ဆူနေးနှင့် ကျန်ရှိသော ကိုယ်ရံတော်များသည် တန်ယန်၏ တောင်းဆိုမှုကြောင့် ဇဝေဇဝါ ဖြစ်နေကြသော်လည်း အရှင်သစ်၏ စကားကို နားထောင်ရမည် ဖြစ်သဖြင့် အဖွဲ့ထဲတွင် ကိုယ်လုံးကိုယ်ထည် ခပ်ပါးပါး ကိုယ်ရံတော် တစ်ဦးကို ရှေ့သို့ထွက်စေကာ လက်ရည်စမ်းရန် ပြင်ဆင်ကြသည်။
အမှန်စင်စစ် ကိုယ်လုံးပါးသည် ဆိုသော်လည်း အားနည်းသည်ဟု မဆိုလိုပေ။ ဆူနေးက ထိုကိုယ်ရံတော်ကို အကြည့်တစ်ချက် ပေးလိုက်ရာ တစ်ဖက်လူကလည်း ချက်ချင်းပင် အဓိပ္ပာယ်ကို နားလည်သွား၏။ 'စိတ်မပူပါနဲ့၊ အရှင်သစ်ကို ငါ သေချာပေါက် အလျှော့ပေးမှာပါ' ဟု ထိုကိုယ်ရံတော်က စိတ်ထဲ၌ ကြုံးဝါးနေသည်။
တစ်မိနစ်ခန့်ကြာပြီး နောက်တွင်မူ... ယုံကြည်ချက် အပြည့်ရှိနေသော ထိုကိုယ်ရံတော်သည် စံအိမ်တော်၏ အေးစက်လှသော ကျောက်ခင်းလမ်းပေါ်တွင် ပက်လက်လန်လျက် အုံ့မှိုင်းနေသော ကောင်းကင်ကြီးကို ငေးကြည့်နေရတော့၏။ သူ၏ စိတ်ထဲတွင်လည်း 'ငါဘယ်သူလဲ... ငါ ဘယ်ရောက်နေတာလဲ' ဟူသော မေးခွန်းများဖြင့် ပြည့်နှက်နေ၏။
တန်ယန်သည် နှုတ်ခမ်းကို အသာဖိလိုက်မိ၏။ သူမ၏ အလယ်အလတ်အဆင့် ကိုယ်ခံပညာက တကယ်ပဲ ဒီလောက်တောင် စွမ်းတာလား။ အရပ် (၁.၈) မီတာရှိတဲ့ အမျိုးသား တစ်ယောက်ကို တစ်ကွက်တည်းနဲ့ လဲကျအောင် လုပ်နိုင်တာလား။
သူမသည် နားမလည်နိုင်သည့် အမူအရာဖြင့် ဆူနေးကို မော့ကြည့်လိုက်ရာ ကြောင်အမ်းအမ်း ဖြစ်နေသော ဆူနေး၏ မျက်နှာကို မြင်လိုက်ရသဖြင့် ပို၍ပင် ဇဝေဇဝါ ဖြစ်သွားရသည်။ 'နိုက်ဖော' လုံခြုံရေး ကုမ္ပဏီဆိုတာ နာမည်ပဲ ရှိတာလားဟုပင် သူမ တွေးမိသွား၏။
တန်ယန်၏ မျက်ဝန်းထဲမှ သံသယရိပ်ကို မြင်လိုက်ရသောအခါ ဆူနေးသည် သတိပြန်ဝင်လာပြီး ချောင်းနှစ်ချက်ဟန့်ကာ အနေရခက်နေသော အခြေအနေကို ပြုပြင်လိုက်လေသည်။
"အဟမ်း... မစ္စတန်၊ ဘလက်ဘက်ခ်က အဆင်သင့် မဖြစ်သေးလို့ပါ၊ နောက်တစ်ခေါက်လောက် ထပ်စမ်းကြည့်ပါဦးလား"
ထိုအခါ မြေပြင်ပေါ်တွင် လဲနေသော ဘလက်ဘက်ခ်သည် ချက်ချင်းပင် နွေဦးပေါက်သကဲ့သို့ ခုန်ထလာရုံမျှမက ကျန်ရှိသော ကိုယ်ရံတော်များကလည်း ထိုအဆိုပြုချက်ကို ထောက်ခံသည့် အနေဖြင့် ခေါင်းတငြိမ့်ငြိမ့် လုပ်ကြလေသည်။
အမှန်အတိုင်း ပြောရလျှင် ၎င်းတို့အားလုံး အံ့အားသင့်နေကြခြင်း ဖြစ်ပေသည်။ ဘလက်ဘက်ခ်မှာ သတိလက်လွတ် ဖြစ်သွားခြင်း ဖြစ်နိုင်သော်လည်း တစ်ဖက်တွင်မူ မိမိတို့ရှေ့မှ နုနယ်ပုံရသော မိန်းကလေးမှာ အမှန်တကယ် ပညာရှိကြောင်း သက်သေပြလိုက်ခြင်းပင်။
နှစ်မိနစ်ခန့်အကြာ၌ ဘလက်ဘက်ခ်သည် အေးစက်သော ကြမ်းပြင်ပေါ်သို့ တစ်ဖန်ပြန်လည် လဲကျသွားပြန်လေသည်။ သူ၏ တစ်သက်တာတွင် ယနေ့လောက် အရှက်ရခဲ့ဖူးသည်မှာ မရှိတော့ချေ။ 'ဟူး... အရှင်သစ်က ငါ့ကို အသုံးမကျတဲ့သူလို့ ထင်သွားမလား၊ ငါ အလုပ်ပြုတ်တော့မှာလား' ဟု သူ စိုးရိမ်နေမိတော့၏။
"ဆူနေး၊ နင်တို့အဖွဲ့ထဲမှာ အတော်ဆုံးက ဘယ်သူလဲ"
တန်ယန်သည် အားမရနိုင်ဘဲ ဖြစ်နေမိသည်။ ဤသည်မှာ ဂိမ်းထဲတွင် အဆင့်အမြင့်ဆုံး ကစားသမား တစ်ဦးက အစပြုသူများ၏ ကျေးရွာထဲသို့ဝင်ကာ လူသစ်များကို သတ်ဖြတ်နေသကဲ့သို့ ခံစားချက်မျိုး ဖြစ်နေသဖြင့် မည်သည့် အောင်မြင်မှု အရသာကိုမျှ မခံစားရသောကြောင့်ပင် ဖြစ်၏။
ဆူနေးသည် သူ၏ ရွှေရောင်မျက်မှန်ကို ချွတ်လိုက်ပြီး အရှင်သစ်နှင့် တွေ့ဆုံရန် စနစ်တကျ ဝတ်ဆင်ထားသော နက်တိုင်ကို အနည်းငယ် ဖြေလျော့လိုက်ရာ သူ၏အမူအရာမှာ ခန့်ညားတည်ကြည်သော အသွင်သို့ ပြောင်းလဲသွားသည်။
တန်ယန်၏ မျက်နှာလေးမှာ အနည်းငယ် နီမြန်းသွားရ၏။ ဤအမျိုးသားမှာ အမူအရာဖြင့် ဖမ်းစားနိုင်စွမ်း အလွန်ရှိလှပေသည်။ အသက်အရွယ် သို့မဟုတ် အချစ်ရေးနှင့် မသက်ဆိုင်ဘဲ သူ၏ အလိုအလျောက် ပေါ်ထွက်လာသော ဆွဲဆောင်မှုမှာ အမှန်တကယ်ပင် တားဆီးရန် ခက်ခဲလှသည်။
"ကျွန်တော်ပဲ စမ်းကြည့်ပါ့မယ်"
ဆူနေး၏ သံလိုက်ဓာတ်ပါသော အသံမှာ နားထဲတွင် ပဲ့တင်ထပ်ကာ စိတ်ကို ကြည်နူးသွားစေသည်။
ယခုတစ်ကြိမ်တွင်မူ တစ်မိနစ်၊ နှစ်မိနစ်နှင့် မပြီးတော့ချေ။ နှစ်ဦးသားမှာ အပြန်အလှန် တိုက်စစ်၊ ခုခံစစ်များဖြင့် အတော်ကြာအောင် လက်ရည်စမ်းနေကြရာ ကြည့်ရှုနေသူများမှာလည်း စိတ်ဝင်စားနေကြ၏။
"ငါတော့ ပညာတွေရပြီဟေ့၊ ဒီလိုမျိုးကိုး ငါတို့ အရှင်သစ်ကတော့ တကယ်ကို မခေဘူးပဲ၊ 'နတ်ဆိုးဘုရင်ကြီး' ဒန်နီရယ်ကိုတောင် ဒီလောက်ကြာအောင် ယှဉ်နိုင်တယ်"
ဟု ဘေးမှ ကိုယ်ရံတော်များက တအံ့တသြ ရေရွတ်နေကြလေသည်။
နာရီဝက်ခန့် ကြာပြီးနောက်တွင်မူ နှစ်ဦးသားမှာ တစ်ပြိုင်နက်တည်း ရပ်လိုက်ကြရာ တိုက်ပွဲမှာ သရေဖြင့်သာ အဆုံးသတ်သွားသည်။
တိုက်ပွဲကြာလာသည်နှင့်အမျှ ဆူနေးသည် ပို၍ပင် အံ့အားသင့်လာရ၏။ တန်ယန်မှာ တိုက်ခိုက်ရေး အတွေ့အကြုံ အားနည်းနေသည်မှာ ထင်ရှားသော်လည်း အခြေအနေအပေါ် လိုက်လျောညီထွေ ပြောင်းလဲနိုင်စွမ်းမှာမူ အံ့ဩစရာ ကောင်းသည်။ အကယ်၍ အချိန်အတိုင်းအတာ တစ်ခုသာ ပေးလိုက်မည် ဆိုပါက သူမသည် ဘလက်ဘက်ခ်ကို အနိုင်ယူခဲ့သကဲ့သို့ သူ့ကိုလည်း သေချာပေါက် ကျော်လွန်သွားပေလိမ့်မည်။ ထိုအခါ ဆူနေးသည် စိတ်ထဲ၌ အနည်းငယ် ရှက်ရွံ့သွားမိသည်။ ဤမျှ အစွမ်းထက်သော အရှင်သစ်မျိုး ရှိနေပါက လက်အောက်ငယ်သား တစ်ဦးအနေဖြင့် မည်သို့ စိတ်အေးလက်အေး နေနိုင်ပါတော့မည်နည်း။
တန်ယန်မှာမူ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ကြည်နူးမှုကို ခံစားနေရ၏။ ယခုမှပင် သူမနှင့် လက်ရည်တူ ယှဉ်နိုင်သော ပြိုင်ဘက်ကောင်း တစ်ဦးကို ပထမဆုံးအကြိမ် တွေ့ရှိခဲ့ရခြင်းဖြစ်ရာ အမှန်တကယ်ပင် ပျော်ရွှင်စရာ ကောင်းလှသည်။
ယိတျန်တျန်ကမူ သူမအား အခြေခံဗဟုသုတ အချို့ကို ရှင်းပြပေးနေသည်။ 'နိုက်ဖော' လုံခြုံရေး ကုမ္ပဏီ၏ အဆင့်သတ်မှတ်ချက်မှာ လက်သီးလက်မောင်း တိုက်ခိုက်ရေး စွမ်းရည်တစ်ခုတည်းအပေါ် မူတည်သည် မဟုတ်ဘဲ စက်ကိရိယာနှင့် နည်းပညာများကို ကျွမ်းကျင်စွာ အသုံးချနိုင်မှု အပေါ်တွင်လည်း မူတည်ပေသည်။ ထို့ကြောင့်ပင် ရှေးလူကြီးများက 'ကိုယ်ခံပညာ မည်မျှပင် တော်စေကာမူ မီးဖိုချောင်သုံး ဓားတစ်လက်ကိုပင် ကြောက်ရသည်' ဟု ဆိုခဲ့ကြခြင်း ဖြစ်သည်။
အချိန်တို့သည် ကုန်ဆုံးသွားခဲ့ရာ မျက်စိတစ်မှိတ် အတွင်းမှာပင် ဖက်ရှင်ရက်သတ္တပတ်မှာ ပြီးဆုံးရန် နီးကပ်လာခဲ့လေပြီ။
ယီယွီယဉ်ကျေးမှု၏ အကြောင်းမှာ Weibo နှင့် တရုတ်နိုင်ငံ၏ အခြားသော အဓိက ဖိုရမ်များတွင် အနှံ့အပြား ပျံ့နှံ့နေတော့သည်။
နေ့စဉ်နေ့တိုင်း လူမှုကွန်ရက် စာမျက်နှာများပေါ်တွင် အနုပညာရှင်များ၏ လှပသော ဓာတ်ပုံများစွာ တက်လာသည့်အခါ ယီယွီ၏ အနုပညာရှင်များသည် တစ်ပုံစံတည်း ထွက်လာသော အလှအပမျိုး မဟုတ်ဘဲ တစ်ဦးချင်းစီတွင် ထူးခြားသည့် အလှတရားများ ရှိနေကြသည်ကို လူတို့က အံ့သြစွာ တွေ့ရှိသွားကြသည်။ ပို၍ပင် အံ့အားသင့်စရာ ကောင်းသည်မှာ လူတိုင်း၏ ပြင်ဆင်မှုဟန်မှာ ၎င်းတို့နှင့် ကွက်တိကျနေပြီး ဖက်ရှင် အမှားအယွင်းဟူ၍ လုံးဝမရှိခြင်းပင်။
ဤဖက်ရှင် ရက်သတ္တပတ်သို့ တက်ရောက်ခဲ့သည့် အနုပညာရှင်တိုင်းမှာ ပရိသတ် အမြောက်အမြားကို ပိုင်ဆိုင်သွားခဲ့ရာ အခြားသော အနုပညာရှင်များမှာလည်း အလွန်ပင် မနာလို ဖြစ်သွားကြသည်။ ယခုအခါတွင်မူ အနုပညာ လောကအတွင်းရှိ လူတိုင်းက 'ယီယွီထဲသို့ ဝင်ရောက်နိုင်ခြင်းသည် အောင်မြင်မှု လမ်းပေါ်သို့ ခြေချလိုက်ခြင်းပင် ဖြစ်သည်' ဟူသော အယူအဆကို လက်ခံလိုက်ကြတော့၏။
တန်ယန်သည် YL နိုင်ငံတွင် နေထိုင်ခဲ့သည်မှာ အတော်ပင် ကြာမြင့်ခဲ့ပြီဖြစ်ရာ လာမည့် ဗုဒ္ဓဟူးနေ့တွင် အယ်လီဆာနှင့် တွေ့ဆုံပြီးနောက် နေရပ်သို့ပြန်ရန် စီစဉ်ထားလေသည်။ ချင်ယွီရုံကလည်း M မြို့တောာ် လေဆိပ်မှ ထွက်ခွာ၍ H မြို့တော်လေဆိပ်သို့ ဆင်းသက်မည့် ကိုယ်ပိုင်လေယာဉ်ကို ကြိုတင်မှာယူထားပြီး ဖြစ်သည်။ ထို့နောက်တွင်မူ H မြို့တော်မှတစ်ဆင့် S မြို့တော်သို့ ကားဖြင့်ပြန်ကြမည် ဖြစ်သည်။
မပြန်ခင်တွင် တန်ယန်သည် ယွီချန်းနျန်အား သူမအသစ် ရရှိထားသော မြင်းမွေးမြူရေးခြံနှင့် ရဲတိုက်ကြီးသို့ ခေါ်ဆောင်သွားခဲ့သည်။ မူလကမူ ရဲတိုက်ကို သွားရောက် ကြည့်ရှုပြီးနောက် အီတန်ဟိုတယ်သို့ပြန်ရန် ရည်ရွယ်ထားသော်လည်း တန်ယန်သည် ထိုနေရာ၏ ရှုခင်းများအပေါ် မမျှော်လင့်ဘဲ စွဲလန်းသွားခဲ့လေသည်။
ကောင်းကင်သို့ ထိုးထွက်နေသော ရဲတိုက်၏ အချွန်အတက်များ၊ ကျုံးများဖြင့် ဝန်းရံထားသော နန်းဆောင် ဥယျာဉ်များနှင့် တံတားတို့မှာ ပုံပြင်ထဲမှ အိပ်မက်ရဲတိုက်ကြီး တစ်ခုနှင့်ပင် ဆင်တူနေသည်။ ဤမြင်ကွင်းက တန်ယန်၏ မိန်းကလေးဆန်သော စိတ်ကူးယဉ် အိပ်မက်များကို ချက်ချင်းပင် ဖမ်းစားသွားခဲ့လေတော့၏။
သူမသည် ချက်ချင်းပင် ဆုံးဖြတ်ချက် တစ်ခုကို ချလိုက်သည်။ YL နိုင်ငံတွင် ကျန်ရှိနေသောအချိန် အတောအတွင်း သူမသည် ဤနေရာ၌သာ နေထိုင်သွားမည် ဖြစ်သည်။
နှင်းဆီဥယျာဉ်ဟု အမည်တွင်သော ထိုရဲတိုက်ကြီးတွင် အိမ်အကူချုပ် တစ်ဦးနှင့် အစေခံပေါင်း တစ်ရာကျော် ရှိလေသည်။ ဤသည်မှာပင် ဝန်ထမ်းအင်အား လျှော့ချထားပြီး နောက်ပိုင်းအခြေအနေ ဖြစ်သည်ဟု ဆိုကြ၏။ အရင်အချိန်တုန်းကဆိုလျှင် ထိုရဲတိုက်ကြီးတွင် အစေခံပေါင်း သုံးရာနီးပါးအထိ ရှိခဲ့ဖူးသည်။
တန်ယန်သည် ဤရဲတိုက်၏ ယခင်ပိုင်ရှင်မှာ မည်သူဖြစ်သည်ကို မသိရှိသော်လည်း ယခုအခါတွင်မူ ၎င်းသည် တန်မိသားစု၏ ပိုင်ဆိုင်မှု ဖြစ်သွားခဲ့ပြီ ဖြစ်သည်။
အေးစိမ့်လှသော ဆောင်းရာသီ၏ အလယ်ဗဟိုသို့ ရောက်ရှိနေသော်လည်း ရဲတိုက်၏ နောက်ဘက်ရှိ မှန်လုံအိမ် အတွင်း၌မူ ရှားပါးလှသော နှင်းဆီမျိုးစုံမှာ အပြိုင်အဆိုင် ဖူးပွင့်ဝေဆာနေကြသည်။ တန်ယန်အား အထင်အရှားဆုံး စွဲလန်းသွားစေသည့် အရာမှာ မှန်လုံအိမ်၏ ထောင့်တစ်နေရာတွင် ပြည့်နှက်နေသော နှင်းဆီနက်များပင် ဖြစ်၏။ ၎င်းတို့၏ ဘေးနားတွင်လည်း မီးလျှံကဲ့သို့ နီမြန်းသော နှင်းဆီများမှာ စိတ်အားထက်သန်စွာ ပွင့်လန်းနေကြသည်။ ထိုအရောင် နှစ်မျိုး၏ သိသာထင်ရှားလှသော အမြင်အာရုံ ကွာခြားချက်က သူမကို အံ့အားသင့်စေသကဲ့သို့ ကြည်နူးမှုကိုလည်း ပေးစွမ်းလေသည်။
ရဲတိုက်၏ အတွင်းပိုင်းနှင့် ပတ်ဝန်းကျင် အချို့ကို လှည့်လည် ကြည့်ရှုပြီးနောက်တွင် မှောင်ရီပျိုးလာခဲ့ကာ လေပြင်းများ တဝူးဝူး တဝုန်းဝုန်း တိုက်ခတ်လာပြီးနောက် အေးစိမ့်လှသော လေညင်းသံများသာ ကျန်ရစ်တော့၏။
ရဲတိုက်၏ စားသောက်ခန်းမကြီးသည်လည်း ကာလရှည်ကြာ စောင့်မျှော်ခဲ့ရသော ပိုင်ရှင်အသစ်ကို နွေးထွေးစွာ ကြိုဆိုလိုက်လေသည်။ စားဖိုမှူးများမှာလည်း ၎င်းတို့၏ အလုပ်ရှင်အပေါ် အကောင်းဆုံး အထင်ကြီးမှု ရရှိစေရန်အတွက် အစွမ်းကုန် ကြိုးစားအားထုတ် ထားကြလေသည်။
ဒယ်အိုးဖြင့် ကင်ထားသော နွားငယ်သားမှာ နူးညံ့ပြီး အရည်ရွှဲလှသည့်အပြင် ပျားရည်ဆော့စ်ဖြင့် စီမံထားသော ဘဲရင်အုပ်သားမှာလည်း အချိုအငန် အရသာ မျှတကာ အလွန်ပင် စားကောင်းလှသည်။ နူးညံ့လှသော ကွတ်ကီးများကို ငါးဥနှင့် ဘဲငန်းအသည်းဆော့စ်တို့ဖြင့် တည်ခင်းထားပြီး မုန့်ဟင်းခါး ပန်းကန်ကဲ့သို့ ကြွပ်ရွနေသော ငါးကင်ကိုမူ ပန်းဂေါ်ဖီစိမ်းဆော့စ်ဖြင့် တွဲဖက်ထားလေသည်။ အချိုပွဲအဖြစ် တည်ခင်းသော နှင်းဆီနံ့သင်းသည့် စတော်ဘယ်ရီ ကိတ်မှာမူ သူမ၏ စိတ်ကြိုက်ပင် ဖြစ်ပေတော့သည်။
နေရပ်သို့ ပြန်ရောက်သွားသည့်အခါ ဤနေရာမှ အချိုပွဲများကို လွမ်းဆွတ်ပြီး မတွေးဘဲ မနေနိုင်အောင် ဖြစ်နေတော့မည်။
ချင်ယွီရုံနှင့် ယွီချန်းနျန်တို့မှာလည်း အစားအစာများကို အလွန်ပင် နှစ်သက် သဘောကျကြလေသည်။ ယွီချန်းနျန်က တဟားဟား ရယ်မောလျက် တန်ယန်အား စနောက်လိုက်သည်။
"ဒီအဖိုးကြီးကတော့ တစ်သက်လုံး နေလာခဲ့တာ အခုမှပဲ ဒီလိုခမ်းနားတဲ့ ထမင်းတစ်နပ်ကို စားဖူးတော့တယ်၊ ခွင့်လွှတ်ပါဦး၊ ခွင့်လွှတ်ပါဦး"
"ဆရာ... ဆရာ အားရပါးရနဲ့ စားနေတာကိုသာ မမြင်ခဲ့ရင် သမီးလည်း ဆရာပြောတာကို ယုံမိတော့မှာပဲ"
ယွီချန်းနျန်သည် မိမိ၏ လျှို့ဝှက်ချက်ကို ဖော်ထုတ်ခံလိုက်ရသော်လည်း ရှက်ရွံ့ခြင်း သို့မဟုတ် စိတ်ဆိုးခြင်း အလျဉ်းမရှိချေ။ သူသည် မြင့်မြတ်သော ဂုဏ်သရေရှိ ပွဲလမ်းသဘင် များစွာနှင့် နိုင်ငံတော်အဆင့် တည်ခင်း ဧည့်ခံပွဲများသို့ပင် ဖိတ်ကြားခံခဲ့ရဖူးသော်လည်း ယခုခံစားရသော ဂုဏ်ယူမှုမျိုးကိုမူ မည်သည့်ပွဲကမျှ မပေးနိုင်ခဲ့ချေ။ ဤသည်မှာ မိမိ၏ တပည့်မလေးက သိတတ် လိမ္မာသောကြောင့်ပင် ဖြစ်၏။ ထိုအဖိုးကြီးတွေထဲမှာ ဘယ်သူကများ ငါ့လို ကံကောင်းလို့လဲဟု တွေးနေမိလေသည်။
ညစာစားပြီးနောက်တွင် သူတို့သုံးဦးသည် စားသောက်ခန်းမဘေးရှိ ဧည့်ခန်းငယ်လေးတွင် စုဝေးကာ မီးလှုံရင်း စကားစမြည် ပြောဆိုနေကြသည်။
ရဲတိုက်၏ အိမ်အကူချုပ်မှာ ရက်ဒ်ဝင်းဟု အမည်ရပြီး 'နှင်းဆီဥယျာဉ်' ရဲတိုက်တွင် လုပ်သက် နှစ်သုံးဆယ်နီးပါး ရှိနေပြီဖြစ်၏။ သူအငြိမ်းစားယူပြီး နောက်တွင်မူ သားဖြစ်သူက အိမ်အကူချုပ် အသစ်အဖြစ် ဆက်ခံမည် ဖြစ်သည်။
【ရက်ဒ်ဝင်းကို 'သစ္စာစောင့်သိမှုကတ်' ပေးလိုက်ပါဦး သူက တို့တွေနဲ့ တစ်မျိုးတည်း မဟုတ်ဘူးလေ ဒါနဲ့... ဆူနေးတို့ အဖွဲ့ရော ဘယ်လိုလုပ်မလဲ】
【အရှင်... နောက်ဆုံးတော့လည်း သစ္စာစောင့်သိမှု ကတ်တွေကို အသုံးပြုဖို့ သတိရလာပြီပေါ့လေ လိုအပ်တဲ့သူ အားလုံးကို တစ်ခါတည်း ဘာလို့ မသုံးလိုက်တာလဲ အရှင့်ဆီမှာ ဒီကတ်တွေ အများကြီး ရှိနေတာပဲဟာ】
***