မင်ယွဲ့စားသောက်ဆိုင်မှ ဝန်ထမ်းများသည် ထိုလူအား ထူးဆန်းသည်ဟု ထင်မှတ်နေကြသော်လည်း မန်နေဂျာဖြစ်သူ၏ ပုံမှန်အတိုင်းသာ ဧည့်ခံရန် ညွှန်ကြားချက်ကြောင့် မည်သည့်ပြဿနာမျှ မဖန်တီးဘဲ ငြိမ်သက်နေကြသည်။ ခေတ္တအကြာတွင် သီးသန့်အခန်းတံခါးထံမှ တုံ့ခေါက်သံ ပေါ်ထွက်လာသည်။
"ဝင်ခဲ့"
စားပွဲထိုးက ဟင်းပွဲများကို သယ်ဆောင်လာရင်း ထိုလူကို အကဲခတ်ကြည့်ရာ ဟင်းပွဲများရောက်သည်အထိ ဦးထုပ်နှင့် နှာခေါင်းစည်းကို ချွတ်ခြင်းမရှိသည်ကို သတိပြုမိလိုက်သည်။
မိမိကို စိုက်ကြည့်နေသည်ကို သိသွားသောအခါ ထိုသူက ဒေါသတကြီး ပြန်လည်စိုက်ကြည့်လေသည်။ စားပွဲထိုးလည်း ကြောက်ကြောက်လန့်လန့်ဖြင့် ဟင်းပွဲများကို အမြန်ချ၍ အခန်းပြင်သို့ ထွက်ခွာသွားရတော့သည်။
တံခါးပြန်ပိတ်သွားသည်နှင့် အခန်းတွင်းရှိ အမျိုးသားသည် ဦးထုပ်နှင့် နှာခေါင်းစည်းကို ချွတ်လိုက်ရာ လမ်းတစ်ဖက်ရှိ စားသောက်ဆိုင်
ပိုင်ရှင် ကျန်ကျွင်း ဖြစ်နေသည်ကို တွေ့ရသည်။
"ဒီလူတွေ တစ်ယောက်ပြီးတစ်ယောက် တိုးဝှေ့နေအောင် လာကြရတဲ့အထဲမှာ ဘယ်လိုအကောင်းစားတွေ ပါနေလဲဆိုတာ ငါ ကြည့်ရသေးတာပေါ့"
သူသည် မကျေမနပ် ရေရွတ်ရင်း ဓားနှင့် ခက်ရင်းကို ကိုင်ကာ စတင်စားသောက်လေသည်။ တံခါးခေါက်သံ ထပ်မံထွက်ပေါ်လာတိုင်း သူသည် အလုပ်ရှုပ်စွာဖြင့် နှာခေါင်းစည်းနှင့် ဦးထုပ်ကို အလျင်အမြန် ပြန်လည်ဝတ်ဆင်ရသည်။ စားပွဲထိုးများမှာလည်း စဉ်းစားမရနိုင်အောင် ဖြစ်နေရ၏။ ထမင်းတစ်နပ် စားရုံမျှဖြင့် သူခိုးဖမ်းသကဲ့သို့ ဖြစ်နေခြင်းမှာ တကယ့်ကို ထူးဆန်းလှသည်။
မင်ယွဲ့ ရောက်ရှိလာချိန်တွင် ထိုအခန်းအတွက် မှာယူထားသော ဟင်းလျာများအားလုံး အဆင်သင့် ဖြစ်နေပြီဖြစ်သည်။
ဟင်းပွဲများမှာ များပြားလွန်းလှသဖြင့် စားပွဲတစ်လုံးတည်းနှင့် မဆံ့ဘဲ စားပွဲအကြီး နှစ်လုံးအပြည့် ခင်းကျင်းထားရသည်။
ကျန်ကျွင်းသည် မူလက ဟင်းလျာများကို တစ်လုပ်စီ မြည်းစမ်းရန်သာ ရည်ရွယ်ထားသော်လည်း ပထမဆုံးတစ်လုပ် လျှာပေါ်သို့ ရောက်ရှိသွားချိန်တွင် ထိုအရသာကို မခုခံနိုင်တော့ပေ။ နှစ်ပေါင်းများစွာအတွင်း မကြုံဖူးခဲ့သော အရသာထူးက သူ၏ အာရုံခံစားမှုကို ပြင်းထန်စွာ ရိုက်ခတ်သွားသည်။
'နောက်ဆုံးအကြိမ် ဒီလိုအရသာမျိုး စားခဲ့ရတာက နိုင်ငံခြားက စတားဟိုတယ်မှာပဲ အခုလို စုံလင်လှတဲ့ စားသောက်ဆိုင်မျိုးမှာ ဒီလိုလက်ရာမျိုး ရှိနေလိမ့်မယ်လို့ ငါ တကယ်မထင်ထားခဲ့ဘူး'
သူသည် မထိန်းနိုင်ဘဲ တစ်ပွဲပြီးတစ်ပွဲ စားသောက်မိတော့သည်။
ကံကောင်းသည်မှာ အနောက်တိုင်းဟင်းလျာများ၏ ပမာဏမှာ တရုတ်ဟင်းလျာများကဲ့သို့ မများပြားခြင်းပင် ဖြစ်သည်။
သို့သော်လည်း ဟင်းပွဲတိုင်းကို မြည်းစမ်းပြီးသောအခါ သူ၏ ဗိုက်မှာ အတင်းအကျပ် သွတ်သွင်းထားရသကဲ့သို့ လည်ပင်းထိအောင် ပြည့်အင်လာပြီး လှုပ်ရှားရပင် ခက်ခဲသွားတော့သည်။
မင်ယွဲ့သည် ပထမထပ်ဧည့်ခန်း၌ ထိုင်ရင်း ထိုလူ ဘာဆက်လုပ်မည်ကို စောင့်ကြည့်နေသော်လည်း အချိန်အတော်ကြာသည်အထိ မည်သူမျှ ထွက်မလာခဲ့ပေ။
"တံခါးကိုပဲ ဖွင့်ပြီး ဝင်သွားလိုက်ရအောင်"
မင်ယွဲ့သည် ဝန်ထမ်းများကို ဘေးသို့ဖယ်ခိုင်းကာ တံခါးကို တိုက်ရိုက်ဖွင့်၍ ဝင်လိုက်သည်။
ဤအချိန်တွင် ယဉ်ကျေးပျူငှာမှုကို ဂရုမစိုက်နိုင်တော့ပေ။ မိမိဆိုင်အတွင်း တစ်စုံတစ်ယောက် အန္တရာယ်ဖြစ်သွားပါက ပြဿနာတက်နိုင်သည် မဟုတ်ပါလား။
အခန်းတွင်းသို့ ဝင်လိုက်သည်နှင့် စားပွဲပေါ်တွင် မှောက်လျက်လဲနေသော အမျိုးသားတစ်ဦးကို တွေ့လိုက်ရသည်။ သူသည် လူဝင်လာသည်ကို မြင်သောအခါ နှာခေါင်းစည်းကို အတင်းကောက်တပ်သော်လည်း ကသုတ်ကရက်နိုင်လွန်းသဖြင့် ပြုတ်ကျသွားရာ လက်ဖြင့်သာ အတင်းအုပ်ထားရတော့သည်။
"လက်နဲ့ ကာမနေပါနဲ့တော့ ရှင်က ကိုယ့်ဆိုင်မှာကိုယ် မနေဘဲ ဒီကို ဘာလာလုပ်တာလဲ"
မင်ယွဲ့က စကားတစ်ခွန်းတည်းဖြင့် သူ၏ မည်သူမည်ဝါဖြစ်ကြောင်းကို ဖော်ထုတ်လိုက်သည်။
"စားသောက်ဆိုင်ဆိုတာ လူတိုင်းစားဖို့ ဖွင့်ထားတာပဲ၊ ငါ လာစားတာ ဘာဖြစ်လဲ"
သူသည် စားပွဲအောက်မှနေ၍ ဗိုက်ကို အသာအယာ ပွတ်သပ်နေရသည်။
အစားများသွားသဖြင့် ခဏလောက် မှေးလိုက်ရာမှ အိပ်ပျော်သွားခြင်း ဖြစ်သည်။
"ငါ ခွင့်မပြုဘဲ မဝင်လာနဲ့လို့ ပြောထားတယ်မလား အခုချက်ချင်း ထွက်သွား"
သူက ချက်ချင်းပင် ရန်လိုသော အမူအရာသို့ ပြောင်းလဲလိုက်သည်။
"ဧည့်သည်က အရှင်သခင်ပဲ၊ အခု ငါက မင်းတို့ကို ထွက်သွားဖို့ ပြောနေတာ"
သူသည် ငွေပေး၍ စားသောက်နေသူဖြစ်ကြောင်း သတိရသွားပြီး ယုံကြည်မှုများ ပြန်လည်ဝင်
ရောက်လာဟန် ရှိသည်။
"လူကြီးမင်းခင်ဗျာ... ကျွန်တော်တို့ မင်ယွဲ့စားသောက်ဆိုင်က ဧည့်သည်တိုင်းရဲ့ ကျန်းမာရေးကို ဂရုစိုက်ရပါတယ် ခေါ်တာကို မထူးလို့သာ ဝင်လာရတာပါ"
ဟု ဝန်ထမ်းတစ်ဦးက ရှင်းပြသည်။
"ဘာကြောင့်ပဲဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး၊ အခု ထွက်သွားကြ မင်းတို့က ငါ့ရဲ့ စားသောက်ချိန်ကို နှောင့်ယှက်ဖျက်ဆီးလိုက်တာပဲ၊ ဒါကြောင့် ငါ့ကို လျော်ကြေးပေးရမယ်"
ကျန်ကျွင်းက မတော်မတရား ပြောဆိုလာသည်။
မင်ယွဲ့က မျက်မှောင်ကြုတ်ကာ ထိုလူကို ကြည့်လိုက်သည်။ သူသည် အခမဲ့စားပြီး ထွက်ပြေးရန် ကြံစည်နေခြင်းဖြစ်ကြောင်း သိသာလှသည်။
"မစ္စတာကျန်... ရှင်က စားသောက်ဆိုင်ဖွင့်ဖို့ ပိုက်ဆံရှိပြီး ထမင်းစားဖို့ ပိုက်ဆံမရှိတာလားတကယ်လို့ ဒီလောက်တောင် ဆင်းရဲနေရင်လည်း ဆိုင်ကို ရောင်းလိုက်ဖို့ ကျွန်မ အကြံပေးပါရစေ၊ သူများရှေ့မှာ အရှက်မကွဲပါနဲ့တော့"
ထိုစကားကြောင့် ကျန်ကျွင်းသည် ဒေါသဖြင့် မျက်နှာတစ်ခုလုံး နီမြန်းလာကာ
“မင်း... မင်း... မိန်းမတွေ ဆိုင်ဖွင့်တာ တကယ်ပဲ ယဉ်ကျေးမှုမရှိဘူး"
ဟု ပြန်လည်အော်ဟစ်လေသည်။
သူ့တွင် ပြောစရာ စကားမရှိတော့သောအခါ မင်ယွဲ့၏ အမျိုးသမီးဖြစ်မှုကိုသာ ပစ်မှတ်ထား၍ တိုက်ခိုက်တော့သည်။ ထိုအခါ မင်ယွဲ့သာမက ဆိုင်ရှိ အမျိုးသမီး ဝန်ထမ်းများပါ သူ့ကို ဒေါသတကြီး စိုက်ကြည့်ကြတော့သည်။
"ယဉ်ကျေးလှပါတယ်ဆိုတဲ့ မန်နေဂျာကျန်က ဒီကို ဘာကိစ္စနဲ့ ရောက်လာတာပါလိမ့် ဪ... ကျွန်မ မေ့သွားလို့၊ ယဉ်ကျေးလှပါတယ်ဆိုတဲ့ 'အမျိုးသား' မန်နေဂျာကျန်က ဒီကို ဘာလာလုပ်တာလဲ"
ကျန်ကျွင်း၏ မျက်နှာမှာ ပျက်ယွင်းသွားသည်။
သူသည် မိဘများ၏ စုဆောင်းငွေအားလုံးကို သုံး၍ ဆိုင်ဖွင့်ထားရခြင်း ဖြစ်သဖြင့် မင်ယွဲ့နှင့် နှိုင်းယှဉ်ပါက အမှန်တကယ်ပင် ဆင်းရဲသူတစ်ဦး ဖြစ်နေသည်။
မင်ယွဲ့၏ ဆိုင်အပြင်အဆင်များမှာ ရိုးရှင်းသော်လည်း အဆင့်မြင့်လှပြီး အတော်အတန် ငွေကုန်ကြေးကျများကြောင်း သူ သိရှိထားသည်။
"ပြီးခဲ့တဲ့အကြိမ်က ရှင့်ဆိုင်ကို ကျွန်မ သွားတုန်းက ရှင့်ဝန်ထမ်းတွေက ကျွန်မအပေါ် ရိုင်းစိုင်းခဲ့ကြတာ ဘယ်ဆိုင်က ပိုပြီး စည်းကမ်းမရှိတာလဲဆိုတာ ရှင် စဉ်းစားကြည့်သင့်တယ်"
မင်ယွဲ့၏ တည်ငြိမ်လှသော စကားများကြောင့် ကျန်ကျွင်းမှာ ပေါက်ကွဲလုနီးပါး ဖြစ်သွားသော်လည်း အသိစိတ်ဖြင့် ပြန်ထိန်းလိုက်ရသည်။
"မင်းကလည်း ငါ့ဆိုင်ကို အကဲလာခတ်ခဲ့တာပဲ မဟုတ်လား အကြီးကတော့ အငယ်ကို မပြောသင့်ဘူး ထင်တယ်"
"စိတ်မကောင်းပါဘူး... ကျွန်မက ရှင့်လိုလူမျိုးနဲ့ လုံးဝမတူဘူး ရှင့်ဆိုင်က ကျွန်မကို ငြင်းပယ်ခဲ့လို့သာ ကျွန်မ ဒီဆိုင်ကို ဖွင့်ဖြစ်ခဲ့တာပါ အဲဒီတုန်းက ရှင်ပြောခဲ့တာ မှတ်မိသေးလား ကျွန်မမှာ အရည်အချင်းရှိရင် ဆိုင်တစ်ဆိုင် ဖွင့်ကြည့်ပါလားတဲ့ ကျွန်မအတွက်ကတော့ အမြတ်ရဖို့ မရဖို့ထက် ကျွန်မမှာ တကယ် အရည်အချင်း ရှိတယ်ဆိုတာ ရှင့်ကို သက်သေပြချင်ရုံသက်သက်ပါပဲ"
ကျန်ကျွင်းသည် ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ရီနေသည်။
မိမိကိုယ်တိုင်ကပင် ဤမျှ ကြောက်စရာကောင်းသော ပြိုင်ဘက်ကို ဖိတ်ခေါ်ခဲ့မိသည်ဟု မထင်မှတ်ထားခဲ့ပေ။
"မင်းအတွက် ဒီလောက်အထိ လုပ်ဖို့ လိုလို့လား"
"ကျွန်မအတွက် ဆိုင်ဖွင့်ရတာက လက်ဖျောက်
တစ်ချက်တီးသလောက် လွယ်ပါတယ် ဒါပေမဲ့ ရှင် သင်ခန်းစာတစ်ခု ရသွားတာကိုတော့ ကျွန်မ ဝမ်းသာမိတယ် ပြီးတော့ မင်ယွဲ့စားသောက်ဆိုင်မှာ ဧည့်သည်တွေ ဒီလောက်များနေတာက ကျွန်မတို့ရဲ့ အရည်အချင်းကြောင့်ဆိုတာ ရှင် နားလည်သင့်တယ် ရှင် မနာလိုဖြစ်နေရင်လည်း ကိုယ့်ကိုယ်ကိုယ်ပဲ ပြုပြင်ပြောင်းလဲလိုက်ပါ"
မင်ယွဲ့သည် ပြောပြီးသည်နှင့် လှည့်ထွက်သွားသော်လည်း တံခါးဝအရောက်တွင် ပြန်လှည့်
ကြည့်ကာ
“ဪ... ပြီးတော့ ငွေရှင်းဖို့ မမေ့နဲ့ဦးနော်။ မစ္စတာကျန်အနေနဲ့ မနက်ဖြန် ရှင့်ဆိုင်ကို ကျွန်မ အကြွေးလာတောင်းတာမျိုးတော့ အဖြစ်မခံချင်ဘူးမလား"
ဟု သတိပေးလိုက်သည်။
ကျန်ကျွင်း၏ မျက်နှာမှာ ဒေါသကြောင့် နီရဲနေပြီး ဗိုက်ထဲတွင်လည်း မအီမသာ ဖြစ်လာသည်။ သူသည် အနီးရှိ ပန်းကန်ပြားကို ကောက်ကိုင်ကာ မင်ယွဲ့ရှိရာသို့ ပစ်ပေါက်လိုက်လေသည်။
"သတိထား"
ဝန်ထမ်းများက ထိတ်လန့်တကြား အော်ဟစ်
လိုက်ကြသည်။
သို့သော် မင်ယွဲ့သည် နောက်ကျောတွင် မျက်လုံးပါသည့်အလား အသံကို ကြားရသည်နှင့် လျင်မြန်စွာပင် ဘေးသို့ ရှောင်တိမ်းလိုက်သည်။
'ဂွမ်း'
ပန်းကန်ပြားမှာ ကြမ်းပြင်ပေါ်သို့ ကျကာ အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားသည်။
မင်ယွဲ့ကတော့ တည်ငြိမ်စွာဖြင့်ပင် ရပ်နေဆဲဖြစ်ပြီး သူမ၏ အဝတ်အစားပေါ်တွင် ဖန်စလေးတစ်ခုမျှပင် စင်ဟန်မရှိပေ။ အားလုံးမှာ သူမ၏ လျင်မြန်လှသော လှုပ်ရှားမှုကြောင့် အံ့ဩဘနန်း ဖြစ်သွားကြသည်။
မင်ယွဲ့သည် ခန္ဓာကိုယ်ကြံ့ခိုင်မှု လေ့ကျင့်ခန်းများကြောင့် ယခုကဲ့သို့သော တိုက်ခိုက်မှုကို အလွယ်တကူ ရှောင်တိမ်းနိုင်ခြင်း ဖြစ်သည်။
"ဪ... ဒီပန်းကန်ဖိုးပါ ထည့်ရှင်းဖို့ မမေ့နဲ့ဦးနော်"
မင်ယွဲ့က ပြုံးလျက် ပြောဆိုကာ အခန်းပြင်သို့ အေးအေးလူလူ ထွက်ခွာသွားတော့သည်။
အခန်းတွင်းမှ ကျန်ကျွင်း၏ မတတ်သာသော ဒေါသတကြီး အော်ဟစ်သံများ ထွက်ပေါ်လာသော်လည်း ပစ္စည်းများ ရိုက်ခွဲသံ ထပ်မံထွက်ပေါ်မလာတော့ပေ။
မင်ယွဲ့သည် ပထမထပ် ဧည့်ခန်းတွင် ပြန်လည်ထိုင်လိုက်သည်။ ယွမ်ပေါ့သည်လည်း မင်ယွဲ့နှင့်အတူ ပါလာခဲ့ပြီး ယခုအခါ ကောင်တာတွင် အခန့်သား ထိုင်နေသည်။
ယွမ်ပေါ့သည် ဆိုင်၏ အမှတ်အသားအဖြစ် နေသားကျနေပြီဖြစ်ပြီး ဧည့်သည်များ ကျွေးသမျှကို အေးဆေးစွာ စားသောက်ရင်း ပျော်ရွှင်နေလေသည်။
***