှုပ်ထွေးသော မျက်နှာထားဖြင့် ကြည့်နေသည်။
ဤစီရင်ချက် ထွက်ပေါ်လာသည်နှင့်တပြိုင်နက် Bluebird ကုမ္ပဏီက အယူခံဝင်မည်မှာ သေချာပေါက်ပင် ဖြစ်သည်။ သို့သော်လည်း စီရင်ချက်ကိုတော့ ထိုက်သင့်သလို ချမှတ်ရမည်သာ ဖြစ်သည်။
"စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမှုနဲ့ အင်တာနက် နည်းပညာတွေ တိုးတက်လာမှုကြောင့် အလုပ်သမားတွေရဲ့ အလုပ် လုပ်ကိုင်မှု ပုံစံတွေက ပိုမို ပြောင်းလွယ်ပြင်လွယ် ရှိလာတယ်လို့ ဒီတရားရုံးက ယုံကြည်ပါတယ်။ သူတို့က ကွန်ပျူတာတွေ၊ မိုဘိုင်းဖုန်းတွေကနေတစ်ဆင့် အချိန်မရွေး၊ နေရာမရွေး အလုပ်လုပ်ပေးနိုင်ကြပြီး အလုပ်ရှင် ပံ့ပိုးပေးထားတဲ့ လုပ်ငန်းခွင် ဒါမှမဟုတ် ရုံးခန်းလေးထဲမှာပဲ ကန့်သတ်မခံရတော့ပါဘူး”
"အထူးသဖြင့် အလုပ်သမားတွေက အလုပ်ချိန်နဲ့ လုပ်ငန်းခွင် ပြင်ပမှာ WeChat လိုမျိုး ဆိုရှယ်မီဒီယာတွေကို သုံးပြီး အလုပ်လုပ်ကြတာက ရှားပါးတဲ့ ကိစ္စမဟုတ်တော့ပါဘူး။ ဒီလို မျက်မြင်မရှိတဲ့ အချိန်ပို ပြဿနာတွေအတွက် အလုပ်သမားဟာ အလုပ်ရှင်ရဲ့ လုပ်ငန်းခွင်မှာ အလုပ်မလုပ်ခဲ့ရုံသက်သက်နဲ့ အချိန်ပို မဟုတ်ဘူးလို့ ငြင်းပယ်လို့ မရနိုင်ပါဘူး..."
"ပြီးတော့ Chat မှတ်တမ်းတွေအပေါ် အခြေခံပြီး ကြည့်မယ်ဆိုရင် ထန်ဖန်ကျင်းဟာ အလုပ်ချိန်ပြင်ပမှာ ဆိုရှယ်မီဒီယာကို အသုံးပြုပြီး အလုပ်လုပ်ခဲ့တာကို အတည်ပြုနိုင်ပြီး ဒါဟာ ရံဖန်ရံခါ၊ ယာယီပြုလုပ်တဲ့ သာမန် ဆက်သွယ်မှုဆိုတဲ့ ဘောင်ကို ကျော်လွန်နေပြီ ဖြစ်ပါတယ်..."
"ဆိုရှယ်မီဒီယာကတစ်ဆင့် အချိန်ပိုလုပ်ခြင်းဟာ ရိုးရာအတိုင်း အချိန်ပိုလုပ်ခြင်းနဲ့ ကွာခြားပါတယ်။ ဒါကြောင့် Bluebird ကုမ္ပဏီအနေနဲ့ ထန်ဖန်ကျင်း ကို အချိန်ပိုကြေးအဖြစ် ယွမ် ၆၀၀,၀၀၀ ပေးချေရန် အမိန့်ချမှတ်လိုက်ပါတယ်”
စီရင်ချက် ဖတ်ကြားပြီးဆုံးသွားပြီး ဌာနမှူးလျို၏ မျက်နှာမှာ အလွန်တရာ ဆိုးရွားနေတော့သည်။ ဒါက ယွမ် ၆ သိန်းကြီးများတောင်လေ။
ထို့အပြင် သူတို့ကုမ္ပဏီက ဝန်ထမ်းများကို အမြဲတမ်း ကျွဲနွားများလို ဆက်ဆံခဲ့သည်။ တကယ်လို့ လူတိုင်းသာ တရားစတင်စွဲဆိုလာကြမည်ဆိုပါက ဘာတွေ ဖြစ်ကုန်မည်နည်း။
"မဖြစ်နိုင်ဘူး။ ခင်ဗျားရဲ့ စီရင်ချက်က မတရားဘူး။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ကျုပ်တို့ အယူခံဝင်မယ်"
ထန်ဖန်ကျင်းကတော့ တော်တော်လေး တည်ငြိမ်နေသည်။ ဤသည်မှာ သူ တွက်ဆထားသော အခြေအနေပင် ဖြစ်သည်။ သ
အမှန်ပင်... Chat မှတ်တမ်းများကိုသာ အခြေခံ၍ အချိန်ပိုနာရီများကို တွက်ချက်ခြင်းသည် အပြည့်အဝ တရားမျှတမှုတော့ မရှိနိုင်ပေ။
သို့သော် သူ အယူခံဝင်မည် မဟုတ်ပေ။ လက်ရှိ ရလဒ်သည် ၂၀၀% ပြီးမြောက်မှုနှုန်း ရရှိရန် လုံလောက်နေပြီ ဖြစ်ရာ သူက ဒုတိယအကြိမ် ကြားနာမှုကိုသာ စောင့်ဆိုင်းရန် လိုအပ်တော့သည်။
***