"ညီမလေး၊ ဂုဏ်ယူပါတယ်နော်"
ပိုင်ကျင်းနှင့် အဖွဲ့သားများ ဆိုင်အတွင်းသို့ ရောက်ရှိလာကြသည်။
"ဒါကတော့ မင်းရဲ့ ဒုတိယနဲ့ တတိယ စီနီယာအစ်ကိုတွေဆီက ပေးလိုက်တဲ့ ဂုဏ်ပြုလက်ဆောင်တွေပါ သူတို့ကိုယ်တိုင် မလာနိုင်ပေမဲ့ လက်ဆောင်ကိုတော့ အရောက်ပို့ပေးရမယ်ဆိုပြီး မှာလိုက်လို့လေ"
ဟယ်ဝမ်က ပြုံးရွှင်စွာဖြင့် လက်ဆောင်များကို ကမ်းပေးသည်။
“ညီမလေးရေ... ဒါကတော့ တို့တွေရဲ့ လက်ဆောင်ပဲ"
မင်ယွဲ့သည် အရေးကြီးသော ဧည့်သည်တော်များကို ကြိုဆိုနေရခြင်းဖြစ်ရာ ပထမထပ်တွင် သီးသန့်အခန်းများ ကြိုတင်ပြင်ဆင်ပေးထားသည်။
ပထမထပ်တွင် ရိုးရာဒေသစာများကို အဓိကထားရောင်းချသဖြင့် အထက်တန်းလွှာ ဧည့်သည်များအတွက် သီးသန့်နေရာမှာ အဆင်ပြေလှသည်။
ထိုစဉ် ဟယ်ဝမ်နှင့် မိုဟန်ကျီတို့ အကြည့်ချင်း ဆုံသွားကြသည်။ ခဏတာမျှ ဘာပြောရမည်မှန်း မသိဘဲ နှစ်ဦးသား အေးစက်တိတ်ဆိတ်သွားကြ၏။ သူတို့နှစ်ဦးလုံးသည် မင်ယွဲ့နှင့် မည်သို့ပတ်သက်သည်ကို အပြန်အလှန် သိရှိထားကြသော်လည်း ယခုကဲ့သို့ လူချင်းတိုးမိကြသည်မှာ ပထမဆုံးအကြိမ်ပင် ဖြစ်သည်။
"သူတို့က ကျွန်မရဲ့ စီနီယာအစ်ကိုတွေပါ"
ဟု မင်ယွဲ့က ကြားထဲမှ ဝင်ရောက်ရှင်းပြလိုက်
သည်။
“ပြီးတော့ ဒါကတော့ ကျွန်မရဲ့ချစ်သူ... မိုဟန်ကျီ ပါ"
မင်ယွဲ့၏ ထိုစကားက ပတ်ဝန်းကျင်တစ်ခုလုံးကို လှုပ်ခတ်သွားစေသည်။
"ညီမလေး... မင်းတို့က ဘယ်တုန်းကတည်းက တွဲနေကြတာလဲ"
ဝူရှောင်က မင်ယွဲ့နှင့် မိုဟန်ကျီကို အလှည့်ကျ ကြည့်ရင်း အံ့အားသင့်နေသည်။
အချစ်ရေးအကြောင်း ပြောကြဆိုကြသည်မှာ ထုံးစံဖြစ်သော်လည်း ယခုကဲ့သို့ လူအများရှေ့ တရားဝင် မိတ်ဆက်ပေးလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ပိုင်ကျင်းကိုယ်တိုင်လည်း မင်ယွဲ့က ယခုကဲ့သို့ တိတ်တိတ်ဆိတ်ဆိတ်ဖြင့် အေးစက်စက်နိုင်လှသော အမျိုးသားတစ်ဦးနှင့် လက်တွဲသွားလိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။
"ရှင်တို့နှစ်ယောက်ကိုတော့ ကျွန်မ ထပ်ပြီး မိတ်ဆက်ပေးဖို့ မလိုတော့ဘူးမလား"
မင်ယွဲ့က ပြုံးလျက် မေးလိုက်သည်။
ဟယ်ဝမ်၏ မျက်နှာတွင်မူ ရှုပ်ထွေးသော ခံစားချက်များ အရိပ်ထင်နေ၏။
"အင်း... အခုတော့ မင်းကို ငါက ယောက်ဖလို့ ခေါ်ရမလား၊ ဒါမှမဟုတ် ဝမ်းကွဲညီအစ်ကိုလို့ပဲ ဆက်ခေါ်ရမလား"
"မင်း အဆင်ပြေသလိုသာ ခေါ်ပါ"
မိုဟန်ကျီက ဂရုမစိုက်ဟန်ဖြင့် ပြန်ပြောသည်။
သူ့အတွက်မူ မင်ယွဲ့၏ ချစ်သူဟူသော ဂုဏ်ပုဒ် ခိုင်မြဲနေဖို့သာ အဓိကဖြစ်သည်။
မင်ယွဲ့က သူတို့ကို သီးသန့်အခန်းထဲသို့ ခေါ်ဆောင်သွားပြီးနောက် အားလုံး နေရာတကျ ထိုင်မိကြသည်။
"ဆိုင်ရဲ့ အထူးဟင်းလျာတွေကို ကျွန်မကိုယ်တိုင်ပဲ ချက်ပေးရမလား"
အားလုံးမှာ ရင်းနှီးပြီးသားသူများ ဖြစ်သဖြင့် မင်ယွဲ့က ကိုယ်တိုင်ချက်ပြုတ်ကျွေးမွေးရန် ကမ်းလှမ်းလိုက်ခြင်းဖြစ်သည်။
"မလိုပါဘူး ညီမလေးရယ်၊ ဒီနေ့တော့ တို့တွေနဲ့အတူပဲ ထိုင်စားပါ"
ဟု စီနီယာများက တားမြစ်ကြသည်။
မင်ယွဲ့၏ လက်ရာကောင်းမွန်ကြောင်း သိသော်လည်း အလုပ်ရှုပ်နေမည်ကို စိုးရိမ်ကြခြင်းဖြစ်သည်။
"ကောင်းပါပြီ"
မကြာမီပင် စားဖိုမှူး၏ အထူးလက်ရာ ဟင်းလျာများ တစ်ပွဲပြီးတစ်ပွဲ ရောက်ရှိလာသည်။
မွှေးပျံ့လှသော ဟင်းရနံ့များက အခန်းတွင်းဝယ် ပျံ့လွင့်နေပြီး လူတိုင်းကို ဗိုက်ဆာလာစေသည်။ စကားဝိုင်းကလည်း တဖြည်းဖြည်း မြိုင်ဆိုင်လာရာ မင်ယွဲ့က မိုဟန်ကျီ၏ နားနားသို့ ကပ်၍ တိုးတိုးလေး ပြောလိုက်သည်။
"ရှင့်သူငယ်ချင်းတွေလည်း ရောက်နေကြပြီမလား... သွားကြည့်လိုက်ပါဦး၊ ကျွန်မက ဒီမှာပဲ နေခဲ့မယ်လေ"
မိုဟန်ကျီက ချက်ချင်း ထမသွားဘဲ မင်ယွဲ့၏ လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်
ထားသည်။
မိုဟန်ကျီ၏ ထိုကဲ့သို့ ခွဲမရနိုင်လောက်အောင် တွယ်ကပ်နေသော ပုံစံကို ကြည့်ပြီး ဟယ်ဝမ်
တစ်ယောက် အံ့ဩနေမိသည်။
သူ နှစ်ပေါင်းနှစ်ဆယ်ကျော် သိလာခဲ့သော အေးစက်စက်ဝမ်းကွဲအစ်ကိုမှာ အတုအယောင်များလော၊ ယခုကဲ့သို့ နူးညံ့သိမ်မွေ့နေသောသူမှာ အစစ်အမှန်လောဟုပင် သံသယဝင်မိသည်။
"ဒါဆိုရင်လည်း ကျွန်မ ရှင်နဲ့အတူ လိုက်ခဲ့မယ်လေ၊ ဟုတ်ပြီလား"
မင်ယွဲ့က သူ၏လက်ကို ပြန်လည်ဆုပ်ကိုင်ကာ ထရပ်လိုက်သည်။
မိုဟန်ကျီ၏ မျက်နှာထက်တွင် ကျေနပ်သော အပြုံးတစ်ခု ပွင့်လန်းသွားသည်။
"စီနီယာတို့... ကျွန်မ တခြားသူငယ်ချင်းတွေကို သွားနှုတ်ဆက်လိုက်ဦးမယ်နော်၊ လိုတာရှိရင်လည်း ပြောပါ၊ အားမနာဘဲ စားကြသောက်ကြပါ"
"သိပါပြီ ညီမလေးရယ်... တို့တွေက ကိုယ့်အိမ်လိုပဲ သဘောထားတာမို့ စိတ်မပူပါနဲ့"
ဝူရှောင်က တူကိုကိုင်ကာ ဟင်းများကို မြိန် ယှက်စွာ စားသောက်ရင်း ပြန်ဖြေသည်။
တရုတ်အစားအစာ စစ်စစ်ကို မစားရသည်မှာ ကြာပြီဖြစ်ရာ သူမအတွက်တော့ နိဗ္ဗာန်ဘုံ ရောက်နေသကဲ့သို့ပင်။
"သွားလေ... သွား"
ဟု ပိုင်ကျင်းကလည်း ခွင့်ပြုပေးလိုက်သည်။
မင်ယွဲ့နှင့် မိုဟန်ကျီ ထွက်သွားသည်နှင့် ပိုင်ကျင်းနှင့် ဝူရှောင်တို့သည် ဟယ်ဝမ်ဘက်သို့ ချက်ချင်း လှည့်လာကြသည်။
"ဟယ်ဝမ်... မိုဟန်ကျီက တကယ်ပဲ အတည်တွဲနေတာလား"
မိုဟန်ကျီ၏ ဂုဏ်သတင်းမှာ စီးပွားရေးလောကတွင် ဟိုးဟိုးကျော်လှသည်။ ငယ်ငယ်ရွယ်ရွယ်နှင့် ဈေးကွက်ကို လက်ဝါးကြီးအုပ်နိုင်သူ ဖြစ်သော်လည်း သူ၏ အချစ်ရေးရာဇဝင်မှာမူ ဗလာနတ္ထိ ဖြစ်နေခဲ့သည်။ ထို့ကြောင့်ပင် အချို့က သူ့ကို မိန်းကလေး စိတ်မဝင်စားသူဟုပင် ထင်ကြေးပေးခဲ့ကြဖူးသည်။
"ကြည့်ရတာတော့ အတည်ပဲ ထင်တယ်"
ဟယ်ဝမ်ကိုယ်တိုင်လည်း ခံစားချက်ပေါင်းစုံ ဖြစ်နေရသည်။
အရင်ကတည်းက တစ်ခုခု ထူးခြားနေသည်ကို သူ သတိထားမိခဲ့သော်လည်း သူ၏ ဝမ်းကွဲအစ်ကိုက ယခုကဲ့သို့ လျှင်မြန်စွာ အရယူသွားလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
"ဒါက... ငါတို့ ညီမလေးအတွက် မထိခိုက်နိုင်ဘူးလား"
ဝူရှောင်က မင်ယွဲ့၏ နောက်ခံမိသားစုနှင့် မိုဟန်ကျီတို့၏ အခြေအနေ ကွာဟချက်ကို စိုးရိမ်နေခြင်းဖြစ်သည်။
"အဲဒါအတွက်တော့ စိတ်ပူစရာမလိုပါဘူး၊ ငါ့အဒေါ်က လူမှုအတန်းအစားကို ဂရုစိုက်တဲ့သူ မဟုတ်ဘူး၊ မိုဟန်ကျီက ချစ်သူထားတယ်ဆိုရင်တင် သူတို့က ဝမ်းသာလွန်းလို့ ကခုန်ကြမှာ၊ မိုမိသားစုဝင်တွေကလည်း အဆင့်အတန်း ခွဲခြားတဲ့သူတွေ မဟုတ်ကြဘူး"
ဟယ်ဝမ်၏ စကားကြောင့် ဝူရှောင် စိတ်သက်သာရာ ရသွားသည်။
"တကယ်တော့ ညီမလေးက အရမ်းတော်တာပဲ၊ ငယ်ငယ်ရွယ်ရွယ်နဲ့ ကုမ္ပဏီရော ဆိုင်ရော ပိုင်ဆိုင်ထားတယ်၊ သီချင်းလည်း ရေးနိုင်တယ်၊ ဒီလောက် ထူးချွန်တဲ့သူကို မိုမိသားစုက အထင်မကြီးဘဲ နေပါ့မလား"
ပိုင်ကျင်းက မင်ယွဲ့ကို နိမ့်ကျသူအဖြစ် ရှုမြင်ခံရသည်ကို မနှစ်မြို့ပေ။
မင်ယွဲ့သည် ဂီတလောကတွင်လည်း အနာဂတ်၌ ခေါင်းဆောင်တစ်ဦး ဖြစ်လာမည့် ပါရမီရှင်
တစ်ဦး မဟုတ်ပါလား။
"ဟုတ်တာပေါ့... ညီမလေးက ဟင်းချက်တာလည်း နတ်သုဒ္ဓါကျနေတာပဲ"
ဝူရှောင်က ဟင်းများကို ပါးစပ်ထဲ အတင်းထိုးထည့်ရင်း ပိုင်ကျင်း၏ စကားကို ထောက်ခံလိုက်သည်။
တစ်ဖက်တွင်မူ မင်ယွဲ့နှင့် မိုဟန်ကျီတို့သည် အခြားသီးသန့်အခန်းတစ်ခုသို့ ရောက်ရှိနေပြီဖြစ်သည်။
"မိုလေး ရောက်လာပြီဟေ့"
ကျန်ကျွင်းက လှမ်းနှုတ်ဆက်သည်။
ထိုအခန်းထဲတွင်လည်း မုန်လီနှင့် ကျန်းရှုယွဲ့တို့ကဲ့သို့ မိုဟန်ကျီ၏ သူငယ်ချင်းများဖြင့် စည်ကားနေသည်။
"ဒါက ကျန်ကျွင်း... မင်း သိပြီးသားပါ"
ဟု မိုဟန်ကျီက မိတ်ဆက်ပေးရင်း
“ဟိုကတော့ မုန်လီနဲ့ ကျန်းရှုယွဲ့... ငါ့ရဲ့ သူငယ်ချင်းတွေပဲ"
ဟု ပြောပြသည်။
မင်ယွဲ့က သူ၏လက်ကို ပြန်လည်ဆုပ်ကိုင်လိုက်သည်။ သူက သူမကို သူငယ်ချင်းများနှင့် ရင်းနှီးစေချင်မှန်း သိနေသည်။
"မင်္ဂလာပါ... မင်ယွဲ့လို့ပဲ ခေါ်နိုင်ပါတယ်"
မိုဟန်ကျီက ချက်ချင်းပင်
“ငါ့ရဲ့ ချစ်သူပါ"
ဟု ဖြည့်စွက်ပြောလိုက်ကာ သူတို့၏ ဆုပ်ကိုင်ထားသော လက်များကို မြှောက်ပြလိုက်သည်။
"အချစ်တွေကို လာကြွားနေတာလား... တို့လို လူပျိုကြီးတွေကတော့ မပါချင်ဘူးနော်"
ကျန်ကျွင်းက အရင်ဆုံး ကန့်ကွက်လိုက်သည်။
"ဂုဏ်ယူပါတယ်"
မုန်လီကတော့ အဘွားမို၏ မွေးနေ့ပွဲကတည်းက သူတို့နှစ်ဦး၏ ပတ်သက်မှုကို ရိပ်မိထားပြီးသား ဖြစ်သည်။
ကျန်းရှုယွဲ့ကလည်း သူမ၏ သူငယ်ချင်းကောင်းအတွက် ဝမ်းသာပေးနေသည်။
"ကျွန်မရဲ့ ဆိုင်ကို လာရောက်အားပေးကြတာ ကျေးဇူးတင်ပါတယ်၊ စားချင်တာရှိရင် စိတ်ကြိုက်မှာနိုင်ပါတယ်"
မင်ယွဲ့က ပြုံးရွှင်စွာ ပြောလိုက်သည်။
"အားနာမနေပါနဲ့... သူတို့က အစားအသောက်မှာ သိပ်ဂျီကျတဲ့သူတွေ မဟုတ်ပါဘူး"
ဟု မိုဟန်ကျီက ဝင်ပြောသည်။
"ဟုတ်ပါတယ် မစ္စမင်ယွဲ့... အားနာစရာမလိုပါဘူး၊ မိုလေးရဲ့ ချစ်သူဆိုတော့ တို့တွေကလည်း သူငယ်ချင်းတွေပါပဲ"
ကျန်ကျွင်းကလည်း ပြောရင်းဆိုရင်းနှင့်ပင် ဆိုင်၏ အတွင်းပိုင်းအပြင်အဆင်ကို လှည့်ပတ်ကြည့်ရှုနေသည်။
“ဒီအပြင်အဆင်က တကယ် လှတာပဲ၊ ငါ ဘာလို့ အရင်က ဒီလိုမျိုး မစဉ်းစားမိပါလိမ့်"
"ဒီမှာ ကျွန်မတို့ရဲ့ ရိုးရာယဉ်ကျေးမှုနဲ့ သမိုင်းဝင် အမှတ်အသားတွေကို ထည့်သွင်းထားတာပါ၊ ရှင်တို့ သဘောကျမယ်လို့ မျှော်လင့်ပါတယ်"
"အရမ်းသဘောကျတာပေါ့၊ ဒါနဲ့ မင်ယွဲ့... ဒီနံရံက ကြာပန်းပန်းချီကားကို ဘယ်သူဆွဲတာလဲ၊ တကယ့်ကို တရုတ်ရိုးရာ အငွေ့အသက် အပြည့်ပဲ"
မုန်လီက စိတ်ဝင်တစား မေးလိုက်သည်။
"အဲဒါ ကျွန်မ လက်ရာပါ၊ စွမ်းဆောင်ရည်လေးကို ထုတ်ကြွားလိုက်တာပေါ့"
မင်ယွဲ့က ရယ်မောရင်း ပြန်ဖြေသည်။
သူမသည် အတုမဲ့လေ့လာရေးခန်းတွင် ပန်းချီပညာကို လေ့ကျင့်ခဲ့ဖူးရာ ဆိုင်အတွက် အလှဆင်ရန် သူမ၏ လက်ရာများကိုပင် ဘောင်သွင်း၍ ချိတ်ဆွဲထားခြင်းဖြစ်သည်။
မုန်လီမှာ မင်ယွဲ့တွင် ယခုကဲ့သို့သော အရည်အချင်းမျိုး ရှိလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။ သူမသည် အမြဲတမ်း လူအများကို အံ့အားသင့်အောင် ပြုလုပ်နိုင်စွမ်းရှိသူ ဖြစ်သည်။
"ဒါက တကယ့်ကို လက်ရာမွန်ပဲ"
ကျန်ကျွင်းက ပန်းချီပညာကို နားမလည်သော်လည်း အမြင်အာရုံတွင် ထူးခြားကောင်းမွန်နေသည်ကိုမူ သိရှိသည်။
အခန်းတွင်းရှိ အခြားပန်းချီကားတစ်ချပ်ကို မုန်လီက ထပ်မံကြည့်ရှုပြန်သည်။
“ဒါက ပန်ဒါလေးလား"
ခန့်ညားထည်ဝါသော အခန်း၏ ပုံစံနှင့် အနည်းငယ် ကွဲပြားနေသော်လည်း ထိုပန်ဒါပုံလေးက အခန်းကို ပိုမိုသက်ဝင်လှုပ်ရှားစေသည်။
"ဟုတ်ကဲ့... ယွမ်ပေါ့ကို အခြေခံပြီး ဆွဲထားတာပါ"
မင်ယွဲ့က ရှေ့တန်းကောင်တာတွင် ဧည့်သည်များကို ဆွဲဆောင်နေသည့် သူမ၏ ပန်ဒါလေးအကြောင်း ပြောပြသည်။
"မင်ယွဲ့စားသောက်ဆိုင်က အိမ်မွေးတိရစ္ဆာန်တွေ ခေါ်လာလို့ရတဲ့ ဆိုင်မျိုးဖြစ်အောင် ရည်ရွယ်ထားလို့ သီးသန့်အခန်းတွေမှာ တိရစ္ဆာန်ပုံလေးတွေ ချိတ်ထားတာပါ"
"မီးဖိုချောင်ဘက်ကို တစ်ချက်လောက် သွားကြည့်လိုက်ဦးမယ်နော်"
မင်ယွဲ့က ခဏအကြာတွင် နှုတ်ဆက်၍ ထွက်ခွာသွားသည်။
"တို့တွေကို ဂရုစိုက်မနေပါနဲ့၊ တို့က မိသားစုဝင်တွေလို ဖြစ်နေပြီပဲ၊ လိုတာရှိရင် ပြောပါ့မယ်"
မုန်လီက ပြန်လည်ပြောဆိုလိုက်သည်။
မင်ယွဲ့ ထွက်သွားပြီးနောက် အခန်းတွင်း၌ မိုဟန်ကျီနှင့် သူ၏ သူငယ်ချင်းများသာ ကျန်ရစ်ခဲ့တော့သည်။
***