မီကို တကယ် စိတ်ဆိုးသွားသည်ကို သိလိုက်ရသောအခါ လောင်ဝေအန်း၏ အပြုံးများမှာ တန့်သွားတော့သည်။ သူသည် အနေရခက်စွာဖြင့် မိမိနှာခေါင်းကို ပွတ်လိုက်ရင်း
'သွားပြီ... ငါ တစ်ယောက်ယောက်ကို ထပ်ပြီး စိတ်ဆိုးအောင် လုပ်မိပြန်ပြီ' ဟု တွေးနေမိလေသည်။
ရှုရှင်းယန်က သူ့ကို ချက်ချင်းပင် လက်သီးဖြင့် လှမ်းထိုးလိုက်ပြီး -
“နင်ကတော့ တကယ်ကို မခေတဲ့လူပဲလို့ ငါပြောသားပဲ ဒီအတိုင်းသာ ဆက်လုပ်နေရင် နင့်ကို စိတ်ဝင်စားမယ့် မိန်းကလေး တစ်ယောက်မှ ရှိမှာမဟုတ်ဘူး ငါသာ နင့်ကို နှစ်အကြာကြီး ခင်လာတာ မဟုတ်ရင် ငါလည်း နင့်ကို မုန်းမိမှာပဲ”
ဟု ဆိုလိုက်လေသည်။ ထိုသို့ ပြောပြီးနောက် သူမသည် သူ့ကို အထက်အောက် အကဲခတ်သကဲ့သို့ ခဏမျှ ကြည့်လိုက်ပြီးမှ ကြည့်ရသည်မှာ ဆိုးလွန်းလှသဖြင့် မကြည့်ရက်တော့သည့်နှယ် မျက်နှာလွှဲကာ မျက်စိမှိတ်ထားလိုက်လေသည်။
မီကိုသည် မာန်ပါပါဖြင့် နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး လောင်ဝေအန်း ရှိရာဘက်မှ မျက်နှာလွှဲလိုက်တော့၏။ လောင်ဝေအန်းကမူ အပယ်ခံလိုက်ရသည့် သနားစဖွယ် ခွေးလေးတစ်ကောင်ကဲ့သို့ သူမနောက်မှ ကုတ်ကုတ်လေး လိုက်ပါသွားလေသည်။
"နောက်ထပ် ဘာဆက်လုပ်ကြမလဲ”
တန်ယန်သည် လက်ကိုမြှောက်ကာ အချိန်ကို ကြည့်လိုက်ရာ ညနေ (၄) နာရီ ကျော်နေပြီ ဖြစ်သဖြင့် ညစာစားရန် အချိန်အနည်းငယ် လိုသေးသည်ကို တွေ့ရသည်။
"ကာရာအိုကေ သွားမလား ဒါမှမဟုတ် ရေခဲပြင်စကိတ် စီးမလား၊ သရဲအိမ် သွားမလား”
ရှုရှင်းယန်က လုပ်ဆောင်စရာ အချို့ကို အကြံပြုလိုက်လေသည်။
"ငါကတော့ ဘာဖြစ်ဖြစ် အဆင်ပြေတယ်၊ နင်တို့ သဘောပဲလေ”
"ငါလည်း ဘာဖြစ်ဖြစ် အဆင်ပြေပါတယ်နော်"
လောင်ဝေအန်းက ရှေ့သို့တိုးကာ ဖားသည့်လေသံဖြင့် ဝင်ပြောလိုက်သည်။
ရှုရှင်းယန်က နှာခေါင်းရှုံ့လျက် -
“ဒီနေရာမှာ နင့်ရဲ့ ‘အနိမ့်ဆုံး’ အဆင့် အခြေအနေက ဘယ်လိုလဲဆိုတာ နင်ကိုယ်တိုင် မသိဘူးလား”
ဟု ဆိုလိုက်၏။
"သရဲအိမ်လား ကြောက်ဖို့ကောင်းလား”
မီကို၏ စူးစမ်းလိုစိတ်မှာ နိုးကြားလာခဲ့သည်။
"ရပါတယ် အရင်က တစ်ခါသွားဖူးတယ်၊ ဒါပေမဲ့ ပြင်ဆင်ထားတာတွေက နည်းနည်းတော့ သာမန်ကာလျှံကာနိုင်ပြီး လက်တွေ့မဆန်ဘူး”
ရှုရှင်းယန်က အရင်တစ်ခေါက် သွားတုန်းက လောင်ဝေအန်းတစ်ယောက် လမ်းတစ်လျှောက်လုံး အော်ဟစ်နေခဲ့ပုံကို ပြန်လည် သတိရသွားရာ အလွန်ပင် ရယ်စရာ ကောင်းလှပေသည်။
"စမ်းကြည့်ကြတာပေါ့”
မီကိုက 'ထွက်ပေါက်ရှာဂိမ်း' အတွက် မဲပေးလိုက်လေသည်။
တန်ယန်ကလည်း ခေါင်းညိတ်ကာ ထောက်ခံလိုက်၏။ လောင်ဝေအန်းမှာမူ စကားပြောခွင့်ပင် မရလိုက်ဘဲ အုပ်စုနောက်မှ လိုက်ပါသွားရလေသည်။
အသစ်ဖွင့်ထားသော သရဲအိမ် ဂိမ်းရုံသို့ ရောက်သည့်အခါ ကြိုတင်မှာယူထားခြင်း မရှိသဖြင့် ရှေ့ကလူများ ပြီးသည်အထိ စောင့်ဆိုင်းကြရလေသည်။ သူငယ်ချင်း တစ်စုမှာ အနားယူခန်းရှိ ကုလားထိုင်များတွင် ထိုင်ကာ စကားပြောနေကြပြီး အဓိကမှာ တန်ယန်၏ နိုင်ငံခြားသို့ ပြိုင်ပွဲသွားပြိုင်ခဲ့သည့် အကြောင်းအရာပင် ဖြစ်ပေသည်။
"ယန်ယန်... အဲဒီ နတ်ဆိုးမဆရာမက ဒီရက်ပိုင်း ငါ့ကို မျက်နှာသာ မပေးဘူး သိလား အကြောင်းရင်းက တို့နှစ်ယောက်က အရင်းနှီးဆုံး သူငယ်ချင်းတွေဆိုတာ သူ ဘယ်လိုကနေ ဘယ်လို သိသွားတယ် မသိဘူး နင်က ဒီလောက်တောင် အောင်မြင်မှုတွေ ရနေချိန်မှာ ငါကတော့ ဘာမှ မဖြစ်သေးဘူးလေ။ ဝါး.... တကယ်ကို သနားစရာ ကောင်းလိုက်တာ”
"ခေါင်းလေး ပုတ်ပေးမယ်နော်၊ မငိုနဲ့တော့ နင်က အခုလောက်ဆို ဒါမျိုးတွေကို ကျင့်သားရနေသင့်ပြီ မဟုတ်လား”
"ဟမ်"
မီကိုက ခဏတာ ကြောင်သွားပြီးနောက် မယုံနိုင်စရာကောင်းသည့် အမူအရာဖြင့် မေးလိုက်သည်။
“နင်က ငါ့ရဲ့ ယန်ယန် တကယ်ပဲလား သရဲဝင်ပူးနေတာလား၊ ငါ့ရဲ့ ကြင်နာပြီး နားလည်မှုရှိတဲ့ ယန်ယန်ကို ပြန်ပေးစမ်း”
"ဟားဟားဟား”
ဘေးမှ ကြည့်နေကြသော လူနှစ်ယောက်မှာ အားနာရကောင်းမှန်း မသိဘဲ အော်ဟစ် ရယ်မောလိုက်ကြလေသည်။
မီကိုသည် ထိုနှစ်ယောက်ကို မျက်စောင်းထိုးလိုက်ပြီး သနားစဖွယ် လေသံဖြင့် ပြောလိုက်သည်။
“ယန်ယန်... YL နိုင်ငံက ပျော်စရာ ကောင်းလားဟင် ငါတစ်ခါမှ မရောက်ဖူးဘူး ဘယ်တော့များမှ သွားခွင့်ရမလဲ မသိပါဘူး”
ရှုရှင်းယန်ကလည်း တောင့်တနေသော အမူအရာဖြင့်
“ငါလည်း အပြင်ထွက်လည်ချင်တာပဲ၊ ဒါပေမဲ့ နောက်ထပ် သုံးနှစ်အတွင်းတော့ ဖြစ်နိုင်ခြေ မရှိသလောက်ပဲ”
ဟု ဆိုလေသည်။
"နိုင်ငံတကာအဆင့် စူပါစတား တစ်ယောက်ဖြစ်အောင် ကြိုးစားလေ၊ အဲဒါဆိုရင် နောင်ကျရင် အလုပ်ကိစ္စနဲ့တင် အခမဲ့ ကမ္ဘာပတ်လို့ရပြီ မဟုတ်လား”
တန်ယန်က အလွန်ဆီလျော်သော အကြံပြုချက်ကို ပေးလိုက်၏။
"ယန်ယန် နင်က ငါ့အပေါ် ဒီလောက်တောင် ယုံကြည်မှု ရှိတာလား”
တန်ယန်က သူမအပေါ် အလွန် ယုံကြည်နေသည်ဟု မီကိုက ပထမဆုံး တွေးမိသွားသည်။ သူမကိုယ်တိုင်ပင် ထိုမျှအထိ ဝေးကွာသော ပန်းတိုင်ကို မစဉ်းစားဝံ့ခဲ့ချေ။
"ဒါပေါ့ နင်သေချာပေါက် လုပ်နိုင်မှာပါ၊ ဒါကြောင့် ဆက်ပြီးတော့ ကြိုးစားပြီး လေ့ကျင့်ဦးနော်”
မကြာမီတွင် ဝန်ထမ်းများက ဝင်ရောက်နိုင်ပြီ ဖြစ်ကြောင်း အသိပေးလာသည်။ မီကိုသည် တန်ယန်၏ လက်မောင်းကို ချိတ်လျက်၊ လောင်ဝေအန်းနှင့် ရှုရှင်းယန်တို့နောက်မှ ဂရုတစိုက် လိုက်ပါလာခဲ့ကြလေသည်။
တန်ယန် ဝင်လိုက်သည်နှင့် အပူချိန်မှာ ရုတ်တရက် ကျဆင်းသွားသည်ဟု ခံစားလိုက်ရ၏။ လေအေးတစ်ချက် ဝူးကနဲ တိုက်ခတ်သွားပြီးနောက် အမျိုးသမီးတစ်ဦး၏ ရယ်သံမှာ အဝေးမှ ပဲ့တင်ထပ်ကာ ကြက်သီးထဖွယ် ထွက်ပေါ်လာလေသည်။
မီကိုသည် သူမ၏ လက်မောင်းတစ်လျှောက် ကြက်သီးမွှေးညင်းများ ထလာသည်ကို ခံစားလိုက်ရပြီး တန်ယန်၏ လက်မောင်းကို ဆုပ်ကိုင်ထားသောလက်မှာ ပိုမို တင်းကျပ်လာကာ ကိုယ်လုံးလေးမှာလည်း တန်ယန်ဘက်သို့ အလိုလို ကပ်သွားတော့သည်။
လောင်ဝေအန်းမှာလည်း တုန်တုန်ယင်ယင် ဖြစ်နေကာ လည်စေ့မှာလည်း အဆက်မပြတ် နိမ့်ချည်မြင့်ချည် ဖြစ်နေလေသည်။ ရှုရှင်းယန်သည်လည်း ကျောရိုးတစ်လျှောက် အေးစိမ့်သွားရ၏။ အရင်တစ်ခေါက် လာတုန်းက ဒီလောက်အထိ... အစစ်နှင့်မတူခဲ့ပါ။
မှိန်ပြပြ အလင်းရောင်တွင် မျက်စိ ကျင့်သားရသွားပြီးနောက် တန်ယန်သည် ယိုယွင်းပျက်စီးနေသော အခန်းကို သေချာစွာ လေ့လာကြည့်လိုက်သည်။ သူတို့ရှေ့ တည့်တည့်တွင် ရှေးဟောင်းအိမ်ကြီး၏ ဧည့်ခန်းမဆောင်နှင့် တူသော အဆောက်အအုံ တစ်ခုရှိပြီး ဖုန်တက်နေသော စားပွဲဝိုင်းတစ်ခုကို ချထားလေသည်။ စားပွဲ၏ အထက်တွင်မူ အဖြူရောင်လား၊ မီးခိုးရောင်လား မသေချာသော စုတ်ပြတ်နေသည့် အဝတ်စအရှည်များ တွဲလောင်းကျနေ၏။
ခန်းမဆောင်ထဲတွင် ပင့်ကူအိမ်များ ဖုံးလွှမ်းနေသော သို့မဟုတ် ခြေတစ်ဖက် ကျိုးနေသော ကုလားထိုင်အချို့ ရှိနေလေသည်။ ကုလားထိုင် တစ်ခုပေါ်တွင်မူ အဝတ်စုတ် အရုပ်တစ်ခု ထိုင်နေ၏။ အကယ်၍ ၎င်း၏ နှုတ်ခမ်းပေါ်မှ ရက်စက်ယုတ်မာသော အပြုံးကိုသာ လျစ်လျူရှုလိုက်မည်ဆိုလျှင် ၎င်းမှာ အဝတ်စုတ်များဖြင့် ပြုလုပ်ထားသော သာမန် ရုပ်သေးရုပ်လေး တစ်ခုသာ ဖြစ်ပေလိမ့်မည်။
ကုလားထိုင်၏ နောက်ဘက်တွင်မူ ရှေးဟောင်းဗီရိုကြီး တစ်လုံးရှိနေပြီး သူမ၏ အတွေ့အကြုံအရ ထိုဗီရိုထဲတွင် ကြောက်စရာကောင်းသော အရာတစ်ခုခု ရှိနေမည်မှာ အသေအချာပင်။ ထိုဗီရိုကို သူမကိုယ်တိုင် ဖွင့်ကြည့်သင့်၊ မသင့် စဉ်းစားနေမိလေသည်။
"ယန်ယန်... အဲဒီဗီရိုထဲမှာ တစ်ခုခုများ ရှိနေလို့လား”
မီကိုက တန်ယန်သည် ထိုဗီရိုကိုသာ စိုက်ကြည့်နေသည်ကို သတိပြုမိသဖြင့် စူးစမ်းလိုစိတ်ဖြင့် မေးလိုက်လေသည်။
ရှုရှင်းယန်သည် သတ္တိကို မနည်းမွေးကာ တဟားဟား ရယ်မောလိုက်ပြီး
“ဒါက ပျက်စီးနေတဲ့ ဗီရိုအစုတ်ကြီး တစ်လုံးပဲဟာ၊ အထဲမှာ ဘာရှိမှာမလို့လဲ ငါသွားဖွင့်ကြည့်လိုက်မယ်”
ဟုဆိုကာ စကားပင် မဆုံးသေးမီ ဗီရိုရှေ့သို့ ရောက်သွားပြီး လက်ကိုင်ကို ဆုပ်ကိုင်လိုက်လေသည်။ သူသည် နောက်သို့လှည့်ကာ တန်ယန်တို့ အုပ်စုကို ပြုံးပြလျက်
“ကြည့်စမ်း... ဘာမှမရှိပါဘူး၊ ဟုတ်တယ်မလား”
ဟု ပြောလိုက်၏။
လောင်ဝေအန်း၏ မျက်လုံးများမှာမူ ထိတ်လန့်စရာ တစ်ခုခုကို မြင်လိုက်ရသကဲ့သို့ ပြူးကျယ်သွားပြီး မျက်နှာမှာလည်း ဖြူလျော်သွားလေသည်။ မီကိုသည်လည်း ဦးရေပြားများ တစိမ့်စိမ့် ဖြစ်လာကာ တန်ယန်၏လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားမိတော့သည်။
ရှုရှင်းယန်ကမူ ထိုနှစ်ယောက်၏ အမူအရာမှာ ရယ်စရာ ကောင်းလှသည်ဟု ထင်နေပြီး သူ၏စိတ်ထဲမှ စိုးရိမ်စိတ်များမှာ လုံးဝ ပျောက်ကွယ်သွားလေသည်။ သို့သော် ထိုစဉ်မှာပင် သူ၏ လက်ဖမိုးပေါ်သို့ အေးစိမ့်ကာ နူးညံ့သော အရာတစ်ခု ကျရောက်လာသည်ကို ခံစားလိုက်ရ၏။
သူသည် ခေါင်းကို ဖြည်းညှင်းစွာ လှည့်ကြည့်လိုက်ရာ... သူ၏ရှေ့တွင် ဖြူလျော်နေသော မျက်နှာကြီးတစ်ခု ရှိနေပြီး မျက်လုံးထောင့်များမှ သွေးမျက်ရည်များ စီးကျလျက် သူ့ကို အမူအရာ ကင်းမဲ့စွာ စိုက်ကြည့်နေလေသည်။ သူ၏ လက်ဖမိုးပေါ်တွင်မူ ညိုပြာရောင်သန်းကာ ခြောက်သွေ့နေသော လက်တစ်ဖက်က တင်ထားလေသည်။
“အား”
မီကိုက အော်ဟစ်လိုက်သည်။
သူမ၏ အော်သံထက် ပိုမိုကျယ်လောင်သော အမျိုးသား အော်သံကြီးတစ်ခု ထပ်မံထွက်ပေါ်လာ၏။
ကြောက်မက်ဖွယ် မျက်နှာဖြူဖြူနှင့် သရဲကို မြင်လိုက်ရသည့်အခါ လောင်ဝေအန်းသည် လှည့်၍ ထွက်ပြေးလေတော့သည်။
မီကိုသည်လည်း တန်ယန်ကိုဆွဲကာ အခြားတစ်ဖက်သို့ အော်ဟစ်ရင်း ပြေးလေတော့၏။ တန်ယန်မှာမူ နားထဲတွင် လေတိုးသံများနှင့် အော်ဟစ်သံများကိုသာ ကြားလိုက်ရပြီး အားပြင်းသော ဆွဲငင်မှုတစ်ခုကြောင့် ရှေ့သို့ ပါသွားလေသည်။
သူငယ်ချင်းများက သစ္စာမရှိဘဲ ပစ်ထားခဲ့သည်ကို မြင်သောအခါ ရှုရှင်းယန်သည် ဒေါသလည်းထွက်၊ ကြောက်လည်း ကြောက်သွားရသည်။ သူ့လက်ကို ဆုပ်ကိုင်ထားသော ကြောက်စရာ လက်သည်းကြီးကို အတင်းခါချလိုက်ပြီး လှည့်၍ ပြေးလေတော့သည်။ ဗီရိုထဲမှ သရဲသည်လည်း အပြင်သို့ တရွတ်တိုက် ထွက်လာကာ သူ့နောက်သို့ လိုက်လေတော့၏။ ရှုရှင်းယန်သည်လည်း ကြောက်လန့်တကြား ထွက်ပြေးရင်း မည်သည့်နေရာသို့ ရောက်သွားမှန်းပင် မသိတော့ချေ။
သူသတိပြန်ဝင်လာသည့် အချိန်တွင်မူ အခြားသူများကို မမြင်ရတော့သကဲ့သို့ အသံလည်း မကြားရတော့ပေ။ သူသည် ထောင့်တစ်နေရာတွင် ကွေးကွေးလေး ထိုင်နေလိုက်ပြီး ပစ္စည်းအချို့ဖြင့် မိမိကိုယ်ကို ဖုံးကွယ်ထားလိုက်လေသည်။ လိုက်လာသော သရဲများ ဖြတ်ကျော်သွားပြီးမှသာ ကြမ်းပြင်ပေါ်သို့ ခွေကျသွားပြီး သက်ပြင်းအရှည်ကြီး ချနိုင်တော့သည်။
"ဟူး ဒီလူတွေကတော့ တကယ်ကို လွန်လွန်းတယ်၊ ငါ့ကို တစ်ယောက်တည်း ထားခဲ့ကြတယ်၊ ကံကောင်းလို့ ငါက ပါးနပ်လို့သာပေါ့”
ရှုရှင်းယန်သည် တစ်ယောက်တည်း ရေရွတ်ရင်း သူ၏နဖူးမှ ထွက်နေသော ဇောချွေးများကို အင်္ကျီလက်ဖြင့် သုတ်လိုက်လေသည်။
အခြားတစ်ဖက်တွင်မူ တန်ယန်သည် ထိတ်လန့်တကြား ပြေးနေဆဲဖြစ်သော မီကိုအား ဖမ်းဆွဲလိုက်၏။
“ကိုကို... မပြေးနဲ့တော့၊ မမောဘူးလား”
တန်ယန်သည် ပြေးနေရင်း လေအေးများကို ရှူသွင်းမိသဖြင့် လည်ချောင်းထဲတွင် အနည်းငယ် နေရခက်သလို ခံစားနေရသည်။
"ဟောဟဲ... ဟောဟဲ... မောတာပေါ့... တကယ်ကို မောတာပဲ”
မီကိုသည် အသက်ကို ပြင်းပြင်းရှူနေရပြီး သူမ၏ ဦးနှောက်ထဲတွင် အောက်ဆီဂျင် ပြတ်လပ်နေသကဲ့သို့ ခံစားနေရသည်။
“ငါအရမ်းကြောက်တာပဲ ဒီထဲက သရဲတွေက တကယ်ကို ကြောက်ဖို့ကောင်းတာ ပြီးတော့ အငွေ့အသက်ကြီးကလည်း ကြောက်စရာကြီး၊ ငါ့ခေါင်းပေါ်က အမွှေးတွေအကုန်လုံး ထောင်နေပြီထင်တယ်”
"မကြောက်နဲ့တော့နော်၊ ငါဒီမှာရှိတယ်”
တန်ယန်က မီကို၏ကျောပြင်ကို အသာအယာ ပုတ်ပေးရင်း သူမ၏ စိတ်လှုပ်ရှားမှုများကို ပြေလျော့စေရန် ကူညီပေးလိုက်လေသည်။
"ယန်ယန်... နင်ကရော မကြောက်ဘူးလား”
မီကိုက တအံ့တသြ မေးလိုက်၏။ ဤမျှ ကြောက်စရာကောင်းသော မြင်ကွင်းမျိုးကို မြင်တာတောင် တန်ယန်က လုံးဝ တုန်လှုပ်ချောက်ချားခြင်း မရှိပေ။
‘နင်ကတော့ တကယ်ကို ဆရာကြီးပဲ ငါ့လို အားနည်းတဲ့သူနဲ့မှ မတူတာ… ဟီး...’
***