ဘေကျင်းလေဆိပ်။
တန်ယန်သည် သူမ၏ ကိုယ်ပိုင်လေယာဉ်ပေါ်မှ ဆင်းလာခဲ့ရာ သူမ၏ဘေးတွင် ချင်ယွီရုံက လိုက်ပါလာမြဲ ဖြစ်ပေသည်။ ယခုတစ်ခေါက် ခရီးစဉ်တွင်မူ သူမသည် ကိုယ်ရံတော် လေးဦးကိုပါ ခေါ်ဆောင်လာခဲ့လေသည်။
'တရုတ်ကမ္ဘာ့ ကုန်သွယ်ရေးစင်တာ’ သို့ သွားရာလမ်းတွင် တန်ယန် တစ်ယောက်တည်း တွေးတောနေမိသည်မှာ သူမသည် လူအများအပေါ် အလျှော့ပေးလွန်း နေသလားဟူ၍ ဖြစ်၏။ ထို့ကြောင့်ပင် လူကောင်းလူဆိုးမရွေး သူမကို ဖိနှိပ်ချင်နေကြခြင်း ဖြစ်ပေလိမ့်မည်။
ဤဘေကျင်း ခရီးစဉ်မှာ 'မြေကွက် အက်စ်' ဖော်ဆောင်ရေးနှင့် ပတ်သက်သည့် နောက်ဆက်တွဲ ကိစ္စများကို ကိုင်တွယ်ရန် ဖြစ်ပေသည်။ လွန်ခဲ့သော နှစ်ရက်က ကျိုးချီသည် အလုပ်အဆင်း အပြန်လမ်းတွင် ကားအက်စီးဒင့် ဖြစ်ခဲ့ရ၏။ တစ်ဖက်ယာဉ်မောင်းမှာ မူးနေပြီး ဤဖြစ်ရပ်မှာ မတော်တဆမှုသာဖြစ်ကြောင်း အတင်းအကျပ် ငြင်းဆိုနေလေသည်။
သို့သော် တစ်ဖက်လူ၏ တမင်တကာ ထပ်ခါတလဲလဲ တိုက်မိနေပုံကို ကြည့်ခြင်းအားဖြင့် ဤသည်မှာ ကြိုတင်ကြံစည်ထားသည့် လုပ်ရပ်ဖြစ်ကြောင်း ထင်ရှားလှပေသည်။ သို့သော်လည်း အမှုစစ်ရဲအရာရှိကမူ တစ်ဖက်လူ၏ လုပ်ရပ်မှာ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်း မဟုတ်ဟု ဆုံးဖြတ်ကာ မူးယစ်မောင်းနှင်မှု အဖြစ်သာ အရေးယူခဲ့လေသည်။
"ကျိုးချီ အခု ဘယ်လိုနေသေးလဲ"
တန်ယန်၏ အသံမှာ အနည်းငယ် အေးစက်နေပြီး စိတ်အနှောင့်အယှက် ဖြစ်နေသည်မှာ သိသာလှပေသည်။
"နံရိုးသုံးချောင်း ကျိုးသွားတယ် ဦးနှောက် အနည်းငယ် ထိခိုက်သွားသလို ဘယ်ဘက် လက်မောင်းလည်း ကျိုးသွားတယ် တစ်ဖက်လူက သူ့ကို သတိပေးချင်တဲ့ ပုံစံမျိုးပဲ"
ချင်ယွီရုံက စိတ်ထဲမှ သက်ပြင်းချလိုက်မိ၏။ မည်သည့်နေရာသို့ ရောက်သည်ဖြစ်စေ မရိုးသားသည့်လူနှင့် ကိစ္စရပ်များမှာ အမြဲရှိနေစမြဲပင်။ ယခုအခါတွင်မူ သူဌေးမလေးက အသာတကြည် ကိုင်တွယ်မလား သို့မဟုတ် ထိပ်တိုက် ရင်ဆိုင်မလား ဆိုသည့်အပေါ်တွင်သာ မူတည်တော့ပေသည်။
"ဘယ်သူလုပ်တာလဲဆိုတာ စုံစမ်းပြီးပြီလား"
တန်ယန်၏ သီးသန့် ကိုယ်ရံတော်များဖြစ်သည့် 'နံပါတ် ၀ မှ ၁၀' အဖွဲ့သားများသည် အခြားသူများထက် သာလွန်သည့် အရည်အချင်းများကိုယ်စီ ပိုင်ဆိုင်ထားကြ၏။ 'နံပါတ် ၃' ၏ ထူးခြားသည့် စွမ်းရည်မှာ 'အင်တာနက်' ပင် ဖြစ်ပေသည်။
တန်ယန်အတွက်မူ အင်တာနက် လောကတွင် 'ယိတျန်တျန်' ထက် ပိုတော်သူ မရှိသော်လည်း သူမ၏ဘေးတွင် ဤကဲ့သို့ ပါရမီရှင်တစ်ဦး ရှိနေသဖြင့် သာမန် ကိစ္စလေးများအတွက် 'ယိတျန်တျန်' ကို ဒုက္ခပေးရန် မလိုတော့ပေ။
"စုံစမ်းပြီးပါပြီ။ လင်းမိသားစုရဲ့ ဒုတိယသား လင်းကျိုးက လူငှားပြီး လုပ်ခိုင်းတာပါ၊ ပြီးတော့ စိတ်ဝင်စားစရာ တစ်ခုလည်း တွေ့ထားပါသေးတယ်၊ ဒါလေးကို ကြည့်လိုက်ပါဦး"
နာရီဝက်ခန့် ကြာပြီးနောက် တန်ယန်သည် အိုင်ပတ်ကို ချင်ယွီရုံထံ ပြန်ပေးလိုက်ကာ -
"ကျန်းဇီယွီက လင်းကျိုးနဲ့ တွဲနိုင်အောင် တော်တော်လေး စွမ်းဆောင်နိုင်သားပဲ ဒီသတင်းကို လင်းကျိုးရဲ့ ဇနီးဆီ ပို့ပေးလိုက်ပါ"
"ကောင်းပါပြီ"
ဘေကျင်း ယွမ်ကျိဆေးရုံ။
တန်ယန်နှင့် ချင်ယွီရုံတို့ ဝင်လာချိန်တွင် ကျိုးချီသည် ဆေးရုံခုတင်ပေါ်တွင် လဲလျောင်းလျက် စာရွက်စာတမ်းများကို ဖတ်ရှုနေလေသည်။
"မစ္စတာကျိုးကတော့ ဒဏ်ရာတွေနဲ့တောင် တကယ်ကို ဇွဲကောင်းလှပါလား၊ ဒီလိုအချိန်မှာတောင် အလုပ်ကိစ္စကိုပဲ တွေးနေနိုင်သေးတယ် ကြည့်ရတာ ကျွန်မရဲ့ သူဌေးနေရာကိုပဲ ရှင့်ကို ပေးလိုက်ရတော့မယ် ထင်တယ်"
မံမီရုပ်ကဲ့သို့ တစ်ကိုယ်လုံး ပတ်တီးများ စည်းထားရသော်လည်း အလုပ်လုပ်နေဆဲဖြစ်သော ကျိုးချီကိုကြည့်ကာ တန်ယန်မှာ ရယ်လည်းရယ်ချင် စိတ်မကောင်းလည်း ဖြစ်မိသဖြင့် စနောက်လိုက်ခြင်းပင် ဖြစ်ပေသည်။
"ရောက်လာပြီပဲ တကယ်တော့ သိပ်ပြီး မစိုးရိမ်ရပါဘူး၊ မနက်ဖြန်ဆို ဆေးရုံဆင်းလို့ ရပါပြီ"
ကျိုးချီသည် တန်ယန်ကိုယ်တိုင် လာရောက် ကြည့်ရှုသည့်အတွက် စိတ်လှုပ်ရှားမိသလို အားနာစိတ်လည်း ဖြစ်ပေါ်နေရ၏။
"ကဲပါ... ခဏလောက်လှဲပြီး အနားယူလိုက်ပါဦး ဒီလောက်ခဏလေး အနားယူလိုက်ရုံနဲ့ အလုပ်တွေ ထိခိုက်မသွားပါဘူး။ ကျန်းမာရေးကို အလေးထားဖို့က အရေးအကြီးဆုံးပဲ"
တန်ယန်သည် ကျိုးချီ၏လက်ထဲမှ အိုင်ပတ်ကိုယူ၍ ဘေးတွင် ချထားလိုက်သည်။ ထို့နောက် ချင်ယွီရုံဘက်သို့ လှည့်ကာ
"မမရုံ ရွမ်ဝေကို ဖုန်းဆက်လိုက်ပါ ကျိုးချီဒဏ်ရာတွေ အမြန်သက်သာလာအောင် နောက်သုံးလအတွင်း သူစားဖို့အတွက် အာဟာရဖြစ်မယ့် အစားအသောက်တွေကို နေ့တိုင်းပို့ပေးဖို့ ပြောလိုက်ပါဦး"
"ကောင်းပါပြီ၊ အခုပဲ ဆက်သွယ်လိုက်ပါ့မယ်"
ချင်ယွီရုံက အသာအယာ ရယ်မောလျက် ပြန်ဖြေပြီးနောက် ဖုန်းဆက်ရန် အပြင်သို့ ထွက်သွားလေသည်။
"အဟမ်း..."
ကျိုးချီသည် အနေရခက်စွာဖြင့် ချောင်းနှစ်ချက် ဟန့်လိုက်ပြီး
"ဒီလောက်အထိ ဒုက္ခခံစရာ မလိုပါဘူး ကျွန်တော့်ဘာသာ အပြင်စာပဲ မှာစားလိုက်ပါ့မယ်"
တန်ယန်သည် မျက်မှောင်ကြုတ်လိုက်ကာ
"ရှင်က အမြဲတမ်း အပြင်စာတွေပဲ မှာစားနေတာလား ကြည့်ရတာ ရှင့်သူဌေးဖြစ်တဲ့ ကျွန်မကပဲ ရှင့်ရဲ့ နေထိုင်မှု ဘဝကိုပါ လိုက်ပြီး ဂရုစိုက်ပေးရတော့မယ် ထင်တယ်။ မဟုတ်ရင် တစ်နေ့နေ့ အလုပ်ထဲမှာ ရှင်မေ့လဲသွားမှ ကျွန်မက အလုပ်ခွင် ထိခိုက်မှုအတွက် လျော်ကြေးတွေ ပေးနေရဦးမယ်"
"အာ... အဲဒီလောက်လည်း မဟုတ်ပါဘူး။ ကျွန်တော်က ပုံမှန်ဆို ချက်ပြုတ်ရမှာ ပျင်းလို့ပါ"
ကျိုးချီသည် အပြစ်ရှိသကဲ့သို့ ခံစားရသဖြင့် မိမိနှာခေါင်းကိုသာ ပွတ်နေမိတော့၏။
"ရှင့်အတွက် ကိုယ်ရံတော်နှစ်ယောက် စီစဉ်ပေးထားတယ် နောက်တစ်ရက် နှစ်ရက်အတွင်း သူတို့ ရောက်လာလိမ့်မယ်။ အခုကစပြီး ဘယ်သွားသွား သူတို့ကို ခေါ်သွားရမယ်နော်"
တန်ယန်၏ တည်ကြည်လှသော မျက်နှာပေးမှာ အလွန်ပင် ခန့်ညားထည်ဝါလှရာ ကျိုးချီအနေဖြင့် ငြင်းဆန်ရန်ပင် မဝံ့ရဲတော့ပေ။
"ဟုတ်ကဲ့ပါ"
ဟု သူက ခေါင်းညိတ် ဝန်ခံလိုက်ရလေသည်။
"ကျိုးချီ အမှားတစ်ခုကနေ သင်ခန်းစာ ယူရမှာက တစ်ကြိမ်ပဲ လိုအပ်တယ်"
တန်ယန်သည် ကျိုးချီအား သူမ၏ ခံစားချက်များကို သိစေလိုသည့်အလား စိုက်ကြည့်ကာ ပြောလိုက်၏။
ကျိုးချီသည် ရင်ထဲတွင် တစ်ဆို့သွားကာ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်လျှံသွားရလေသည်။ သူက လေးလေးနက်နက် ခေါင်းညိတ်လျက်
"ဟုတ်ကဲ့၊ နောက်တစ်ကြိမ် မရှိစေရပါဘူး"
ဟု ကတိပေးလိုက်သည်။ ယခုတစ်ကြိမ်တွင် သူသည် ပြိုင်ဘက်ကို အထင်သေးခဲ့မိသဖြင့် သင်ခန်းစာ ရခဲ့ပြီဖြစ်၏။ ထို့အပြင် စီးပွားရေး လောကတွင် ရန်သူတစ်ဦး ရှိလာခဲ့လျှင် ထိုသူအား အမြစ်ပြတ် ချေမှုန်းပစ်ရမည်ကိုလည်း သူနားလည်သွားခဲ့ပြီ ဖြစ်သည်။ တစ်ဖက်လူက အမှန်တကယ် ကြောက်ရွံ့သွားမှသာ နောက်နောင်တွင် မိမိအပေါ် မကောင်းသော စိတ်ထားများ ထားရှိရန် မဝံ့ရဲတော့မည် ဖြစ်သည်။
ဆေးရုံမှ ထွက်ခွာပြီးနောက် တန်ယန်သည် မွန်းဘေးရှိ သူမ၏ ဗီလာစံအိမ်သို့ ပြန်လာခဲ့လေသည်။ သူမက ထိုနေရာတွင် မကြာခဏ မနေဖြစ်သော်လည်း အပတ်စဉ် သန့်ရှင်းရေး ဝန်ဆောင်မှု ခေါ်ယူထားသဖြင့် မည်သည့်အချိန်မဆို တက်နေနိုင်ရန် အဆင်သင့် ဖြစ်နေပေသည်။
ချင်ယွီရုံက ညစာပြင်ဆင်ရန် မီးဖိုချောင်သို့ ဝင်သွားပြီး ကိုယ်ရံတော် အချို့မှာမူ ပတ်ဝန်းကျင် လုံခြုံရေးကို အသေးစိတ် စစ်ဆေးနေကြလေသည်။
တန်ယန်သည် ဆိုဖာပေါ်တွင် ကွေးကွေးလေးထိုင်ကာ ဖုန်းပွတ်နေစဉ် ရုတ်တရက် Weibo ပေါ်မှ ရေပန်းစားနေသော သတင်းတစ်ပုဒ်က သူမ၏အာရုံကို ဖမ်းစားသွား၏။
【 H မြို့တော်တွင် ရှေးဟောင်းသင်္ချိုင်းဂူ အစုအဝေးကြီး တစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။ ရှီလုံခေတ်ကဟု ယူဆရသော ရှေးဟောင်းဂူတစ်ခု H မြို့တော်တွင် ပေါ်ထွက်လာသည်။ ကျန်းမိသားစု ငွေရေးကြေးရေး အကျပ်အတည်းနှင့် ရင်ဆိုင်နေရ၏】
ကျန်းမိသားစုမှ ငွေသန်းပေါင်း ၇၀၀ အကုန်အကျခံကာ ဝယ်ယူထားသည့် မြေကွက်ကြီး၏ လျှို့ဝှက်ချက်မှာ နောက်ဆုံးတွင် လူသိရှင်ကြား ပေါက်ကြားသွားခဲ့လေပြီ ဖြစ်သည်။ တန်ယန်သည် လျှာတစ်ချက်သပ်လျက် -
"ကျန်းမိသားစုတော့ သွားပြီပဲ"
ဟု ရေရွတ်လိုက်မိ၏။ သူမသည် သက်သက်မဲ့ ပြောဆိုနေခြင်း မဟုတ်ပေ။ ကျင်းကန်းပြိုင်ပွဲဖြစ်ရပ် ဖြစ်ပွားခဲ့သည်မှာ မကြာသေးသလို 'ယိတျန်တျန်' ကလည်း ကျန်းမိသားစု၏ လှုပ်ရှားမှု မှန်သမျှကို စောင့်ကြည့်ကာ သူမထံ အခါအားလျော်စွာ အစီရင်ခံနေသောကြောင့် ဖြစ်သည်။
ထို့ကြောင့် ကျန်းဟွေးတစ်ယောက် ရုံးခန်းထဲတွင် ပစ္စည်းများကို မည်မျှအထိ ရိုက်ခွဲခဲ့သည် ကျန်းကတော်က ပိုင်ဆိုင်မှုများကို မည်သို့လျှို့ဝှက် လွှဲပြောင်းနေသည် ဆိုသည်တို့ကို သူမ အတိအကျ သိရှိနေခြင်း ဖြစ်ပေသည်။ သို့သော်လည်း အပြင်ပန်းတွင်မူ ကျန်းမိသားစု၏ လူနေမှုဘဝမှာ ယခင်အတိုင်းပင် ထူးမခြားနား ရှိနေဆဲဖြစ်၏။ မကြာသေးမီကမှ အိမ်ထောင်ကျခဲ့သော ကျန်းဇီယွီပင်လျှင် အလှည့်စား ခံလိုက်ရလေသည်။
အမှန်စင်စစ် ဤသည်မှာလည်း ကျန်းဟွေးနှင့် ဇနီးဖြစ်သူတို့၏ တမင်သက်သက် လုပ်ဆောင်ချက်ပင် ဖြစ်ပေသည်။ မိမိတို့၏သမီးကို ချန်မိသားစုထဲသို့ ထည့်လိုက်ခြင်းမှာ ၎င်းတို့၏ ငွေရေးကြေးရေး အကြပ်အတည်းကို ဖြေရှင်းရန်အတွက်သာ ဖြစ်သည်။ ကျန်းဇီယွီမှာ အလွန်အမင်း ပါးနပ်သူ မဟုတ်သဖြင့် ကျန်းမိသားစု၏ အခြေအနေ အမှန်ကိုသာ သူမသိသွားခဲ့ပါက လျှို့ဝှက်ချက်ကို ထိန်းသိမ်းထားနိုင်လိမ့်မည် မဟုတ်ပေ။
ထို့ကြောင့် ဤကိစ္စ ပေါက်ကြားသွားသည်နှင့် ကျန်းဇီယွီသည် အခြေအနေကို မေးမြန်းရန် လင်းချန်ရုထံသို့ ချက်ချင်း ဖုန်းဆက်တော့သည်။ ချန်မိသားစုသည်လည်း ထိုမြေကွက် ဖော်ဆောင်ရေးတွင် ငွေအမြောက်အမြား ရင်းနှီးမြှုပ်နှံထားခြင်းဖြစ်ရာ အကယ်၍သာ အရာအားလုံး ဆုံးရှုံးသွားခဲ့လျှင် သူမ၏ အနာဂတ်မှာလည်း အလွန်ပင် ခက်ခဲသွားတော့မည်။
"မေမေ... ဒါတွေက ဘာဖြစ်တာလဲ သမီးတို့မြေကွက်ပေါ်မှာ ရှေးဟောင်းသင်္ချိုင်းကြီး ရှိနေတာ ဘယ်လိုဖြစ်နိုင်မှာလဲ ဒါတွေရှင်းဖို့ ဘယ်လောက်တောင် ကြာဦးမှာလဲဟင်"
ကျန်းဇီယွီ၏ အသံတွင် စိုးရိမ်ပူပန်မှုများ ပါဝင်နေလေသည်။
လင်းချန်ရုက သူမအား အသာအယာ ချော့မော့လိုက်၏။
"သမီးအဖေက အဆင်ပြေအောင် ဖြေရှင်းပေးမယ့်သူကို ရှာနေပါတယ် မကြာခင်မှာ သတင်းကောင်း ရလိမ့်မယ်လို့ မေမေ ယုံကြည်တယ်။ စိတ်မပူပါနဲ့၊ ဒါက မတော်တဆမှုပဲလေ ဘယ်သူကမှ ဒီလို ဖြစ်လာလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး မဟုတ်လား"
"ဒါပေမဲ့ မေမေ... သမီးရဲ့ ယောက္ခမက သမီးကို မျက်နှာပျက်နေပြီ သမီးတကယ်ကို ခက်ခဲနေပြီ မေမေ"
"မေမေ သင်ပေးထားတာတွေကို သမီး အကုန်မေ့သွားပြီလား။ ချန်ကျဲကို သမီးအပေါ် လုံးဝ အပြတ်အသတ် နစ်မွန်းနေအောင် လုပ်နိုင်ရင် သူ့မိဘတွေရဲ့ အလိုကိုလိုက်နေဖို့ ဘာလို့ပူနေဦးမှာလဲ။ သူတို့မှာ သားတစ်ယောက်တည်း ရှိတာလေ"
လင်းချန်ရု၏ မျက်လုံးများမှာ စိတ်ပျက်မှုကြောင့် အေးစက်သွားရသည်။ တကယ်ကို အသုံးမကျတဲ့ ကလေးပဲ။
"ဟင့်အင်း... သမီးမမေ့ပါဘူး"
ကျန်းဇီယွီသည် လင်းချန်ရု စိတ်ဆိုးသွားမည်ကို အနည်းငယ် ကြောက်လန့်နေပုံရသည်။ သူမ၏မိခင်မှာ ပုံမှန်ဆိုလျှင် နူးညံ့သိမ်မွေ့သူဟု ထင်ရသော်လည်း ဒေါသထွက်လာလျှင်မူ လုံးဝ တခြားလူ တစ်ယောက်ကဲ့သို့ ဖြစ်သွားတတ်သောကြောင့် ဖြစ်၏။ သူမသည် တုန်ယင်နေသော မိမိကိုယ်ကိုယ် ပြန်လည်ထိန်းချုပ်ရင်း သတိထားကာ ပြောလိုက်သည်။
"မေမေ... သမီး ဖုန်းချလိုက်တော့မယ်နော်။ မေမေနဲ့ဖေဖေလည်း တတ်နိုင်သမျှ အမြန်ဆုံး နည်းလမ်းတစ်ခုခု ရှာကြည့်ကြပါဦး"
ဖုန်းကျသွားသည်ကို ကြည့်ရင်း ကျန်းဇီယွီသည် ရုတ်တရက် ဝမ်းနည်းစိတ် ဖြစ်ပေါ်လာမိသည်။ ဘေကျင်းတွင် ရှိနေသည့် ထိုသူကို သတိရလိုက်သည်နှင့် တစ်ပြိုင်နက် သူမအနေဖြင့် အားကိုးရာ တစ်ခုကို ရုတ်တရက် ရှာတွေ့သွားသကဲ့သို့ ခံစားလိုက်ရပြီး သူမ၏ဖုန်းကို ပြန်ကောက်ကိုင်ကာ ထိုသူ၏ လိုင်းမက်ဆေ့ကို အပူတပြင်း ရှာဖွေလိုက်မိတော့သည်။
ကျန်းဇီယွီ : မောင်... ရှိလားဟင် ကျွန်မ စိတ်နည်းနည်း မကောင်းဖြစ်နေလို့။ (ဝမ်းနည်းနေသော အီမိုဂျီ)
လင်းကျိုး : ကိုယ့်ရဲ့ကလေးလေး ဘာဖြစ်လို့လဲ ဘယ်သူက အနိုင်ကျင့်လို့လဲ ပြော၊ ကိုယ်ဆုံးမပေးမယ်။
ကျန်းဇီယွီ : ဝါး... ချန်မိသားစုက အဘိုးကြီးက ဒီနေ့ ကျွန်မကို မျက်နှာသာမပေးဘူး။ သူတို့အားလုံးက ကျွန်မကိုဝိုင်းပြီး အနိုင်ကျင့်နေကြတာ။
လင်းကျိုး : ကလေးလေး... လာမယ့်သောကြာနေ့မှာ ကိုယ်မင်းလေးဆီကို လာခဲ့မယ်၊ ပြီးတော့ ပြီးခဲ့တဲ့ တစ်ခေါက်က ပြောထားတဲ့ စိန်ဆွဲကြိုးလေး ဝယ်ပေးမယ်၊ ဟုတ်ပြီလား။
ကျန်းဇီယွီ : တကယ်လား (ဝမ်းသာနေသည့် စတစ်ကာ)
လင်းကျိုး : (အနမ်းပေးနေသည့်ပုံ)
ကျန်းဇီယွီ : (ရှက်နေသည့်ပုံ) စောင့်နေမယ်နော်။
......
ကျန်းဇီယွီသည် လင်းကျိုးနှင့် သိကျွမ်းခဲ့ရခြင်းမှာ ထိုအရူး ချန်ကျဲကြောင့်ပင် ဖြစ်သည်။
၎င်းတို့၏ မင်္ဂလာဆောင် ဧည့်ခံပွဲတွင် လင်းမိသားစု၏ ဒုတိယသခင်လေးကို ဖိတ်ကြားနိုင်ခဲ့သဖြင့် ချန်မိသားစုမှာ အလွန်ပင် ဝမ်းသာအားရ ဖြစ်နေခဲ့ကြပြီး ချန်ကျဲနှင့် ကျန်းဇီယွီတို့ ဇနီးမောင်နှံကို လင်းကျိုးအား အတူတူ ဝိုင်ခွက်ဖြင့် ဂုဏ်ပြုနှုတ်ဆက်ရန် အတင်းအကျပ် တိုက်တွန်းခဲ့ကြသည်။ လင်းကျိုးသည် မင်္ဂလာဆောင် ဝတ်စုံနှင့် လှပနေသော ကျန်းဇီယွီကို မြင်လိုက်ရသည့်အခါ ရာဂစိတ်များ နိုးကြားလာခဲ့ပြီး ချန်ကျဲနှင့် အလွန် ခင်မင်သွားသယောင် ဟန်ဆောင်ကာ သူ့ကို ဝိုင်များ အဆက်မပြတ် တိုက်လေသည်။
ရလဒ်အနေဖြင့် ချန်ကျဲမှာ အမူးလွန်သွားခဲ့ပြီး မင်္ဂလာဦးညတွင် ချန်ကျဲ၏နေရာ၌ အစားဝင်ခဲ့သည့်သူမှာ သူ၏ မိတ်ဆွေသစ်ကြီး ဖြစ်နေခဲ့လေသည်။
***