ဗုံးပေါက်ကွဲမှု သတင်းထွက်ပေါ်လာချိန်တွင် အစ်ကိုကြီးလုသည် စပါးခန်းတစ်ခု၌ အနားယူနေခိုက် ဖြစ်သည်။ သူမ၏ ဘေးတွင် ရပ်နေသော လက်ထောက်ဖြစ်သူသည် အစ်ကိုကြီးလု၏ မျက်နှာပျက်သွားသည်ကို မြင်သည်နှင့် အနှိပ်သည်မလေးကို အပြင်သို့ ထွက်သွားရန် လက်ရိပ်ပြလိုက်သည်။ အစ်ကိုကြီးလုသည် အဝတ်ဗလာဖြင့် ထိုင်လိုက်ရာ သူမ၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာဟောင်းများ ဗလပွ ရှိနေသည်ကို တွေ့ရသည်။ သူမသည် ဖုန်းကို ကိုင်ကာ အေးစက်စွာဖြင့် "ပေါက်ကွဲတော့ ဘာဖြစ်လဲ၊ အဲဒီလူ ဘာလို့ မသေသေးတာလဲ" ဟု မေးမြန်းလိုက်သည်။
ဖုန်းတစ်ဖက်မှ လူက ခေတ္တ တိတ်ဆိတ်သွားပြီးနောက် "ကျိုးချန်းပေါ်နဲ့အတူ တရုတ်ရဲတစ်ယောက် ပါလာတယ်...သူက တိုက်ခိုက်ရေး အရမ်းတော်ပြီး အခု ကာစီနိုအထိ လာပြီး ပြဿနာရှာနေတယ်" ဟု ပြန်ဖြေလိုက်သည်။
အစ်ကိုကြီးလု အနည်းငယ် တုန်လှုပ်သွားသည်။ လွန်ခဲ့သော ရက်ပိုင်းက တရုတ်ရဲအဖွဲ့တစ်ဖွဲ့ ရန်ကုန်သို့ ရောက်ရှိလာပြီး အိမ်နီးချင်းနိုင်ငံဘက်နှင့် တွေ့ဆုံခဲ့သည်ဟူသော သတင်းကို သူမ ရုတ်တရက် သတိရသွားသည်။ သို့သော်လည်း ယခုနှစ်ဆန်းပိုင်းမှစ၍ နှစ်နိုင်ငံအကြား နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများအတွက် မကြာခဏ ဆွေးနွေးမှုများ ရှိနေသဖြင့် သူမ သိပ်ပြီး ဂရုမစိုက်ခဲ့မိပေသည်။
နှစ်နိုင်ငံအကြား အာဏာစက် ဖြန့်ကျက်ထားသော ဤအမျိုးသမီး ခေါင်းဆောင်ကြီးသည် မကြာသေးမီကမှ လူမြင်ကွင်းမှ ပုန်းရှောင်နေခဲ့ပြီး လုပ်ငန်းများကို လက်အောက်ငယ်သားများထံ လွှဲအပ်ထားခဲ့ခြင်း ဖြစ်သည်။ တရုတ်ရဲများ၏ စုံစမ်းစစ်ဆေးမှုမှာ မည်မျှ ထိရောက်ပြီး လျှို့ဝှက်သည်ကို သူမ ကောင်းကောင်း သိသည်။ သူမ၏ လက်အောက်ငယ်သားများ မရိပ်မိသော်လည်း သူမက ဖြစ်ရပ်နှစ်ခုကို ဆက်စပ်ကြည့်လိုက်သောအခါ ချွေးစေးများ ပြန်လာတော့သည်။
ခေတ္တမျှ စဉ်းစားပြီးနောက် သူမက "ကာစီနိုကို ဆက်ဖွင့်ထားလိုက်၊ အဓိက လူတွေအားလုံး ချက်ချင်း ထွက်ခဲ့ကြ.. နယ်စပ်မြို့ကို ဘယ်တော့ ပြန်လာရမလဲဆိုတာ ငါ ဖုန်းဆက်မယ်" ဟု ညွှန်ကြားလိုက်သည်။
နယ်စပ်မြို့တွင်
ဂျိပိုင်နှင့် ရှုရှုတို့ ကာစီနိုနောက်ဖေးတံခါးမှ ထွက်လာချိန်တွင် လက်နက်ကိုင် လူမိုက် ခုနစ်ယောက် ရှစ်ယောက်ခန့်က နောက်မှ ကပ်လိုက်လာကြသည်။ လူတို့သည် အုပ်စုလိုက် စိတ်ဓာတ်ရှိကြရာ တစ်ဖက်လူ ဘာလုပ်မည်ကို မသိရသေးဘဲ ကြောက်ရွံ့နေချိန်တွင် အခြေအနေကို စောင့်ကြည့်တတ်ကြသည်။ ဤသည်မှာ အလွန်ပင် စိုးရိမ်ရသော အခြေအနေ ဖြစ်သည်။
သို့သော်လည်း သူတို့ နောက်ဖေးတံခါးမှ ထွက်လာချိန်တွင် လူမိုက်များမှာ ကြောင်အသွားကြသည်။ တံခါးဝတွင် စောင့်နေရမည့် သူတို့လူများမှာ မြေပြင်ပေါ်တွင် ဒဏ်ရာဗလပွဖြင့် လဲကျနေကြသည်။ ထိုသူတို့အစား ဂျိပိုင်ကဲ့သို့ပင် ခက်ထန်သော မျက်နှာထားရှိသည့် လူနှစ်ဦးနှင့် လက်နက်အပြည့်အစုံ ကိုင်ဆောင်ထားသော စစ်သည်အချို့ ရှိနေကြသည်။
စစ်သည်များသည် ကာစီနိုအတွင်းသို့ ခြေမချသော်လည်း ကာစီနိုအပြင်ဘက်တွင်မူ သူတို့နှင့် ပြဿနာတက်ပါက သေဖို့သာ ပြင်ထားရမည် ဖြစ်သည်။
ဂျိပိုင်သည် ရှုရှု၏ လက်ကို မလွှတ်ဘဲ ဆွဲကိုင်ထားလျက် စစ်သည်များကို ဖြတ်ကျော်ကာ လူစည်ကားရာ လမ်းမပေါ်သို့ ထွက်လာခဲ့သည်။ ရှူးရှူး၏ စိတ်များ လုံးဝ တည်ငြိမ်သွားပြီ ဖြစ်သဖြင့် ဂျိပိုင်ကို မော့ကြည့်ကာ ပြုံးပြလိုက်သည်။ ဂျိပိုင်က လက်ကို ပြန်လွှတ်ရန် ကြိုးစားသော်လည်း ရှုရှုက ပိုမို တင်းကျပ်စွာ ဆုပ်ကိုင်ထားမိသည်။
ဂျိပိုင်၏ မျက်နှာမှာ တည်တင်းနေဆဲ ဖြစ်ပြီး သူ၏ မျက်ဝန်းများမှာ သံမဏိကဲ့သို့ လေးလံနေသည်။ သူ၏ အကြည့်များမှာ အလွန် လွှမ်းမိုးမှု ရှိနေသဖြင့် ရှုရှုမှာ မျက်နှာ လွှဲ၍ မရတော့ပေ။
"အဆင်ပြေကြရဲ့လား" ချန်ယာလင်က အဝေးမှ ပြေးလာရင်း မေးသည်။
ဂျိပိုင်က ရှုရှုကို စိုက်ကြည့်ရင်း "အဆင်ပြေပါတယ်" ဟု ဖြေကာ ရှုရှု၏ လက်ကို တစ်ချက် ထပ်မံ တင်းကျပ်စွာ ဆုပ်ကိုင်ပြီးမှ ပြန်လွှတ်လိုက်သည်။ သူသည် ချန်ယာလင်နှင့် တိုးတိုးတိတ်တိတ် စကားပြောရင်း ရှေ့သို့ ထွက်ခွာသွားရာ ရှုရှုကိုပင် လှည့်မကြည့်တော့ပေ။ ရှုရှုသည် ဂျိပိုင်၏ ကျောပြင်ကို ကြည့်ရင်း ကာစီနိုထဲတွင် သူ့ကို စတွေ့စဉ်က ခံစားခဲ့ရသော ရင်ခုန်သံနှင့် ရင်ထဲက နာကျင်မှုကို ထပ်မံ ခံစားလိုက်ရသည်။
မကြာမီတွင် ရဲအရာရှိများအားလုံး စုမိသွားကြသည်။ ဂျိပိုင်သည် အေးစက်သော မျက်နှာထားဖြင့် "ညွှန်ကြားရေးမှူးဆန်းကို ဆက်သွယ်လိုက်ပါ ရန်သူက ရိပ်မိသွားပြီဆိုတော့ ထွက်ပြေးဖို့ များတယ် ငါတို့ သူတို့ကို ကြိုတင် ဖမ်းဆီးရမယ်" ဟု အမိန့်ပေးလိုက်သည်။
ညွှန်ကြားရေးမှူးဆန်းသည် ဖုန်းလက်ခံရရှိပြီးနောက် အိမ်နီးချင်းနိုင်ငံဘက်နှင့် ချက်ချင်း ညှိနှိုင်းသည်။ ဒေသခံ တပ်ဖွဲ့နှင့် ရဲများကို တစ်မြို့လုံး ပိတ်ဆို့ရန် အကြောင်းကြားပြီး ခေါင်းဆောင်ထံသို့လည်း နယ်စပ်မြို့တွင် တရားဥပဒေ စိုးမိုးရေးအတွက် တပ်ဖွဲ့ ချက်ချင်းစေလွှတ်ပေးရန် တောင်းဆိုလိုက်သည်။
တစ်နေ့တာအတွင်း နယ်စပ်မြို့၏ အခြေအနေမှာ သိသိသာသာ ပြောင်းလဲသွားပြီး လူတိုင်း ထိတ်လန့်တုန်လှုပ်နေကြသည်။ မှောင်ရီပျိုးစအချိန်တွင် ရဲအရာရှိများသည် ဟိုတယ်သို့ ပြန်လာကာ အလုပ်တာဝန်များ ခွဲဝေကြသည်။ မနက်ဖြန်တွင် တပ်ဖွဲ့ မရောက်လာမီအထိ သူတို့သည် တီဆာ၏ စစ်သည်များနှင့်အတူ အစ်ကိုကြီးလု၏ စခန်းများကို ဝိုင်းရံ စောင့်ကြည့်ကြရမည် ဖြစ်သည်။
ရာဇဝတ်သားများမှာ ထွက်ပြေးစရာ လမ်းမရှိတော့သဖြင့် သေနတ်ကိုင် တိုက်ခိုက်လာနိုင်သည်။ ထို့ကြောင့် ယနေ့ည တာဝန်မှာ အလွန်ပင် အန္တရာယ်ကြီးသည်။ အစည်းအဝေးအပြီးတွင် ရှုရှုသည် ယာယီကွပ်ကဲမှုရုံးခန်း၌ တစ်ဦးတည်း ကျန်ရစ်ခဲ့သည်။ သူမ၏ တာဝန်မှာ ဆက်သွယ်ရေးနှင့် ထောက်ပံ့ရေး ဖြစ်သဖြင့် အန္တရာယ် မရှိသော်လည်း ဖိအားကမူ အတူတူပင် ဖြစ်သည်။
တံခါးခေါက်သံ ကြားသောအခါ သူမသည် ဒေသခံရဲများနှင့် လမ်းပိတ်ဆို့ရေးကိစ္စ ဖုန်းပြောနေဆဲ ဖြစ်သည်။ ဂျိပိုင် ရောက်လာခြင်း ဖြစ်သည်။ ကာစီနိုမှ ထွက်လာပြီးကတည်းက သူတို့ နှစ်ယောက်မှာ အလုပ်များနေသဖြင့် စကားတစ်ခွန်းမျှ မပြောဖြစ်ကြပေသည်။ နောက်ထပ် ဆယ်မိနစ်အကြာတွင် သူ တာဝန်ဖြင့် ထွက်ခွာရတော့မည် ဖြစ်သည်။
ဂျိပိုင်သည် ယခုကဲ့သို့ အန္တရာယ်ရှိသော တာဝန်များကို အကြိမ်ကြိမ် ရင်ဆိုင်ခဲ့ဖူးသော်လည်း ယနေ့တွင်မူ သူမကို မသွားမီ တစ်ချက်လောက် မြင်ချင်နေမိသည်။ ရှုရှုတံခါးဖွင့်လိုက်သောအခါ ဂျိပိုင်မှာ တိတ်ဆိတ်စွာ ရပ်နေသည်။ စင်္ကြံလမ်းမှ အလင်းရောင် မှိန်ပျပျအောက်တွင် သူ၏ ချောမောသော မျက်နှာမှာ ပို၍ ထင်ရှားနေသည်။
ရှုရှုက "ခဏစောင့်ဦး" ဟု နှုတ်ခမ်းလှုပ်ရုံ ပြောကာ ဖုန်းဆက်လက် ပြောနေသည်။ သူမသည် ဖုန်းကို ပခုံးဖြင့် ညှပ်ထားရင်း လက်များက ကီးဘုတ်ပေါ်တွင် အလုပ်ရှုပ်နေသည်။ သူမ၏ ဆံပင်တိုလေးများမှာ လေတိုက်သဖြင့် လွင့်နေသည်။ သူမသည် သေးငယ်နုနယ်သော မိန်းကလေး ဖြစ်သော်လည်း အလုပ်လုပ်ပုံမှာမူ အလွန်ပင် တည်ငြိမ်ပြီး စွမ်းဆောင်ရည် မြင့်မားလှသည်။
ဂျိပိုင်သည် ကာစီနိုအတွင်းမှ မြင်ကွင်းကို ပြန်လည် မြင်ယောင်လာသည်။ အမှောင်ထဲတွင် လူမိုက်များကြားမှ သူမသည် ကြောက်ရွံ့နေသော်လည်း ခိုင်မာသော စိတ်ဓာတ်ဖြင့် လျှောက်လာခဲ့သည်။ ထိုစဉ်က ဂျိပိုင်၏ ရင်ထဲတွင် မီးတောက်တစ်ခု ငြိမ်သက်စွာ လောင်မြိုက်နေခဲ့သည်။ သူမသည် သူ၏ တစ်ဦးတည်းသော ရတနာဖြစ်သည်ကို သူမ မသိပါလေစ။
ဂျိပိုင်သည် သူမ၏ ကျောပြင်ကို ကြည့်ရင်း ပြောမပြတတ်သော သံယောဇဉ်နှင့် ချစ်ခြင်းမေတ္တာတို့ကြောင့် ရင်ထဲတွင် နင့်နေအောင် ခံစားလိုက်ရသည်။ သူသည် ရှေ့သို့ တိုးသွားကာ ရှုရှုကို နောက်မှနေ၍ တင်းကျပ်စွာ ပွေ့ဖက်လိုက်သည်။ ရှုရှု၏ ကိုယ်လေးမှာ တုန်တက်သွားသည်။ သူ၏ နွေးထွေးသော အနမ်းများက သူမ၏ လည်ပင်းသို့ ကျရောက်လာချိန်တွင် ရှုရှု၏ အတွေးများ ရပ်တန့်သွားသည်။ သို့သော်လည်း သူမသည် စိတ်ကို ထိန်းကာ ဖုန်းတစ်ဖက်မှ အရာရှိနှင့် ဆက်လက် စကားပြောပြီး ဖုန်းချလိုက်သည်။ သူမ ဖုန်းချလိုက်ချိန်တွင် ဂျိပိုင်မှာ အခန်းထဲတွင် မရှိတော့ပေသည်။
ရှုရှုသည် အလုပ်ကို ဆက်လုပ်ရန် ကြိုးစားသော်လည်း စိတ်များမှာ ဂယောက်ဂယက် ဖြစ်နေသည်။ ဂျိပိုင်၏ ပွေ့ဖက်မှုက သူမ၏ ရင်ထဲတွင် လှိုင်းလုံးကြီးများကဲ့သို့ ရိုက်ခတ်နေဆဲ ဖြစ်သည်။ သူမသည် ဂျိပိုင်၏ အခန်းတံခါးဝသို့ သွားလိုက်သောအခါ အခြားရဲအရာရှိနှစ်ဦးမှာ ကျည်ကာအင်္ကျီများ ဝတ်ဆင်ကာ ထွက်လာကြသည်ကို တွေ့ရသည်။
အခန်းထဲတွင် ဂျိပိုင်မှာလည်း ကျည်ကာအင်္ကျီ ဝတ်ဆင်ပြီး ခါးတွင် သေနတ် ချိတ်ထားသည်။ သူသည် အင်္ကျီကြယ်သီး တပ်နေရင်း ရှုရှုရောက်လာသည်ကို မြင်သောအခါ "ဘာကိစ္စရှိလို့လဲ" ဟု မေးသည်။ ရှုရှု၏ မျက်နှာမှာ နီမြန်းနေပြီး ဂျိပိုင်အနားသို့ သွားကာ သူ၏ အင်္ကျီကြယ်သီးများကို တစ်လုံးချင်း တပ်ပေးလိုက်သည်။
ဂျိပိုင်သည် ဘာစကားမှ မပြောဘဲ သူမ၏ ပြုစုမှုကို ငြိမ်ခံနေသည်။ ရှုရှုသည် ကြယ်သီးတပ်ပြီးနောက် ဂျိပိုင်၏ ကော်လာကို ဆွဲကာ ခြေဖျားထောက်လျက် သူ့ကို နမ်းလိုက်သည်။ ဂျိပိုင်က ပို၍ လျင်မြန်စွာဖြင့် သူမ၏ ခါးကို ဆွဲဖက်ကာ ပြင်းပြစွာ ပြန်လည် နမ်းရှိုက်လိုက်သည်။
အနမ်းများ ပြီးဆုံးပြီးနောက် ဂျိပိုင်သည် ကားပေါ်တက်ကာ ထွက်ခွာသွားသည်။ ရှုရှုသည် တက်ကြွစွာဖြင့် သူမ၏ အလုပ်ခွင်သို့ ပြန်လာခဲ့သည်။ ဂျိပိုင်နှင့် တစ်ဦးကိုတစ်ဦး နားလည်မှု ရှိနေခြင်းမှာ သူမအတွက် ပြီးပြည့်စုံသော ခံစားမှုပင် ဖြစ်သည်။
ထိုနေ့တွင် နယ်စပ်မြို့၌ အစ်ကိုကြီးလုသာမက ခေါင်းဆောင် ဂျူးဝင်းသည်လည်း စိတ်မအေးဖြစ်နေသည်။ ညဉ့်နက်လာသည်နှင့်အမျှ မြို့ပြင်ရှိ တော်ဝင်အင်းအိုင်ပေါ်မှ မီးရောင်များ လင်းထိန်လာသည်။
ဂျူးဝင်းသည် ခမ်းနားလှသော ဗီလာကြီး၏ ဝရန်တာတွင် မျက်စိမှိတ်ကာ အနားယူနေသည်။ လက်ထောက်ဖြစ်သူက "ဗိုလ်ချုပ်ကြီး၊ နယ်စပ်ကို ဘယ်တပ်လွှတ်ရမလဲ တရုတ်တွေက အရမ်း အလျင်လိုနေတယ်" ဟု မေးသည်။
ဂျူးဝင်း မျက်လုံးဖွင့်လိုက်သည်။ သူသည် စစ်ထဲတွင် တစ်သက်လုံး ကျင်လည်ခဲ့သူ ဖြစ်သော်လည်း ခန္ဓာကိုယ်မှာ လူငယ်တစ်ယောက်ကဲ့သို့ ကျန်းမာသန်စွမ်းဆဲ ဖြစ်သည်။ သူက ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် "နယ်စပ်နဲ့ ဘယ်သူ အနီးဆုံးလဲ" ဟု မေးသည်။
"ဗိုလ်ချုပ်ဖိုးရဲ့ ဒုတိယ တပ်မဟာက အခုလပဲ နယ်စပ်အနီးကို ရောက်နေပါတယ်" ဟု လက်ထောက်က ဖြေသည်။
ဂျူးဝင်းက မျက်စိပြန်မှိတ်လိုက်ကာ "ဒါဆို ဖိုးကိုပဲ လွှတ်လိုက်" ဟု ခပ်အေးအေး ပြောလိုက်သည်။
နယ်စပ်မြို့တွင် တစ်ညလုံး တင်းမာမှုများ ရှိနေပြီးနောက် နောက်ဆုံးတွင် မနက်ခင်းသို့ ရောက်ရှိလာခဲ့သည်။ မြို့အဝင် လမ်းမပေါ်တွင် စစ်သည်များ အပြည့်တင်ထားသော ကားကြီးများ မောင်းနှင်လာကြသည်။ ရဲအဖွဲ့ဝင်များမှာလည်း လမ်းဘေးတွင် စောင့်ဆိုင်းနေကြသည်။
ဂျိပိုင်နှင့် ရှုရှုတို့၏ စိတ်များမှာ အမှုအပေါ်တွင်သာ အာရုံစိုက်ထားကြသည်။ တစ်ခါတစ်ရံ မျက်လုံးချင်း ဆုံမိသောအခါမှသာ သူတို့နှစ်ဦးသာ နားလည်နိုင်သည့် အပြုံးလေးများ ဖလှယ်ကြသည်။
နောက်ဆုံးတွင် ဂျစ်ကားတစ်စီး သူတို့ရှေ့၌ ရပ်လိုက်သည်။ အရပ်ရှည်ပြီး ဗလကောင်းသော အရာရှိတစ်ဦး ဆင်းလာသည်။ သူသည် စစ်ရောင်ဖျော့ဖျော့ ဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်နှာပေါ်တွင် အမာရွတ်တစ်ခု ရှိနေသဖြင့် ကြောက်စရာ ကောင်းသည်။
သူက လူတိုင်းကို အကဲခတ်ကြည့်ပြီးနောက် ပြုံးကာ "မင်္ဂလာပါ၊ ကျွန်တော်က နယ်စပ် လွတ်မြောက်ရေး တပ်ဖွဲ့ ဒုတိယ တပ်မဟာက ဗိုလ်ချုပ်ဖိုး ပါ ကျွန်တော်တို့ အလုပ် အတူတူ ကောင်းကောင်း လုပ်နိုင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်" ဟု နှုတ်ဆက်လိုက်သည်။
ဗိုလ်ချုပ်ဖိုး နယ်စပ်သို့ ရောက်ရှိချိန်တွင် ဗိုလ်ချုပ်ကြီး ဂျူးဝင်းသည်လည်း နိုးထလာပြီ ဖြစ်သည်။
လက်ထောက်က "ဗိုလ်ချုပ်ကြီး၊ မနေ့က အစီအစဉ်ကို ကျွန်တော် နားမလည်လို့ပါ.. ဗိုလ်ချုပ်ဖိုးဟာ တရုတ်မာဖီးယားတွေနဲ့ ပတ်သက်နေတယ်လို့ သံသယရှိနေတာကို ဘာလို့ သူ့ကိုပဲ လွှတ်လိုက်ရတာလဲ" ဟု မေးသည်။
ဂျူးဝင်းက ပြုံးလိုက်ကာ "တရုတ်မာဖီးယားတွေကို ဖယ်ရှားနိုင်မလားဆိုတာ ငါ စိတ်မဝင်စားဘူး.. ဖိုးဟာ ငါ့အတွက် အလုပ်အကျွေး ပြုခဲ့တာတွေ အများကြီးရှိသလို တပ်ဖွဲ့ထဲမှာလည်း ဩဇာရှိတယ်... ဒါပေမဲ့ သူက နောက်ပိုင်းမှာ အရမ်း မောက်မာလာတာကို ငါ မကြိုက်ဘူး" ဟု ဆိုသည်။
သူက ဆက်လက်၍ "သူ အမှန်အတိုင်း အလုပ်လုပ်ရင်တော့ ငါ သူ့ကို သည်းခံဦးမယ်။ ဒါပေမဲ့ သူက မောက်မာပြီး ပြဿနာရှာမယ်ဆိုရင်တော့ ငါ့ရဲ့ စိတ်ရင်းကို တရုတ်နိုင်ငံကို ပြဖို့အတွက် သူ့ကို အကြောင်းပြချက် ကောင်းကောင်းနဲ့ သတ်ပစ်လိုက်မှာပေါ့" ဟု အေးစက်စွာ ပြောဆိုလိုက်လေတော့သည်။
***