S မြို့တော်သို့ ပြန်ရောက်သည့် နေ့မှစ၍ တန်ယန်သည် နံနက်တိုင်း 'နံပါတ် ၀ မှ ၁၀' အထိရှိသော ကိုယ်ရံတော်များကို လက်တွေ့ လေ့ကျင့်ခန်းဆင်းရန် အတင်းအကျပ် ခေါ်ဆောင်လေ့ ရှိလေသည်။ ထို့ကြောင့်ပင် ကိုယ်ရံတော်များသည် ယခုအခါ တန်ယန်ကို မြင်သည်နှင့် ကြောင်ကိုမြင်သည့် ကြွက်များကဲ့သို့ ကြောက်လန့်နေကြပြီး တတ်နိုင်သမျှ ဝေးဝေးမှ ရှောင်ရှားချင်နေကြတော့၏။
တန်ယန်က တန်မိဘနှစ်ပါး အပြင်သွားရာတွင် နေ့စဉ်အလှည့်ကျ လိုက်ပါစောင့်ရှောက်ရန် အကြံပြုပြီး နောက်တွင်မူ၊ ကိုယ်ရံတော်များသည် တန်မိဘများနှင့်အတူ အပြင်ထွက်ခွင့် ရရှိရေးအတွက် နေ့စဉ်နေ့တိုင်း အပြင်းအထန် အငြင်းပွားကာ တိုက်ပွဲဝင်နေကြတော့သည်။
သို့သော်လည်း အရိုက်အနှက်ခံရပြီး မြေပြင်ပေါ်တွင် လူးလိမ့်ခဲ့ရခြင်းမှာ အကျိုးမဲ့တော့ မဟုတ်ပေ။ တန်ယန်နှင့် လေ့ကျင့်ပြီးနောက် မိမိတို့၏ တိုက်ခိုက်ရေး စွမ်းရည်မှာ သိသိသာသာ တိုးတက်လာသည်ကို အဖွဲ့သားများ သတိပြုမိကြလေသည်။
'နိုက်ဖော' လုံခြုံရေးကုမ္ပဏီသည် သုံးလတစ်ကြိမ် အတွင်းပိုင်း စစ်ဆေး အကဲဖြတ်မှုများ ပြုလုပ်လေ့ရှိပြီး အရည်အချင်း မပြည့်မီသူများကို အဖွဲ့မှ ထုတ်ပယ်လေ့ရှိ၏။ ထို့ကြောင့် 'နိုက်ဖော' ရှိ လူတိုင်းမှာ မိမိတို့၏ စွမ်းဆောင်ရည် တိုးတက်လာစေရန် အလွန်ပင် ပြင်းပြသော ဆန္ဒရှိကြပေသည်။
မိမိ၏ တိုက်ခိုက်ရေးစွမ်းရည် တိုးတက်လာသည်ကို သိရှိပြီးနောက် တန်ယန်သည် ရံဖန်ရံခါတွင် ပိုမိုမြင့်မားသော အဆင့်သို့ တက်လှမ်းရန် စဉ်းစားမိတတ်သော်လည်း အလောတကြီးတော့ မရှိလှပေ။ အဘယ်ကြောင့်ဆိုသော် သူမအား ခြိမ်းခြောက်နိုင်စွမ်း ရှိသူကို ယခုထက်ထိ မတွေ့ရှိသေးသောကြောင့် ဖြစ်နိုင်ပေသည်။ သူမသည် အခြေအနေအရ လိုက်လျောညီထွေ နေထိုင်တတ်သူဖြစ်ရာ ထိုစရိုက်ကို ပြောင်းလဲရန်လည်း ဆန္ဒမရှိပါချေ။
ကိုယ်ခံပညာတွင် ဆက်လက်တိုးတက်ရန် လောလောဆယ် လမ်းစမရှိသေးသဖြင့် တန်ယန်သည် သူမ၏ အခြားသော စွမ်းရည်များဘက်သို့ အာရုံပြောင်းလိုက်လေသည်။ ရွက်လှေမောင်းနှင်ခြင်း အတတ်ပညာမှာ ယခုအချိန်တွင် မလိုအပ်သကဲ့သို့ နောင်တွင်လည်း အသုံးဝင်လာမည့် အခွင့်အလမ်းမှာ နည်းပါးလှပေသည်။ သူမ၏ ရွက်လှေပေါ်တွင် ကျွမ်းကျင်သော သင်္ဘောသားများနှင့် ကပ္ပတိန်တစ်ဦး အမြဲရှိနေသည်ဖြစ်ရာ သူမအနေဖြင့် အေးအေးဆေးဆေး စီးနင်းလိုက်ပါရုံသာ ဖြစ်၏။
နောက်ဆုံးတွင်မူ သူမသည် ကခုန်ခြင်း အတတ်ပညာကို ရွေးချယ်လိုက်လေသည်။ ထိုအတတ်ပညာကို ကျွမ်းကျင် ပိုင်နိုင်စေရန်အတွက် လက်တွေ့ လေ့ကျင့်ခန်းများ ပြုလုပ်ရင်း ၎င်း၏ အနှစ်သာရကို တစ်ပြိုင်တည်း နားလည် သဘောပေါက်ရန်သာ လိုအပ်ပေသည်။ ဥပမာပြရလျှင် အချိန်အကြာကြီး အသုံးမပြုပါက ဝေဝါးသွားနိုင်သော အသိပညာ တစ်ခုကဲ့သို့ပင်ဖြစ်၏။ တစ်ကြိမ်မျှ ပြန်လည် လေ့ကျင့်လိုက်သည်နှင့် မှတ်ဉာဏ်များမှာ ချက်ချင်းပြန်လည် ရှင်သန်လာမည် ဖြစ်ပေသည်။
ဗီလာနံပါတ် (၁၇) ၏ ပထမထပ်တွင် အားကစား ခန်းမတစ်ခု ရှိနေခြင်းမှာ ကခုန်ရန်အတွက် အကောင်းဆုံးနေရာ ဖြစ်နေလေသည်။ ထို့ကြောင့် တန်ယန်သည် သူမ၏ နေ့စဉ် နံနက်ခင်း လေ့ကျင့်ခန်းကို တစ်နာရီကြာ ကခုန်ခြင်းအဖြစ် ပြောင်းလဲလိုက်တော့၏။
'၀ မှ ၁၀' ကိုယ်ရံတော် အဖွဲ့မှာမူ တန်ယန် ကခုန်နေစဉ်အတွင်း သူမနှင့် လက်ရည်စမ်းခွင့် မရတော့သဖြင့် မိမိတို့ အချင်းချင်းသာ ပြန်လည်တိုက်ခိုက် လေ့ကျင့်နေကြရလေသည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် နွေဦးဦးပိုင်းသို့ ရောက်ရှိလာခဲ့ကာ နှစ်စဉ် ကျင်းပမြဲဖြစ်သော တက္ကသိုလ်ဝင်တန်း စာမေးပွဲကြီးမှာလည်း နီးကပ်လာခဲ့လေပြီ။
လီရှူးယောင်းသည်လည်း နောက်ဆုံးတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဝင်ရောက်ဖြေဆိုရန် ဆုံးဖြတ်လိုက်ရာ သူမ၏ နှစ်ရှည်လများ စာသင်သား ဘဝမှာလည်း အဆုံးသတ်ရန် နီးကပ်လာခဲ့လေသည်။
စမ်းသပ်အထက်တန်းကျောင်းသည် အမျိုးသားအဆင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲအတွက် စာစစ်ဌာနတစ်ခု ဖြစ်နေသဖြင့် ကျောင်းသားများကို သုံးရက်ကြာ ကျောင်းပိတ်ပေးလိုက်လေသည်။ ထိုအခါ တန်ယန်သည် မီကိုနှင့် အခြားသူများဖြင့် စုပေါင်းကာ ရုပ်ရှင်သွားကြည့်ရန် ချိန်းဆိုလိုက်သည်။
S မြို့တော်ရှိ ရုပ်ရှင်ရုံများမှာ အမြဲတမ်း လူစည်ကားလေ့ ရှိသော်လည်း ကံကောင်းထောက်မစွာပင် လောင်ဝေအန်းနှင့် သူငယ်ချင်းများမှာ လက်မှတ်များကို ကြိုတင်ဝယ်ယူ ထားနိုင်ခဲ့ကြသည်။ ရုပ်ရှင်ပြသမည့် အချိန်မှာ မွန်းလွဲ (၂) နာရီ ဖြစ်သဖြင့် ၎င်းတို့သည် ရုပ်ရှင်ရုံအနီးရှိ ဟော့ပေါ့ဆိုင်တွင် နေ့လယ်စာစားရန် ဆုံးဖြတ်လိုက်ကြလေသည်။
အားလုံးစုံပြီး နောက်ဆုံးအကြိမ် အတူတူ ဟော့ပေါ့စားခဲ့ကြသည်မှာ လွန်ခဲ့သော ခြောက်လကျော်ကပင် ဖြစ်၏။ အထက်တန်း ကျောင်းသားဘဝမှာ အားလပ်ချိန်ဟူ၍ များများစားစား မရှိလှပေ။ သူမအနေဖြင့် ရှိုပန်အထူးဆုကို ဆွတ်ခူးပြီး ပြန်လာကတည်းက ဂီတအသင်းက သူမအား ဖျော်ဖြေပွဲများတွင် ပါဝင်ရန် မကြာခဏ ဖိတ်ကြားလေ့ရှိသည်။
အစပိုင်းတွင်မူ သူမသည် မျက်နှာနာသဖြင့် တစ်ပတ်လျှင် တစ်ကြိမ်ခန့် သွားရောက်ဖြစ်ခဲ့၏။ သို့သော် အပတ်တိုင်း ထိုသို့ သွားနေရခြင်းမှာ သူမအား ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ပင်ပန်းနွမ်းနယ်စေခဲ့သည်။ အချို့သော ဖျော်ဖြေပွဲများမှာ လုံးဝမလိုအပ်ဘဲ သူမအား ကြွားဝါစရာ ကိရိယာတစ်ခု အဖြစ်သာ အသုံးချနေကြခြင်း ဖြစ်ပေသည်။
နောက်ပိုင်းတွင်မူ သူမ မသွားတော့ချေ။ ဆရာဖြစ်သူ ယွီချန်းနျန်ကပင် သူမအား
"ဒီလို စိတ်ရှုပ်စရာကောင်းတဲ့ ဖိတ်ကြားချက်တွေကို နင်ဘယ်တော့ ငြင်းတတ်မလဲဆိုတာ ငါက စောင့်ကြည့်နေတာ။ နင်ကတော့ တစ်လလုံးလုံး သွားလိုက်သေးတယ်။ တကယ်ကို မခေတဲ့ကလေးပဲ"
ဟု ဆူပူလေသည်။
တန်ယန်က ခဏတာ ဆွံ့အသွားရ၏။ သူမ၏ဆရာမှာ ရံဖန်ရံခါတွင် ကလေးဆန်လွန်း လှပေသည်။ ဒါဟာ လူတစ်ယောက် လုပ်သင့်တဲ့ အပြုအမူမျိုးလား။ နောက်ပိုင်းတွင် သူမ၏ စီနီယာအစ်ကိုကြီး နှစ်ဦးအား ရင်ဖွင့် တိုင်တန်းကြည့်မှသာ ၎င်းတို့ နှစ်ဦးစလုံးလည်း ယခင်က ဤကဲ့သို့ပင် အလှည့်စား ခံခဲ့ရဖူးကြောင်း သိလိုက်ရတော့သည်။
ကောင်းပါပြီလေ... သူမကပဲ အပြစ်ကင်းလွန်းနေလို့ပါပဲ။
"ဘုရားရေ၊ ဟော့ပေါ့နံ့လေးကို ငါတကယ် လွမ်းနေတာ။ အရမ်းဗိုက်ဆာနေပြီ..."
မီကိုက ဆာလောင်နေသည့် အမူအရာဖြင့် ပြောလိုက်သည်။ တန်ယန်မှာ နားမလည်နိုင်အောင် ဖြစ်သွားရ၏။ သူမက အစားစားလျှင် ဝမလာစေမည့် ဆေးရည်ကို သောက်ထားသည် မဟုတ်ပါလော။
သူမ မမေးရသေးခင်မှာပင် မီကိုက စတင် ညည်းညူတော့သည်။
"နင်မသိပါဘူး၊ အဲဒီ 'နတ်ဆိုးမ' ဆရာမက ငါက အစားစားပေမဲ့ ဝမလာဘူး ဆိုတာကို သိသွားကတည်းက ငါ့ကို အစားလျှော့ခိုင်းတော့တာပဲ။ တစ်ပတ်အတွင်း ငါ့ကိုယ်အလေးချိန်က ဘာမှမပြောင်းလဲဘူးဆိုရင် သူက ငါ့ကို ပြစ်ဒဏ်အနေနဲ့ အပြေးစက်ပေါ်မှာ ၃ နာရီကြာအောင် ပြေးခိုင်းတာဟ"
တန်ယန်သည် ဤစကားကို ကြားသောအခါ ရယ်လည်းရယ်ချင်၊ သနားလည်း သနားမိသွားရသည်။ ဤဆရာမမှာ တကယ်ကို ရက်စက်လှပေသည်။ သို့သော်လည်း မီကို၏ မျက်နှာလေးမှာ နီမြန်းစိုပြည်ကာ ကျန်းမာသည့်ပုံ ပေါက်နေပြီး စိတ်အခြေအနေလည်း တည်ငြိမ်နေသည်ကို မြင်ရသဖြင့် သူမအနေဖြင့် စိုးရိမ်စရာမရှိဟု ယူဆလိုက်သည်။
ယခုအချိန်တွင် ဆရာ၊ ဆရာမများ၏ တင်းကြပ်စွာ ဆုံးမမှုကို ခံယူထားခြင်းမှာ နောင်တွင် အနုပညာ လောကထဲသို့ ရောက်သည့်အခါ အဆူအဆဲ နည်းပါးသွားစေမည် မဟုတ်ပါလော။
"ငါနင့်ကို ကိုယ်ချင်းစာပါတယ်၊ ဒါပေမဲ့ အစားလျှော့တာတွေ ဘာတွေ ခဏထားပြီး အဝသာ စားလိုက်စမ်းပါ"
လောင်ဝေအန်းက ကုလားထိုင်တွင် အေးအေးလူလူ မှီထိုင်ရင်း ကြွပ်ရွနေသော အမဲအစာအိမ်ဖတ်လေးကို ဟော့ပေါ့အိုးထဲတွင် ပြုတ်လိုက်ရင်း ဆိုလိုက်သည်။
"ဟုတ်ပါ့၊ ငါ့အစ်ကိုကလည်း ငါ့ကို အခုတလော ရူးအောင်လုပ်နေတာ။ ဟူး... သူက ငါ့ကို နေ့တိုင်းမေးနေတယ်၊ မမယန် ဘယ်တော့ H မြို့တော်ကို လာမလဲတဲ့။ ငါ မမယန်ကို ပြောချင်တာက သူ့ကို စိတ်လျှော့ခိုင်းလိုက်ပါတော့၊ မဟုတ်ရင် ငါညတိုင်း ကောင်းကောင်း အိပ်မရသလို အိပ်မက်ထဲမှာတောင် နှိပ်စက်ခံနေရလို့ပါ”
ရှုရှင်းယန်က သူ၏ ဝမ်းကွဲအစ်ကို ဖြစ်သူ၏ အပြုအမူအပေါ် စိတ်ပျက်လက်ပျက် ပြောလိုက်သည်။ တန်ယန်တွင် အကန့်အသတ်ဖြင့် ထုတ်လုပ်ထားသော ဇိမ်ခံကားများ ပြည့်နှက်နေသည့် ကားဂိုဒေါင်ရှိကြောင်း သိသွားကတည်းက ထိုသူမှာ ရူးသွပ်နေခြင်း ဖြစ်သည်။
"သူ ဘယ်ကားကို မောင်းချင်တာလဲ။ တစ်လလောက် ငှားပေးလို့ရပါတယ်”
တန်ယန်က ဤကိစ္စတွင် သဘောထားကြီးစွာပင် ပြောလိုက်လေသည်။
"တကယ်လား၊ ငါလည်း ငှားလို့ရမလား”
လောင်ဝေအန်းသည် ချက်ချင်းပင် တက်ကြွသွားကာ တန်ယန်အား အလိုလိုက် အကြိုက်ဆောင်သည့် အနေဖြင့် ခုလေးတင် ပြုတ်ပြီးသား အစာအိမ်ဖတ်လေးကို သူမ၏ ပန်းကန်ထဲသို့ ထည့်ပေးလိုက်လေသည်။
"ဟေး၊ လောင်ဝေအန်း... နင်ကတော့ ဖားလှချည်လား။ ဒီမှာ မိန်းကလေး နှစ်ယောက်တောင် ရှိတာကို တကယ်ကို မျက်နှာလိုက်တာပဲ”
မီကိုက မကျေမနပ် ညည်းညူလိုက်၏။
လောင်ဝေအန်းသည် သူမကို တစ်ချက် စွေကြည့်လိုက်ပြီးနောက် အမဲသားလွှာ တစ်ဖက်ကိုခူး၍ ပြုတ်ကာ သူမ၏ ပန်းကန်ထဲသို့ ထည့်ပေးလိုက်သည်။
"အေး... ဒီလိုမှပေါ့”
မီကိုက ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်ပြီး ပန်းကန်ထဲ ရောက်လာသော အမဲသားလွှာကို အားရပါးရ ကိုက်စားလိုက်လေသည်။ အင်း... သူများပြုတ်ပေးတဲ့ အသားက ပိုစားကောင်းတာပဲ။
*
မွန်းလွဲ (၂) နာရီ ရုပ်ရှင်ပြပွဲတွင် ရုပ်ရှင်ရုံတစ်ခုလုံး လူများဖြင့် ပြည့်နှက်နေလေသည်။ လက်မှတ်များ ထုတ်ယူပြီးနောက် မီကိုနှင့် လောင်ဝေအန်းတို့မှာ ပြောင်းဖူးပေါက်ပေါက် အစုံကို ဝယ်၊ မဝယ်ဆိုသည့် ကိစ္စဖြင့် ထပ်မံ အငြင်းပွားကြပြန်သည်။
"ရုပ်ရှင်ကြည့်တဲ့ ဓလေ့ထုံးစံအရ ပြောင်းဖူးပေါက်ပေါက်နဲ့ ကိုကာကိုလာက မပါမဖြစ်ပဲလေ”
မီကိုက လောင်ဝေအန်းအား လူအတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်လိုက်သည်။ ‘လူရိုးလူဖြောင့်’ တွေကတော့ တကယ်ကို စိတ်ရှုပ်စရာ ကောင်းတာပဲ။
"နင် ခုနကတင်ပဲ ဟော့ပေါ့စားထားတာလေ၊ ဒီလောက်အကြီးကြီးကို ကုန်အောင် စားနိုင်လို့လား။ ငါက မဝယ်ရဘူးလို့ မပြောပါဘူး၊ အလဟဿ မဖြစ်အောင် အသေးလေးပဲ ဝယ်ပါလို့ ပြောတာပါ”
လောင်ဝေအန်း၏ မိသားစုမှာ ချမ်းသာကြွယ်ဝသော်လည်း ငယ်စဉ်ကတည်းက အစားအစာကို အလေအလွင့် မရှိစေရန် ဆုံးမသွန်သင်ခြင်း ခံခဲ့ရသူ ဖြစ်ပေသည်။
"ကုန်အောင် စားနိုင်တယ်ဟ၊ မိန်းကလေးတွေမှာ အစာအိမ် နှစ်ခုရှိတယ်ဆိုတာ နင်မသိဘူးလား။ တစ်ခုက မုန့်စားဖို့၊ နောက်တစ်ခုက ထမင်းစားဖို့လေ”
မီကိုက သူ့ကို မျက်စောင်းထိုးလိုက်ပြီး အရောင်းကောင်တာက ဝန်ထမ်းလေးကို ကာရာမယ်လ် အရသာ ပြောင်းဖူးပေါက်ပေါက် အစုံပေးရန် ပြောလိုက်လေသည်။ ထိုအစုံတွင် ကိုကာကိုလာ နှစ်ခွက်၊ ရေခဲမုန့် နှစ်လုံးနှင့် ပြောင်းဖူးပေါက်ပေါက် ပုံးကြီးတစ်ပုံး ပါဝင်လေသည်။
ရှုရှင်းယန်က အအေးနှစ်ခွက် ဝယ်လာပြီး တစ်ခွက်ကို လောင်ဝေအန်းအား ကမ်းပေးလိုက်ကာ -
“အေးအေးလေးနော်၊ နင့်ရဲ့ ဒေါသတွေကို လျှော့ပစ်လိုက်တော့” ဟု ဆိုလိုက်၏။
လောင်ဝေအန်း : ...ကောင်းပါပြီလေ၊ ငါကပဲ စကားတွေ များနေတာပေါ့။
တန်ယန်သည် ရံဖန်ရံခါတွင် လောင်ဝေအန်းကို သနားမိသည်။ သူသည် အငြင်းပွားတိုင်း အမြဲ ရှုံးနိမ့်ရုံမျှမက ပြဿနာကို ကိုယ်တိုင် ရှာနေသူနှင့်ပင် တူနေလေသည်။ ဟူး...။
ရုပ်ရှင်ကြည့်ပြီး ထွက်လာချိန်တွင်မူ မီကိုတစ်ယောက် အကြင်နာမဲ့စွာ လှောင်ပြောင်ခြင်း ခံလိုက်ရတော့သည်။
"ဟားဟားဟား၊ ပြောင်းဖူးပေါက်ပေါက် အသေးပဲဝယ်ပါလို့ ငါပြောသားပဲ။ နင်မှ နားမထောင်တာ၊ အခုတော့ ကြမ်းပြင်ကို အကုန်ကျွေးလိုက်ရပြီ မဟုတ်လား ဟားဟားဟား...”
လောင်ဝေအန်းမှာ ဗိုက်ကိုနှိပ်ကာ အားရပါးရ ရယ်မောနေတော့သည်။ ရုပ်ရှင်ပြခန်းထဲတွင် သူသည် ဤသို့ မရယ်မိစေရန် အစွမ်းကုန် အောင့်ထားခဲ့ရခြင်း ဖြစ်ပေသည်။
လွန်ခဲ့သော နှစ်နာရီခန့်က အဖြစ်အပျက်ကို ပြန်ပြောင်းကြည့်လျှင် မီကိုသည် ပြောင်းဖူးပေါက်ပေါက်ပုံးကို ကိုင်လျက် သူမ၏ထိုင်ခုံသို့ ပျော်ရွှင်စွာ လျှောက်လှမ်းလာခဲ့သည်။ ကိုကာကိုလာခွက်ကို ခွက်ကိုင်စင်တွင် အသေအချာ ထည့်ပြီးနောက် သူမ၏ဖိနပ်ကြိုး ပြုတ်နေသည်ကို သတိပြုမိသွားသည်။ ထို့ကြောင့် ပြောင်းဖူးပေါက်ပေါက်ပုံးကို ထိုင်ခုံနှစ်ခုကြားရှိ လက်တင်ပေါ်တွင် တင်ထားလိုက်ပြီး ဖိနပ်ကြိုးချည်ရန် ကုန်းလိုက်လေသည်။
ထိုစဉ် မမျှော်လင့်ဘဲ မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့တော့သည်။ သူမ ဖိနပ်ကြိုးချည်ပြီး ပြန်အထတွင် သူမ၏ လက်မောင်းသည် လက်တင်ပေါ်ရှိ ပြောင်းဖူးပေါက်ပေါက်ပုံးကို မတော်တဆ တိုက်မိသွားပြီး တစ်ပုံးလုံး ကြမ်းပြင်ပေါ်သို့ မှောက်ကျသွားလေတော့သည်။ သူမသည် ပြန်လည် ကောက်ယူနိုင်ခဲ့သော်လည်း အောက်ခြေတွင် အစေ့အနည်းငယ်သာ ကျန်တော့သည့် ထိုပုံးကိုကြည့်ကာ အတန်ကြာအောင် ဆွံ့အလျက် ငေးကြည့်နေမိသည်။
ရုပ်ရှင်ကြည့်နေစဉ်အတွင်း လောင်ဝေအန်းက သူမကို ဘာကြောင့် မလှောင်ပြောင်ခဲ့သနည်းဟု တွေးတောနေခဲ့သော်လည်း သူက ဤအချိန်အထိ စောင့်ဆိုင်းနေလိမ့်မည်ဟု သူမထင်မထားခဲ့ပေ။ ပြောင်းဖူးပေါက်ပေါက် မစားရသဖြင့် စိတ်တိုနေသော မီကိုသည် ယခုအခါ သူမ၏ ဒေါသများကို ပေါက်ကွဲရန် လမ်းကြောင်းတစ်ခုကို ရှာတွေ့သွားလေပြီ ဖြစ်သည်။
"ကမ္ဘာ့ရာသီဥတုက ဘာလို့ ဒီလောက် ဆိုးရွားလာရတာလဲဆိုတာ ငါအခုမှပဲ အကြောင်းရင်းကို ရှာတွေ့တော့တယ်။ နင့်ရဲ့ပါးစပ်က ပတ်ဝန်းကျင်ကို ညစ်ညမ်းအောင် လုပ်ဖို့အတွက်ပဲ မဟုတ်လား”
***