【ဝါး... ဒီထောင့်ကနေကြည့်ရင် တကယ်ကို ရင်သပ်ရှုမောစရာပဲ အမှတ်တရဖြစ်အောင် ကျွန်တော် ဓာတ်ပုံရိုက်ပေးမယ်လေ】
ခေါင်းထဲ၌ ရုတ်တရက် ပေါ်ထွက်လာသော အသံကြောင့် လေထုထဲရှိ ဝေဝါးနေသော ခံစားချက်တို့မှာ ချက်ချင်းပင် လွင့်စင်သွားတော့သည်။
【ယွမ်ပေါ့... မင်း ဘာလုပ်နေတာလဲ】
【ဓာတ်ပုံရိုက်ပေးမလို့လေ ကျွန်တော်တို့ စနစ်ရဲ့ နည်းပညာကိုသာ ယုံလိုက်စမ်းပါ အလှဆုံးပုံရိပ်တွေကို ရအောင် ဖမ်းယူပေးမှာမို့လို့】
"ဘာဖြစ်လို့လဲ မင်ယွဲ့”
မင်ယွဲ့ တစ်ယောက် ငြိမ်သက်နေသည်ကို တွေ့သောအခါ မိုဟန်ကျီက စိုးရိမ်တကြီး မေးမြန်းလိုက်သည်။
"ဘာမှမဖြစ်ပါဘူး လှပတဲ့ မြင်ကွင်းကို ကြည့်ပြီး ခဏလောက် မိန်းမောသွားလို့ပါ”
"တကယ်ကို ကြည့်ကောင်းတာပဲ”
တောင်ထိပ်တစ်ဝိုက်တွင် တက္ကသိုလ်ကျောင်းသား အမြောက်အမြား ဓာတ်ပုံရိုက်ကူးနေကြပြီး ၎င်းတို့နှစ်ဦးမှာလည်း ငယ်ရွယ်နုပျိုမှု၏ တက်ကြွလှုပ်ရှားသော အငွေ့အသက်များကို ခံစားနေကြရသည်။
"အားလုံးပဲ ဒီကိုကြည့်ကြပါဦး ကဲ... ချိစ်လို့ အော်လိုက်ကြရအောင်”
လူတစ်ဦးမှာ အနီရောင်အလံကို ကိုင်မြှောက်ကာ အားတက်သရော အော်ဟစ်နေသည်။
အေးအေးဆေးဆေး နေတတ်သော မိုဟန်ကျီမှာ ထိုလူအုပ်ထဲတွင် တစ်သားတည်းမကျသလို ဖြစ်နေသည်ကို မြင်သောအခါ မင်ယွဲ့က သူ၏လက်ကို ဆွဲမြှောက်လိုက်သည်။
လက်ချင်းတွဲလျက် မြှောက်ထားသော ထိုပုံရိပ်မှာ လူအုပ်ကြားထဲတွင် ထင်ရှားလှပနေတော့သည်။
မိုဟန်ကျီသည် ထိုအခိုက်အတန့်၏ ရိုက်ခတ်မှုကို ခံစားလိုက်ရသည်။
ကျောင်းပြီးသည်မှာ နှစ်အနည်းငယ်သာ ရှိသေးသော်လည်း ငယ်ရွယ်သူများနှင့် အတူရှိနေခြင်းက သူ့ကို ပိုမိုအင်အားပြည့်ဝစေသည်။
စီးပွားရေးလောက၏ ပြိုင်ဆိုင်မှု ပြင်းထန်သော နယ်ပယ်ထဲတွင် အချိန်ကုန်ဆုံးခဲ့ရသဖြင့် သူသည် အမြဲတစေ တည်ငြိမ်ရင့်ကျက်သော ပုံစံကိုသာ ထိန်းသိမ်းခဲ့ရသည်။
ယခုကဲ့သို့ စိတ်လွတ်ကိုယ်လွတ် သီချင်းဆို အော်ဟစ်နေကြသည့် ကျောင်းသားများနှင့် သူသည် မတူညီခဲ့ပေ။
သူ့အနားတွင် တောက်ပစွာ ပြုံးနေသော မင်ယွဲ့ကို ကြည့်ရင်း မိုဟန်ကျီမှာ ဤခရီးစဉ်ကို လာခဲ့ရသည်မှာ တန်လိုက်လေခြင်းဟု တွေးတောမိသည်။
လွှင့်ထူထားသော အနီရောင်အလံဆီသို့ မင်ယွဲ့ ငေးကြည့်နေမိသည်။
လက်နှိပ်ဓာတ်မီးများ၏ အလင်းရောင်မှာ အလံထက်သို့ ကျရောက်နေပြီး ထိုမှတစ်ဆင့် မျိုးချစ်စိတ်ဓာတ်တို့မှာ အရှိန်အဟုန်ဖြင့် စီးဆင်းနေကြသည်။ ဤအခိုက်အတန့်တွင် လူတိုင်း၏ ရင်ထဲ၌ ပြင်းပြသော စိတ်ဓာတ်တို့မှာ ဆူပွက်နေကြ၏။
စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်သော မိုဟန်ကျီပင်လျှင် လူငယ်တို့၏ မျိုးချစ်စိတ်ဓာတ်ကို ကြည့်ကာ သက်ပြင်းမချဘဲ မနေနိုင်ပေ။
အကယ်၍သာ ယခုအချိန်တွင် စစ်မြေပြင်သို့ ထွက်ရန် အမိန့်ရပါက သူတို့အားလုံးသည် လက်နက်ကိုင်စွဲကာ ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်ကြမည့်ပုံပင်။
တောင်ထိပ်ထက်တွင် တော်လှန်ရေးတေးသီချင်းသံများ ပျံ့လွင့်နေသည်။ မင်ယွဲ့သည် ထိုသီချင်းများကို သီးသန့်လေ့လာဖူးခြင်း မရှိသော်လည်း သူမအတွက် အလွန်ရင်းနှီးနေသည်။
ဤသည်မှာ လူမျိုးတစ်မျိုး၏ သွေးသားထဲတွင် ကိန်းအောင်းနေသော မျိုးရိုးဗီဇကြောင့်ပင် ဖြစ်ပေလိမ့်မည်။
မိုဟန်ကျီနှင့် မင်ယွဲ့တို့သည် အခြားခရီးသွားများနှင့်အတူ တောင်ထိပ်ပေါ်တွင် အချိန်အတော်ကြာ နေခဲ့ကြသည်။ နောက်ပိုင်းတွင် အပူချိန်မှာ ရုတ်တရက် ကျဆင်းလာသဖြင့် မိုဟန်ကျီသည် မင်ယွဲ့ကို ရင်ခွင်ထဲသို့ ဖက်ထားကာ တောင်ပေါ်မှ ဆင်းလာခဲ့တော့သည်။
၎င်းတို့သည် တောင်ထိပ်ရှိ ဟိုတယ်တစ်ခုတွင် အခန်းကြိုတင် ကြိုထားခဲ့ကြသည်။ အခန်းမှာ ကျယ်ဝန်းလှပြီး အိပ်ခန်းတစ်ခန်းထက်မက ပါရှိသည်။ မိန်းကလေးတစ်ဦးတည်း သီးသန့်နေရန် မိုဟန်ကျီက စိတ်မချသဖြင့် တစ်ခန်းတည်းတွင် အတူနေရင်း သူမကို စောင့်ရှောက်ပေးရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။
နှစ်ဦးသား နွေးထွေးသော ရေချိုးခြင်းကို ခံယူပြီးနောက် နှစ်ခြိုက်စွာ အိပ်ပျော်သွားကြတော့သည်။
နောက်တစ်နေ့ နံနက်တွင် နေရောင်ခြည်မှာ ပြတင်းပေါက်မှတစ်ဆင့် အခန်းထဲသို့ တိုးဝင်လာသည်။
နွေးထွေးသော ရွှေရောင်နေခြည်အောက်တွင် မင်ယွဲ့တစ်ယောက် ဟိုဘက်ဒီဘက် လှည့်ကာ အိပ်ရာနိုးလာသည်။
စိမ်းသက်သော ပတ်ဝန်းကျင်ကို မြင်လိုက်ရသောအခါ သူမ ရုတ်တရက် ထထိုင်မိသွားသည်။
သူမသည် မိုဟန်ကျီနှင့်အတူ ခရီးထွက်လာပြီး ဟိုတယ်တွင် ရောက်နေသည်ကို ပြန်လည်သတိရသွားသည်။
ခေါင်းကို အသာအယာပွတ်ကာ စောင်ကို ဖယ်ခွာလိုက်ပြီးနောက် ရေချိုးခန်းထဲသို့ ဝင်ကာ သန့်ရှင်းရေး လုပ်လိုက်သည်။
သူမ အပြင်သို့ ထွက်လာသောအခါ မိုဟန်ကျီမှာ အဝတ်အစားလဲပြီးသားဖြင့် ဧည့်ခန်းထဲတွင် စောင့်နေသည်ကို တွေ့ရသည်။ သူ နိုးနေသည်မှာ ကြာပြီဖြစ်ဟန်တူသည်။
"နိုးရင် ဘာလို့ ကျွန်မကို မနှိုးတာလဲ”
မင်ယွဲ့က သူရှိရာသို့ လျှောက်သွားရင်း မေးလိုက်သည်။
"ကိုယ်တို့က အနားယူဖို့ လာတာပဲလေ... အလျင်လိုစရာ မလိုပါဘူး”
ထိုစဉ် လူခေါ်ဘဲလ်သံ မြည်လာသဖြင့် မိုဟန်ကျီက တံခါးဖွင့်ပေးကာ နံနက်စာကို ယူဆောင်လာခဲ့သည်။
"ကဲ... နံနက်စာ စားကြရအောင်”
ပေါက်စီပူပူလေးကို စားနေရင်း မင်ယွဲ့က ရုတ်တရက် ရယ်မောလိုက်သည်။
"ဘာဖြစ်လို့ ရယ်တာလဲ”
မိုဟန်ကျီမှာ အကြောင်းရင်းကို မသိသော်လည်း မင်ယွဲ့၏ ရယ်သံကြောင့် လိုက်ပါပြုံးရွှင်နေမိသည်။
"ရှင်နဲ့ ခရီးထွက်ရတာ တကယ်ကောင်းတာပဲ ကျွန်မ ဘာမှ လုပ်စရာမလိုဘူး”
အစားအသောက်၊ အဝတ်အထည်၊ နေထိုင်ရေးနှင့် သွားလာရေး အားလုံးကို မိုဟန်ကျီက စနစ်တကျ စီစဉ်ပေးထားသဖြင့် သူမမှာ လိုက်ပါလာရုံသာ ရှိတော့သည်။
"ဒါဆိုရင် နောက်တစ်ခါလည်း အတူတူ ခရီးထွက်ကြတာပေါ့”
မိုဟန်ကျီ၏ ရင်ထဲတွင် ကြည်နူးမှုများ ပြည့်လျှံနေသည်။
ချစ်သူမောင်နှံများသည် ခရီးအတူထွက်သည့်အခါ လမ်းခွဲနိုင်ခြေ အများဆုံးဖြစ်သည်ဟု သူ ကြားဖူးသော်လည်း ယခုမူ သူတို့နှစ်ဦးမှာ တစ်ဦးကိုတစ်ဦး ပိုမိုနားလည်လာကြသည်။
"ကောင်းပါပြီ... အခွင့်အရေးတွေ အများကြီး ရှိပါသေးတယ်”
သူတို့နှစ်ဦးစလုံးမှာ ငယ်ရွယ်ကြသေးသဖြင့် ရှေ့ဆက်ရမည့် ဘဝခရီးလမ်းမှာ အရှည်ကြီး ကျန်ရှိနေသေးသည်။
အနားယူပြီးနောက် သူတို့နှစ်ဦး တောင်ပေါ်မှ ဆင်းရန် ပြင်ဆင်ကြသည်။
"မင်ယွဲ့ရဲ့ ကျောပိုးအိတ်ကို ကိုယ်သယ်ပေးမယ်”
တောင်တက်ရသည်မှာ ပင်ပန်းသည်ဖြစ်ရာ တောင်ဆင်းသည့်အခါတွင်လည်း သူမ မနိုင်မနင်း ဖြစ်မည်ကို မိုဟန်ကျီက စိုးရိမ်နေခြင်းဖြစ်သည်။
"မလိုပါဘူး... ကျွန်မက ကျန်းမာသန်စွမ်းပါတယ်၊ ရှင့်ရဲ့ အကူအညီ မလိုပါဘူး”
မင်ယွဲ့က ငြင်းပယ်လိုက်သည်။
သူမ၏ ကိုယ်ခံပညာ လေ့ကျင့်ခန်းများသည် အချည်းနှီး မဟုတ်သည်ကို သူမ သိသည်။
မိုဟန်ကျီလည်း ဆက်လက်၍ အတင်းမတိုက်တွန်းတော့ဘဲ နှစ်ဦးသား တောင်အောက်သို့ အတူတူ လျှောက်ဆင်းလာခဲ့ကြသည်။
တောင်အောက်သို့ ရောက်သောအခါ နေမှာ မြင့်နေပြီဖြစ်သည်။ သူတို့၏ နောက်ထပ်မှတ်တိုင်မှာ ရေပူစမ်းအပန်းဖြေစခန်းဖြစ်ပြီး မိုဟန်ကျီက သီးသန့်ရေချိုးကန်ပါသော အခန်းကို ကြိုတင်မှာယူထားခဲ့သည်။
သူနှင့် မင်ယွဲ့မှာ သီးခြားစီ အနားယူကြသည်။
မိသားစု Group Chat ဖြစ်သော #WeAreALovingFamily# ထဲတွင်မူ မက်ဆေ့ချ်များ ဝေနေတော့သည်။
အဘွားမို - “မြေးလေး... ခရီးစဉ်က ဘယ်လိုလဲ”
မေမေမို - "သား... ယောက်ျားကောင်းဆိုတာ လူကြီးလူကောင်းဆန်ရတယ်၊ စိတ်ရှည်ရတယ်မှတ်ထား... ယောက်ျားတစ်ယောက်ဟာ သူ့ရဲ့ကတ်ကို ထုတ်ပြီး ငွေရှင်းပေးနေတဲ့အချိန်မှာ အချောဆုံးပဲ”
ဖေဖေမို - "မင်းကလည်း... ယောက်ျားတွေဟာ အလုပ်လုပ်နေတဲ့အချိန်မှာ အချောဆုံးလို့ ပြောခဲ့တာ မဟုတ်ဘူးလား @Mother Mo"
မေမေမို - "အို... ငါ မေ့သွားလို့ပါ၊ ရှင်လည်း ဒီ Group ထဲမှာ ရှိနေတာပဲ ရှင်လည်း အလုပ်သွားလုပ်ပြီး တစ်မိသားစုလုံးအတွက် ပိုက်ဆံရှာချေဦး”
မိုဟန်ကျီသည် ရေပူစမ်းကန်ထဲတွင် မှီလျက် ဖုန်းကို အေးအေးဆေးဆေး ကြည့်နေမိသည်။
မိသားစုဝင်များ၏ စကားဝိုင်းကို ကြည့်ရင်း သူ မပြုံးဘဲ မနေနိုင်ပေ။
မိုဟန်ကျီ - "ကျွန်တော်တို့ အခု ရေပူစမ်းမှာ အနားယူနေပါတယ်”
မေမေမို - "ယွဲ့ယွဲ့လေးက သားနဲ့ အတူရှိနေတာလား”
ထိုမေးခွန်းကို မြင်သောအခါ မိုဟန်ကျီသည် ဘေးခန်းရှိ မင်ယွဲ့ကို ပြေးမြင်မိသွားသည်။
"မဟုတ်ပါဘူး... ကျွန်တော်တို့ သီးခြားစီပါ”
ဖေဖေမို - "မင်းကတော့ တကယ်ကို အသုံးမကျတာပဲ” (မျက်နှာမဲ့နေသည့် Emoji နှင့်အတူ)
မေမေမို - "ရှင် ထွက်သွားစမ်းပါ သားလုပ်တာက ယွဲ့ယွဲ့ကို လေးစားလို့လေ ရှင် ဘာသိလို့လဲ @DadMo"
မိုဟန်ကျီသည် မိသားစုနှင့် ခေတ္တစကားပြောပြီးနောက် ရေပူစမ်းတွင် စိမ်ရင်း တောင်တက်ခဲ့ရသမျှ ပင်ပန်းနွမ်းနယ်မှုများကို ဖြေဖျောက်လိုက်
သည်။
မင်ယွဲ့အတွက်မူ ရေပူစမ်းစိမ်ရခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည်။ နွေးထွေးသော ရေငွေ့များက ခန္ဓာကိုယ်၏ သွေးကြောများကို ပွင့်လင်းစေသကဲ့သို့ ခံစားရသဖြင့် အလွန်ပင် နေလို့ကောင်းလှသည်။
"သိပ်အကြာကြီး မစိမ်နဲ့နော်... ခေါင်းမူးတတ်
တယ် စောစောနားပါ၊ ဂွတ်နိုက်”
မင်ယွဲ့၏ ဖုန်းမြည်လာသဖြင့် ကြည့်လိုက်ရာ မိုဟန်ကျီဆီမှ WeChat မက်ဆေ့ချ် ဖြစ်နေသည်။
သူမ ခပ်တိုးတိုး ရယ်မောလိုက်ပြီး
“ဟုတ်ကဲ့... ကျွန်မလည်း ထတော့မှာပါ"
ဟု ပြန်စာပို့လိုက်သည်။
မင်ယွဲ့ ရေကန်ထဲမှ ထလိုက်သောအခါ ရေစက်ကလေးများမှာ သူမ၏ ချောမွတ်ဖြူစင်သော အသားအရေပေါ်တွင် တွယ်ကပ်နေကြသည်။
သူမသည် ရေချိုးဝတ်စုံကို ဝတ်ဆင်လိုက်ပြီးနောက် ကုတင်ဘေးတွင် ဖုန်းကိုတင်ကာ အိပ်စက်ခြင်းသို့ လှမ်းဝင်ခဲ့တော့သည်။ အပြင်ရောက်နေသဖြင့် ယွမ်ပေါ့ကိုလည်း သူမ အပြင်မထုတ်ခဲ့ပေ။
မိုဟန်ကျီ၏ ဖုန်းမျက်နှာပြင် လင်းလာသောအခါ သူ ချက်ချင်းပင် ကြည့်လိုက်သည်။
"ဂွတ်နိုက်"
ဟူသော ရိုးရှင်းသည့် စကားလုံးလေးကပင် မင်ယွဲ့၏ နူးညံ့သော မျက်နှာလေးကို ပုံဖော်ပေးနေသကဲ့သို့ပင်။
သူသည် တောင်ထိပ်ပေါ်တွင် ရိုက်ခဲ့သော ဓာတ်ပုံကို ဖုန်း Wallpaper အဖြစ် ပြောင်းလဲလိုက်သည်။ ဖုန်းကို ဖွင့်လိုက်တိုင်း ထိုပုံရိပ်ကို မြင်တွေ့နေရသဖြင့် သူ၏စိတ်မှာ အတိုင်းမသိ ပျော်
ရွှင်နေတော့သည်။
ဤခရီးစဉ်တစ်လျှောက်လုံးတွင် မိုဟန်ကျီသည် သူ၏ မိခင်ပေးခဲ့သော အကြံပေးချက်အတိုင်း အရာရာကို တာဝန်ယူကာ စီစဉ်ပေးခဲ့သည်။
ငွေကြေးအတွက်လည်း စိုးရိမ်စရာမရှိဘဲ နှစ်ဦးသား၏ ခရီးစဉ်မှာ ချိုမြိန်သော အိပ်မက်တစ်ခုကဲ့သို့ လှပနေတော့သည်။
***