【ကောင်းပြီလေ၊ ဘယ်လိုလုပ်ရမလဲဆိုတာ နင်ပဲ ဆုံးဖြတ်လိုက်တော့】
တန်ယန်သည် စိတ်ထဲမှကျိတ်၍ တွေးမိလေသည်။ 'နိုက်ဖောလုံခြုံရေးအဖွဲ့က လူတွေအားလုံးကို အသုံးပြုမယ် ဆိုရင်တောင် လူအင်အား လုံလောက်မှာ မဟုတ်ဘူး'
နောက်တစ်နေ့ နံနက်တွင် တန်ယန်သည် သူမ၏ ခုတင်ကြီးပေါ်တွင် နိုးထလာခဲ့ရာ ပြတင်းပေါက် အပြင်ဘက် တစ်ကမ္ဘာလုံး နှင်းဖွေးဖွေးတို့ဖြင့် ဖုံးလွှမ်းနေသည်ကို တွေ့လိုက်ရလေသည်။ အမှန်တကယ်ပင် နှင်းများ ကျဆင်းနေခဲ့ပြီ ဖြစ်၏။
သူမသည် နူးညံ့လှသော ကော်ဇောပေါ်တွင် ခြေဗလာဖြင့် လမ်းလျှောက်သွားကာ ပြတင်းပေါက် တံခါးကြီးများကို တွန်းဖွင့်လိုက်ရာ အေးစိမ့်လှသော လေပြင်းနှင့်အတူ နှင်းပွင့်အချို့မှာ အခန်းထဲသို့ လွင့်စင်ကာ ဝင်ရောက်လာတော့သည်။ သူမသည် အအေးဒဏ်ကြောင့် တစ်ကိုယ်လုံး တုန်တက်သွားရသည်။
ဒေါက် ဒေါက် ဒေါက်...
"ဝင်ခဲ့ပါရှင်"
တန်ယန်သည် လှည့်ကြည့်လိုက်ရာ ဝင်လာသူမှာ ချင်ယွီရုံ ဖြစ်နေလေသည်။
"ယန်ယန်... မစ္စကာရင်းဆီက ဖုန်းလာနေတယ်"
ချင်ယွီရုံသည် မနေ့ညက တန်ယန် ဧည့်ခန်းငယ်ထဲတွင် မေ့ကျန်ခဲ့သောဖုန်းကို ကိုင်ဆောင်လျက် ဝင်လာခြင်း ဖြစ်ပေသည်။
တန်ယန်သည် ပြတင်းပေါက်ကို ပြန်ပိတ်လိုက်ပြီး ပြတင်းပေါက်ဘေးရှိ ဆိုဖာကုလားထိုင်ပေါ်တွင် မှီထိုင်လိုက်လေသည်။
"ဟယ်လို... ကာရင်း"
"ယာနာ၊ နှင်းတွေကျနေပြီနော်၊ တို့တွေ အတူတူသွားဖို့ ဟိုတယ်ကို ငါလာကြိုရမလား"
"အော်... ငါပြောဖို့ မေ့သွားတယ်၊ ငါအခု ဟိုတယ်မှာ မရှိတော့ဘူး"
...
ဖုန်းချပြီးနောက် တန်ယန်သည် ခေါင်းကို အသာခါယမ်းလျက် လှိုက်လှိုက်လှဲလှဲ ရယ်မောလိုက်မိလေသည်။
သူမသည် 'နှင်းဆီဥယျာဉ်' ၏ ပိုင်ရှင်ဖြစ်ကြောင်း ပြောလိုက်ချိန်တွင် တစ်ဖက်မှ ဖုန်းပြုတ်ကျသွားသံ 'ဂလောက်' ဆိုသည့်အသံကို အတိုင်းသား ကြားလိုက်ရသောကြောင့် ဖြစ်၏။
မူလကမူ သူမသည် ယနေ့တွင် အယ်လီဆာ၏ နေအိမ်သို့ ကာရင်းနှင့်အတူ သွားရောက်ကာ ကျန်းမာရေး အခြေအနေကို စစ်ဆေးပေးရန် ဖြစ်ပေသည်။ သို့သော် ယခုအခါတွင်မူ ၎င်းတို့နှစ်ဦးစလုံးက ရဲတိုက်သို့ လာရောက်တွေ့ဆုံရန် ဆုံးဖြတ်လိုက်ကြလေပြီ။
ဤသည်မှာလည်း ကောင်းပါသည်၊ အနည်းဆုံးတော့ နှင်းတောထဲတွင် အပြင်သို့ ထွက်စရာ မလိုတော့ပြီ မဟုတ်ပါလော။
"မမရုံ၊ ရက်ဒ်ဝင်းကို ဧည့်သည်တွေ ကြိုဆိုဖို့ ပြင်ဆင်ထားခိုင်းလိုက်ပါဦး"
"ကောင်းပါပြီ"
နှစ်နာရီခန့် ကြာပြီးနောက် ကာရင်းသည် အယ်လီဆာနှင့်အတူ ရောက်ရှိလာခဲ့လေသည်။
"ဝါး ယာနာ၊ နင်က သူဌေးမလေး တစ်ယောက်ဆိုတာ ငါသိထားပေမဲ့လည်း အခုတော့ တကယ်ကို အံ့သြမိတာပဲ။ နင်က တကယ်ပဲ နှင်းဆီဥယျာဉ်ရဲ့ လက်ရှိပိုင်ရှင် ဖြစ်နေတာလား"
ကာရင်းက သူမ၏ ခံစားချက်ကို ပွင့်ပွင့်လင်းလင်းပင် ထုတ်ဖော် ပြောဆိုလိုက်လေသည်။
"နင်သိလား... YL နိုင်ငံရဲ့ အထက်တန်းလွှာတွေကြားမှာ အမြဲပြောလေ့ရှိတဲ့ စကားတစ်ခွန်း ရှိတယ်လေ"
"အင်း၊ အဲဒီအကြောင်းကို ငါလည်းကြားဖူးတယ်"
အယ်လီဆာက စကားဝိုင်းထဲသို့ ဝင်ရောက် ပြောဆိုလိုက်လေသည်။ တန်ယန်ပေးခဲ့သော ပြုပြင်ဆေးရည်ကို အသုံးပြုပြီးနောက် ယခုအခါ သူမ၏မျက်နှာမှာ ဖြူစင်ဝင်းပကာ ချောမွေ့နေရုံမျှမက ကျန်းမာသော ပန်းရောင်သန်းလျက် ရှိနေပေသည်။ အမည်းစက်များ မဖြစ်ပေါ်မီက အခြေအနေထက်ပင် ပိုမို၍ ပြီးပြည့်စုံနေတော့၏။
"အဲဒါက ဘာစကားမို့လို့လဲ"
တန်ယန်က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်လေသည်။
"နှင်းဆီဥယျာဉ်ရဲ့ ပိုင်ရှင်ဟာ အရမ်းကို လျှို့ဝှက်ဆန်းကြယ်တဲ့ သူဌေးကြီး တစ်ယောက်ဖြစ်ပြီး အသက်က အနည်းဆုံး ခြောက်ဆယ်လောက် ရှိပြီလို့ ပြောကြတာလေ"
ကာရင်းက လက်ချောင်းခြောက်ချောင်း ထောင်ပြလျက် ဆိုလေသည်။
"ဖူး"
တန်ယန်သည် သောက်လက်စရေပင် ပြန်ထွက်မတတ် ဖြစ်သွားရ၏။
"ကောလာဟလတွေက တကယ်ကို ကြောက်စရာကောင်းတာပဲ"
"ဟုတ်ပါ့၊ အကယ်၍သာ ရဲတိုက်ပိုင်ရှင်က ဒီလောက်တောင် ငယ်ရွယ်တယ်ဆိုတာ သူတို့သာ သိသွားရင် အားလုံး မှင်တက်သွားကြမှာ အသေအချာပဲ"
အယ်လီဆာက ပါးစပ်ကလေးကိုအုပ်ကာ တဟိဟိ ရယ်မောလိုက်လေသည်။
"ယာနာ၊ ငါ့မှာ တောင်းဆိုစရာ တစ်ခုရှိတယ်။ နောက်အပတ်မှာ ငါတို့ မဂ္ဂဇင်းအတွက် မျက်နှာဖုံးဓာတ်ပုံ ရိုက်ကူးဖို့ရှိတယ်၊ ငါ အဲဒီအတွက် နေရာရှာနေတာ။ နင့်ရဲ့ ရဲတိုက်မှာ အလွန်ခမ်းနားတဲ့ နှင်းဆီဥယျာဉ် ရှိတယ်လို့ ငါကြားဖူးတယ်။ အဲဒီနေရာလေးကို တစ်ရက်လောက် ငှားလို့ရမလားဟင်။ နေရာငှားခကို ငါပေးပါ့မယ်"
ကာရင်းသည် အနည်းငယ် စိုးရိမ်တကြီးဖြင့် မေးလိုက်လေသည်။ သူမသည် အရာရာကို အကောင်းဆုံး ဖြစ်လိုသူ တစ်ဦးဖြစ်၏။ အကယ်၍ ရွေးချယ်စရာ မရှိပါက ကိစ္စမရှိသော်လည်း၊ အကောင်းဆုံး ရွေးချယ်စရာ ရှိနေပါလျက်နှင့် အခြားသာမန်နေရာ တစ်ခုတွင် ရိုက်ကူးရမည် ဆိုပါက သူမ ရူးသွားနိုင်ပေသည်။
"ရတာပေါ့၊ ဒါပေမဲ့ နောက်အပတ်ဆိုရင် ငါက တရုတ်နိုင်ငံကို ပြန်သွားလောက်ပြီ။ အဲဒီကျရင်တော့ ရက်ဒ်ဝင်းနဲ့ပဲ ဆက်သွယ်လိုက်နော်။ ငှားခပေးဖို့တော့ မလိုပါဘူး၊ ငါ့မှာ ငွေမရှားဘူးဆိုတာ နင်သိသားပဲ"
တန်ယန်က ချက်ချင်းပင် သဘောတူလိုက်လေသည်။ အခြားသူများ အမြင်တွင် ကာရင်း၏ တောင်းဆိုမှုမှာ အားနာစရာမရှိဟု ထင်ရသော်လည်း၊ တန်ယန်၏ အမြင်တွင်မူ သူငယ်ချင်း အစစ်အမှန် ဆိုသည်မှာ မိမိဖြစ်ချင်သည်ကို ပွင့်ပွင့်လင်းလင်း ပြောဆိုရမည်ဟု ယူဆထားခြင်း ဖြစ်ပေသည်။
"တကယ်ကို ကျေးဇူးတင်ပါတယ်။ နင့်ရဲ့အကူအညီကို ငါအမြဲ မှတ်ထားပါ့မယ်။ နောင်တစ်ချိန်မှာ တစ်ခုခု အကူအညီ လိုလာရင်လည်း ငါ့ကိုသာ အားမနာတမ်း ပြောနော်"
ကာရင်းသည် ဤကဲ့သို့ ပွင့်လင်းပြတ်သားသော သူမျိုးကို အလွန်ပင် နှစ်သက်မိလေသည်။
"အဲဒီအခါ ကျရင်တော့ ငါက နင့်ကို ခဏခဏ ဒုက္ခပေးမိမှာနော်။ နင်မသိသေးဘူးထင်တယ်၊ ငါက C နိုင်ငံမှာ ဖျော်ဖြေရေး ကုမ္ပဏီတစ်ခု ပိုင်တယ်လေ"
"တကယ်လား၊ ကုမ္ပဏီနာမည်က ဘယ်လိုခေါ်လဲ။ နောက်ကျ သင့်တော်တဲ့ အလုပ်တွေရှိရင် နင့်ကုမ္ပဏီက အနုပညာရှင်တွေကိုပဲ ငါဦးစားပေးပြီး ရွေးချယ်ပေးပါ့မယ်"
ဟု ကာရင်းက အလေးအနက် ပြောကြားလိုက်လေသည်။
"ယီယွီယဉ်ကျေးမှုပါ"
*
အရုဏ်ဦး အလင်းတန်းများ ပေါ်ထွန်းလာချိန်တွင် H မြို့တော် လေဆိပ်သည် အလွန်တရာ ခမ်းနားထည်ဝါလှသော ကိုယ်ပိုင်လေယာဉ် တစ်စင်းကို ကြိုဆိုခွင့် ရခဲ့လေသည်။ ၎င်းမှာ တန်ယန်၏ "မျက်နှာသစ်" ဟု အမည်ပေးထားသော လေယာဉ် အသစ်စက်စက်ပင် ဖြစ်ပေသည်။
တန်ယန်သည် ယွီချန်းနျန်အား လေယာဉ်ပေါ်မှဆင်းရန် ကူညီဖေးမပေးလိုက်၏။ ၎င်းတို့နှစ်ဦး၏ ကြည်လင် ဝင်းပနေသော မျက်နှာသွင်ပြင်ကို ကြည့်ခြင်းအားဖြင့် ခရီးစဉ်တစ်လျှောက် ကောင်းစွာ အနားယူခဲ့ကြသည်မှာ သိသာလှပေသည်။
ထိုသုံးဦးအပြင် 'နိုက်ဖော' လုံခြုံရေးကုမ္ပဏီမှ ကိုယ်ရံတော် ၁၁ ဦးလည်း ယခုခရီးစဉ်တွင် အတူတကွ လိုက်ပါလာခဲ့ကြလေသည်။ သူတို့၏ ကုဒ်နံပါတ်များမှာ ၀ မှ ၁၀ အထိ ဖြစ်ပြီး မှတ်မိရ လွယ်ကူလှသော နံပါတ် ၁၁ ခုပင် ဖြစ်၏။ ဤအဖွဲ့မှာ ဆူနေးက တန်ယန်အတွက် အထူးရွေးချယ် ပေးထားသည့် သီးသန့်လုံခြုံရေးအဖွဲ့ ဖြစ်ပေသည်။
တန်ယန်သည် 'နိုက်ဖော' လုံခြုံရေးကုမ္ပဏီကို လွှဲပြောင်းရယူခဲ့ပြီးနောက် မူလစီမံခန့်ခွဲမှု ပုံစံကို ဝင်ရောက်စွက်ဖက်ခြင်း မပြုခဲ့ဘဲ လစာကိုသာ ၅၀ ရာခိုင်နှုန်း တိုးမြှင့်ပေးခဲ့လေသည်။ ဤလုပ်ရပ်ကပင် လူအများစု၏ ထောက်ခံအားပေးမှုကို ရရှိစေခဲ့၏။
ကြည်ညိုစိတ် မတိုးပွားလာသူများမှာမူ ၎င်းတို့၏ မူလအထက်လူကြီး အပေါ်တွင်သာ သစ္စာစောင့်သိမှု ပိုမို ပြင်းထန်နေခြင်းကြောင့်သာ ဖြစ်ပေသည်။ သို့သော်လည်း ဤသည်က တန်ယန်၏ အမြင်အပေါ် သက်ရောက်မှု မရှိပေ၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ အလုပ်အကျွေး ပြုနေသည့် ပုဂ္ဂိုလ်မှာ သူမအပေါ် သစ္စာရှိနေသရွေ့ သူမကို အလုပ်အကျွေး ပြုနေသည်နှင့် မခြားနားသောကြောင့်ပင် ဖြစ်ပေသည်။
ယွီချန်းနျန်အား အိမ်သို့ ပို့ဆောင်ပေးပြီးနောက် အချိန်ဆွဲမနေတော့ချေ။ တန်ယန်သည် သူမ ကံစမ်းမဲမှ ရရှိထားသော ဇိမ်ခံကား ၁၀ စီးကို H မြို့ရှိ အကြီးဆုံး ကားအရောင်းပြခန်းသို့ သွားရောက်ထုတ်ယူကာ S မြို့တော်သို့ တိုက်ရိုက် မောင်းနှင်လာခဲ့လေသည်။
ဇိမ်ခံကား ၁၀ စီး တန်းစီမောင်းနှင်လာသည့် မြင်ကွင်းမှာ လမ်းတစ်လျှောက်တွင် အလွန်ပင် ခမ်းနားထည်ဝါလှပြီး လမ်းသွားလမ်းလာများနှင့် ဓာတ်ပုံဆရာ များစွာ၏ အာရုံစိုက်မှုကို ရရှိခဲ့သည်ဟု ဆိုရပေမည်။
တန်ယန်သည် အမျိုးသားတစ်ဦး မဟုတ်သော်လည်း လှပခန့်ညားသော ကားများကိုမူ အလွန်ပင် နှစ်သက်မိလေသည်။
ဥပမာအားဖြင့် ယခုအကြိမ်တွင် သူမရရှိခဲ့သော ခရမ်းရောင် လမ်ဘော်ဂီနီ ဗီနီနိုမှာ ညဘက်၏ ဘုရင်တစ်ပါးကဲ့သို့ ဆွဲဆောင်မှုအပြည့် ရှိနေသည်ဟု သူမခံစားမိ၏။ ကျန်ရှိသော ကား ၉ စီးမှာလည်း လမ်ဘော်ဂီနီ ရီဗင်တန်တစ်စီး၊ ငွေရောင်နှင့် နီလာပြာရောင် ကိုးနစ်ဆတ် ဝမ်း တစ်စီးစီ၊ ဘူဂါတီ ဗေရွန်တစ်စီး၊ ဘန်တလေ ဘာကာလာတစ်စီး၊ အနီရောင်နှင့် အဝါရောင် ဖာရာရီ လာဖာရာရီ တစ်စီးစီနှင့် ပါဂါနီ ဝိုင်ရာတစ်စီးတို့ ဖြစ်ကြလေသည်။
ထိုအဖွဲ့ S မြို့တော်ရှိ ဇူးယုန်းတောင်ကုန်း ဗီလာစံအိမ်သို့ ရောက်ရှိချိန်တွင်မူ H မြို့တော်၌ ဇိမ်ခံကားတန်းကြီး ပေါ်ထွက်လာသည့် အကြောင်းမှာ Weibo ၏ ရေပန်းအစားဆုံး ခေါင်းစဉ် ဆယ်ခုအတွင်းသို့ ရောက်ရှိနေပြီ ဖြစ်ပေသည်။
【ငါ့သက်တမ်း တစ်လျှောက်မှာ ဒီလောက်များတဲ့ ဇိမ်ခံကားတွေနဲ့ စူပါကားတွေကို တစ်ပြိုင်တည်း မမြင်ဖူးခဲ့ဘူး】
【ငွေညှစ်ဖို့အတွက် အက်စီးဒင့်ဖြစ်အောင် တမင်သွားတိုက်ချင်မိတယ်...】
【ဒါက တစ်ခုခုက ကျင်းပတဲ့ ပွဲလမ်းသဘင်လား။ ဒီလောက်ရှားပါးတဲ့ ဇိမ်ခံကားတွေ အများကြီး၊ သူတို့မှာ ငွေအင်အား ဘယ်လောက်တောင် ရှိနေကြလို့လဲ】
【ဒါက ဆင်းရဲသား မိန်းကလေးတစ်ယောက် သိသင့်တဲ့ သတင်းမျိုးလား】
【ဒါက ရုပ်သံဇာတ်လမ်းတွဲ ရိုက်ကူးနေတာ မဟုတ်ဘူးဆိုတာ သေချာရဲ့လား။ အိုး... မဟုတ်ဘူး၊ ဒါက ရုပ်ရှင်နဲ့ပိုတူတယ်... ဘာလို့လဲဆိုတော့ ဒီလောက် အကုန်အကျများတဲ့ ဘတ်ဂျက်မျိုးနဲ့ဆိုရင် ရုပ်သံဇာတ်လမ်းတွဲ ဆိုရင်တော့ ဒေဝါလီခံရမှာ အသေအချာပဲ】
【ဒီဇိမ်ခံကားတန်းကြီးနဲ့ ဒီနေ့မနက်က D မြို့တော်အပြန် အဝေးပြေး လမ်းမပေါ်မှာ ဆုံခဲ့သေးတယ်။ ဆေးသားလေး တစ်စက်တောင် မတော်တဆ ပွတ်မိသွားမှာစိုးလို့ လမ်းကြော နှစ်ခုစာလောက်ခွာပြီး မောင်းခဲ့ရတယ်။ ငါ့ရဲ့ အစုတ်ပလုတ် ကားလေးကို ရောင်းရင်တောင် လျော်ကြေးပေးနိုင်မှာ မဟုတ်ဘူးလေ】
【ငါ့မျက်စိမမှားဘူး ဆိုရင်တော့ အဲဒီကားတန်းကြီးက ငါ့ဘေးကနေ ခုလေးတင်ပဲ ဖြတ်သွားတာ၊ ငါတို့မြို့ရဲ့ အထက်တန်းစား ရပ်ကွက်တစ်ခုဆီကို ဦးတည်သွားနေတာပဲ】
【အပေါ်က မှတ်ချက်ပေးတဲ့သူက ဘယ်မြို့ကလဲဟင်】
【အထက်က အချက်အလက်တွေအရ ဆိုရင်တော့ S မြို့တော်က ဖြစ်ဖို့များတယ်။ ဒါဆို S မြို့တော်မှာ သူဌေးကြီးတစ်ယောက် ပေါ်လာတာပေါ့လေ】
【ငါလည်း S မြို့ကပဲ၊ ဒါပေမဲ့ ဒီအကြောင်း တစ်ခါမှ မကြားဖူးပါဘူး】
......
ဇူးယုန်းစံအိမ်တော်သို့ ပြန်ရောက်သည့် အခါတွင်မူ တန်ယန်သည် အိမ်၌ နေရာ မလုံလောက်တော့သည်ကို သိလိုက်ရလေသည်။ ထို့ကြောင့် ကိုယ်ရံတော်များကို ဗီလာနံပါတ် (၁၈) သို့ ယာယီပြောင်းရွှေ့ နေထိုင်စေခဲ့ရ၏။ အကြောင်းမှာ ဗီလာနံပါတ် (၁၇) ရှိ အခန်းအများစုကို အဝတ်အစား အခန်းများအဖြစ် ပြောင်းလဲထားသဖြင့် အိပ်ခန်းအလွန် နည်းပါးနေသောကြောင့်ပင် ဖြစ်ပေသည်။
'ရုတ်တရက်ကြီး အိမ်တွေဝယ်ထားတာ မလောက်ဘူးလို့ ခံစားနေရတယ်'
နောက်တစ်နေ့၊ S မြို့တော် စမ်းသပ်အထက်တန်းကျောင်းတွင် ဖြစ်သည်။
ကျောင်းစဖွင့်ကတည်းက နိုင်ငံခြားတွင် ပြိုင်ပွဲသွားရောက် ယှဉ်ပြိုင်နေသဖြင့် တစ်လနီးပါး ပျောက်ကွယ်နေခဲ့သော (၁၁) တန်း၊ အခန်း (၇) မှ ပညာထူးချွန်သူမလေး ပြန်ရောက်လာသည်ကို ကျောင်းသားများ တွေ့ရှိသွားကြလေပြီ။
ဆုရရှိလာမှုအတွက် ဝိုင်းဝန်း ဂုဏ်ပြုနေကြသော ချစ်စဖွယ် ကျောင်းသား၊ ကျောင်းသူလေးများကို ကြည့်ရင်း တန်ယန်တစ်ယောက် အတိုင်းမသိ ပျော်ရွှင်နေမိလေသည်။ သူမသည် YL နိုင်ငံမှ ဝယ်ယူလာခဲ့သော မုန့်အချို့ကို ထုတ်ယူကာ အတန်းဖော်များကို ဝေငှလိုက်ရာ အတန်းထဲတွင် ပိုမို စည်ကားသွားတော့၏။
သူမသည် အတန်းပိုင် ဆရာမထံ သွားရောက်ကာ ကျောင်းခွင့်တိုင်ထားမှုကို ပယ်ဖျက်လိုက်ပြီး ဆရာ၊ ဆရာမများ၏ ဝိုင်းဝန်း ချီးကျူးမှုကိုလည်း ခံယူခဲ့ရလေသည်။ စာသင်ခန်းသို့ ပြန်ရောက်လာချိန်အထိ သူမ၏ မျက်နှာမှာ အနည်းငယ် နီမြန်းနေဆဲပင် ဖြစ်သည်။
ရှက်နေ၍တော့ မဟုတ်ပါ၊ ဆရာမများမှာ လူတစ်ဦးကို မည်သို့ ချီးမွမ်းရမည် ဆိုသည်ကို အလွန်ပင် ကျွမ်းကျင်လွန်းသောကြောင့်ပင် ဖြစ်ပေသည်။ ထိုချီးမွမ်း စကားများကိုသာ စုစည်းလိုက်မည် ဆိုပါက စာအုပ်တစ်အုပ်ပင် ဖြစ်လာနိုင်သည်။
***