မြင်းပေါ်မှ ပြုတ်မကျစေရန် မင်ယွဲ့သည် သူမ၏ကိုယ်ကို ကိုင်းညွတ်နှိမ့်ချထားလိုက် သည်။
အစပိုင်းတွင် မြင်းရိုင်းသည် ကျောပေါ်ရှိ ဝန်ထုပ်ဝန်ပိုးကို ခံစားမိသည်နှင့် တရှိန်ထိုး ခုန်ပေါက်ကာ ပေါက်ကွဲထွက်မတတ် ရုန်းကန်နေတော့သည်။ သို့သော် မင်ယွဲ့၏ စိတ်အစဉ်၌ ကြောက်ရွံ့ခြင်းဟူသည် အစအနမျှမရှိဘဲ ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကစားပွဲတစ်ခုကဲ့သို့သာ သဘောထားနေ၏။
လူနှင့်မြင်းသည် အားပြိုင်နေကြသည်။ သူမသည် ဇက်ကြိုးကို တင်းတင်းဆုပ်ကိုင်ကာ မြင်း၏လည်ပင်းကို အားကိုးတကြီး ဖက် တွယ်ထားသည်။
အချိန်အတော်ကြာ အားခဲကြိုးပမ်းပြီးနောက်တွင်မူ ရုန်းကန်နေသော မြင်းရိုင်းသည် နောက်ဆုံး၌ ယဉ်ပါးသွားလေတော့သည်။
မြင်းကလေး ငြိမ်သက်သွားသည်ကို မြင်လျှင် မင်ယွဲ့က ၎င်း၏လည်ဆံမွေးများကို နူးညံ့စွာ ပွတ်သပ်ပေးလိုက်ရာ မြင်းကလေးကလည်း ကျေနပ်သည့်နှယ် နှာမှုတ်သံ ပေးရှာသည်။
စိမ်းလန်းစိုပြည်သော မြက်ခင်းပြင်ထက်တွင် လေပြေအေးလေး တိုက်ခတ်နေသည်။ မင်ယွဲ့သည် ဇက်ကြိုးကို ခါယမ်းကာ ခြေနှစ်ဖက်ဖြင့် မြင်း၏ဝမ်းဗိုက်ကို ခပ်ဖွဖွ ညှပ်လိုက်ရင်း—
"ဟေ့... သွားစို့—"
ခွာသံများ တဒေါက်ဒေါက် မြည်ဟည်းသွားပြီးနောက် သူတို့သည် လေဟုန်စီးသကဲ့သို့ တဟုန်ထိုး ပြေးထွက်သွားကြသည်။
မြင်းကလေးသည်လည်း လွတ်လပ်မှုကို ခံစားရသကဲ့သို့ ခေါင်းကိုမော့ကာ ပျော်ရွှင်စွာ ဟီသံပေးလေသည်။
မင်ယွဲ့၏ ရင်ထဲတွင်လည်း လေနှင့်အတူ လွင့်မျောနေသည့်အလား လွတ်လပ်ပေါ့ပါးမှုကို ခံစားနေရပြီး ဤကျယ်ပြောလှသော မြက်ခင်းပြင်ကြီး၊ သဘာဝတရားကြီးနှင့် တစ်သားတည်း ဖြစ်သွားသကဲ့သို့ ခံစားရသည်။
အချိန်ကြာလာသည်နှင့်အမျှ သူမနှင့် မြင်းအကြား နားလည်မှုက ပိုမိုနက်ရှိုင်းလာသည်။
သူမသည် ရိုးရိုးတန်းတန်း စီးရုံတင်မကတော့ဘဲ အတားအဆီးများကို ကျော်လွှားခြင်း၊ မြင်းပေါ်တွင် ပုံစံအမျိုးမျိုး ပြောင်းလဲစီးနင်းခြင်း စသည့် စွမ်းရည်များကိုပါ လေ့ကျင့်တော့သည်။
စိတ်လှုပ်ရှားမှုများ ပြေလျော့သွားချိန်မှသာ သူမသည် နာရီပေါင်းများစွာ မြင်းစီးနေခဲ့မိကြောင်း သတိပြုမိတော့သည်။
ယခုမူ သူမ၏ ခြေလက်အင်္ဂါတို့မှာ ပျော့ခွေမတတ် နုံးချိနေချေပြီ။
ပြင်းထန်လွန်းသော လေ့ကျင့်ခန်းကြောင့် ပေါင်အတွင်းသားများမှာ ပွတ်တိုက်မိကာ နီရဲပြီး အရေပြားများပင် စုတ်ပြဲနေသည်။
သူမသည် သင်ယူမှုခန်းမမှ ထွက်လာပြီးနောက် ရေချိုးကာ ဆေးလူးလိုက်သည်။
ထိုအခါမှသာ မိုဟန်ကျီ ပို့ထားသော "ဂွတ်နိုက်" ဆိုသည့် မက်ဆေ့ချ်ကို တွေ့တော့သည်။
သန်းခေါင်ကျော်နေပြီ ဖြစ်သောကြောင့် သူ့ကို မနှောင့်ယှက်လိုတော့ဘဲ ပြန်စာမပို့တော့ရန် ဆုံးဖြတ်လိုက်သည်။
အားလပ်ရက်တွင် မင်ယွဲ့သည် ဆေးရုံရှိ ရွှီနော့ထံသို့ သွားရောက်လည်ပတ်ခဲ့သည်။ ရွှီမိသားစု၏ ဂရုစိုက်မှုကြောင့် ကောင်လေးမှာ အရင်ကထက် ပို၍ ကျန်းမာဝဖြိုးလာသည်။
"အမကြီး... လိမ္မော်သီးစားပါဦး"
မင်ယွဲ့သည် သူ့ကို ကယ်တင်ပေးခဲ့သူဖြစ်ကြောင်း ခုနစ်နှစ်အရွယ် ကောင်လေးက သိနားလည်နေသည့်အတွက် သူမကို အလွန်ခင်မင်တွယ်တာနေရှာသည်။
မင်ယွဲ့က ပြုံးလျက် လိမ္မော်သီးကို ယူကာ ကောင်လေး၏ ခေါင်းကို အသာအယာ ပွတ်
သပ်ပေးလိုက်သည်။
"မစ္စတာရွှီ... ကျွန်မရဲ့ ကမ်းလှမ်းချက်ကို ဘယ်လိုစဉ်းစားမိလဲရှင့်"
မစ္စတာရွှီက မင်ယွဲ့၏ ကျေးဇူးကို မည်သို့ဆပ်ရမည်မှန်း မသိသော်လည်း သူကျွမ်းကျင်သော ချက်ပြုတ်မှုအတတ်ဖြင့် သူမကို ကူညီရန် ဆုံးဖြတ်လိုက်ပုံရသည်။
"မစ္စတာရွှီ... ရှင် စိတ်ထဲ အားနာလို့ သဘောတူစရာ မလိုပါဘူး ရှင့်ရဲ့ဆန္ဒကို ကျွန်မ အပြည့်အဝ လေးစားပါတယ် မင်ယွဲ့ စားသောက်ဆိုင်မှာ အလုပ်လုပ်ဖို့ကို သေချာစဉ်းစားပါဦး"
မင်ယွဲ့သည် သူ့ကို အလုပ်ခန့်ရန် စိတ်ကူးရှိသော်လည်း ကျေးဇူးတရားဖြင့် အကျပ်ကိုင်ခြင်းမျိုးကို မလိုလားပေ။ သို့သော် မစ္စတာရွှီက စိတ်ရင်းမှန်ဖြင့် ပြန်ပြောခဲ့သည်။
"မစ္စမင်... ကျွန်တော် ဒီအလုပ်ကို လိုလိုလားလား လက်ခံပါတယ် ငါးနှစ်လောက် နားနေခဲ့ပေမဲ့ ကျွန်တော့်ရဲ့ လက်ရာကို ယုံကြည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
ထို့ကြောင့် နှစ်ဦးနှစ်ဖက် သဘောတူညီမှုရရှိကာ စာချုပ်ချုပ်ဆိုဖြစ်ခဲ့ကြသည်။
မင်ယွဲ့သည် သဘောထားကြီးသူပီပီ စားဖိုမှူးများကို လစာအပြင် ဆိုင်၏ ရှယ်ယာအချို့ကိုပါ ခွဲဝေပေးခဲ့သည်။ ၎င်းသည် စားဖိုမှူးများ ဆိုင်အပေါ် သစ္စာရှိစေရန်နှင့် စိတ်အားထက်သန်စေရန် ဆွဲဆောင်မှုတစ်ခုပင် ဖြစ်သည်။
မကြာမီမှာပင် မင်ယွဲ့ စားသောက်ဆိုင် အား ခမ်းနားစွာ ဖွင့်လှစ်နိုင်ခဲ့သည်။
ကောင်းကင်ပြာရောင် ဆိုင်းဘုတ်ထက်တွင် လခြမ်းကွေးလေးနှင့် ကြယ်ပွင့်ကလေးများက ရိုမန်တစ်ဆန်သော အငွေ့အသက်ကို ဆောင်ကြဉ်းပေးနေသည်။
"ဟေး... ဆိုင်သစ်ပဲ၊ သွားကြည့်ရအောင်လေ"
လမ်းသွားလမ်းလာများက ဆိုင်၏ လှပသော အပြင်အဆင်ကြောင့် စိတ်ဝင်တစား ရှိနေကြသည်။
ဆိုင်ထဲသို့ ဝင်ဝင်ချင်းတွင်ပင် ကောင်တာပေါ်၌ ပန်ဒါလေးတစ်ကောင်ကဲ့သို့ ထိုင်နေသော ယွမ်ပေါ့ကို တွေ့လိုက်ရသဖြင့် အားလုံးက အံ့အားသင့်သွားကြသည်။
ယွမ်ပေါ့မှာမူ စားစရာများကိုသာ အာရုံရောက်နေပြီး ဧည့်သည်များကို ဂရုမစိုက်နိုင်အားပေ။
"ဟိုမှာကြည့်... ပန်ဒါလေးနဲ့ တူလိုက်တာ"
ဟု မိန်းကလေးတစ်ဦးက စိတ်လှုပ်ရှားစွာ ပြောသည်။
ဝန်ထမ်းတစ်ဦးက ပြုံးရွှင်စွာ ကြိုဆိုလျက်—
"မင်္ဂလာပါရှင်၊ ပထမထပ်မှာ တရုတ်ရိုးရာ ဟင်းလျာတွေ ရနိုင်ပြီး ဒုတိယထပ်မှာတော့ နိုင်ငံတကာ ဟင်းလျာတွေကို သီးသန့်အခန်းတွေနဲ့ သုံးဆောင်နိုင်ပါတယ်ရှင် ကျွန်မတို့ဆိုင်က အိမ်မွေးတိရစ္ဆာန်တွေကိုလည်း ခွင့်ပြုထားပါတယ်"
ဆိုင်၏ အပြင်အဆင်မှာ လွန်စွာ ခန့်ညားထည်ဝါပြီး ကိုယ်ပိုင်လွတ်လပ်ခွင့်ကို ဦးစားပေးထားသည်။
စားသုံးသူများက ယွမ်ပေါ့၏ ချစ်စရာကောင်းပုံကို ချီးကျူးနေကြသော်လည်း မျက်နှာချင်းဆိုင်ရှိ ဆိုင်ဟောင်းမှ လူများကမူ မနာလိုဝန်တိုစိတ်ဖြင့် ကြည့်နေကြသည်။
"မန်နေဂျာ... ဒီအတိုင်းဆို ခက်ပြီ၊ ဧည့်သည်တွေ အကုန် ဟိုဘက်ဆိုင် ရောက်ကုန်ပြီ"
"မစိုးရိမ်ပါနဲ့၊ အသစ်မို့လို့ သွားစားကြတာပါနောက်ပိုင်းတော့ တို့ဆိုင်ပဲ ပြန်လာကြမှာပါ"
ဟု တစ်ဖက်ဆိုင် မန်နေဂျာက မာန်တက်စွာ ပြောလိုက်သော်လည်း စိုးရိမ်စိတ်ကိုမူ ဖုံးကွယ်မရပေ။
ထိုအချိန်တွင် ဆိုင်ပိုင်ရှင် မင်ယွဲ့ကမူ သူမ၏ ရည်မှန်းချက်များကို အကောင်အထည်ဖော်ရန် ကျောင်းတွင် စာများကိုသာ အာရုံစိုက်လျက် ကြိုးစားနေဆဲဖြစ်သည်။
***