အမျိုးသားသုံးဦး ထိုင်လိုက်ကြချိန်တွင် ရှုရှုသည် ဂျိပိုင်၏ အကြည့်အောက်၌ အဝတ်အစားများကို သပ်ရပ်အောင် ပြင်ဝတ်ပြီးဖြစ်သည်။ သို့သော်လည်း အစ်ကိုဖြစ်သူ ရှုကျွမ်း၏ စူးစမ်းသောအကြည့်ကိုမူ မတားဆီးနိုင်ပေ။ ရှုကျွမ်းသည် ညီမဖြစ်သူကို တစ်ချက်ကြည့်၊ ဂျိပိုင်၏ အဝတ်အစားများကို တစ်ချက်ကြည့်ပြီးနောက် ဘာမှမပြောဘဲ နေနေသည်။
ရှုရှုသည် စိတ်ကို တည်ငြိမ်အောင်ထားပြီး ဖခင်ဖြစ်သူနှင့် စတင် မိတ်ဆက်ပေးလိုက်သည်။ “အဖေ ... ဒါက သမီးရဲ့ ရည်းစား ဂျိပိုင်ပါ”
ဂျိပိုင်က ချက်ချင်းပင် လက်ကမ်းနှုတ်ဆက်ကာ “ဦးလေး ... မင်္ဂလာပါ” ဟု ဆိုသည်။ လူငယ်သုံးဦးစလုံး ဖခင်ဖြစ်သူ ရှုဦးလေးကို ကြည့်နေကြသည်။ ရှုဦးလေးက ပြုံးလျက် ဂျိပိုင်ကို ခေါင်းငြိမ့်ပြသည်။ အခန်းထဲမှ ပွယောင်းနေသော ကုတင်ကို မမြင်သယောင် ဆောင်ကာ “မင်္ဂလာပါကွယ် မင်းက ရှုရှုနဲ့ ရဲစခန်းမှာ အတူလုပ်တဲ့ လုပ်ဖော်ကိုင်ဖက်လား” ဟု ယဉ်ကျေးစွာ မေးမြန်းလိုက်သည်။
နေရခက်သော အခြေအနေမှာ ချက်ချင်းပင် ပြေလျော့သွားသည်။ ဂျိပိုင်က တည်ငြိမ်ယုံကြည်မှုအပြည့်ဖြင့် စကားပြောဆိုနေသည်ကို မြင်ရသဖြင့် ရှုရှု စိတ်အေးသွားကာ ရေနွေးကြမ်းသွားဖျော်သည်။ ရှုကျွမ်းမှာမူ ပျော်ရွှင်နေသော ညီမဖြစ်သူ၏ မျက်နှာကိုကြည့်ကာ စိတ်ထဲမှ အောင့်အည်းသည်းခံနေလေတော့သည်။
ရှုရှု ရေနွေးကြမ်းနှင့် ပြန်လာသောအခါ ဖခင်ဖြစ်သူက ဂျိပိုင်ကို “အော် ... မင်းက ပေကျင်းကလား.. မိဘတွေက ဘာလုပ်ကြလဲကွယ်” ဟု မေးနေသည်ကို ကြားလိုက်ရသည်။ ရှုဦးလေးသည် ရှေးရိုးစွဲ ပညာတတ်တစ်ဦး ဖြစ်သကဲ့သို့ ကြင်နာတတ်သော ဖခင်လည်း ဖြစ်သဖြင့် သမီး၏ လက်တွဲဖော်အကြောင်းကို သိလို၍ တည့်တိုးပင် မေးမြန်းခြင်း ဖြစ်သည်။
ဂျိပိုင်က “ကျွန်တော့်မိဘတွေက အငြိမ်းစားယူပါပြီ.. အဖေက ကိုယ်ပိုင်ကုမ္ပဏီ ထောင်ခဲ့တာဖြစ်ပြီး အမေကတော့ ဗဟိုအဖွဲ့အစည်းဌာနမှာ လုပ်ခဲ့တာပါ..ကျွန်တော့်မှာ အစ်ကိုနှစ်ယောက် ရှိပါတယ်..အကြီးဆုံးအစ်ကိုက ဘဏ္ဍာရေးဝန်ကြီးဌာနမှာ လုပ်ပြီး ဒုတိယအစ်ကိုကတော့ မိသားစုကုမ္ပဏီကို ဦးစီးနေပါတယ်” ဟု ရိုးသားစွာ ဖြေကြားသည်။ ရှုဦးလေးမှာ အနည်းငယ် အံ့သြသွားသော်လည်း ခေါင်းငြိမ့်ကာ ဆက်မမေးတော့ပေသည်။
ရှုရှုသည် သူ၏ မိသားစုနောက်ခံကို တစ်ခါမျှ မမေးဖူးသော်လည်း ယခုကဲ့သို့ မာန်မာနမပါဘဲ ဖြေကြားပုံကို အလွန်သဘောကျသွားသည်။ ထိုစဉ် ရှုကျွမ်းက “ရှုရှု ... ငါ ဒီမှာ ပစ္စည်းတစ်ခု ကျန်ခဲ့လို့၊ လိုက်ရှာပေးဦး” ဟု ဆိုကာ ရှုရှုကို အခန်းထဲသို့ ခေါ်ထုတ်သွားသည်။
၎င်းမှာ အကြောင်းပြချက်တစ်ခုသာ ဖြစ်သည်ကို မောင်နှမနှစ်ဦးစလုံး သိကြသည်။ အခန်းထဲရောက်သည်နှင့် ရှုကျွမ်းက “နှင်းဆီပွင့်တွေ၊ ကမ္ဘာ့အကောင်းဆုံး ဝိုင်တွေ ... ဒါတွေရှိမှ ငါ့ညီမနဲ့ တန်မှာပေါ့.. ဒါပေမဲ့ မင်းက သူ့ကို အခန်းထဲအထိ ပေးဝင်လိုက်တာလား” ဟု ဆိုကာ စိတ်မရှည်သလို မေးသည်။
ရှုရှုက ပါးလေးနီလျက် “အစ်ကို ... အဲဒါတွေကို စိတ်မပူပါနဲ့” ဟု ဖြေသည်။ ရှုကျွမ်းက “မင်း အရှုံးပေးလိုက်ရမှာ စိုးလို့ပါ” ဟု ဆိုရာ ရှုရှုက “ကျွန်မ ကိုယ်တိုင် လိုလိုလားလား လုပ်ခဲ့တာပါ” ဟု ပြတ်သားစွာ ပြန်ပြောလိုက်သည်။ ရှုကျွမ်းမှာ ဆက်ပြောရန် စကားမရှိတော့ပေ။ သူ၏ ညီမမှာ လွတ်လပ်ပြီး ထက်မြက်သူဖြစ်ရာ ဂျိပိုင်သာ တစ်ခုခု မှားယွင်းပါက ရှုရှုက တွန့်ဆုတ်နေမည် မဟုတ်သည်ကို သူ သိနေသည်။
အပြင်တွင်မူ ဂျိပိုင်သည် ရှုဦးလေးကို ရိုသေစွာဖြင့် “ဦးလေး ... ဒီနေ့က ရုတ်တရက်ကြီး ဖြစ်သွားလို့ မယဉ်ကျေးသလို ဖြစ်သွားရင် ခွင့်လွှတ်ပါ...နောက်တစ်နေ့မှာ ကျွန်တော် စနစ်တကျ လာကန်တော့ပါ့မယ်...ဦးလေး သဘောတူမယ်ဆိုရင် အားလပ်ရက်ကျရင် ရှုရှုကို ပေကျင်းက မိဘတွေဆီ ခေါ်သွားချင်ပါတယ်” ဟု ဖွင့်ပြောလိုက်လေသည်။
မွန်းတည့်ခါနီးတွင် ဂျိပိုင် ပြန်ရန် ပြင်သည်။ ရှုရှုက အောက်ထပ်အထိ လိုက်ပို့ရာ နှစ်ယောက်သား မနေ့ညက အဖြစ်အပျက်ကို ပြန်တွေးမိပြီး ရယ်ချင်သလိုလို၊ ခွဲရမှာကိုလည်း နှမြောသလိုလို ဖြစ်နေကြသည်။
“ဒါဆို ... ဖုန်းဆက်လိုက်မယ်လေ” ရှုရှုက လက်ပြနှုတ်ဆက်သည်။ ဂျိပိုင်က သူမ၏လက်ကို ဆွဲကာ ရင်ခွင်ထဲသို့ ထည့်လိုက်သည်။ လူအများသွားလာနေသော စင်္ကြံလမ်းဖြစ်သော်လည်း ဂျိပိုင်က ဂရုမစိုက်ပေ။ “မင်းရဲ့ မိသားစုက တကယ့်ကို စိတ်သဘောထား ပြည့်ဝကြတာပဲ” ဟု သူက ဆိုသည်။
“ဒါပေါ့”
ဂျိပိုင်က ပြုံးလျက် “ခုနကပဲ မင်းအဖေကို ပြောခဲ့တယ်... ၁၁ ရက်နေ့ကျရင် ငါနဲ့အတူ ပေကျင်းကို လိုက်ခဲ့ပါ၊ ငါ့မိသားစုနဲ့ ပေးတွေ့ချင်လို့” ဟု ဆိုသည်။ ရှုရှုက သူ့ကို မော့ကြည့်လိုက်သည်။ သူသည် ယနေ့ သူမ၏မိသားစုနှင့် တွေ့ဆုံပြီးဖြစ်၍ ယဉ်ကျေးမှုအရ ပြန်လည်ဖိတ်ခေါ်ခြင်းဖြစ်သည်ကို သူမ နားလည်သည်။
“ဒီနေ့ အဖေနဲ့တွေ့တာက မတော်တဆဖြစ်သွားတာပါ... အဲဒီလောက်အထိ အလျင်လိုစရာ မလိုပါဘူး” ဟု ရှုရှုက ဆိုသော်လည်း ဂျိပိုင်က “စောစောတွေ့တွေ့၊ နောက်မှတွေ့တွေ့ အတူတူပါပဲ” ဟု ပြုံးလျက် ဆိုသည်။ ရှုရှု ပါးလေးနီသွားပြီး “၁၁ ရက်နေ့ဆိုတာ လိုပါသေးတယ်၊ အဲဒီကျမှ ထပ်ပြောကြတာပေါ့” ဟုသာ တုံ့ပြန်လိုက်လေတော့သည်။
အပေါ်ထပ်သို့ ရှုရှု ပြန်တက်လာသောအခါ အစ်ကိုဖြစ်သူ ရှုကျွမ်းက မီးဖိုချောင်တွင် ဖရဲသီးလှီးနေပြီး ဖခင်နှင့် သမီး နှစ်ယောက်တည်း ဧည့်ခန်းတွင် ကျန်ခဲ့သည်။
“ဘယ်လိုလဲ အဖေ” ဟု ရှုရှုက မေးရာ ရှုဦးလေးက မေတ္တာပါသော အပြုံးဖြင့် “တကယ့်ကို လူတော်လေးပဲ.. ထက်မြက်တယ်၊ အတွေ့အကြုံရှိတယ်၊ တည်ငြိမ်တယ်..မင်းရဲ့ အမြင်က ရှုကျွမ်းထက် အများကြီး သာတယ်” ဟု ချီးကျူးသည်။
မီးဖိုချောင်ထဲမှ ရှုကျွမ်းက “အဖေကလည်း သားကိုကျတော့ နှိပ်ကွပ်လိုက်တာ.. ဒါ ပထမဆုံးအကြိမ် တွေ့တာပဲရှိသေးတာကို ဒီလောက်အထိ အမှတ်ပေးဖို့ လိုလို့လား” ဟု လှမ်းအော်ရာ သုံးယောက်သား တဟားဟား ရယ်မောကြသည်။
ရယ်မောပြီးနောက် ရှုဦးလေးက လေသံကို လျှော့ကာ “မင်းအစ်ကို ပြောတာလည်း ဟုတ်ပါတယ်။ ဒါက ပထမဆုံး အမြင်ပဲ ရှိသေးတာ။ အဖေ စိုးရိမ်တာက သူ့ရဲ့ မိသားစု နောက်ခံပဲ။ အာဏာနဲ့ ငွေကြေး အထက်တန်းလွှာမှာ ကြီးပြင်းလာတဲ့သူက ငါတို့လို သာမန်လူတွေနဲ့ အတွေးအခေါ်ချင်း တူပါ့မလား။ မင်းကို အမြဲတမ်း တန်ဖိုးထားပြီး လေးလေးစားစား ချစ်နိုင်ပါ့မလားဆိုတာ သေချာစဉ်းစားစေချင်တယ်” ဟု ဆုံးမသည်။
ရှုရှုက ခေတ္တစဉ်းစားပြီးနောက် “အဖေ ... သူက တကယ်ကို လူကောင်းပါ.. သူက အသက် ၁၈ နှစ်ကတည်းက သူ့ရဲ့ အထက်တန်းလွှာ ပတ်ဝန်းကျင်ကို စွန့်ခွာပြီး ရဲတပ်ဖွဲ့ထဲ ဝင်ခဲ့တာ.. သူက ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်တဲ့သူပါ အဖေရယ် ... သူက ကျွန်မဘေးနားက ကျောက်မျက်ရတနာလေးလိုပါပဲ ကျွန်မ အချစ်အကြောင်း နားမလည်ပေမဲ့ သူ့ကိုတော့ လက်လွတ်မခံနိုင်ဘူး” ဟု ပြတ်သားစွာ ဖြေကြားလိုက်သည်။
ညနေပိုင်းတွင် ဖခင်နှင့် အစ်ကိုဖြစ်သူတို့ ပြန်သွားကြသည်။ ရှုရှုက ဂျိပိုင်ထံ ဖုန်းဆက်ရာ သူသည် သူငယ်ချင်းများနှင့် တင်းနစ်ရိုက်နေသည်။ ဖုန်းထဲတွင် သူတို့နှစ်ဦး၏ လေသံမှာ အရင်ကထက် ပို၍ ရင်းနှီးနွေးထွေးနေသည်။
“မင်း လာကစားမလား” ဟု ဂျိပိုင်က ဖိတ်ခေါ်သဖြင့် ရှုရှု သွားခဲ့သည်။ ဂျိပိုင်က သူမ၏လက်ကိုဆွဲကာ သူငယ်ချင်းများနှင့် မိတ်ဆက်ပေးသည်။ “ဒါ ငါ့ချစ်သူ ရှုရှုပဲ” ဟု ဂုဏ်ယူစွာ ပြောဆိုရာ အားလုံးက စနောက်ကြသည်။
တင်းနစ်ရိုက်ကြသောအခါ ရှုရှုမှာ အားကစားတွင် မကျွမ်းကျင်သဖြင့် တဖက်အသင်းက သူမရှိရာကိုသာ တိုက်စစ်ဆင်ကြသည်။ ဂျိပိုင်က မည်မျှပင် ကူညီပေးသော်လည်း နောက်ဆုံးတွင် ရှုံးနိမ့်သွားသည်။ ဂျိပိုင်က “မပူနဲ့၊ နောက်တစ်ခါကျရင် ငါတို့ ပြန်နိုင်အောင် ကစားကြတာပေါ့” ဟု သူမ၏နားနားတွင် ကပ်၍ နှစ်သိမ့်ပေးလေသည်။
ညဉ့်နက်သောအခါ ဂျိပိုင်က ရှုရှုကို လက်ဆောင်တစ်ခု ပေးသည်။ ၎င်းမှာ ကျောက်စိမ်းလက်ကောက်လေး တစ်ကွင်း ဖြစ်သည်။
“ဒါက အချစ်သက်သေလား” ဟု ရှုရှုက မေးရာ ဂျိပိုင်က “ဟုတ်တယ်။ ဒါ ငါ့အဖိုး ပေးခဲ့တာ။ နောက်ကျရင် ဒါကို ဝတ်ပြီး ငါ့မိသားစုနဲ့ သွားတွေ့တာပေါ့” ဟု ဆိုသည်။ ရှုရှုသည် လက်ကောက်လေးမှာ အလွန်တန်ဖိုးကြီးလှသဖြင့် အားနာမိသော်လည်း ဂျိပိုင်၏ မေတ္တာကို နားလည်သဖြင့် လက်ခံလိုက်သည်။
တနင်္လာနေ့ညတွင် အိမ်နီးချင်းနိုင်ငံ စစ်ဆင်ရေးအတွက် ဂုဏ်ပြုပွဲ ကျင်းပသည်။ ပွဲအပြီးတွင် ရှုရှုသည် အပြင်ဘက်၌ ယောင်မုန့်နှင့် ဆုံတွေ့သည်။ ယောင်မုန့်က သူမ၏ ချစ်သူ လင်းချင်ယန်နှင့်အတူ ထွက်ခွာသွားသည်။ ယောင်မုန့်သည် ရဲတပ်ဖွဲ့မှ နုတ်ထွက်သွားသော်လည်း ရှုရှုနှင့် နွေးထွေးစွာ နှုတ်ဆက်နိုင်ခဲ့သည်။
နောက်တစ်ပတ် ပိတ်ရက်တွင် ဂျိပိုင်နှင့် ရှုရှုတို့ သူငယ်ချင်းများနှင့်အတူ တောတောင်ထဲသို့ ခရီးထွက်ကြသည်။ သူတို့သည် ငါးဖမ်းကြ၊ အသားကင်ကြရင်း ပျော်ရွှင်စွာ ဖြတ်သန်းကြသည်။
နောက်တစ်နေ့ မနက်တွင် နေထွက်သည်ကို ကြည့်ရန် တောင်ပေါ်သို့ တက်ကြသည်။ ဂျိပိုင်က “မိန်းမကို ပွေ့ပြီး ဘယ်သူ အရင်ဆုံး တောင်ထိပ်ရောက်မလဲ ပြိုင်ကြမယ်” ဟု အကြံပေးသည်။ သူသည် ပေါ့ပါးလှသော ရှုရှုကို ပွေ့ချီကာ အရင်ဆုံး တောင်ထိပ်သို့ ရောက်သွားသည်။
တောင်ထိပ်တွင် နေမထွက်မီ အချိန်ကလေး၌ ရှုရှုက သူမ၏ အိတ်ကပ်ထဲမှ ပစ္စည်းတစ်ခုကို ထုတ်ပေးသည်။ “ဒါက ကျွန်မရဲ့ အချစ်သက်သေပဲ၊ ရှင့်ကို ပေးချင်လို့” ဟု ဆိုကာ ကျောက်ခဲလေးတစ်ခုကို ကမ်းပေးသည်။
၎င်းမှာ ကျောက်ဖြစ်ရုပ်ကြွင်းလေးတစ်ခု ဖြစ်သည်။ ကျောက်ခဲထဲတွင် သေးငယ်လှသော ပန်းပွင့်လေးတစ်ပွင့်နှင့် အရွက်လေးတစ်ရွက် ပါရှိသည်။ “ဒါက သိပ်တန်ဖိုးမကြီးပေမဲ့ ရှားပါးတယ်” ဟု ရှုရှုက ရှင်းပြသည်။
ဂျိပိုင်က ရယ်မောလိုက်ပြီး သူမကို ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။ “မင်းက ကမ္ဘာဦးကတည်းက ရှိခဲ့တဲ့ အရာကိုမှ အချစ်သက်သေအဖြစ် ပေးတာပဲ ငါ တကယ်ကို သဘောကျပါတယ်” ဟု ဆိုကာ သူမ၏ နဖူးလေးကို နမ်းလိုက်သည်။
ထိုစဉ် ဝေးကွာလှသော မိုးကုပ်စက်ဝိုင်းမှ နေဝန်းနီကြီးသည် ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။ ရွှေရောင်အလင်းတန်းများက ကမ္ဘာမြေကို လွှမ်းခြုံသွားသည်။ ဂျိပိုင်သည် လှပလှသော နေထွက်ချိန် မြင်ကွင်းအောက်တွင် သူ၏ရင်ခွင်ထဲမှ ရှုရှုကို တင်းကျပ်စွာ ဖက်ထားရင်း ချစ်မြတ်နိုးစွာ နမ်းရှိုက်လိုက်လေသည်။
***