မိသားစုဝင်အားလုံး စိတ်လှုပ်ရှားပျော်ရွှင်နေကြသည်ကို မြင်ရသည်မှာ မင်ယွဲ့အတွက်မူ ကြည်နူးစရာ အကောင်းဆုံး မြင်ကွင်းတစ်ခုပင် ဖြစ်သည်။
မင်မင်းသည်လည်း ဆွေးနွေးမှုများတွင် တက်တက်ကြွကြွ ပါဝင်နေသည်။ မင်ယွဲ့၏ ဦးလေးနှင့် အဒေါ်မှာမူ ခရီးဝေးမထွက်လိုကြဘဲ လူကြီးမိဘများမှာလည်း နိုင်ငံခြားသို့ သွားရန် ခန္ဓာကိုယ်က ခွင့်မပြုတော့ပေ။
ထို့ကြောင့် နောက်ဆုံးတွင် မင်ယွဲ့၏ မိဘနှစ်ပါး၊ မင်မင်း၊ မင်ကျောက်နှင့် မင်ချန်းတို့ ငါးဦးသားသည် မင်ယွဲ့နှင့်အတူ ပြည်ပသို့ ထွက်ခွာလာခဲ့ကြသည်။
လေယာဉ်ပေါ်သို့ တက်လိုက်သည်နှင့် မင်ကျောက်နှင့် မင်ချန်းတို့မှာ ပြာလွင်သော ကောင်းကင်နှင့် တိမ်တိုက်ဖြူဖြူများကို ငေးကြည့်ရင်း ရင်ခုန်စိတ်လှုပ်ရှားနေကြသည်။
"တကယ်ကို လှတာပဲ”
မင်ယွဲ့သည် ထိုလှပသော နံနက်ခင်းပုံရိပ်ကို မှတ်တမ်းတင်ထားလိုက်သည်။
မင်ယွဲ့၏ မိဘများမှာမူ ပထမဆုံးအကြိမ် နိုင်ငံခြားသို့ ထွက်ခွာခြင်းဖြစ်ရာ ပျော်ရွှင်မှုနှင့်အတူ အနည်းငယ်သော စိုးရိမ်စိတ်တို့မှာလည်း ဒွန်တွဲနေသည်။ မိသားစုဝင်များ၏ ဘဝကို ယခုကဲ့သို့ ပြောင်းလဲပေးနိုင်ခဲ့ခြင်းမှာ သူမ၏ ကြိုးစားအားထုတ်မှုများအတွက် ထိုက်တန်သော ရလဒ်ပင် ဖြစ်ပေလိမ့်မည်။
လေယာဉ်ခရီးစဉ်မှာ အတော်အတန် ကြာမြင့်ခဲ့ပြီးနောက် နောက်ဆုံးတွင် လိုရာခရီးသို့ ဆိုက်ရောက်ခဲ့သည်။ လေဆိပ်မှ ထွက်လိုက်သည်နှင့် တရုတ်နိုင်ငံရှိ အဆောက်အအုံများနှင့် မတူညီသော ပြည်ပဗိသုကာလက်ရာများကို ထင်ရှားစွာ မြင်တွေ့ရသည်။
"မင်္ဂလာပါ မစ္စမင်ယွဲ့... ကျွန်တော်က လီရာ လယ်တောအိမ်ရဲ့ မန်နေဂျာ ပိုလီပါ”
ယဉ်ကျေးသိမ်မွေ့သော အမူအရာရှိသည့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက လူကြီးလူကောင်းဆန်စွာ နှုတ်ဆက်လိုက်သည်။
"ယခုမှစ၍ ကျွန်တော်က လူကြီးမင်းတို့ကို ဝန်ဆောင်မှု ပေးသွားပါ့မယ်”
လီရာ လယ်တောအိမ်၏ ပိုင်ရှင်အသစ် ပထမဆုံးအကြိမ် ရောက်ရှိလာခြင်းဖြစ်ရာ သူသည် အစွမ်းကုန် ကြိုးစားအားထုတ်ရပေမည်။
မင်ယွဲ့၏ မိသားစုဝင်များမှာမူ ရပ်နားထားသော ဇိမ်ခံကားကြီးကို ကြည့်ကာ အံ့အားသင့်လျက် ဘာစကားမျှပင် မပြောနိုင်ကြတော့ပေ။
မင်ယွဲ့က တော်သည်ကို သိထားကြသော်လည်း ပြည်ပတွင်ပင် ဤမျှအရှိန်အဝါရှိလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ကြပေ။
မင်ယွဲ့သည် မိသားစုဝင်များကို ကားပေါ်သို့ တက်စေပြီးနောက် သူမကိုယ်တိုင်လည်း လိုက်ပါခဲ့သည်။
ဇိမ်ခံခုနစ်ယောက်စီး ကားကြီးမှာ အရှိန်ဖြင့် မောင်းနှင်နေပြီး လမ်းဘေးဝဲယာရှိ ထူးခြားလှပသော မြင်ကွင်းများကြောင့် မင်မိသားစု၏ မျက်နှာထက်တွင် အပြုံးများ ပိုမိုဝေဆာလာခဲ့သည်။
မြို့လယ်ခေါင်မှ တဖြည်းဖြည်း ဝေးကွာလာသောအခါ သူတို့၏ စပ်စုလိုစိတ်မှာ ပိုမိုပြင်းပြလာသည်။
နောက်ဆုံးတွင် "လီရာ လယ်တောအိမ်" ဟု တရုတ်စာနှင့် ဂျီ (G) ဘာသာစကား နှစ်မျိုးဖြင့် ရေးထိုးထားသော ထူးခြားသည့် ဂိတ်တံခါးကြီးကို မြင်တွေ့လိုက်ရသည်။
"ရောက်ပါပြီ... မစ္စမင်နဲ့ ဧည့်သည်တော်များ ခေတ္တဆင်းပေးပါဦးခင်ဗျာ”
ပိုလီသည် လက်တစ်ဖက်ကို ရင်ဘတ်ပေါ်တင်ကာ အရိုအသေပြုလျက် ကားတံခါးကို ဖွင့်ပေးလေသည်။
မင်ယွဲ့ ကားပေါ်မှ ဆင်းလိုက်သည်နှင့် သဘာဝတရား၏ ခမ်းနားမှုက သူမကို လွှမ်းခြုံသွားတော့သည်။
သစ်တော၏ အလယ်ဗဟိုတွင် တည်ရှိပြီး သဘာဝရေပူစမ်း၊ စမ်းချောင်းလေးများနှင့် တောင်ကုန်းတောင်တန်းများက ပန်းချီကားတစ်ချပ်ကဲ့သို့ လှပလွန်းလှသည်။
ဤသည်မှာ ပင်ပန်းဆင်းရဲစွာ လုပ်ကိုင်ရသော လယ်တောမျိုးမဟုတ်ဘဲ အရှေ့ဘက်ခြံစည်းရိုး၌ ဂန္ဓာမာပန်းခူးရင်း တောင်ဘက်တောင်တန်းများကို ငေးကြည့်နိုင်သည့် အေးချမ်းသာယာသော ဘဝနေထိုင်မှုပုံစံပင် ဖြစ်သည်။
လယ်တောအိမ်၏ အတွင်းပိုင်းသို့ ဝင်လာသောအခါ မင်ယွဲ့သည် ကမ္ဘာကျော် လယ်တောအိမ်၏ ခမ်းနားမှုကို အထင်မသေးဝံ့တော့ပေ။
ကျေးလက်ဆန်သော အလှအပများအပြင် နန်းတော်ကဲ့သို့ တည်ဆောက်ထားသော အမိုးခုံး ဗီလာများ၊ ကျောက်ဆောင်ရေတံခွန်များနှင့် ရှားပါးသစ်ပင်ပန်းမန်များမှာ တစ်ဖက်တွင် ရှိနေပြန်သည်။
"လီရာ လယ်တောအိမ်ဟာ လူနဲ့ သဘာဝတရား ဟန်ချက်ညီစွာ ယှဉ်တွဲနေထိုင်မှုကို အလေးထားပါတယ် ဒါကြောင့် သဘာဝရဲ့ မူလလက်ရာတွေကို မပျက်စီးစေဘဲ မြေမျက်နှာသွင်ပြင်အတိုင်း တည်ဆောက်ထားတာ ဖြစ်ပါတယ်”
ပိုလီက ရှေ့မှ ဦးဆောင်လမ်းပြရင်း လယ်တောအိမ်အကြောင်းကို ရှင်းလင်းပြသခဲ့သည်။
"မမ... ဟိုမှာကြည့်ဦး၊ ပင်လယ်ဓားပြသင်ေ္ဘာကြီး”
မင်ကျောက်က မလှမ်းမကမ်းရှိ သင်္ဘောကြီးကို လက်ညှိုးထိုးပြရင်း စိတ်လှုပ်ရှားစွာ အော်ဟစ်
လိုက်သည်။
မင်ယွဲ့ ကြည့်လိုက်သောအခါ ကာရစ်ဘီယံ ပင်လယ်ဓားပြ ဇာတ်ကားများထဲမှ သင်္ဘောကြီးနှင့်ပင် တူလှသည်။
"ဒါက ကျွန်တော်တို့ရဲ့(အကြောင်းအရာအလိုက် အလှဆင်ထားသော နေရာ) ပါ။
ပင်လယ်ဓားပြအပြင် ဆီးနှင်းဖြူလေး၊ ကွန်ဖူးပန်ဒါ စတဲ့ ခေါင်းစဉ်အမျိုးမျိုးနဲ့ နေရာတွေ ရှိပါသေးတယ်”
ပိုလီက ဖြည့်စွက်ပြောကြားသည်။
ဤနေရာတွင် လူတစ်ဦးသည် တောရကျောင်းသားတစ်ဦးကဲ့သို့ အေးချမ်းစွာ နေနိုင်သလို၊ ဘုရင်တစ်ပါးကဲ့သို့ ခမ်းနားစွာလည်း နေထိုင်နိုင်ပြီး အိပ်မက်ကမ္ဘာထဲ ရောက်နေသကဲ့သို့လည်း ခံစားနိုင်ပေသည်။
"အရင်ဆုံး ဧည့်သည်တော်တို့ နားနေမယ့်နေရာကို ပို့ပေးပါ့မယ် မစ္စမင်ယွဲ့တို့က နန်းတော်ပုံစံ ဗီလာမှာ နေမလား၊ ကျေးလက်ပုံစံ တည်းခိုခန်းမှာ နေမလားခင်ဗျာ”
မင်ယွဲ့သည် သူမ၏ မိဘများနှင့် မောင်လေးများကို ကြည့်လိုက်ပြီးနောက်—
"မေမေတို့ကတော့ ကျေးလက်ဆန်တဲ့ နေရာမှာပဲ ထားလိုက်ပါ ကျွန်မတို့ကတော့ အလှဆင်ထားတဲ့ အခန်းတွေမှာ နေပါ့မယ်”
ပိုလီက လျှပ်စစ်အားသွင်းထားသော မြင်ကွင်းကြည့်ဘတ်စ်ကားကို ခေါ်ယူလိုက်ပြီး သူတို့အားလုံးကို ခေါ်ဆောင်သွားသည်။
"ခရီးစဉ်တစ်လျှောက် ဒီကားလေးနဲ့ သွားလာနိုင်ပါတယ်... အကယ်လို့ မစ္စမင်ယွဲ့ကိုယ်တိုင် မောင်းချင်တယ်ဆိုရင်လည်း ရပါတယ်ခင်ဗျာ”
ပိုလီသည် သူတို့အားလုံးကို အခန်းများသို့ လိုက်လံပို့ဆောင်ပေးပြီးနောက် အရိုအသေပြုကာ ထွက်ခွာသွားသည်။
"ဖေဖေနဲ့ မေမေ... ဒီနေရာကို သဘောကျရဲ့လား”
"သိပ်သဘောကျတာပေါ့ သမီးရယ်”
မင်ယွဲ့၏ မိခင်က ကြည်နူးစွာ ပြောလိုက်သည်။
"ပြတင်းပေါက်ကြီးတွေကလည်း ကျယ်လိုက်တာ၊ နေလို့ကောင်းတဲ့ ဖျာတက်တာမီတွေရော... လိုက်ကာကို ဖွင့်လိုက်ရင် မြင်ရတဲ့ ပန်းခင်းကြီးတွေက တကယ့်ကို ရင်သပ်ရှုမောစရာပဲ”
မိဘများ စိတ်ကျေနပ်သည်ကို မြင်ရသဖြင့် မင်ယွဲ့သည်လည်း ဝမ်းမြောက်မိသည်။ ခရီးပန်းလာသဖြင့် အနားယူစေပြီးနောက် သူမ၏ အခန်းသို့ ပြန်လာခဲ့သည်။
"ယွဲ့ယွဲ့... ငါက ကွန်ဖူးပန်ဒါ အခန်းမှာ နေချင်
တာ”
ယွမ်ပေါ့က စိတ်ထဲမှ တောင်းဆိုလာသည်။
မင်ယွဲ့ကလည်း ထိုတောင်းဆိုချက်ကို ဖြည့်ဆည်းပေးလိုက်သည်။
ကွန်ဖူးပန်ဒါ အခန်းမှာ ဝါးတောလေးများ ဝန်းရံထားသော သစ်သားအိမ်လေးဖြစ်ပြီး အမိုးပေါ်တွင် ပန်ဒါရုပ်ထုကြီး ရှိနေသည်။ အခန်းတွင်းရှိ ဆိုဖာ၊ စားပွဲနှင့် ရေချိုးခန်းသုံးပစ္စည်းများအထိ ပန်ဒါခေါင်းစဉ်ဖြင့် အနုစိတ်ပြင်ဆင်ထားရာ အလွန်ပင် ချစ်စဖွယ် ကောင်းလှသည်။
နံနက်ခင်းတွင် ငှက်ကလေးများ၏ တေးဆိုသံနှင့် ပန်းရနံ့များကြောင့် မင်ယွဲ့ နိုးထလာခဲ့သည်။
ဆေးကြောသန့်စင်ပြီးနောက် ပင်လယ်ဓားပြအပြင်အဆင်ဖြင့် နေထိုင်နေကြသော မောင်လေးများထံသို့ သွားခဲ့သည်။
သူတို့နှစ်ဦးမှာ ပင်လယ်ဓားပြ ဝတ်စုံများနှင့်ပင် အိပ်ခဲ့ကြဟန်တူကာ အိပ်ခန်းမှာလည်း မုန်တိုင်းထန်နေသော ပင်လယ်ထဲမှ သင်္ဘောပျက်ကြီးနှင့် တူလှသည်။
"ကဲ... သွားကြရအောင် ဒီနေ့ လယ်တောအိမ်
တစ်ခွင် လှည့်ကြည့်ကြမယ်”
မင်ယွဲ့သည် မင်မင်းနှင့်အတူ မိဘများရှိရာသို့ သွားကြသည်။
လယ်တောအိမ်တွင် 3D မြေပုံများ ပေးထားသော်လည်း လူကြီးများမှာ အသုံးမပြုတတ်သဖြင့် လူငယ်များကသာ လိုက်လံခေါ်ဆောင်ခဲ့သည်။ မင်ယွဲ့သည် သူမ၏ အခွင့်အရေးကို အသုံးမပြုဘဲ မိသားစုအလိုက် စီးနိုင်သော မိုးကာပါသည့် စက်ဘီးကို ငှားရမ်းကာ လှပသော မြင်ကွင်းများကြားတွင် အတူတူ နင်းခဲ့ကြသည်။
လမ်းဘေးရှိ ပန်းပင်များကို ကြည့်ကာ မိဘနှစ်ပါးစလုံး စိတ်ချမ်းမြေ့နေကြသည်။ ဤသည်မှာ ပန်းစိုက်ပျိုးသူ မျိုးရိုးဗီဇကြောင့်ပင် ဖြစ်ပေလိမ့်မည်။ သူတို့သည် စက်ဘီးကို ခဏခဏ ရပ်နားကာ မြင်ကွင်းများကို ငေးမောကြည့်ရှုကြသည်။
"ဖေဖေနဲ့ မေမေ... ပန်းခင်းထဲမှာ ရပ်ပေးပါဦးသမီး ဓာတ်ပုံရိုက်ပေးမယ်”
နှင်းပန်းခင်းကြီး၏ ရှေ့တွင် မိဘနှစ်ပါးစလုံးမှာ ရှက်ကိုးရှက်ကန်းဖြင့် ရပ်နေကြသည်။
"ဖေဖေ... မေမေနဲ့ ပိုနီးနီးလေး ကပ်ရပ်လိုက်
လေ”
မင်ယွဲ့က လက်ယပ်ခေါ်လိုက်သောအခါ ဖခင်ဖြစ်သူက ရှက်ပြုံးဖြင့် မိခင်၏အနားသို့ တိုးကပ်သွားသည်။
မင်ယွဲ့သည် ထိုချစ်စဖွယ်ကောင်းသော ပုံရိပ်များကို အဆက်မပြတ် ရိုက်ယူလိုက်တော့သည်။
"ကဲ... ရပြီ။ လာကြည့်ကြပါဦး”
***