"တကယ်တော့ သူတို့တွေက မိတ်ကပ်တွေ လိမ်းထားကြတာပါပဲ။ နင်လည်း နောင်ကျရင် သရုပ်ဆောင်တစ်ယောက် ဖြစ်လာမှာဆိုတော့ ဇာတ်ရုပ်မျိုးစုံကို စမ်းကြည့်ရမှာ မဟုတ်လား။ ဒီနေရာကို စင်မြင့်ထက်က ပြဇာတ်တစ်ခုလိုပဲ သဘောထားလိုက်ပါ၊ လူတိုင်းက ကိုယ့်ကဏ္ဍမှာကိုယ် သရုပ်ဆောင်နေကြတာလေ အဲဒီလိုတွေးရင် ပိုမကောင်းသွားဘူးလား"
"အာ... သရုပ်ဆောင်တွေလား ဒါဆို တို့တွေကရော"
"တို့တွေက ပရိသတ်ပေါ့ သူတို့က တို့တွေကို ခြောက်လှန့်နိုင်မှ သူတို့ရဲ့ ဇာတ်ကောင်စရိုက်က ပြီးပြည့်စုံသွားမှာလေ"
မီကိုက ခဏမျှ စဉ်းစားလိုက်ပြီးနောက် ကြောက်စိတ်များ ပြေလျော့သွားပုံရသည်။
"ယန်ယန်... နင်က တကယ်ကို ပါးနပ်တာပဲ"
သူမသည် ပတ်ဝန်းကျင် ရှုခင်းများကို လှည့်ပတ် ကြည့်ရှုလိုက်၏။
"ဝါး ဒီမှာ အဖြူရောင် အဝတ်စတွေက ဘာလို့ တွဲလောင်းကျနေတာလဲ အဲဒါ ဘာကိုဆိုလိုတာလဲဟင်"
"ဒီနေရာမှာ တစ်ယောက်ယောက်က ကြိုးဆွဲချ သေဆုံးသွားတယ်လို့ ဆိုလိုတာ ဖြစ်မှာပေါ့"
ဟု တန်ယန်က ခန့်မှန်းလိုက်သည်။
"အဲဒါဆို ဒီမှာ ကြိုးဆွဲချသေတဲ့ သရဲတစ်ကောင် ရှိရမှာပေါ့ ဒါပေမဲ့ ဘယ်သူ့ကိုမှ မတွေ့ပါလား"
မီကိုက ပတ်ပတ်လည်ကို ရှာဖွေကြည့်သော်လည်း အမှန်တကယ်ပင် မည်သူမျှ မရှိချေ။
တန်ယန်က တစ်ခုခုကို သတိရသွားသကဲ့သို့ အသာအယာ ရယ်မောလိုက်ပြီး -
"ခုနတုန်းက တို့တွေရှေ့ကနေ ပြေးသွားတဲ့သူ တစ်ယောက်ရှိတာကို နင်မေ့သွားပြီလား"
မီကို ခဏမျှ မှင်တက်သွားပြီးမှ -
"ဟားဟား နင်ပြောတာ လောင်ဝေအန်းကိုလား"
တန်ယန်က ခေါင်းညိတ်ပြလိုက်၏။ ဘာကိုမှ မကြောက်တတ်သလို ထင်ရသော လောင်ဝေအန်းတစ်ယောက် သရဲကြောက်လိမ့်မည်ဟု သူမ မထင်မထားခဲ့ပေ။
"သူသာ ငါ့ကို နောက်တစ်ခါ လာရိုင်းပြကြည့်စမ်းပါ ဒီအချက်နဲ့ ပြန်နှိပ်ကွပ်ပစ်မယ် ယောက်ျားကြီးတန်မဲ့ သရဲကြောက်ရတယ်လို့ ဟားဟားဟား..."
မီကိုသည် ဗိုက်ကိုနှိပ်ကာ အားရပါးရ ရယ်မောနေတော့သည်။
မီကိုသည် ကြောက်စိတ်များကို ကျော်လွှားနိုင်ပြီး နောက်တွင်မူ တန်ယန်နှင့်အတူ ထိုစွန့်ပစ်အိမ်ကြီးထဲတွင် အေးအေးလူလူ လမ်းလျှောက်နိုင်သွားလေသည်။ သူမသည် လှမ်းလိုက်၊ ရပ်လိုက်လုပ်ရင်း အလှဆင်ထားသည့် ပစ္စည်းများ၏ အဓိပ္ပာယ်နှင့် အရည်အသွေးကိုပင် ဝေဖန် သုံးသပ်နေသေး၏။ သရဲအိမ်ခရီးစဉ်မှာ ယခုအခါ လက်တွေ့သင်ခန်းစာ လေ့လာရေးခရီး တစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။
သူတို့နှစ်ဦး သရဲအိမ် အပြင်ဘက်သို့ ပြန်ထွက်လာသည့်အခါ သူတို့နှင့်အတူ ပါလာသော အမျိုးသားနှစ်ဦးမှာ အတွင်း၌ ကျန်ရစ်နေဆဲ ဖြစ်သည်ကို တွေ့လိုက်ရသည်။
"သူတို့ အဆင်ပြေပါ့မလား"
မီကိုက အနည်းငယ် စိုးရိမ်စွာ မေးလိုက်သည်။
"မပူပါနဲ့၊ ခဏလောက် ထပ်စောင့်ကြည့်ရအောင် တကယ်လို့ ထွက်မလာသေးရင်တော့ ဝန်ထမ်းတွေကို အကူအညီတောင်းပြီး သွားရှာခိုင်းကြတာပေါ့"
"ကောင်းပြီလေ အဲဒီအတိုင်းပဲ လုပ်ကြစို့ ဟဲဟဲ ယန်ယန်... တကယ်ကို ရယ်ရတယ်နော် အဲဒီနှစ်ယောက်ကတော့... ဟား"
"ကဲပါ... သူတို့အတွက် မျက်နှာပန်းလှအောင် တို့တွေကပဲ လျှို့ဝှက်ပေးထားကြတာပေါ့"
"အင်းပါ ဒါနဲ့ ငါ့ကိုပြောပြပါဦး F နိုင်ငံတော်က မှူးမတ်တွေက ခွေးချေးတွေကို မနင်းမိအောင် ဒေါက်ဖိနပ်တွေကို စပြီး စီးခဲ့ကြတယ်ဆိုတာ ဟုတ်လား"
"ဟူး... ဖြစ်နိုင်ပါတယ် ဘယ်လိုပဲဖြစ်ဖြစ် အဲဒီသမိုင်းကို ဘယ်သူမှ ကိုယ်တိုင်ကြုံခဲ့တာမှ မဟုတ်တာ၊ နင်ယုံချင်တာကိုပဲ ရွေးပြီး ယုံလိုက်တော့လေ"
နာရီဝက်ခန့်ကြာပြီး နောက်တွင်မူ လောင်ဝေအန်းနှင့် ရှုရှင်းယန်တို့မှာ အပြင်သို့ ထွက်မလာသေးသည်ကို တွေ့ရသဖြင့် တန်ယန်သည် ဝန်ထမ်းအချို့ကို အကူအညီတောင်းကာ ထိုနှစ်ဦးအား သွားရောက် ခေါ်ထုတ်ပေးရန် ပြောလိုက်လေသည်။
သူတို့လေးဦး ပြန်လည် ဆုံစည်းကြသည့်အခါ အမျိုးသားနှစ်ဦး၏ပုံစံမှာ တန်ယန်တို့နှင့် လုံးဝကို ကွာခြားနေတော့သည်။ နုံးချိကာ အားအင်ကုန်ခမ်းနေကြပြီး မျက်နှာများမှာလည်း 【ဝမ်းနည်းနေသော အီမိုဂျီ】 တစ်ခုကဲ့သို့ ဖြစ်နေတော့၏။
ထို့နောက် သူတို့အဖွဲ့သည် အသစ်ဖွင့်ထားသော စားသောက်ဆိုင် တစ်ဆိုင်ကို ရှာဖွေကာ ညစာအမြန် စားလိုက်ကြပြီး တစ်ဦးကိုတစ်ဦး လက်ပြနှုတ်ဆက်ကာ အသီးသီး လမ်းခွဲကာ အိမ်ပြန်သွားကြသည်။
*
တက္ကသိုလ်ဝင်တန်း စာမေးပွဲကြီး ပြီးဆုံးသွားပြီးနောက် စမ်းသပ်အထက်တန်းကျောင်းမှ ကျောင်းသားများသည် ပုံမှန်ကျောင်း စာသင်ဘဝသို့ ပြန်လည် ရောက်ရှိသွားကြသည်။ ထိုအတောအတွင်း တန်မိသားစုတွင်မူ ထူးခြားသော အဖြစ်အပျက်ကြီးတစ်ခု ဖြစ်ပွားခဲ့လေသည်။
"အဒေါ်က... အချစ်ကို ရှာတွေ့နေပြီ ဟုတ်လား"
တန်ယန်သည် မယုံနိုင်စရာ သတင်းစကားကြောင့် သူမ၏မိခင်ကို မျက်လုံးအဝိုင်းသားဖြင့် ကြည့်ကာ မေးလိုက်မိသည်။
တန်ယန်၏ မိခင်က ခေါင်းညိတ်ပြလျက် -
"သမီး နိုင်ငံခြား သွားနေတုန်းက သူတို့တွေ အိမ်ကို လာခဲ့ကြသေးတယ် သမီးအဒေါ်ကတော့ သူ့ကို တော်တော်လေး စိတ်ဝင်စားပုံရတယ်၊ ဒါပေမဲ့ ဂျားဂျားလေးကြောင့် ဝေခွဲမရ ဖြစ်နေတာ"
"ဒါက ဘယ်တုန်းကတည်းက စတာလဲဟင်"
"နှစ်သစ်ကူး မတိုင်ခင်ကတည်းက အဲဒီလူက သူ့ခံစားချက်တွေကို ဖွင့်ပြောခဲ့ပုံရတယ်၊ ဒါပေမဲ့ သမီးအဒေါ်က သဘောမတူခဲ့ဘူးလေ"
တန်ယန်သည် နှစ်သစ်ကူး မတိုင်မီ ကာလတစ်ခုကို ရုတ်တရက် သတိရသွားသည်။ ထိုစဉ်က တန်ချင်းရွှဲ့မှာ ထူးထူးခြားခြား အိမ်မှာပဲ အမြဲနေတတ်ပြီး မကြာခဏ ဆိုသလို ငေးငိုင်နေတတ်သည်။ ထိုအချိန်က သူမအဒေါ် တစ်ခုခု ဖြစ်နေသည်ဟု တန်ယန် ခံစားခဲ့ရသော်လည်း ဤကဲ့သို့ အချစ်ရေးကံ ထူးနေလိမ့်မည်ဟုမူ တစ်ခါမျှ မတွေးတောမိခဲ့ချေ။
"ဒါဆို အခု သူတို့ တွဲနေကြပြီပေါ့"
တန်ယန်၏ မိခင်က ခေါင်းညိတ်ကာ -
"ဒီတစ်ပတ် ပိတ်ရက်မှာ တို့တွေ အားကြတယ်လေ၊ သူတို့က တို့မိသားစုကို ညစာ ဖိတ်ကျွေးချင်ကြတယ်၊ မိတ်ဆက်ပေးချင်တာလည်း ပါသလို သမီးအဒေါ်ကို စောင့်ရှောက်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ချင်လို့တဲ့"
"အင်း... ဒါက မင်္ဂလာသတင်း ရှိတော့မယ့် လက္ခဏာပဲလား ဂျားဂျားကရော... သူဘာပြောလဲ"
"ဂျားဂျားကတော့ တော်တော်လေး ပျော်နေပုံရပါတယ်။ သမီးအဒေါ်က ဂျားဂျားကြောင့် သူ့ကိုငြင်းခဲ့တာ မဟုတ်လား။ အဲဒီလူက သူ့စိတ်ကိုရဖို့ ဂျားဂျားလေးရဲ့ အကြိုက်ကို အစွမ်းကုန် လိုက်ဖြည့်ပေးခဲ့တာလေ။ သူတို့က သွေးရင်းသားရင်း သားအဖတွေ မဟုတ်ကြပေမဲ့ အခုတော့ သွေးသားထက်တောင် ပိုပြီး ရင်းနှီးနေကြပြီ"
တန်ယန်၏မိခင်သည် သူမ၏ ယောင်းမလေးအတွက် အမှန်တကယ် ဝမ်းသာနေခြင်း ဖြစ်သည်။ ယခင်က လူမှားနှင့် ဆုံတွေ့ခဲ့ဖူးသဖြင့် ယခုကဲ့သို့ မိမိနှစ်သက်ပြီး သင့်တော်မည့် သူမျိုးနှင့် ဆုံတွေ့ရန်မှာ မလွယ်ကူလှပေ။
လူကြီးတွေရဲ့ ကမ္ဘာမှာ တစ်ယောက်ကိုတစ်ယောက် ကြိုက်ရုံနှင့် ပေါင်းဖက်ဖို့ ဆိုသည်မှာ မရိုးရှင်းလှပေ၊ ထည့်သွင်းစဉ်းစားရမည့် အချက်များစွာ ရှိနေသောကြောင့် ဖြစ်၏။ ကံကောင်းထောက်မစွာပင် တစ်ဖက်လူ၏ မိသားစုမှာ အလွန်ပင် ရိုးရှင်းလှပေသည်။ မိဘများမှာ စောစီးစွာ ကွယ်လွန်သွားကြပြီ ဖြစ်သလို မောင်နှမသားချင်းလည်း မရှိချေ။ အားလပ်ရက်များတွင် သွားရောက် လည်ပတ်စရာ ဆွေမျိုး တစ်ဦး၊ နှစ်ဦးသာ ရှိသဖြင့် အေးချမ်းလှပေသည်။
အရေးအကြီးဆုံး အချက်မှာ ထိုသူသည် နောက်ထပ်ကလေး မယူရန် သဘောတူထားပြီး တန်ယွဲဂျားလေးကို တန်ချင်းရွှဲ့နှင့် အတူတကွ ပြုစုပျိုးထောင်ရန် ဆန္ဒရှိနေခြင်းပင် ဖြစ်သည်။ ဤသည်မှာ စစ်မှန်သော အချစ်ကြောင့်သာ ဖြစ်ပေလိမ့်မည်။
"ပျော်ရွှင်နေဖို့က အဓိကပါပဲ၊ ဒါကိုပဲ ရေစက်လို့ ခေါ်တာပေါ့ ရေစက်ပါလာရင် ဘယ်သူမှ တားလို့မရဘူး မဟုတ်လား"
တန်ယန်သည် သူမ၏အဒေါ် မင်္ဂလာဆောင်ပြီးနောက်ပိုင်း အလုပ်အကိုင် အစီအစဉ်များကိုပါ ကြိုတင်၍ စဉ်းစားပေးနေမိသည်။ စတားလိုက် အဆောက်အအုံရှိ ဆိုင်နှစ်ဆိုင်မှာ ယခုအခါ လမ်းကြောင်းမှန်ပေါ် ရောက်နေပြီဖြစ်ရာ မင်္ဂလာဆောင်သည့်အခါ မင်္ဂလာလက်ဖွဲ့အဖြစ် သူမ၏ရှယ်ယာ အားလုံးကို လွှဲပြောင်းပေးရန် ဆုံးဖြတ်လိုက်၏။
မကြာမီမှာပင် ပိတ်ရက်သို့ ရောက်ရှိလာခဲ့သည်။
နေ့လယ်စာစားပွဲ ဖြစ်သဖြင့် လူတိုင်းမှာ စောစောစီးစီးနိုးကာ ပြင်ဆင်ကြပြီး အဒေါ်၏ချစ်သူ ဘွတ်ကင်လုပ်ထားသော ဟိုတယ်သို့သွားရန် စောင့်ဆိုင်းနေကြလေသည်။
ဟိုတယ်၏ သီးသန့်ခန်း အတွင်း၌ တန်ယန်သည် သူမ၏ မျက်စောင်းထိုးတွင် ထိုင်နေသော အမျိုးသားကို အကဲခတ်ကာ ကြည့်လိုက်သည်။ သူသည် အရပ် ၅ ပေ ၁၀ လက်မခန့် (1.78 မီတာ) ရှိပြီး လူကြီးလူကောင်းဆန်စွာ ဝတ်ဆင်ထားကာ တစ်နေရာရာတွင် မြင်ဖူးသလိုလို ရှိသော်လည်း သူမ အမှန်တကယ် ဆုံဖူးခြင်း မရှိသည်ကိုမူ သေချာနေပေသည်။
"မင်္ဂလာပါ... ကျွန်တော့်ကိုယ်ကျွန်တော် မိတ်ဆက်ပါရစေ ကျွန်တော့်မျိုးရိုး နာမည်က ယန်ပါ၊ နာမည်က ဝေ့ကျိန်းပါ ကျွန်တော်က ချင်းရွှဲ့ရဲ့ ချစ်သူဖြစ်သလို အနာဂတ် ခင်ပွန်းလောင်းလည်း ဖြစ်ပါတယ်။ သူမရဲ့ မိသားစုနဲ့ အခုလို တွေ့ဆုံရတာ တကယ်ကို ဝမ်းသာပါတယ်၊ နောင်မှာလည်း ပိုပြီး ရင်းနှီးသွားကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်ခင်ဗျာ"
"မင်္ဂလာပါ၊ ကျွန်တော်က ချင်းရွှဲ့ရဲ့ အစ်ကို တန်စင်ရှုပါ။ ဒါက ကျွန်တော့်ဇနီး ယန်ရိုးလင်ပါ ကျွန်တော်တို့ရဲ့ သမီးအကြီးက တန်ယန်လို့ ခေါ်ပြီးတော့ သားအငယ်ကတော့ တန်ယွီပါ"
"မင်္ဂလာပါ ဦးလေးယန်"
တန်ယန်နှင့် တန်ယွီတို့က ယဉ်ကျေးပျူငှာစွာ နှုတ်ဆက်လိုက်ကြသည်။
"မင်္ဂလာပါ ကလေးတို့၊ ဒါက သမီးတို့အတွက် လက်ဆောင်ပါ သဘောကျမယ်လို့ မျှော်လင့်ပါတယ်"
"ကျေးဇူးတင်ပါတယ် ဦးလေး"
တန်ယွဲဂျားကလည်း မျှော်လင့်ချက် အပြည့်ရှိသော မျက်လုံးလေးများဖြင့် သူတို့အား စိုက်ကြည့်နေလေ၏။
ထိုမြင်ကွင်းကြောင့် ယန်ဝေ့ကျိန်းမှာ ပြုံးလိုက်မိပြီး လှည့်၍ အခြားလက်ဆောင် တစ်ခုကို ထုတ်ယူကာ ကမ်းပေးလိုက်လေသည်။
"ဂျားဂျားလေးအတွက်လည်း ပါတာပေါ့"
တန်ယွဲဂျားသည် လက်ဆောင်ကို ဝမ်းသာအားရ လက်ခံလိုက်ပြီး ယန်ဝေ့ကျိန်းကို ကြည့်ကာ ချိုသာစွာ ပြုံးပြလိုက်သည်။
"ကျေးဇူးတင်ပါတယ် ဦးလေးယန်"
ထမင်းစားနေစဉ်အတွင်း တန်ယန်၏ ဖခင်နှင့် ယန်ဝေ့ကျိန်းတို့မှာ အလွန်ပင် စကားပြော၍ လိုက်ဖက်နေကြပြီး ဆက်သွယ်ရန် အချက်အလက်များ ဖလှယ်ကာ နောက်တစ်ကြိမ်တွင် သီးသန့် သောက်စားကြရန်ပင် ချိန်းဆိုလိုက်ကြလေ၏။
တန်ယန်၏ မိခင်ကမူ သူမ၏ ခင်ပွန်းကို မျက်စောင်းခဲကာ ကြည့်နေတော့သည်။ သူသည် အသည်းအဆီ ဖုံးနေသည်ဟု ဆေးစစ်ချက် ထွက်ထားသည်မှာ မကြာသေးပေ၊ သို့သော် သူ၏ ခေါင်းထဲတွင်မူ သောက်စားရန်ကိုသာ တွေးနေတော့သည် မဟုတ်ပါလော။
တန်ယန်တို့ မိသားစုသည် တန်ယွဲဂျားကို ခေါ်ဆောင်ကာ ဇူးယုန်းစံအိမ်သို့ ပြန်လာခဲ့ကြသည်။ တန်ချင်းရွှဲ့မှာမူ အသောက်လွန်သွားသော ယန်ဝေ့ကျိန်း တစ်ယောက်တည်း ပြန်သွားရမည်ကို စိုးရိမ်နေသဖြင့် သူနှင့်အတူ လိုက်ပါသွားလေသည်။
"ဂျားဂျားလေး... သမီး အဲဒီ ဦးလေးယန်ကို သဘောကျလား"
တန်ယန်က အသာအယာ မေးလိုက်သည်။
"သဘောကျတာပေါ့"
တန်ယွဲဂျားက ခေါင်းညိတ်ပြလိုက်သည်။
"ဒီဦးလေးက မေမေ့ကို သဘောကျတယ်ဆိုတာ သမီးသိတယ် မေမေက သူနဲ့အတူရှိနေရင် အရမ်းပျော်နေတာလေ"
တန်ယန်သည် တန်ယွဲဂျား၏ ခေါင်းလေးကို ပွတ်ပေးရင်း သူမလေးအပေါ် ကြင်နာသနားစိတ် ဖြစ်ပေါ်လာမိ၏။ မိဘများအပေါ် ချွဲနွဲ့ပြီး ဆိုးနွဲ့ရမည့်အရွယ် ဖြစ်သော်လည်း ဘဝအခြေအနေက သူမကို အလိုက်သိတတ်လွန်းသူ ဖြစ်လာအောင် တွန်းပို့ခဲ့သည်။
"ဂျားဂျားက အစ်မတို့၊ မောင်လေးတို့နဲ့ ရှိနေရတာ ပျော်ရဲ့လား"
"အရမ်းပျော်တာပေါ့ အစ်မနဲ့အတူ ရှိနေရတာက အပျော်ဆုံးပဲ အစ်မ... ကျိုးကျားရှင်းရဲ့ မေမေလည်း ဆေးရုံက ဆင်းသွားပြီနော် အစ်မ ကူညီပေးလို့ ကျေးဇူးအများကြီး တင်ပါတယ်"
တန်ယွဲဂျားသည် သူမ၏ အရင်းနှီးဆုံး သူငယ်ချင်းအကြောင်းကို တွေးမိကာ ပြုံးရွှင်နေတော့သည်။ သူတို့နှစ်ဦးမှာလည်း တန်ယန်နှင့် မီကိုတို့ကဲ့သို့ပင် အလွန်ရင်းနှီးသော သူငယ်ချင်းများ ဖြစ်ကြပေမည်။
"ဒါက ဝမ်းသာစရာပဲနော် သမီးရဲ့မွေးနေ့ကလည်း မကြာခင် ရောက်တော့မှာ မဟုတ်လား အဲဒီကျရင် သမီးရဲ့ သူငယ်ချင်းတွေကိုဖိတ်ပြီး အတူတူ ပျော်ကြတာပေါ့"
နောက်ထပ် ရက်အနည်းငယ်ဆိုလျှင် တန်ယွဲဂျား၏ မွေးနေ့သို့ ရောက်တော့မည်ဖြစ်ရာ သူမအား ပျော်ရွှင်သွားစေရန်အတွက် အံ့အားသင့်စရာ လက်ဆောင်ငယ်လေးတစ်ခု ပြင်ဆင်ပေးချင်စိတ် တန်ယန်၌ ရုတ်တရက် ပေါ်ပေါက်လာလေသည်။ ထိုအကြောင်းကို ယနေ့ညနေတွင် မမရုံ၊ အိမ်တော်ထိန်းကျန်းတို့နှင့် အသေးစိတ် တိုင်ပင်ရပေဦးမည်။
***