ထိုအမျိုးသားသည် ငွေရှင်းပြီးနောက် ဗိုက်ကားအောင် စားထားရသော်လည်း ရင်ထဲတွင်မူ ဒေါသမာန်ဟုန်များဖြင့် ပြည့်နှက်နေလေသည်။
မင်ယွဲ့သည် ထိုလူ ဆိုင်ပြင်သို့ အပြေးအလွှား ထွက်ခွာသွားပြီး လမ်းတစ်ဖက်ရှိ ဆိုင်ထဲသို့ ကသုတ်ကရက် ဝင်သွားသည်ကို ကြည့်ကာ သဘောတကျ ရယ်မောမိတော့သည်။
ယွမ်ပေါ့ကမူ မောက်မာလှသော ထိုသူကို တစ်ချက်မျှ ခိုးကြည့်ပြီးနောက် ဂရုမစိုက်ဟန်ဖြင့် ခေါင်းကို ဝှက်ကာ ပြန်လည်အိပ်စက်သွားပြန်သည်။
"နောက်ခါ သူလာရင် သတိထားကြည့်ကြနော်၊ မကောင်းတာ တစ်ခုခု လုပ်မသွားအောင်လို့"
မင်ယွဲ့က ဝန်ထမ်းများကို ကြိုတင်မှာကြားထားသည်။
သူခိုးဖမ်းသကဲ့သို့ ခိုးကြောင်ခိုးဝှက် လာသည်ထက်စာလျှင် ပေါ်ပေါ်ထင်ထင် လာခြင်းက ပို၍ကောင်းသည်။
အဘယ်ကြောင့်ဆိုသော် အရိပ်အောက်မှနေ၍ မသမာသော နည်းလမ်းများ သုံးလာပါက ကာကွယ်ရန် ပိုမိုခက်ခဲမည်ဖြစ်သောကြောင့်ပင်။
မင်ယွဲ့သည် ဆိုင်သို့ ရောက်နေသည်ဖြစ်ရာ ကျောင်းတက်ရန် အချိန်လည်း မရှိတော့သဖြင့် မီးဖိုချောင်ဘက်သို့ လှမ်းဝင်ခဲ့သည်။
"မန်နေဂျာ ရောက်လာပြီလား"
စားဖိုမှူးချုပ်က ရိုသေစွာ နှုတ်ဆက်သည်။
မင်ယွဲ့သည် အသက်ငယ်ရွယ်သော်လည်း သူမ၏ ထူးကဲလှသော ဟင်းချက်စွမ်းရည်ကြောင့် ဝန်ထမ်းအားလုံး၏ လေးစားမှုကို အပြည့်အဝ ရရှိထားသူဖြစ်သည်။
စားဖိုမှူးကြီး ရွှီခယ်သည်လည်း ယခုအခါ မီးဖိုချောင်တွင် အားတက်သရော အလုပ်လုပ်
နေသည်။
ပျောက်ဆုံးနေသော သားဖြစ်သူကို ပြန်လည်တွေ့ရှိခဲ့ပြီးနောက် သူ၏ ဘဝမှာ အဓိပ္ပာယ်သစ်များ ပြည့်နှက်လာကာ ဇနီးနှင့် သားသမီးများအတွက် ပိုမိုကောင်းမွန်သော ပတ်ဝန်းကျင် ဖန်တီးပေးနိုင်ရန် ကြိုးစားနေခြင်း ဖြစ်သည်။
မင်ယွဲ့သည် မိမိကိုယ်တိုင်အတွက် စားစရာ ပြင်ဆင်နေစဉ် သီးသန့်အခန်းတစ်ခုမှ မှာယူထားသော ဟင်းလျာကို သတိပြုမိသွားသည်။
"ရှဉ့်ပုံသဏ္ဌာန် ကတ်စပယ်ငါးကို ဆရာကြီး မချက်ပါနဲ့တော့၊ ကျွန်မပဲ ချက်ပေးလိုက်မယ်"
မင်ယွဲ့သည် လျင်မြန်သော လက်လှုပ်ရှားမှုဖြင့် ငါးကို သန့်စင်ကာ အရိုးထုတ်လိုက်သည်။
သူမ၏ ဓားအသုံးအနှုန်းမှာ တကယ့်ကို အနုပညာဆန်လှသည်။ ငါးအသားကို ပြောင်းဖူးမှုန့် လူးပေးပြီးနောက် ဆီပူပူတွင် ပုံသွင်းကာ ရွှေအိုရောင်သန်းသည်အထိ ကြော်လိုက်သည်။
ငါးခေါင်းက ထောင်ထောင်လေးနှင့်၊ အသားလွှာများက ကြည်လင်တောက်ပစွာဖြင့် ပန်းကန်ပေါ်တွင် လှပစွာ နေရာယူထားသည်။
ထိုအပေါ်သို့ ပစ်ပျစ်မွှေးကြိုင်လှသော ဆော့စ်
ရည်များကို လောင်းချလိုက်သည်။
"ဟင်းပွဲ ထွက်ပါပြီ"
မင်ယွဲ့က ပြောလိုက်ပြီးနောက် သူမအတွက် ဟင်းအချို့ကို ထပ်မံပြင်ဆင်ကာ ယွမ်ပေါ့ကို ပွေ့ချီ၍ သူမ၏ ကိုယ်ပိုင်အခန်းအတွင်းသို့ ဝင်ခဲ့သည်။
"ဒီနေ့ ငါးကြော်က ထူးထူးခြားခြားကို အရသာရှိတာပဲ၊ စားဖိုမှူးရွှီရဲ့ လက်ရာက သိသိသာသာကို တိုးတက်လာတာပဲ"
ဟု သီးသန့်အခန်းထဲမှ ပုံမှန်ဖောက်သည်များက မြိန်ယှက်စွာ စားရင်း ချီးမွမ်းနေကြသည်။
"မစ္စတာလျို... ဒီနေ့ ငါးကြော်ကိုတော့ ကျွန်တော်တို့ မန်နေဂျာကိုယ်တိုင် ချက်ပေးထားတာပါခင်ဗျာ"
စားပွဲထိုးက ပြုံးလျက် ရှင်းပြသည်။
မစ္စတာလျိုသည် မင်ယွဲ့စားသောက်ဆိုင်၏ ပုံမှန်ဖောက်သည်ဖြစ်ပြီး ငါးဟင်းကို အထူးနှစ်သက်သူ ဖြစ်သည်။
“ဪ... မင်းတို့ မန်နေဂျာက ဒီလောက်တောင် လက်ရာကောင်းတာလား"
များသောအားဖြင့် စားသောက်ဆိုင်ပိုင်ရှင်များသည် ရင်းနှီးမြှုပ်နှံသူသာ ဖြစ်ကြပြီး ဟင်းချက်တတ်သူ ရှားပါးလှသည်။
ထို့ကြောင့်ပင် မင်ယွဲ့၏ လက်ရာမှာ မစ္စတာလျိုကို အံ့အားသင့်စေကာ သူ၏ တူကိုင်နှုန်းမှာလည်း ပိုမိုမြန်ဆန်လာတော့သည်။
မင်ယွဲ့သည် အခန်းထဲတွင် တံခါးပိတ်၍ သူမ၏ ကိုယ်ပိုင်ဟင်းလင်းပြင်နေရာ ထဲမှ ယွမ်ပေါ့အတွက် ပြင်ဆင်ထားသော ပန်းကန်များကို ထုတ်လိုက်သည်။ ပြီးနောက် ဟင်းလျာတစ်ဝက်ကို ယွမ်ပေါ့ရှေ့သို့ ချပေးလိုက်သည်။
"စားတော့"
မင်ယွဲ့၏ စကားသံအဆုံးတွင် ယွမ်ပေါ့သည် အသင့်အနေအထား ဖြစ်သွားကာ တံတွေးသုတ်
ပဝါကို ပတ်ပြီး အားရပါးရ စားသောက်
တော့သည်။
မင်ယွဲ့မှာမူ ယွမ်ပေါ့၏ အစားကြီးပုံကို နေသားကျနေပြီ ဖြစ်သည်။ စနစ်သတ္တဝါလေး၏ အစာအိမ်မှာ အမှန်တကယ်ပင် အတိုင်းအဆမရှိသော ဟင်းလင်းပြင်တစ်ခုသဖွယ်ပင်။
စားသောက်ပြီးနောက် မစ္စတာလျိုက မန်နေဂျာနှင့် တွေ့ဆုံလိုကြောင်း ပြောသဖြင့် မင်ယွဲ့လည်း သွားရောက်တွေ့ဆုံခဲ့သည်။
"သူရဲကောင်းဆိုတာ အသက်အရွယ်နဲ့ မဆိုင်ဘူးဆိုတာ တကယ်ပဲ မန်နေဂျာက ဒီလောက်တောင် ငယ်ရွယ်လိမ့်မယ်လို့ မထင်ထားဘူး"
ဟု မစ္စတာလျိုက လေးစားစွာ ပြောဆိုသည်။
"မစ္စတာလျို သဘောကျတယ်ဆိုရင်ပဲ ကျွန်မ ဝမ်းသာပါတယ် နောက်လည်း လာခဲ့ပါဦး"
မင်ယွဲ့က တည်ငြိမ်စွာပင် လက်ဖက်ရည်ကို ငှဲ့ပေးလိုက်သည်။
မန်နေဂျာကျန်မှာမူ မိမိဆိုင်သို့ ပြန်ရောက်
သောအခါ ဒေါသများက ပို၍ပင် တောက်
လောင်လာသည်။
ဝန်ထမ်းများမှာလည်း ပေါက်ကွဲခါနီး ယမ်းအိုးကြီးသဖွယ် ဖြစ်နေသော သူ့အနားသို့ မကပ်ရဲကြပေ။
မိမိဆိုင်တွင် ဧည့်သည်အချို့ ရှိနေသော်လည်း လမ်းတစ်ဖက်ရှိ ဆိုင်နှင့် နှိုင်းယှဉ်ပါက များစွာ ကွာခြားလှသည်။
တစ်ဖက်ဆိုင်တွင် လူအုပ်ကြီးက စည်ကားနေချိန်၌ မိမိဆိုင်တွင်မူ ခြောက်ကပ်နေသည်ကို မြင်ရသောအခါ မန်နေဂျာကျန်သည် မင်ယွဲ့ကို တားဆီးခဲ့ဖူးသော ဝန်ထမ်းကို ဆွဲထုတ်ကာ အကြောင်းမဲ့ ဆူပူကြိမ်းမောင်းလေတော့သည်။
"မင်း ဘာလုပ်နေတာလဲ အဲဒီနေ့က သူမကို ဆိုင်ထဲဝင်ခွင့်မပေးခဲ့လို့ အခုလို ဖြစ်ကုန်တာ"
ဝန်ထမ်းမှာ ဘာကိုဆိုလိုမှန်း မသိဘဲ ကြောင်အမ်းအမ်း ဖြစ်နေရသည်။
မန်နေဂျာကျန်သည် ထိုဝန်ထမ်းကို အပြစ်တင်ရုံတင်မကဘဲ အသားလွတ် အလုပ်မှ ထုတ်ပစ်လိုက်သည်။ ဝန်ထမ်းမလေးမှာလည်း ဘာကြောင့် အထုတ်ခံရမှန်း မသိဘဲ မျက်ရည်လည်ရွှဲဖြင့် ထွက်သွားရရှာသည်။
မန်နေဂျာကျန်၏ ဒေါသမှာ မပြေသေးဘဲ ယုတ်မာသော အကြံတစ်ခုကို ထပ်မံရရှိလိုက်
သည်။
“မင်းတို့က တိရစ္ဆာန်တွေကို ချစ်တာလား... ဒါဆိုရင် ရူးနေတဲ့ ခွေးတွေနဲ့ တွေ့ရင်ရော ချစ်နိုင်ဦးမလား ကြည့်ရသေးတာပေါ့"
သူသည် မသမာသော အပြုံးဖြင့် လူတစ်ယောက်ကို ငှားရမ်းကာ နှာခေါင်းစွပ်မပါဘဲ ပေစုတ်နေသော ခွေးတစ်ကောင်ကို မင်ယွဲ့စားသောက်ဆိုင်သို့ လွှတ်လိုက်လေသည်။
သူကိုယ်တိုင်လည်း ဆိုင်ရှေ့တွင် ထိုင်ခုံချကာ အေးအေးလူလူ စောင့်ကြည့်နေသည်။
သို့သော် မင်ယွဲ့၏ ဝန်ထမ်းများက ခွေးခေါ်လာသော ထိုလူကို တံခါးဝတွင်ပင် တားဆီးလိုက်
"လူကြီးမင်းခင်ဗျာ... ကျွန်တော်တို့ဆိုင်ကို တိရစ္ဆာန်တွေ ခေါ်လာမယ်ဆိုရင် သန့်ရှင်းရေးနဲ့ ကျန်းမာရေးကို အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်"
ဤခွေး၏ အမွှေးအမျှင်များမှာ ရှုပ်ထွေးပေစုတ်နေပြီး ရောဂါရှိပုံလည်း ပေါ်နေသည်။
မည်မျှပင် တိရစ္ဆာန်ချစ်သူများ ဖြစ်ပါစေ၊ စားသောက်ဆိုင်တစ်ခု၏ သန့်ရှင်းရေးမှာ အရေးကြီးဆုံး မဟုတ်ပါလား။
"မင်ယွဲ့စားသောက်ဆိုင်က တိရစ္ဆာန်တွေ လာလို့ရတယ်ဆို အခု ဘာလို့ တားတာလဲ၊ ငါ ဝင်မှာပဲ"
ဝန်ထမ်းများက ပြတ်သားစွာ တားဆီးထားသည်။
မန်နေဂျာကျန်မှာ ထိုလူ ဆိုင်ထဲဝင်မရသဖြင့် အနည်းငယ် စိတ်ပျက်သွားသော်လည်း ဆူညံပွက်လောရိုက်နေသည်ကို မြင်ကာ သဘောကျနေသည်။
သူသည် ဖရဲသီးကို စားရင်း ခြေထောက်ချိတ်ကာ တစ်ဖက်ဆိုင် ပျက်စီးမည့်အရေးကို စောင့်
ကြည့်နေတော့သည်။
မင်ယွဲ့ကလည်း ပြဿနာရှာသူများကို မကြောက်ရန် ဝန်ထမ်းများကို ညွှန်ကြားထားပြီး ဖြစ်သည်။ ငွေကိုင်ဝန်ထမ်းက မင်ယွဲ့ထံသို့ ချက်ချင်း သတင်းပို့လိုက်သည်။
ခွေးမှာ ရူးသွပ်စွာ ဟောင်နေသဖြင့် ဆိုင်တွင်းရှိ ဧည့်သည်များမှာ ထိတ်လန့်သွားကြသည်။ ပုံမှန် ဧည့်သည်များမှာ သူတို့၏ အိမ်မွေးတိရစ္ဆာန်များကို သန့်ရှင်းသပ်ရပ်စွာဖြင့် နှာခေါင်းစွပ်များ တပ်ဆင်၍ ခေါ်လာတတ်ကြသည်။ ယခု ခွေးမှာမူ လမ်းဘေးခွေးနှင့် တူနေပြီး ခွေးရူးပြန်ရောဂါ ရှိမရှိပင် မသေချာပေ။
"ငါ့ကို ပေးမဝင်ရင် မပြန်ဘူး"
ဟု ထိုလူက ခြိမ်းခြောက်နေသည်။
ထိုစဉ် မန်နေဂျာကျန်သည် ဖုန်းကို ထုတ်ကာ တိုက်ရိုက်ထုတ်လွှင့်မှု တစ်ခု ပြုလုပ်လိုက်သည်။
"ကြည့်ကြပါဦး အမျိုးတို့ရေ... တိရစ္ဆာန်ချစ်သူတွေအတွက်လို့ ကြွေးကြော်ထားတဲ့ မင်ယွဲ့စားသောက်ဆိုင်ဟာ အခုတော့ ရက်ပိုင်းအတွင်းမှာတင် သူတို့ရဲ့ မူဝါဒကို ဖျက်ဆီးပြီး တိရစ္ဆာန်တွေကို ငြင်းပယ်နေပါပြီ"
အခြေအနေမှန်ကို မသိသော အချို့သော အင်တာနက်အသုံးပြုသူများက မင်ယွဲ့စားသောက်ဆိုင်ကို စတင် ဝေဖန်တိုက်ခိုက်ကြတော့သည်။
"စီးပွားရေးသမားဆိုတာ စီးပွားရေးသမားပါပဲတိရစ္ဆာန်ချစ်သူတွေကို အသုံးချပြီး ပိုက်ဆံရှာနေတာ"
"နာမည်ကြီးလာတော့ မျက်နှာလွှဲလိုက်ပြီပေါ့လေ"
"ဒါမျိုးကိုတော့ ဝိုင်းပြီး သပိတ်မှောက်ကြရမယ်"
***