ယွမ်ပေါ့၏ စိတ်ထဲတွင် ဘာတွေတွေးနေသည်ကို မင်ယွဲ့ သိရှိသော်လည်း မသိကျိုးကျွံပြုထားလိုက်သည်။
ဤအတုမဲ့ စနစ်သတ္တဝါလေးသည် အစားကြူးသော်လည်း မည်သည့်အရာကိုပင် စားသည် ဖြစ်စေ ရောဂါဝေဒနာ ခံစားရမည်မဟုတ်
ကြောင်း သူမ သိထားသည်။
ထို့အပြင် အန္တရာယ်တစ်ခုခု ကြုံလာပါကလည်း သူမကို တိုက်ရိုက်ဆက်သွယ်နိုင်ခြင်း သို့မဟုတ် စနစ်ဟင်းလင်းပြင်အတွင်းသို့ ချက်ချင်း ပြန်ဝင်သွားနိုင်ခြင်းတို့ကြောင့် မင်ယွဲ့သည် သူ့ကို လွတ်လပ်ခွင့် အပြည့်အဝ ပေးထားခြင်းပင် ဖြစ်သည်။
ဆိုင်၏ ကောင်တာရှေ့တွင် လူအများအပြား၊ အထူးသဖြင့် ကလေးသူငယ်လေးများ ဝိုင်းအုံနေကြသည်။
"ငါ ပြောသားပဲ... ဒီမှာ ပန်ဒါရှိပါတယ်ဆိုတာကိုငါ့ရဲ့ တရုတ်စာဆရာမက ငါ့ကို လူလိမ်ဆိုပြီး ပြောတယ်"
"အခုတော့ ရှောင်ကျွန်း ပြောတာကို ငါ ယုံသွားပြီဒီမှာ တကယ်ပဲ ပန်ဒါရှိတာပဲ"
"ဟွန့်... မင်းတို့က ငါ့ကို စောစောကတည်းက ယုံသင့်တာ အရင်တစ်ခေါက် အဖေနဲ့ ဒီမှာ လာစားတုန်းက ငါ မြင်ဖူးပြီးသား"
ကလေးသုံးဦး၏ အပြစ်ကင်းစင်လှသော စကားသံများကို နားထောင်ရင်း မင်ယွဲ့မှာ ပြုံးမိသလို သူတို့၏ ရိုးသားမှုကိုလည်း အားကျမိသည်။
တစ်ချိန်က သူမသည် အရွယ်ရောက်လိုလှသော်လည်း တကယ်တမ်း ကြီးပြင်းလာသောအခါ စိတ်ကူးစိတ်သန်းများမှာ အပြစ်ကင်းစင်မှု လျော့နည်းလာခဲ့ရသည်။ ပိုင်ဆိုင်မှုများ ပိုမိုများပြားလာသော်လည်း ရိုးရှင်းသော ပျော်ရွှင်မှု အာရုံခံစားချက်များမှာမူ တဖြည်းဖြည်း မှေးမှိန်လာသကဲ့သို့ပင်။
မင်ယွဲ့သည် ကောင်တာပေါ်တွင် လဲလျောင်းကာ အမွှေးပွနားရွက်ကလေးများကို လှုပ်ခါနေသော ယွမ်ပေါ့ကို ကြည့်ရင်း အကြည့်များ နူးညံ့သွားရသည်။ ယွမ်ပေါ့ ရောက်ရှိလာခြင်းက သူမ၏ လောကကို ပိုမိုတောက်ပ စိုပြည်စေခဲ့သည် မဟုတ်ပါလား။
ဆယ်ကျော်သက်အရွယ်တုန်းက သူမသည် ငွေသိန်းသန်းချီ ပိုင်ဆိုင်ပါက ကျောင်းထွက်ပြီး တစ်ကမ္ဘာလုံးကို လှည့်လည်သွားလာမည်ဟု အမြဲအိပ်မက်ယမန် ရှိခဲ့ဖူးသည်။ ကြီးပြင်းလာမှသာ ထိုစဉ်က အိပ်မက်များမှာ မည်မျှ ရယ်စရာကောင်းခဲ့သည်ကို နားလည်လာရသည်။
ပညာသင်ကြားခြင်းသည် လူတစ်ဦး၏ စရိုက်ကို ပျိုးထောင်ပေးခြင်းဖြစ်ပြီး ခရီးဝေးများ မသွားနိုင်လျှင်ပင် စာအုပ်စာပေများက လူ၏ အမြင်ကို ကျယ်ပြန့်စေနိုင်သည်။ အထူးသဖြင့် သာမန်မိသားစုများအတွက် ပညာရေးသည် ဘဝအောင်မြင်မှုအတွက် အကောင်းဆုံး လမ်းစတစ်ခုပင် ဖြစ်သည်။
ဘဝတစ်သက်တာ သင်ယူလေ့လာခြင်းသည် မရှိမဖြစ်လိုအပ်ပြီး ယွမ်ပေါ့ကလည်း သူမ စိတ်ဝင်စားသော အတတ်ပညာများကို သင်ယူရန် အခွင့်အလမ်းများစွာ ဖန်တီးပေးထားသည်။
မိတ်ကပ်ပညာ၊ ပန်းချီ၊ ဂီတ၊ ကွန်ပျူတာနှင့် စူးကျိုးပန်းထိုးပညာ... ဤအရာများက သူမ၏ ဘဝကို ပိုမိုပြည့်စုံစေခဲ့သည်။ သို့သော် ရင့်ကျက်လာသည်နှင့်အမျှ ပျော်ရွှင်မှုအတွက် ပေးဆပ်ရသည့် တန်ဖိုးမှာလည်း မြင့်မားလာခဲ့သည်။
ကလေးများ စကားပြောနေသည်ကို ကြည့်ကာ သူမ မသိမသာ ရယ်မောလိုက်မိသည်။ ကလေးများ၏ ဆူညံသံကို စိတ်ပျက်သွားဟန်ရှိသော ယွမ်ပေါ့သည် ကောင်တာပေါ်မှ ခုန်ဆင်းကာ မင်ယွဲ့၏ ရင်ခွင်ထဲသို့ တိုးဝင်လာသည်။
မင်ယွဲ့ သူ့ကို ပွေ့ချီလိုက်သောအခါ ယွမ်ပေါ့သည် အတော်လေး လေးလံလာပြီး ကိုယ်ထည်လည်း အနည်းငယ် ကြီးထွားလာကြောင်း သတိပြုမိလိုက်သည်။
"မမ... ဒါက မမရဲ့ ပန်ဒါလေးလားဟင်"
ကလေးငယ်က အပြစ်ကင်းစင်သော မျက်နှာလေးဖြင့် အနားသို့ ပြေးလာကာ မေးလိုက်သည်။
မင်ယွဲ့သည် ကလေးကို လိမ်ညာမိသကဲ့သို့ ခံစားရကာ အားနာသွားရသည်။ ယွမ်ပေါ့၏ ပုံပန်းသဏ္ဌာန်မှာ ပန်ဒါနှင့် တူနေသော်လည်း တကယ်တမ်းမှာ စနစ်သတ္တဝါလေးသာ
ဖြစ်သည်။
"မဟုတ်ပါဘူး ကလေးရဲ့... သူက ပန်ဒါနဲ့တူတဲ့ ခွေးကလေးတစ်ကောင်ပါ"
မင်ယွဲ့က ချိုသာစွာ ရှင်းပြလိုက်သော်လည်း သူမ၏ ညင်သာမှုမှာ အရာမထင်ခဲ့ပေ။
"ဝါး... မဟုတ်ဘူး... မဟုတ်ဘူး..."
သူငယ်ချင်းများကို ကြွားဝါရန် ခေါ်လာခဲ့သော ကောင်လေးမှာ ချက်ချင်းပင် အော်ဟစ်ငိုယိုလေတော့သည်။
"ကလေးလေး... မငိုနဲ့လေ၊ ဘာဖြစ်လို့လဲဆိုတာ မမကို ပြောပါဦး"
ကောင်လေး ဘာကြောင့် ဤမျှ ဝမ်းနည်းပန်းနည်း ငိုနေရသည်ကို မင်ယွဲ့ နားမလည်နိုင်အောင် ဖြစ်သွားရသည်။
"မမရေ... အရင်တစ်ခေါက်က တရုတ်စာဆရာမက ရှောင်ကျွန်းကို အကြိုက်ဆုံး တိရစ္ဆာန်
အကြောင်း မေးတော့ သူက ပန်ဒါလို့ ဖြေခဲ့တာ
မမတို့ဆိုင်မှာ ပန်ဒါတွေ့ခဲ့တယ်၊ အရမ်းချစ်ဖို့ကောင်းပြီး အသားစားရတာ ကြိုက်တယ်လို့ ပြောခဲ့တာလေ"
ထိုစကားကို ကြားသောအခါ တရုတ်စာဆရာမ၏ အံ့ဩမှင်သက်သွားမည့် မျက်နှာကို မင်ယွဲ့ ပုံဖော်ကြည့်မိသည်။
မင်ယွဲ့ ပို၍ပင် အားနာသွားရသည်။ ယွမ်ပေါ့ကြောင့် ဤပထမတန်း ကျောင်းသားလေး သုံးဦး၏ စိတ်ထဲတွင် ပန်ဒါ၏ ပုံရိပ်မှာ လွဲမှားကုန်ပြီ မဟုတ်ပါလား။
"ကလေးလေး မငိုနဲ့တော့နော်၊ မမက ယွမ်ပေါ့ကို ပေးဖက်မယ်လေ"
မင်ယွဲ့က ကလေးကို ချော့မြူရန် ယွမ်ပေါ့ကို ကမ်းပေးလိုက်သည်။
ယွမ်ပေါ့က ငိုနေသော ကောင်လေးကို အနည်းငယ် အထင်သေးသကဲ့သို့ ကြည့်သော်လည်း ကောင်လေး၏ ရင်ခွင်ထဲသို့ ခုန်ဝင်ပေးလိုက်ရှာသည်။ ကောင်လေးမှာ ငိုနေရာမှ ရယ်မောသွားကာ ယွမ်ပေါ့ကို အသည်းယားစွာ ပွတ်သပ်တော့သည်။
"သမီးလည်း ကိုင်ချင်တယ်... သမီးလည်း ကိုင်
ချင်တယ်"
ယွမ်ပေါ့က အလိုက်သင့် နေပေးသည်ကို မြင်သောအခါ ကျန်သည့် မိန်းကလေးငယ်ကလည်း ပူဆာလေတော့သည်။ ကလေးသုံးဦးမှာ ယွမ်ပေါ့ကို ဝိုင်းအုံ၍ ပျော်ရွှင်နေကြသည်။
ကလေးများ ပြန်လည်ရယ်မောလာသည်ကို မြင်မှ မင်ယွဲ့ သက်ပြင်းချနိုင်တော့သည်။
“ကလေးတွေရဲ့ မျက်နှာက ဇွန်လက ရာသီဥတုလိုပဲ၊ တကယ်ကို ချက်ချင်း ပြောင်းလဲလွယ်တာပဲ"
"ကလေးတို့... လူကြီးမပါဘဲ လာကြတာလား"
ဟု မင်ယွဲ့က မေးလိုက်သည်။
"ကျွန်တော်တို့ တိတ်တိတ်လေး ထွက်လာကြတာ"
ဟု ရှောင်ကျွန်းက ဖြေသည်။
မင်ယွဲ့က ယွမ်ပေါ့ကို ပေးဖက်ထားသဖြင့် ကလေးများက သူမကို အပြည့်အဝ ယုံကြည်သွားကြခြင်း ဖြစ်သည်။ ဤကလေးများ၏ သတ္တိကို မင်ယွဲ့ အံ့ဩမိသည်။
"ရှောင်ကျွန်းက ပန်ဒါပြမယ်ဆိုလို့ လိုက်လာတာ"
ဟု မိန်းကလေးငယ်က ဖြည့်စွက်ပြောသည်။
"သားတို့ မိဘတွေရဲ့ ဖုန်းနံပါတ် မှတ်မိလား မမက ဖုန်းဆက်ပြီး လာကြိုခိုင်းပေးမယ်လေ"
ကလေးများက ဘာမှပြန်မပြောဘဲ ယွမ်ပေါ့ကိုသာ အားရပါးရ ပွတ်သပ်နေကြသည်။
"နောက်တစ်ခါ လာချင်ရင် မိဘတွေကို သေချာပြောပြီးမှ လာရမယ်နော်"
ဟု မင်ယွဲ့က ထပ်လောင်းပြောမှ ရှောင်ကျွန်းက ဖုန်းနံပါတ်ကို ပေးလေသည်။
မင်ယွဲ့ ဖုန်းဆက်လိုက်သောအခါ ရှောင်ကျွန်း၏ မိခင်ဖြစ်သူထံသို့ ဆက်သွယ်မိသည်။ သူမသည်လည်း မင်ယွဲ့စားသောက်ဆိုင်၏ ပုံမှန်
ဖောက်သည်တစ်ဦးပင် ဖြစ်သည်။
"အားနာလိုက်တာ ညီမလေးရယ် ဒီကလေးက စမတ်နာရီတောင် မဝတ်ဘဲ ဒီထိရောက်လာလိမ့်
မယ်လို့ မထင်ထားဘူး အန်တီဖြင့် တစ်မြို့လုံး အနှံ့ လိုက်ရှာနေတာ"
ရှောင်ကျွန်း၏ မိခင်သည် ပြောပြောဆိုဆိုဖြင့် ရှောင်ကျွန်း၏ တင်ပါးကို ရိုက်နှက်ဆုံးမလေတော့သည်။
ရှောင်ကျွန်းမှာ သူငယ်ချင်းများရှေ့တွင် အရိုက်ခံရသဖြင့် အလွန်အရှက်ရသွားသော်လည်း အံကြိတ်ကာ မငိုဘဲ နေရှာသည်။ ယောကျ်ားကောင်းဆိုသည်မှာ အရိုက်ခံရရုံဖြင့် မငိုသင့်ဟု သူ တွေးနေဟန်တူသည်။
စောစောကမှ ပန်ဒါမဟုတ်၍ ငိုယိုခဲ့သည်ကို သူ မေ့သွားပုံရသည်။
ယွမ်ပေါ့သည် ရှောင်ကျွန်း၏ ရင်ခွင်ထဲမှ ခုန်ထွက်လာရာ မင်ယွဲ့က ပွေ့ချီ၍ ခေါင်းလေးကို ပုတ်ပေးလိုက်သည်။
"သားက တစ်ယောက်တည်း ထွက်လာတာတင် မကဘူး၊ ရှောင်သော်တို့ အဖွဲ့ကိုပါ ခေါ်လာတာလား နေဦး... သားရဲ့ အန်တီတို့၊ ဦးလေးတို့နဲ့ တွေ့ရင်တော့ အသေပဲ"
ထိုအခါမှ ရှောင်ကျွန်းမှာ ကြောက်စိတ်ဝင်လာပြီး သူ့ကို စောင့်ကြိုနေမည့် ပြစ်ဒဏ်များကို တွေးကာ စိုးရိမ်နေတော့သည်။
"ရှောင်ကျွန်း... မကြောက်နဲ့၊ ငါ နင့်ကို ကာကွယ်ပေးမယ်"
ဟု ရှောင်သော်လေးက ရင်ဘတ်လေးကို မကာ ပြောလိုက်သည်။
"ငါလည်း ကာကွယ်ပေးမယ်"
ကလေးများ၏ အပြန်အလှန် ရိုင်းပင်းမှုကို ကြည့်ကာ မင်ယွဲ့မှာ ရယ်မောမိသည်။
ကလေးဘဝ၏ သံယောဇဉ်မှာ တကယ့်ကို ဖြူစင်လှသည်။ အတူတူ အရိုက်ခံဝံ့သည့် သူငယ်ချင်းမျိုးမှာ ရှားပါးလှသည် မဟုတ်ပါလား။
"ဒါဆို အန်တီတို့ သွားလိုက်ဦးမယ်နော် ဒီမျောက်လေးတွေကို အိမ်အမြန်ပြန်ခေါ်သွားမှ ဖြစ်မယ် ဒီနေ့အတွက် တကယ် ကျေးဇူးတင်ပါတယ် ညီမလေး"
"ရပါတယ် အန်တီ၊ ကလေးတွေက ချစ်ဖို့ကောင်းပါတယ်"
ဟု မင်ယွဲ့က ပြုံးလျက် နှုတ်ဆက်လိုက်သည်။
“မမလှလှ……နောက်တစ်ခါလည်း လာလည်ဦးမယ်နော်"
ရှောင်သော်က မင်ယွဲ့၏ အင်္ကျီကို ဆွဲကာ ပြောသည်။
"အင်း... နောက်တစ်ခါလာရင် မိဘတွေကို ပြောလာနော်၊ ခိုးမထွက်လာနဲ့ဦး"
မင်ယွဲ့သည် ကလေးမလေး၏ ဆံပင်ကျစ်ဆံမြီးလေးကို အသာအယာ ထိတွေ့လိုက်သည်။
ရှောင်ကျွန်း၏ မိခင်မှာ ကလေးနှစ်ဦးကို တစ်ဖက်တစ်ချက်စီ ဆွဲကာ ရှေ့မှသွားပြီး ရှောင်ကျွန်းမှာမူ အားငယ်စွာဖြင့် နောက်မှ လိုက်သွားလေတော့သည်။
ထိုစဉ် အပေါ်ထပ်မှ တစ်စုံတစ်ယောက် ဆင်းလာသည်။ မင်ယွဲ့ လှမ်းကြည့်လိုက်သောအခါ လမ်းတစ်ဖက်ရှိ ဆိုင်မန်နေဂျာ ကျန်ကျွင်း ဖြစ်
နေသည်။
"ငွေရှင်းမယ်"
သူသည် မင်ယွဲ့ကို သွားကြိတ်ကာ ကြည့်နေပြီး တစ်ချက်တည်းနှင့် ကိုက်သတ်ချင်နေသည့်
အလား။
မင်ယွဲ့ကတော့ လက်ထဲမှ လက်ဖက်ရည်ခွက်ကို အေးအေးလူလူ လှုပ်ခါရင်း တစ်ငုံ သောက်
လိုက်သည်။
ထိုအမျိုးသားမှာ ပို၍ပင် ဒေါသထွက်သွားရသည်။ သူသည် ငွေရှင်းရန် အော်ဟစ်ပြောဆိုလိုက်ရာ ပတ်ဝန်းကျင်ရှိ လူများ၏ အာရုံစိုက်မှုကို ခံလိုက်ရသည်။ သူသည် နှာခေါင်းစည်း တပ်ထားသည်ကို သတိရမှသာ စိတ်အနည်းငယ် လျော့သွားတော့သည်။
ငွေသောင်းချီ ကုန်ကျသွားသည့်အတွက် သူ၏ ရင်ထဲတွင် သွေးစိမ်းရှင်ရှင် ထွက်နေသကဲ့သို့ ခံစားရပြီး ဆိုင်ပြင်သို့ အမြန်ခြေလှမ်းဖြင့် ထွက်ခွာသွားသည်။
"မန်နေဂျာကျန်... နောက်တစ်ခါလည်း ထပ်လာပါဦးနော်"
မင်ယွဲ့၏ နောက်ဆုံးစကားကြောင့် ထိုအမျိုးသားသည် နောက်မှ ခွေးဆိုးလိုက်လာသည့်အလား အတင်းပင် ပြေးထွက်သွားတော့သည်။
***