စီရင်ချက်ကို လက်ခံရရှိပြီးနောက် ထန်ဖန်ကျင်းသည် ချက်ချင်း ထွက်မသွားသေးဘဲ အမှုဖွင့်ဌာနဘက်သို့ ခြေဦးလှည့်လိုက်သည်။
ရောက်မှတော့ ရောက်လာပြီပဲ... တရားစွဲစရာရှိတာကို တစ်ခါတည်း စွဲပစ်လိုက်တာ ဘာမှမနစ်နာပါဘူး။ သို့သော် သူ အခုစွဲမှာက တစ်ဦးတစ်ယောက်ချင်းစီကို မဟုတ်ဘဲ ဟိုအိမ်ခြံမြေအကျိုးဆောင် ကုမ္ပဏီကို ဖြစ်သည်။
ဤသို့သောအမှုမျိုးတွင် တရားရုံးက တိုက်ရိုက်အမှုဖွင့်ပေးလေ့မရှိဘဲ အရင်ဆုံး ညှိနှိုင်းမှု လုပ်ရန်သာ ပြောလေ့ရှိသည်။
ထူးခြားသည်မှာ သူ တရားစွဲဆိုခ ပေးစရာမလိုသည့်အပြင် တရားရုံး၏ အမှုဖွင့်ဌာနတွင် စာရွက်စာတမ်းများကိုပါ အလကား မိတ္တူကူးခွင့်ရလိုက်သေးသည်။ တကယ်ကို သက်တောင့်သက်သာ ရှိလှပေသည်။
တရားရုံးကိစ္စအားလုံး ပြီးသွားသောအခါ ထန်ဖန်ကျင်း ထွက်လာခဲ့ပြီး ကွမ်မင်ခရိုင် အလုပ်သမား စစ်ဆေးရေးအဖွဲ့ တည်ရှိရာနေရာကို စတင်ရှာဖွေတော့သည်။ ထိုအခါမှ ၎င်းသည် အလုပ်သမားခုံရုံးနှင့် ကပ်လျက်တွင်ရှိနေကြောင်း သူ တွေ့ရှိလိုက်ရ၏။
ဒါက တကယ်ကို တိုက်ဆိုင်လွန်းလှသည်။ ဒီအဖွဲ့အစည်း နှစ်ခုက ညီအစ်ကိုတွေလို ဆင်တူသယောင် ရှိသော်လည်း တကယ်တမ်းတွင်တော့ စီမံခန့်ခွဲသည့် နယ်ပယ်ချင်း လုံးဝ မတူညီသော အဖွဲ့အစည်း နှစ်ခု ဖြစ်သည်။
တစ်ခုက ဥပဒေနှင့်မညီသော လုပ်ရပ်များကို ကိုင်တွယ်ဖြေရှင်းပြီး နောက်တစ်ခုကတော့ အလုပ်သမား အငြင်းပွားမှုများကို ဆုံးဖြတ်ပေးခြင်း ဖြစ်သည်။
ထို့ကြောင့် အလုပ်သမားအမှုအချို့တွင် အနှီ ညီအစ်ကို နှစ်ဦးက ချိတ်ဆက်မိသွားတတ်ကြသည်။ တစ်ဖက်က အမှုအတွက် ဆုံးဖြတ်ပေးနေချိန်တွင် နောက်တစ်ဖက်က တရားမဝင် လုပ်ရပ်များကို စုံစမ်းစစ်ဆေးနေလိမ့်မည်။ သူတို့၏ ထိရောက်မှုနှုန်းမှာ အလွန်မြင့်မားလှပြီး တရားရုံး၏ အမိန့်အတည်ပြုခြင်း ထိရောက်မှုထက်ပင် ပို၍ မြန်ဆန်သေးသည်။
ထန်ဖန်ကျင်း အလုပ်သမား စစ်ဆေးရေးအဖွဲ့၏ အောက်ထပ်သို့ ရောက်ရှိသွားပြီး အထဲရှိ တိုင်ကြားမှု လက်ခံသည့် ကောင်တာကို လျင်မြန်စွာ ရှာတွေ့သွားခဲ့သည်။
"ဘာကို တိုင်ချင်လို့လဲ။ ကုမ္ပဏီက ခွင့်ပြုချက်မရှိဘဲ အချိန်ကန့်သတ်ချက်မရှိတဲ့ အလုပ်ချိန်စနစ်ကို ကျင့်သုံးနေတာလား။ ဒီလိုကိစ္စတွေကို တိုင်မယ်ဆိုရင် သက်သေအထောက်အထား လိုအပ်ပါတယ်..."
အတွင်းရှိ ဝန်ထမ်းသည် စကားမဆုံးသေးမီမှာပင် အပြင်ဘက်ရှိ လူငယ်လေးက စာရွက်စာတမ်း တစ်ခုကို ကမ်းပေးသည်ကို မြင်လိုက်ရသည်။ ၎င်းကို ကောက်ကိုင်ကြည့်လိုက်သောအခါ သူ ချက်ချင်းပင် ဆွံ့အသွားတော့သည်။
"ကွမ်မင် ခရိုင်တရားရုံးရဲ့ စီရင်ချက် ဟုတ်လား”
ထန်ဖန်ကျင်းက ပြုံးလျက် ပြောလိုက်သည် "ဟုတ်ပါတယ်။ စီရင်ချက်က ပူပူနွေးနွေးလေးပဲ ရှိပါသေးတယ်။ လွန်ခဲ့တဲ့ နာရီဝက်လောက်ကမှ ဆုံးဖြတ်ချက် ချလိုက်တာပါ”
ဝန်ထမ်း : "..."
အပြင်ဘက်မှ ထန်ဖန်ကျင်းက ဆက်ပြောနေသည် "တရားရုံးရဲ့ စုံစမ်းစစ်ဆေးချက် အပိုင်းမှာ ရှင်းရှင်းလင်းလင်း ရေးထားပါတယ်။ တစ်ဖက် ကုမ္ပဏီရဲ့ ဥပဒေရေးရာဌာနက သူတို့ဟာ ခွင့်ပြုချက်မရှိဘဲ အချိန်ကန့်သတ်ချက်မရှိတဲ့ အလုပ်ချိန်စနစ်ကို ကျင့်သုံးနေပါတယ်ဆိုတာကို သက်သေအထောက်အထား အဖြစ် တိုက်ရိုက်တင်ပြခဲ့တယ်လေ”
စီရင်ချက်ထဲတွင် ဤအကြောင်းအရာနှင့် ပတ်သက်၍ စာကြောင်းအနည်းငယ်သာ ပါဝင်သော်လည်း ဤသည်မှာ လုံးဝကို အစစ်အမှန် ဖြစ်သည်။ မဟုတ်လျှင် တစ်ဖက်လူက တရားခွင်တွင် လိမ်လည် ထွက်ဆိုပြီး သက်သေအတု တင်ပြခြင်း ဖြစ်နေပေလိမ့်မည်...
ဝန်ထမ်းဖြစ်သူက သူ့ရှေ့ရှိ လူငယ်လေးအား ထပ်မံကြည့်ရှုလိုက်သည်။ သူ အလုပ်သမား စစ်ဆေးရေး ဌာနတွင် အလုပ်လုပ်လာသည်မှာ နှစ်ပေါင်းများစွာ ရှိပြီဖြစ်သော်လည်း ဤမျှ ပြတ်သားပြီး ရဲတင်းသည့် လုပ်ရပ်မျိုး တစ်ခါမှ မကြုံဖူးချေ။
သူသည် လက်ထဲရှိ စီရင်ချက်ကို ကျပန်းထပ်မံ လှန်လှောကြည့်လိုက်ရာ စီရင်ချက်၏ ရလဒ်ကို မြင်သောအခါ ဝန်ထမ်းဖြစ်သူ ပို၍ပင် အံ့သြသွားရသည်။
နှစ်နှစ်တာ အလုပ်လုပ်ခဲ့မှုအတွက် အချိန်ပိုကြေး ယွမ် ခြောက်သိန်း။ ပြီးတော့ ဒါက တရားရုံးရဲ့ ဆုံးဖြတ်ပိုင်ခွင့်နဲ့ ဆုံးဖြတ်ထားတာလား။
အခုကျတော့ ဒီလူက အဲဒီစီရင်ချက်ကိုပဲ သက်သေအဖြစ် သုံးပြီး သူတို့ကို ပြန်တိုင်နေတယ်ပေါ့လေ။
ဒါက တကယ်ကို တစ်ချက်ခုတ် နှစ်ချက်ပြတ် လုပ်ရပ်ပဲ။ Bluebird ကုမ္ပဏီရဲ့ သူဌေးကတော့ တကယ်ကို ကြောင်အမ်းသွားတော့မှာ သေချာတယ်။
"ကောင်းပါပြီ။ ခင်ဗျားရဲ့ သက်သေအထောက်အထားတွေက တကယ်ကို ခိုင်လုံပါတယ်။ အခုတော့ ခင်ဗျား ပြန်လို့ရပါပြီ။ ရလဒ်တစ်ခုခု ထွက်လာတာနဲ့ ကျွန်တော်တို့ အကြောင်းကြားပေးပါ့မယ်”
ဝန်ထမ်းဖြစ်သူက သက်ဆိုင်ရာ သက်သေများကို မိတ္တူကူးယူ သိမ်းဆည်းထားလိုက်ပြီးနောက် ပြောလိုက်သည်။
ကောင်းပြီ... အားလုံးပြီးပြီ။
ထန်ဖန်ကျင်း လှည့်ထွက်ကာ အိမ်ပြန်လာခဲ့သည်။ ရှေ့နေလိုင်စင်စာမေးပွဲ ဖြေဆိုရန် နောက်ထပ် တစ်လသာ ကျန်တော့သဖြင့် သူ သေသေချာချာ ပြင်ဆင်ရမည်။
တစ်ချိန်တည်းမှာပင် Bluebird ကုမ္ပဏီ၏ ဥက္ကဋ္ဌရုံးခန်းအတွင်း၌ မန်နေဂျာချုပ်ဟူ သည် သူဌေး ကုလားထိုင်ပေါ်တွင် ထိုင်နေရင်း ရှေ့မှ အဘိုးကြီးကျန်းနှင့် ဌာနမှူးလျိုတို့ကို ကြည့်ကာ ပြောနေသည် "ရှုံးတယ် ဟုတ်လား။ မဟုတ်သေးပါဘူး... ဒီအမှုက ဘယ်လိုလုပ် ရှုံးနိုင်မှာလဲ”
"အဘိုးကြီးကျန်း၊ မင်းပဲ ပြောတော့ တစ်ဖက်လူက ဘာမှနားမလည်ဘူးဆို။ မင်းပဲ ပြောတော့ အသာစီးရနေတာ ငါတို့ဘက်ကဆို။ ဘာဖြစ်သွားတာလဲ”
အဘိုးကြီးကျန်းက ကမန်းကတန်း ပြန်ပြောသည် "မန်နေဂျာချုပ်ဟူ… ဒါက... ဒါက ပရော်ဖက်ရှင်နယ် မဆန်လို့ မဟုတ်ပါဘူး။ ဖြစ်နိုင်တာက ပထမအကြိမ် တရားရုံးက အလုပ်သမားဘက်ကို ဘက်လိုက်သွားတာ ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော် အယူခံဝင်ထားပြီးပါပြီ။ ဒုတိယအကြိမ် ကြားနာမှုမှာတော့ အဆင်ပြေသွားမှာပါ..."
"တကယ်လို့ ဒုတိယအကြိမ်မှာပါ ထပ်ရှုံးရင်ရော ဘယ်လိုလုပ်မလဲ" မန်နေဂျာချုပ်ဟူ၏ မျက်နှာမှာ အလွန်တရာ ဆိုးရွားနေသည်။
သူက အဖြစ်ဆိုး တစ်ခုကို သေချာပေါက် တွေးနေမိသည်။ ကုမ္ပဏီရှိ အခြားဌာနများစွာကလည်း ဤနည်းအတိုင်း လည်ပတ်နေခြင်း ဖြစ်သည်။ အကယ်၍ သူတို့အားလုံးသာ အချိန်ပိုကြေး တောင်းလာကြမည်ဆိုပါက ဘယ်လိုလုပ်မည်နည်း။
အဘိုးကြီးကျန်း စကားမဟရဲသည်ကို မြင်သောအခါ မန်နေဂျာချုပ်ဟူ စိတ်ပျက်သွားသည်။ ဘေးနားရှိ မန်နေဂျာဝမ်က ဝင်ပြောလိုက်သည် "မန်နေဂျာချုပ်ဟူ… ကျွန်တော်တို့ အလုပ်သမား အငြင်းပွားမှု ဆိုင်ရာ ဝါရင့်ရှေ့နေ တစ်ယောက်ယောက်ကို ငှားသင့်တယ် ထင်ပါတယ်။ အဘိုးကြီးကျန်းက ဘာပဲဖြစ်ဖြစ် အတွေ့အကြုံ နည်းသေးတယ်လေ..."
အတွေ့အကြုံမရှိသူ ဟု ခေါ်ဆိုခံလိုက်ရသဖြင့် အဘိုးကြီးကျန်း၏ လက်သီးများမှာ ထပ်မံ ကျစ်ကျစ်ပါအောင် ဆုပ်ထားမိပြန်သည်။ အထူးသဖြင့် တစ်ဖက်လူက ရှေ့နေတောင် မဟုတ်သည့် အပြင် သူ့ကို အားကစားတက္ကသိုလ်ကနေ ဥပဒေသင်လာတာလားဟု ပြောသွားခဲ့သည်လေ။ တကယ်လို့ ဥပဒေသာ မရှိရင် သူ တကယ်ကို လူသတ်ချင်စိတ် ပေါက်နေပြီ ဖြစ်သည်။
ဝါရင့်ရှေ့နေတစ်ယောက်ကို လျင်မြန်စွာ ရှာတွေ့ခဲ့သည်။ မန်နေဂျာဝမ်က သူ၏ သူငယ်ချင်း တစ်ယောက် ဖြစ်ပြီး အလွန်တော်သော ရှေ့နေတစ်ဦးဖြစ်ကြောင်း ထောက်ခံပေးခဲ့ခြင်း ဖြစ်သည်။
မန်နေဂျာချုပ်ဟူသည်လည်း ထိုရှေ့နေနှင့် တွေ့ဆုံစကားပြောပြီးနောက် အလွန်ကျေနပ်သွားသည်။ သူသည် ယခင်က ကြီးမားသော အမှုအခင်းများစွာကို ကိုင်တွယ်ခဲ့ဖူးသူဖြစ်ပြီး သာမန်လူများအနေဖြင့် သူ့ကို ငှားရန်ပင် မလွယ်ကူကြောင်း ဆိုကြသည်။
ဤသို့ဖြင့် ဒုတိယအကြိမ် ကြားနာမည့်အချိန် ရောက်ရှိလာခဲ့သည်။
ကျင်းကျိုးမြို့ ပြည်သူ့တရားလွှတ်တော်ချုပ်၏ တရားမမှုဌာနအတွင်းတွင် မန်နေဂျာချုပ်ဟူသည် ပရိသတ်ထိုင်ခုံမှနေ၍ စီရင်ချက်ကို နားထောင်နေရင်း သူ၏မျက်နှာမှာ ထုံထိုင်းနေတော့သည်။
သူက သူဌေးဖြစ်သည်မှာ မှန်သော်လည်း သူဌေးတိုင်းက အရာအားလုံးကို နားလည်နေသည်တော့ မဟုတ်ပေ။ ဤမျှ တော်လှသော ရှေ့နေကို ငှားထားခဲ့ပြီး ထိုရှေ့နေကလည်း အစွမ်းကုန် ကြိုးစားခဲ့ပါလျက်နှင့် အဘယ့်ကြောင့် အမှုထပ်ရှုံးရသနည်းဆိုသည်ကို သူ လုံးဝ နားမလည်နိုင် ဖြစ်နေရသည်။
မှန်ပါသည်...။ ယခင်တစ်ခေါက်ကလို နားမလည်နိုင်ဘဲ ရှုံးနိမ့်ခဲ့မှုကို ကာကွယ်ရန် သူကိုယ်တိုင် လာရောက် နားထောင်ခဲ့ခြင်း ဖြစ်သည်။
ထိုအခါ သူ မြင်လိုက်ရသည်မှာ : သူ၏ရှေ့နေသည် တစ်ဖက်လူကို တစ်ချိန်လုံး ဖိအားပေးထားနိုင်ခဲ့ပြီး တစ်ဖက်ရှိ ထန်ဖန်ကျင်း မှာ စကားအနည်းငယ်ပင် မဟနိုင်လောက်အောင် ဖြစ်နေခဲ့ပါလျက်နှင့် အမှုက ရှုံးနိမ့်သွားခဲ့ခြင်းပင်။
ဒါက ဘယ်လိုလုပ် တရားမျှတမှာလဲ။
ထန်ဖန်ကျင်းကတော့ ထိုင်နေရင်း သူ၏ဗိုက်ကို ရံဖန်ရံခါ ပွတ်နေမိသည်။ ကင်ဆာရောဂါကြောင့် အလွန် နေရထိုင်ရ ခက်လှသည်။ တကယ်ကို နေရခက်လှသည်။ သူသည် စနစ်ထံမှ အသက်ရှင်ခြင်းစွမ်းအင်ကို တကယ်ကို အရေးတကြီး လိုအပ်နေပြီ ဖြစ်သည်။
ထို့ကြောင့် ဒုတိယအကြိမ် ကြားနာမှုတစ်လျှောက်လုံး သူ စကားအနည်းငယ်သာ ပြောခဲ့သည်။ တကယ်တော့ ပြောစရာကို မလိုတော့ခြင်း ဖြစ်သည်။ ထို့အပြင် တစ်ဖက်မှ ရှေ့နေကို မြင်လိုက်ကတည်းက ဤသူသည် ယခုခေတ်တွင် နာမည်ကြီးနေသော ခေါင်းမာသည့် ရှေ့နေမျိုးဖြစ်ကြောင်း သူ သိလိုက်သည်။
သေချာသည်မှာ ဒါက သူတို့ဘာသာသူတို့ ဂုဏ်တင်ထားခြင်းသာ ဖြစ်သည်။ "ခေါင်းမာသည်" ဟု ခေါ်ဆိုခြင်းမှာ အလွန်အမင်း ကြိုးစားအားထုတ်နေသယောင် ဟန်ပြရုံသက်သက် အပြုအမူမျိုးကို ခေါ်ဆိုခြင်း ဖြစ်ပေသည်။
ဒါက အသုံးဝင်သလား။ မဝင်ပါဘူး။ အမှုနိုင်ဖို့ဆိုတာ အဲဒီလိုအရာတွေပေါ်မှာ မူတည်တာ မဟုတ်ဘူးလေ။
သို့သော် ရှေ့နေတွေအတွက်တော့ ကိစ္စမရှိပါဘူး။ သူတို့ ပိုက်ဆံရဖို့က အဓိကပဲ။ အမှုရှုံးသွားရင်လည်း ဒါက မသမာမှုကြောင့်ပါဆိုပြီး အကြောင်းပြလို့ ရတာပဲ...။
ထို့ကြောင့် ဤသို့သော အခြေအနေမျိုး ဖြစ်ပေါ်ခဲ့သည် : တစ်ဖက်လူက တစ်ချိန်လုံး မနားတမ်း စကားပြောနေချိန်တွင် သူကတော့ အနားယူနေသလို ဖြစ်နေခဲ့သော်လည်း အမှုကိုတော့ သူကပဲ နိုင်သွားခဲ့သည်။ ဤအရာက မန်နေဂျာချုပ်ဟူကို ဒေါသကြောင့် ဦးနှောက်သွေးကြော ပြတ်လုနီးပါး ဖြစ်သွားစေခဲ့သည်။
ဒုတိယအကြိမ် ကြားနာမှုတွင် အယူခံကို ပယ်ချလိုက်ပြီး မူလစီရင်ချက်ကိုသာ အတည်ပြုခဲ့သည်။ တရားသူကြီး၏ တူထုသံ ထွက်ပေါ်လာသည်နှင့်အမျှ မန်နေဂျာချုပ်ဟူသည် နောက်ဆုံးတွင် သည်းမခံနိုင်တော့ချေ။
"ရှေ့နေလီ… ဘာတွေ ဖြစ်ကုန်တာလဲ... ဒါက..."
ငှားရမ်းထားသော နာမည်ကြီး ရှေ့နေလီက ကူကယ်ရာမဲ့သော မျက်နှာထားဖြင့် ခေါင်းခါလျက် ပြောသည် "မန်နေဂျာချုပ်ဟူ… ကျွန်တော်လည်း ဘာမှမတတ်နိုင်ဘူးဗျ။ ခင်ဗျား မြင်တဲ့အတိုင်းပဲ။ ဒီလို အခြေအနေမျိုးမှာတောင် သူတို့က နိုင်သွားသေးတယ်..."
တစ်ဖက်လူ၏ "ဒါက မသမာမှု ရှိနေတယ်" ဟူသော မျက်နှာပေးကို မြင်လိုက်ရသောအခါ မန်နေဂျာချုပ်ဟူက ဟိန်းဟောက်လိုက်သည်။ "တစ်ဖက်လူက သာမန် ဝန်ထမ်းတစ်ယောက်ပဲလေ။ သူ့မှာ ဘာအဆက်အသွယ်တွေ ရှိမှာမို့လို့လဲ။ သောက်ကျိုးနည်း... အားလုံးက လေလုံးတွေပဲ ထွားနေကြတာ။ အသုံးမကျတဲ့ လူတွေချည်းပဲ"
အခုတော့ ရှေ့နေလီကလည်း ငြိမ်မခံတော့ဘဲ အော်ပြောလိုက်သည် "ခင်ဗျား ဘာကို ဆိုလိုတာလဲ။ ဒါက တရားစွဲဆိုမှုလေ။ ဘယ်သူက ခင်ဗျားကို သေချာပေါက် နိုင်မယ်လို့ အာမခံနိုင်မှာလဲ။ ခင်ဗျား ရူးနေတာလား"
မန်နေဂျာချုပ်ဟူ တစ်ခုခု ပြန်ပြောမည်အလုပ် သူ၏ ဖုန်း မြည်လာခဲ့သည်။ ကြည့်လိုက်တော့ သူ၏ အတွင်းရေးမှူး ဖြစ်နေသည်။
"ဘာ အလုပ်သမား စစ်ဆေးရေးအဖွဲ့ ရောက်နေတယ် ဟုတ်လား။ မဟုတ်ဘူး... သူတို့က ငါ့ကို ဝိုင်းပြီး အနိုင်ကျင့်နေကြတာလား... အချိန်ကန့်သတ်ချက်မရှိတဲ့ အလုပ်ချိန်စနစ်"
အထူးသဖြင့် အလုပ်သမား စစ်ဆေးရေးဌာန၏ သက်သေအထောက်အထားများသည် သူ၏ ကိုယ်ပိုင် ဥပဒေရေးရာဌာနဆီမှ လာခြင်းဖြစ်ကြောင်း သိလိုက်ရသောအခါ သူ ပေါက်ကွဲလုနီးပါး ခံစားလိုက်ရသည်။
မန်နေဂျာချုပ်ဟူ ဖုန်းပြောနေစဉ်မှာပင် ရှေ့နေလီမှာ ထွက်သွားနှင့်ပြီ ဖြစ်သည်။ သူကဲ့သို့သော ဝါရင့် လူလည်ရှေ့နေတစ်ယောက်မှာ အတွေ့အကြုံ အလွန်များလှသည် မဟုတ်ပါလား…။
ဖုန်းချလိုက်ပြီးနောက် ရှေ့နေလီကို မတွေ့တော့သဖြင့် ဌာနမှူးလျိုက အခွင့်ကောင်းယူကာ ရှေ့သို့လှမ်းလာပြီး ပြောလိုက်သည် "မန်နေဂျာချုပ်ဟူ… ကျွန်တော်တို့ ဘယ်လို ဆက်လုပ်သင့်တယ်လို့..."
ဌာနမှူးလျို စကားမဆုံးမီမှာပင် ဖြတ်ပြောခံလိုက်ရသည် "အဘိုးကြီးလျို… မင်း ဘယ်လို ပြဿနာတွေ လုပ်လိုက်တာလဲ ဘာအကြောင်းမှ မရှိဘဲ သူ့ကို ဘာလို့ အလုပ်ထုတ်လိုက်တာလဲ။ ဟမ်။ အလုပ်ထုတ်ချင်ရင်တောင် ပိုက်ဆံကို စောစောစီးစီး ရှင်းပေးလိုက်လို့ မရဘူးလား”
"ကောင်းပြီ... မင်းလည်း ဒီမှာ ဆက်နေဖို့ မလိုတော့ဘူး။ မနက်ဖြန် မင်းရဲ့ ပစ္စည်းတွေကို သိမ်းပြီး ထွက်သွားတော့"
ယင်းစကားကို ကြားသောအခါ ဌာနမှူးလျိုမှာ ချက်ချင်းပင် ဆွံ့အသွားတော့သည်။
ထန်ဖန်ကျင်းကဲ့သို့ပင် သူသည်လည်း အချိန်ပိုတွေ ဆင်းခဲ့ရသူ ဖြစ်သည်။ ထို့အပြင် ခေါင်းဆောင်တွေ မြင်အောင် သူ့ရဲ့ ကြိုးစားအားထုတ်မှုတွေကို အခွင့်အရေးရတိုင်း ပြသခဲ့သူလည်း ဖြစ်သည်။ သို့သော် မန်နေဂျာချုပ်ဟူက သူ့ကို အလုပ်ထုတ်ရာတွင် ထိုအရာတွေကို လုံးဝ ဂရုမစိုက်ခဲ့ပေ။
"မဟုတ်... မန်နေဂျာချုပ်ဟူ… ကျွန်တော်... ကျွန်တော် ဒါတွေ အားလုံးကို ကုမ္ပဏီအတွက် လုပ်ခဲ့တာပါ။ ခင်ဗျား အဲဒီလို..."
"ငါ ပြောတာကို မင်း နားမလည်ဘူးလား။ ထွက်သွားလို့ ပြောနေတာလေ မင်းသာ မရှိရင် ဒီပြဿနာတွေ ဘယ်လိုလုပ် ဖြစ်လာမှာလဲ။ ကုမ္ပဏီအတွက် ဆိုတဲ့ စကားကို ရပ်လိုက်စမ်း။ တတ်နိုင်သမျှ မြန်မြန် ထွက်သွားလိုက်တော့။ နားလည်လား"
မန်နေဂျာချုပ်ဟူက ပြောပြီးသည်နှင့် မျက်နှာမည်းမည်းဖြင့် ထွက်သွားတော့ရာ ဌာနမှူးလျို တစ်ယောက်တည်းသာ ကြောင်အမ်းကျန်ရစ်ခဲ့တော့သည်။
ထန်ဖန်ကျင်းသည် ယင်းမြင်ကွင်းကို ရှင်းလင်းစွာ မြင်တွေ့ခဲ့ပြီး ခေါင်းခါလိုက်မိသည်။ အချို့သော လူများသည် အချိန်အတော်ကြာ အလုပ်လုပ်ပြီးနောက် သူတို့ကိုယ်သူတို့ ကုမ္ပဏီသူဌေး၏ မိသားစုဝင်တွေလို ထင်မှတ်နေတတ်ကြသည်။
ဝန်ထမ်းဆိုသည်မှာ ဝန်ထမ်းသာဖြစ်ကြောင်း…
သင်က ဘယ်လောက်ပဲ အဆင့်မြင့်တဲ့ ခေါင်းဆောင်ဖြစ်နေပါစေ ၊ သင်ဟာ ရာထူးနည်းနည်း ပိုမြင့်တဲ့ ဝန်ထမ်းတစ်ယောက်သာ ဖြစ်ကြောင်း သူတို့ မသိကြပေ။
…………
ကွမ်မင် ခရိုင် အလုပ်သမားခုံရုံး။ အစ်မကြီးဝမ်၊ မာယောင်းနှင့် အခြားသူများသည် ဒုတိယအကြိမ် ကြားနာမှု ရလဒ်ကို သိရှိပြီး ဖြစ်ကြသည်။
တကယ်တော့ သူတို့သည် ပထမအကြိမ် စီရင်ချက် ထွက်ပေါ်ကတည်းက အံ့သြခဲ့ကြခြင်း ဖြစ်သည်။ အထူးသဖြင့် ထိုလူငယ်လေးသည် ရှေ့နေပင် မငှားဘဲ သူတစ်ယောက်တည်းနှင့် အမှုကို အနိုင်ရသွားခဲ့ခြင်းကြောင့် ဖြစ်သည်။
ယွမ် ခြောက်သိန်းကို သူ တကယ်ပဲ နိုင်သွားခဲ့သည်။ အဓိကအချက်ကတော့ ဤအမှုသည် သေချာပေါက် လမ်းညွှန်အမှုအခင်း တစ်ခု ဖြစ်လာတော့မည် ဖြစ်သည်။
ယခုအချိန်မှစ၍ မျက်မြင်မရှိသော အချိန်ပို အတွက်လည်း အချိန်ပိုကြေး ပေးဆောင်ရန် လိုအပ်တော့မည် ဖြစ်သည်။
ယခုအချိန်တွင် သက်ဆိုင်ရာ စီရင်ချက်သည် အင်တာနက်ပေါ်တွင် ပျံ့နှံ့နေပြီဖြစ်ပြီး ချက်ချင်းပင် ဟိုးလေးတကျော်ကျော် ဖြစ်သွားခဲ့သည်။
"အလုပ်ဆင်းပြီးနောက် WeChat စာပြန်တာကလည်း အချိန်ပိုအဖြစ် သတ်မှတ်သတဲ့လား”
***