လေယာဉ် လင်းမြို့သို့ ဆိုက်ရောက်ချိန်တွင် ညနေစောင်းနေပြီ ဖြစ်သည်။ ဆည်းဆာရိပ်က ကမ္ဘာမြေကို လွှမ်းခြုံထားပြီး အဝေးဆီမှ မီးပြတိုက်များမှာ ပုလဲရတနာများပမာ တောက်ပနေလေသည်။
လေယာဉ်ကွင်းတွင် လူအုပ်ကြီးက စောင့်ကြိုနေကြသည်။ ဂျိပိုင်နှင့် ညွှန်ကြားရေးမှူးဆန်းတို့ ရှေ့ဆုံးမှ ထွက်လာရာ ပြည်နယ်နှင့် မြို့နယ်အဆင့် လူကြီးမင်းများက နွေးထွေးစွာ ကြိုဆိုကြပြီး သတင်းထောက်များ၏ ကင်မရာမီးသီးများကလည်း တဖျတ်ဖျတ် လက်နေသည်။
ဂျိပိုင်သည် ပြည်နယ်လူကြီးဘေးတွင် ရပ်နေသော လူငယ်တစ်ဦးကို မြင်လိုက်ရသော်လည်း သိပ်မအံ့သြဘဲ ပြုံးလျက် “အတွင်းရေးမှူးဟွား” ဟု နှုတ်ဆက်လိုက်သည်။
အတွင်းရေးမှူးဟွားက ပြုံးကာ “မင်းအစ်ကိုက စိုးရိမ်နေလို့ ငါ့ကို လာကြည့်ခိုင်းလိုက်တာ.. အားလုံး အဆင်ပြေပြေ ပြီးဆုံးသွားရဲ့လား” ဟု မေးသည်။ ဂျိပိုင်က “ဟုတ်ကဲ့၊ အဆင်ပြေပါတယ်” ဟု ခေါင်းငြိမ့်ပြသည်။ လူကြီးတစ်ဦးကလည်း “ဂျိပိုင်က ငါတို့ပြည်နယ် ရဲတပ်ဖွဲ့ရဲ့ စံပြပဲ.. ဘယ်ရာဇဝတ်သားမှ သူ့လက်က မလွတ်စေရဘူး” ဟု ချီးကျူးလေသည်။
ရှုရှုမှာမူ အနောက်ဘက်မှ လိုက်ပါလာသည်။ သူမ လေယာဉ်ပေါ်မှ ဆင်းဆင်းချင်းမှာပင် တဟူ၊ ကျောက်ဟန်နှင့် လင်းမြို့ရဲစခန်းမှ ကိုယ်စားလှယ်များက ဝိုင်းအုံကြိုဆိုကြသည်။ “အဆင်ပြေရဲ့လား... ဓားစာခံအဖြစ် အဖမ်းခံရတယ်ဆိုလို့ စိုးရိမ်နေတာ..ဒဏ်ရာရသေးလား” ဟု ဝိုင်းဝန်းမေးမြန်းကြသဖြင့် ရှုရှု၏ ရင်ထဲတွင် နွေးထွေးသွားရသည်။
ညစာစားပြီးနောက် အစီအစဉ်အရ မနက်ဖြန်မှ ဂုဏ်ပြုပွဲတက်ရမည်ဖြစ်၍ ယနေ့ညအတွက် အစီအစဉ် မရှိပေသည်။ ထို့ကြောင့် ရှုရှုက တဟူတို့ကို နှုတ်ဆက်ကာ အိမ်ပြန်ရန် ပြင်သည်။ ထိုစဉ် လူအုပ်ကြားမှ ရင်းနှီးသော အရိပ်တစ်ခု လျှောက်လာသည်ကို မြင်လိုက်ရသည်။
၎င်းမှာ ဂျိပိုင် ဖြစ်သည်။ သူသည် ရှုရှု၏ ရှေ့တည့်တည့်သို့ လျှောက်လာရာ ဘေးပတ်ဝန်းကျင်မှ လူများမှာ စိတ်ဝင်တစား ပြုံး၍ ကြည့်နေကြသည်။ ရှုရှုက တည်ငြိမ်စွာပင် “ဆရာ” ဟု နှုတ်ဆက်လိုက်သည်။
ဂျိပိုင်က သူမ၏ ပုခုံးပေါ်သို့ လက်တစ်ဖက်ကို သဘာဝကျကျ တင်လိုက်ပြီး “ငါ အခုချက်ချင်း ထွက်သွားလို့ မရသေးဘူး..မင်း ဘယ်လို ပြန်မှာလဲ” ဟု မေးသည်။ လူအများရှေ့တွင် ဤကဲ့သို့ ပြုမူခံရသဖြင့် ရှုရှု၏ ပါးပြင်များ နွေးခနဲ ဖြစ်သွားသော်လည်း “ကျွန်မအစ်ကို လာကြိုပါလိမ့်မယ်” ဟု မျက်နှာသေလေးဖြင့် ဖြေသည်။
“ကောင်းပြီ၊ ဒါဆို မနက်ဖြန်မှ ဆုံမယ်.. ကောင်းကောင်း အနားယူဦး” ဟု ဂျိပိုင်က ပြုံးလျက် ပြောကာ လက်ကို ပြန်ရုပ်လိုက်သည်။ ထို့နောက် တဟူတို့ကို နှုတ်ဆက်ပြီး လူကြီးများရှိရာသို့ ပြန်သွားလေသည်။
အတွင်းရေးမှူးဟွားက ထိုမြင်ကွင်းကို ကြည့်ကာ ဘာမှမပြောဘဲ ပြုံးနေသည်။ ဂျိပိုင်ကမူ လူအများရှေ့တွင် ချစ်သူကို ဂရုစိုက်ပြခဲ့ပြီးနောက် လူကြီးများနှင့်အတူ ကားဖြင့် ထွက်ခွာသွားသည်။ ရှုရှုမှာမူ ဝန်ထမ်းကြိုပို့ကားဖြင့်သာ လိုက်ပါခဲ့ရသည်။ လမ်းတွင် စီမံေရးဌာနမှ အဒေါ်ကြီးတစ်ဦးက “ရှုရှု ... မင်းနဲ့ ဗိုလ်ကြီးဂျိပိုင်တို့က တွဲနေကြတာလား” ဟု တည့်တိုးမေးရာ ရှုရှုက “ဟုတ်ကဲ့” ဟုသာ ဝန်ခံလိုက်ရလေသည်။
လေယာဉ်ကွင်း အထွက်တွင် ရှုကျွမ်းက စောင့်နေသည်။ သူသည် ညီမဖြစ်သူ၏ အိတ်များကို ကူသယ်ပေးရင်း သူမ ပိန်သွားသည်ကို မြင်ကာ “နောက်ခါ အဲဒီလို နေရာမျိုးတွေ မသွားနဲ့တော့” ဟု ဆူပူလေသည်။
အိမ်ရောက်သောအခါ ဖခင်ဖြစ်သူက ဟင်းကောင်းများစွာ ချက်ပြုတ်ထားသည်။ ရှုရှုသည် ဖခင်ဖြစ်သူနှင့် စရိုက်တူသဖြင့် စကားနည်းလှသည်။ ထမင်းစားပြီးနောက် သူမသည် ဖခင်ဖြစ်သူ စာရေးနေသည်ကို ဘေးမှ ငြိမ်သက်စွာ ကြည့်နေသည်။ ဖခင်ဖြစ်သူက “ရှုကျွမ်းပြောတာ ... မင်းမှာ ရည်းစားရနေပြီဆို” ဟု မေးရာ ရှုရှု ပါးလေးနီသွားပြီး “ဟုတ်ကဲ့၊ ရတာ သိပ်မကြာသေးဘူး” ဟု ဝန်ခံသည်။ “အဆင်ပြေတဲ့ တစ်နေ့ အိမ်ခေါ်လာခဲ့ဦးလေ” ဟု ဖခင်က ဆိုသည်။
ရှုရှုသည် အစ်ကိုဖြစ်သူ ရှုကျွမ်း၏ အခန်းသို့ သွားကာ “ဒီတစ်ခေါက် ကျွန်မ သေမလို ဖြစ်ခဲ့တာ” ဟု ရင်ဖွင့်သည်။ ရှုကျွမ်းက ဘာမှမပြောဘဲ ညီမဖြစ်သူကို တင်းကျပ်စွာ ပွေ့ဖက်ထားလိုက်သည်။ ရှုရှုသည် လူကြီးများရှေ့တွင် မာန်တင်းထားသော်လည်း အစ်ကိုဖြစ်သူ၏ ရင်ခွင်ထဲတွင်မူ ကလေးမလေးတစ်ယောက်ကဲ့သို့ နွေးထွေးမှုကို ရှာဖွေတတ်လေသည်။
အိပ်ရာဝင်ခါနီးတွင် ရှုရှုက ဂျိပိုင်ထံ “အိပ်တော့မယ်၊ ဂွတ်နိုက်” ဟု မက်ဆေ့ခ်ျ ပို့လိုက်ရာ ဂျိပိုင်က ချက်ချင်း ဖုန်းပြန်ဆက်သည်။ သူသည် စူပါမားကက်တွင် ညစာအတွက် ထုပ်ပိုးထားသော ကောက်ညှင်းထုပ်များကို ဝယ်နေခြင်း ဖြစ်သည်။ သူသည် ငွေရှင်းနေရင်း ဘေးမှ ကွန်ဒုံးဘူးများကို မြင်ကာ စျေးအကြီးဆုံး တစ်ဘူးကိုပါ ကောက်ထည့်လိုက်လေသည်။
နောက်တစ်နေ့ ရုံးတက်ချိန်တွင် နှစ်ယောက်စလုံး အလုပ်ရှုပ်နေကြသည်။ ဂျိပိုင်သည် အလုပ်များ ရှင်းလင်းပြီးနောက် ယောင်မုန့်၏ နုတ်ထွက်စာကို တွေ့လိုက်ရသည်။ သူသည် ယောင်မုန့်ကို ခေါ်ကာ “မင်းက တော်တဲ့သူမို့လို့ ငါကတော့ နုတ်မထွက်စေချင်ဘူး တခြားဌာန ပြောင်းချင်ရင် ငါ အကြံပေးပေးမယ်” ဟု ပြောသည်။
သို့သော် ယောင်မုန့်က ပြုံးလျက် ငြင်းပယ်သည်။ “ကျွန်မ သူငယ်ချင်းတစ်ယောက်ရဲ့ မဂ္ဂဇင်းတိုက်မှာ သွားကူလုပ်ပေးချင်လို့ပါ ဒီအလုပ်က ပိုပြီး စိန်ခေါ်မှု ရှိမယ်လို့ ထင်လို့ပါ” ဟု ဆိုသည်။ ဂျိပိုင်က သူမ၏ ဆုံးဖြတ်ချက်ကို လေးစားစွာဖြင့် လက်ဆွဲနှုတ်ဆက်ကာ နှုတ်ဆက်ပွဲသို့ လာရန် ဖိတ်ခေါ်လိုက်သည်။
ညနေတွင် ရဲစခန်းအနီးရှိ စားသောက်ဆိုင်၌ ဂုဏ်ပြုညစာစားပွဲ ကျင်းပသည်။ ကျောက်ဟန်က ရှုရှုကို “မရီး ... ဘာသောက်မလဲ” ဟု လှမ်းမေးရာ ရှုရှုမှာ မိမိကို ခေါ်သည်ဟု မထင်သဖြင့် မထူးမိပေသည်။ ဂျိပိုင်က “သူ အသီးဖျော်ရည်ပဲ သောက်မယ်” ဟု ဝင်ဖြေပေးမှ အားလုံးက ပြုံးစိစိ ဖြစ်သွားကြသည်။
ဝိုင်းထဲတွင် ရဲအရာရှိများက ဂျိပိုင်ကို ဝိုင်း၍ အရက်တိုက်ကြသည်။ ဂျိပိုင်က ရှုရှုအတွက်ပါ ကိုယ်စားသောက်ပေးသဖြင့် သူ၏ မျက်နှာမှာ အနည်းငယ် နီမြန်းနေသည်။ တစ်ယောက်က “မရီး ... ဗိုလ်ကြီးဂျိပိုင်ကို မထိန်းဘူးလား..သူ အများကြီး သောက်နေပြီနော်” ဟု စနောက်ရာ ရှုရှုက “သူ့ဘာသာသူ ထားလိုက်ပါ၊ စိတ်မပူပါဘူး” ဟု ပြန်ဖြေသည်။ ဂျိပိုင်က သူမ၏ အဖြေကို သဘောကျကာ ပြုံးနေသည်။ သူမသည် လူအများရှေ့တွင် သူ့ကို မျက်နှာသာ ပေးတတ်သည် မဟုတ်ပါလား။
ထိုစဉ် ညွှန်ကြားရေးမှူးဆန်း ရောက်လာပြီး “ငါတို့ အိမ်နီးချင်းနိုင်ငံ ခရီးစဉ်က တရားခံမိရုံတင်မကဘဲ မင်္ဂလာပွဲပါ ဖန်တီးပေးလိုက်တာပဲ” ဟု ဆိုကာ အရက်ခွက် မြှောက်လိုက်သည်။ ရှုရှုသည်လည်း မငြင်းသာသဖြင့် နှစ်ခွက်ခန့် သောက်လိုက်ရာ အနည်းငယ် မူးနောက်သွားသဖြင့် အပြင်သို့ ထွက်ကာ လေညင်းခံနေသည်။
ဂျိပိုင် အပြင်သို့ ထွက်လာချိန်တွင် ရှုရှုက ပြတင်းပေါက်ဘေးတွင် ရပ်နေသည်။ “အဆင်ပြေရဲ့လား” ဟု သူက တိုးတိုးလေး မေးသည်။ “မနက်ဖြန် စနေနေ့ဆိုတော့ အားတယ် မဟုတ်လား..ငါ့အိမ်ကို လိုက်ခဲ့မလား.. ရုပ်ရှင်ကြည့်ရင်း အနားယူကြတာပေါ့”
ရှုရှုက “ကောင်းပါပြီ” ဟု သဘောတူလိုက်သည်။ ဂျိပိုင်က သူမ၏ ပုခုံးကို ဖက်ကာ “မင်းရဲ့ ညအိပ်ဝတ်စုံလေး ငါ့အိမ်မှာ ရှိသေးတယ်..လျှော်ပြီးသားမို့လို့ အသင့်ဝတ်လို့ရတယ် ပွဲပြီးရင် သွားကြမယ်” ဟု ဆိုသည်။
သူတို့ အခန်းထဲ ပြန်ဝင်လာသောအခါ တဟူက ဂျိပိုင်၏ စကားများကို အတုယူကာ ဘေးကလူကို စနောက်နေသည်။ “မင်းရဲ့ ညအိပ်ဝတ်စုံ ငါ့အိမ်မှာ ရှိတယ်၊ ငါကိုယ်တိုင် လက်နဲ့ လျှော်ပေးထားတာ” ဟု တဟူက အော်ပြောရာ ရှုရှုမှာ ရှက်လွန်းသဖြင့် ဂျိပိုင်၏ လက်ကို ခုံအောက်မှ ဆွဲညှစ်ထားမိသည်။ ဂျိပိုင်က “ပါးစပ်ပိတ်ထားစမ်း” ဟု အော်ဟစ်လိုက်ရာ အားလုံးက တဟားဟား ရယ်မောကြလေတော့သည်။
ညစာစားပွဲ ပြီးသော်လည်း ဂျိပိုင်မှာ လူကြီးများကို လိုက်ပို့ရဦးမည် ဖြစ်သဖြင့် ရှုရှုကို အရင်ပြန်ခိုင်းလိုက်သည်။ ရှုရှုသည် အိမ်သို့ ပြန်ရောက်သော်လည်း ဂျိပိုင်၏ စကားကြောင့် သူတို့နှစ်ဦး အိမ်နီးချင်းနိုင်ငံတွင် အတူရှိခဲ့ပုံများကို ပြန်လည် မြင်ယောင်နေမိသည်။ သူမသည် စိတ်ကူးပြောင်းကာ ဂျိပိုင်၏ အိမ်သို့ သွားရန် ဆုံးဖြတ်လိုက်သည်။
ဂျိပိုင်၏ အိမ်မှာ အရင်အတိုင်း သန့်ရှင်းအေးစက်နေသည်။ ရှုရှုသည် ရုပ်ရှင်ကြည့်ရင်း စောင့်နေသော်လည်း ၁၁ နာရီအထိ သူ ပြန်မရောက်လာသဖြင့် သူမ၏ အိမ်သို့သာ ပြန်လာခဲ့သည်။
၁၁ နာရီခွဲတွင် သူမ၏ အိမ်ရှေ့သို့ ရောက်ရာ တံခါးဝတွင် မှီရပ်နေသော လူရိပ်တစ်ခုကို တွေ့လိုက်ရသည်။ သူမ ချောင်းဟန့်လိုက်ရာ မီးလင်းလာပြီး ဂျိပိုင် ဖြစ်နေသည်ကို တွေ့ရသည်။
“မင်း ပြန်မလာတော့ဘူး ထင်နေတာ.. ငါ စောင့်နေတာ တစ်နာရီကျော်ပြီ” ဟု ဂျိပိုင်က ဆိုသည်။ သူသည်လည်း သူမကို စောင့်နေခြင်း ဖြစ်သည်။
သူသည် ရှုရှုကို ဆွဲဖက်ကာ အငမ်းမရ နမ်းရှိုက်လိုက်သည်။ ရှုရှုက သူ ဆေးလိပ်သောက်နေသည်ကို မြင်သဖြင့် “ဘာလို့ ဆေးလိပ် ပြန်သောက်နေတာလဲ” ဟု မေးရာ ဂျိပိုင်က သူမကို စိုက်ကြည့်ရင်း ဖြည်းညှင်းစွာ ပြန်ဖြေသည်။
“သတ္တိမွေးနေတာပါ”
***