ဘေကျင်းမြို့ရှိ အဆင့်မြင့် လူနေရပ်ကွက်တစ်ခု။
ဖန်းရို့သည် သူမရှေ့တွင် ပြန့်ကျဲနေသော ဓာတ်ပုံများကို စိုက်ကြည့်နေပြီး သူမ၏ မျက်လုံးများတွင် ဒေါသအရိပ်အယောင်များ ပြည့်နှက်နေလေသည်။ လင်းကျိုးတစ်ယောက် အခုတလော H မြို့တော်ကို ခဏခဏသွားနေတာ ဘာကြောင့်လဲဆိုတာ သူမအခုမှ နားလည်သွားတော့သည်။ သူ စိတ်ဓာတ်တက်ကြွပြီး အလုပ်ကြိုးစားကာ လူကြီးတွေရဲ့ မျက်နှာသာပေးမှုကို ရအောင်ယူနေသည်ဟု သူမက ထင်ခဲ့မိသည်။ တကယ်တော့ မိန်းမတွေနှင့် ပျော်ပါးဖို့အတွက်ပဲ ဖြစ်နေလေသည်။ ထို့အပြင် အိမ်ထောင်သည် အမျိုးသမီးနှင့် ဖြစ်နေသည်။
"ဟား"
သူမက လှောင်ပြုံးတစ်ချက် ပြုံးလိုက်၏။
"လူယုတ်မာဆိုတာ ဘယ်တော့မှ ပြင်လို့မရဘူးပဲ"
"သခင်မ... တို့တွေ နောက်ထပ် ဘာဆက်လုပ်ကြမလဲဟင်"
ဖန်းရို့၏လက်ထောက် ချန်ယွီက မေးလိုက်သည်။
"ကျန်းမိသားစုရဲ့ မြေကွက်မှာ ပြဿနာရှိနေတယ်လို့ ငါကြားမိတယ်"
ဖန်းရို့က ချန်ယွီ၏မေးခွန်းကို မဖြေဘဲ ထူးဆန်းသော မေးခွန်းတစ်ခုကိုသာ ပြန်မေးလိုက်လေသည်။
သူမ၏ လက်ထောက်အဖြစ် နှစ်အကြာကြီး အမှုထမ်းလာခဲ့သူ ချန်ယွီသည် သူ၏အထက်လူကြီး ဘာဆိုလိုသည် ဆိုသည်ကို ချက်ချင်းပင် နားလည်သွားခဲ့သည်။
"ဒါဆို ကျွန်တော် အခုပဲ အဲဒီသတင်းကို ဖြန့်လိုက်ပါ့မယ်"
ဖန်းရို့က လက်ဝေ့ယမ်းလိုက်ရာ ချန်ယွီသည် လေးစားစွာဖြင့် ခေါင်းညိတ်နှုတ်ဆက်ကာ ထွက်ခွာသွားလေတော့သည်။
ဖန်းရို့သည် သူမရှေ့မှ မရေမရာ ဖြစ်နေသော ဓာတ်ပုံများကိုကြည့်ရင်း သူမ၏ အတွေးများမှာ လွန်ခဲ့သော မိုးရွာသည့် နေ့တစ်နေ့ သူတို့နှစ်ဦး ပထမဆုံး စတင်တွေ့ဆုံခဲ့စဉ်ကဆီသို့ ပြန်လည် လွင့်မျောသွားလေသည်။ နောက်ဆုံးတော့လည်း... သူမလူမှားပြီး ယုံကြည်ခဲ့မိခြင်း ဖြစ်လေသည်။
မွန်းဘေး ဗီလာစံအိမ်။
နံပါတ် ၃ သက်တော်စောင့်သည် လပ်တော့ကိုကိုင်လျက် တန်ယန်ရှိရာသို့ လျှောက်လာခဲ့သည်။
"မမလေး... မမလေး ခိုင်းထားတဲ့အတိုင်း လင်းကျိုးနဲ့ ကျန်းဇီယွီတို့ရဲ့ ဖောက်ပြန်နေတဲ့ သတင်းတွေကို သူ့ဇနီးဖန်းရို့ဆီ ပို့ပေးလိုက်ပါပြီ။ အဲဒီနောက် ဖန်းရို့က သူ့လက်ထောက်ကို စုံစမ်းခိုင်းတာကိုလည်း ကျွန်တော် စောင့်ကြည့်နေခဲ့ပါတယ်။ သူတို့ အမှန်အတိုင်း သိသွားကြပြီ၊ ဒါပေမဲ့ ကျွန်တော် နားမလည်တာက ဖန်းရို့ရဲ့လက်ထောက်က ဘာဖြစ်လို့ ကျန်းမိသားစု မြေကွက်သတင်းကို ဖြန့်လိုက်ရတာလဲ ဆိုတာပါပဲ"
တန်ယန်သည် ဆိုဖာပေါ်တွင် စိတ်ဝင်တစား မှီထိုင်လိုက်ပြီး -
"အို... ဒါဆို ဒီသတင်းက လင်းကျိုးရဲ့ ဇနီးဘက်က ပေါက်ကြားလာတာပေါ့"
စိတ်ဝင်စားစရာပဲ။
နံပါတ် ၃ : ဘာလို့ စကားကို အကုန်မပြောတာလဲ။ သူ့ကို စိတ်မသက်မသာဖြစ်အောင် လုပ်နေတာပဲ။
"ညစာ အဆင်သင့်ဖြစ်ပြီနော်"
ချင်ယွီရုံ လျှောက်လာပြီး တန်ယန်ကို ထမင်းစားရန် လှမ်းခေါ်လိုက်လေသည်။
ညစာမှာ ရိုးရှင်းသော်လည်း အာဟာရ မျှတလှပေသည်။ တန်ယန်သည် အသားကို ပိုနှစ်သက်သော်လည်း ဟင်းသီးဟင်းရွက်များကိုလည်း မုန်းတီးသူ မဟုတ်ပေ။ သို့သော် သူမသည် ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် မုန်လာဥနီများကိုမူ မကြိုက်လှချေ။
သူမ၏အကြိုက်ကို လိုက်ရန်အတွက် ချင်ယွီရုံသည် ထိုအမယ်များကို အတုံးသေးသေးလေးများ ဖြစ်အောင် ကြိတ်ပစ်ခြင်း သို့မဟုတ် အမြဲတမ်း ဖယ်ထုတ်ပေးခြင်းတို့ကို ပြုလုပ်ပေးလေ့ရှိသည်။
ညစာစားပြီးနောက်တွင် တန်ယန်သည် ဆိုဖာပေါ်တွင် တင်ပလ္လင်ခွေထိုင်လိုက်ကာ -
"မမရုံ... လာမယ့်ရက်ပိုင်းအတွင်းမှာ ကျိုးချီအတွက် ထမင်းဟင်းချက်ပေးပြီး သန့်ရှင်းရေး လုပ်ပေးမယ့် အိမ်ဖော်တစ်ယောက် ရှာပေးပါဦး။ ပြီးတော့ ဆေးဖက်ဝင် အစားအသောက်တွေအကြောင်း နားလည်ပြီး သူ့ကို လအနည်းငယ်လောက် ဂရုစိုက်ပေးနိုင်မယ့် ပြုစုစောင့်ရှောက်ရေး ဝန်ထမ်းတစ်ယောက်ကိုပါ ရှာပေးပါဦးနော်"
ချင်ယွီရုံက သစ်သီးအချို့ကို လှီးဖြတ်၍ ယူလာပေးလိုက်ပြီး -
"ကောင်းပါပြီ"
ဟု ပြန်ဖြေလိုက်လေသည်။
"ဒါနဲ့ မမရုံ... နောက်လဆိုရင် ဂျားဂျားလေးရဲ့မွေးနေ့ ရောက်တော့မယ်။ အိမ်တော်ထိန်းကျန်းကို မွေးနေ့ပွဲအတွက် ပြင်ဆင်ခိုင်းလိုက်ရအောင်။ ပွဲရဲ့ အပြင်အဆင်ကိုတော့ 'မင်းသမီးတစ်ဦး' ရဲ့ ပုံစံမျိုးပဲ သုံးကြတာပေါ့၊ ဂျားဂျားလေး သဘောကျမှာ သေချာပါတယ်"
တန်ယန်သည် ထိုမိန်းကလေးငယ်လေးအတွက် စည်ကားသိုက်မြိုက်သော မွေးနေ့ပွဲတစ်ခု ကျင်းပပေးချင်နေမိသည်။ ဤသည်မှာ တန်ယွဲဂျား S မြို့တော်သို့ ရောက်လာပြီးနောက်ပိုင်း ပထမဆုံး ကျင်းပမည့် မွေးနေ့ပွဲဖြစ်ရာ သူမအား အပျော်ဆုံး ဖြစ်စေချင်သည်။
ချင်ယွီရုံသည် တန်ယွဲဂျား၏ အတိတ်အကြောင်း အချို့ကို သိရှိထားသူ ဖြစ်သည်။ တန်ချင်းရွှဲ့နှင့် စကားပြောသည့်အခါ သူမသည် သူမ၏ နာကျင်စရာ အတိတ်များကို ဖုံးကွယ်မထားဘဲ ပွင့်ပွင့်လင်းလင်း ပြောဆိုလေ့ရှိရာ ဤသည်မှာ သူမအနေဖြင့် ထိုအတိတ်များကို အမှန်တကယ် စွန့်လွှတ်နိုင်ခဲ့ပြီဖြစ်ကြောင်း သက်သေပြနေခြင်းပင်။
ချင်ယွီရုံသည်လည်း ချစ်စရာကောင်းလှသော တန်ယွဲဂျားလေးကို အလွန်ပင် ခင်မင် တွယ်တာမိသည်။ အထူးသဖြင့် သူမလေးမှာ အလွန် အလိုက်သိတတ်လွန်းလှသဖြင့် ကြည့်ရသူကို စိတ်မကောင်း ဖြစ်စေရသည့် အထိပင်ဖြစ်သည်။ ထို့ကြောင့် ဤမွေးနေ့ပွဲသည် တန်ယွဲဂျားလေး ၁၀၀ ရာခိုင်နှုန်း စိတ်ကျေနပ်မှု ရစေမည့်ပွဲမျိုး ဖြစ်ရမည်ဟု သူမ ဆုံးဖြတ်ထားလေသည်။
၎င်းတို့နှစ်ဦးသည် မွေးနေ့ပွဲအတွက် အကြံဉာဏ်များစွာ ဖလှယ်ခဲ့ကြပြီး ထိုကိစ္စကို နောက်လအတွက် အရေးအကြီးဆုံး လုပ်ဆောင်ရမည့် စာရင်းထဲသို့ ထည့်သွင်းလိုက်ကြလေသည်။
လင်းမိသားစု၏ နေအိမ်ဟောင်း။
လင်းမိသားစု၏ အကြီးအကဲ လင်းဟိုင်ချွမ်သည် သူ၏စာကြည့်ခန်း အတွင်း၌ စုတ်တံအရေးအသားကို ရေးသားနေလေသည်။ သူ၏ မျက်နှာချင်းဆိုင်တွင်မူ လင်းကော်ပိုရေးရှင်း၏ အကြီးအကဲနှင့် သူ၏ သားအကြီးဖြစ်သူ လင်းရှောင်ရှိနေ၏။
"မြေကွက် S ဖော်ဆောင်ရေး စီမံကိန်းက အခုထိ ဘာမှ မထူးခြားသေးဘူးလား"
"ဟုတ်ကဲ့၊ ကျိုးချီက တော်တော်လေး ခေါင်းမာပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်ရက်လောက်က သူ ကားအက်စီးဒင့်ဖြစ်လို့ အခု ဆေးရုံတက်နေရတယ်လို့ ကြားတယ်"
လင်းရှောင်သည် ကျိုးချီအကြောင်းကို တွေးမိသည့်အခါ မျက်မှောင်အနည်းငယ် ကြုံ့သွားရသည်။ ဤသည်မှာ တိုက်ဆိုင်မှုဟုဆိုရန် အလွန်ပင် ထူးဆန်းလွန်းနေသည်ဟု သူခံစားနေရ၏။ ပြီးခဲ့သည့် အပတ်ကတင် သူ၏ညီအငယ်က ကျိုးချီကို သင်ခန်းစာ ပေးတော့မည်ဟု ပြောခဲ့ပြီး ရက်အနည်းငယ် အကြာမှာပင် ကျိုးချီက ကားတိုက်ခံရခြင်း ဖြစ်ပေသည်။
ဤအချက်ကို တွေးမိသည်နှင့် သူ စိတ်မအေးနိုင်တော့ချေ။ သူသိထားသလောက် 'ရီယန်အုပ်စု' သည် အလွန်ပင် လျှို့ဝှက်ဆန်းကြယ်လှပြီး နောက်ကွယ်တွင် အင်အားကြီးသော မိသားစုတစ်ခုခု ရှိနေနိုင်သည်။ ၎င်းတို့အနေဖြင့် အချိန်အတော်ကြာ စုံစမ်းခဲ့သော်လည်း မည်သည့် သဲလွန်စမျှ မရရှိခဲ့သဖြင့် ယခင်ကမူ လင်းမိသားစုသည် ရီယန်အုပ်စုကို ခပ်စမ်းစမ်းသာ တုံ့ပြန်ခဲ့သည်။ သို့သော် ထိုနောက်ပိုင်းတွင် ရီယန်အုပ်စုသည် အရင်းအမြစ်များကို ဝယ်ယူရာ၌ ငွေကို ရေလိုသုံးကာ အတိုင်းအဆမရှိ သုံးစွဲနေပုံမှာ ၎င်းတို့အား အံ့အားသင့်စေခဲ့သည်။
ရီယန်အုပ်စု၏ နောက်ကွယ်တွင် နိုင်ငံခြားမှ အင်အားကြီး မိသားစုတစ်ခု ရှိနေနိုင်သည်ဟု တစ်ကြိမ်တွင် ခန့်မှန်းဖူးသည်။ ကျိုးချီသည် ယခင်က နိုင်ငံခြားတွင် အလုပ်လုပ်ခဲ့ဖူးသူဖြစ်ရာ ထိုကဲ့သို့သော သူဌေးကြီးတစ်ဦး၏ လက်အောက်သို့ ရောက်သွားခြင်းမှာ အံ့သြစရာ မဟုတ်ပေ။
ထို့ကြောင့် မြေကွက် S ဖော်ဆောင်ရေးမှ ရရှိမည့် အကျိုးအမြတ်များကို သူအလွန်ပင် လိုချင်တောင့်တ နေသော်လည်း ပြဿနာ ကြီးကြီးမားမား ဖြစ်လာမည်ကို စိုးရိမ်သဖြင့် မိမိ၏စိတ်ဆန္ဒကို အတတ်နိုင်ဆုံး ထိန်းချုပ်ကာ အခြေအနေကိုသာ ဖြည်းဖြည်းချင်း စောင့်ကြည့်ရန် ဆုံးဖြတ်ထားလေသည်။
"အဖေ... ကျွန်တော့်စိတ်ထဲမှာ တစ်မျိုးကြီးပဲ"
"ဘာဖြစ်လို့လဲ"
လင်းဟိုင်ချွမ်သည် စာရေးနေသည်ကို ရပ်လိုက်ပြီး လင်းရှောင်ကို မော့ကြည့်လိုက်လေသည်။
"အာကျိုး (လင်းကျိုး) က ပြီးခဲ့တဲ့အပတ်က ကျိုးချီကို သင်ခန်းစာပေးမယ်လို့ ပြောခဲ့တယ် အဲဒီအချိန်တုန်းက ကျွန်တော်သူ့ကို တားခဲ့ပေမဲ့ အခု ကျိုးချီက ရုတ်တရက်ကြီး ကားတိုက်ခံရတယ်ဆိုတော့ ကျွန်တော်စိုးရိမ်တာက..."
လင်းရှောင်က စကားကို အဆုံးမသတ်သော်လည်း လင်းဟိုင်ချွမ်မှာ သဘောပေါက်လိုက်သည်။
လင်းဟိုင်ချွမ်က မျက်မှောင်ကို အနည်းငယ် ကြုံ့လိုက်ကာ -
"သွားစုံစမ်းကြည့်လိုက်၊ တကယ်လို့ ဒါဟာ သူ့လက်ချက်ပဲဆိုရင် ကျန်ခဲ့တဲ့ အစအနတွေကို သေချာရှင်းပစ်လိုက်ပါ"
"ဟုတ်ကဲ့"
လင်းရှောင်သည် စာကြည့်ခန်းထဲမှ ထွက်လာပြီးနောက် ချက်ချင်းပင် သူ၏ အတွင်းရေးမှူးကို ဖုန်းဆက်၍ ထိုတာဝန်ကို ပေးအပ်လိုက်လေသည်။ နာရီဝက်ပင်မပြည့်မီ အတွင်းရေးမှူးထံမှ အကြောင်းပြန်ချက် ရောက်လာခဲ့၏။ အမှန်တကယ်ပင် လင်းကျိုး၏လက်ချက် ဖြစ်နေပေသည်။
ထိုနေ့ညနေ လင်းမိသားစု နေအိမ်၏ ဒုတိယထပ်ရှိ အိပ်ခန်းမကြီးအတွင်း။
အသားအရေ ထိန်းသိမ်းမှုများကို ပြုလုပ်ပြီးနောက် ကျိုးရှင်းယသည် ရေချိုးခန်းထဲမှ ထွက်လာခဲ့ရာ သူမ၏ ခင်ပွန်းဖြစ်သူမှာ ခုတင်ပေါ်တွင် လက်ပိုက်လျက် မျက်မှောင်ကြုံ့ကာ ထိုင်နေသည်ကို တွေ့လိုက်ရသည်။ သူမသည် ဖြည်းညှင်းစွာ လျှောက်သွားပြီး စောင်၏ အခြားတစ်ဖက်ကိုမကာ ဝင်ထိုင်လိုက်လေသည်။
"မောင်... ဘာဖြစ်လို့လဲဟင်၊ တစ်ခုခုဖြစ်လို့လား၊ ကြည့်ရတာ စိတ်မချမ်းသာသလိုပဲ"
"ဘာမှမဟုတ်ပါဘူး အလုပ်ကိစ္စလေးတွေပါ"
လင်းရှောင်သည် သူမကို ကြည့်လိုက်သည့်အခါ အနည်းငယ် မျက်နှာပြေလျော့သွား၏။
"စိတ်ညစ်စရာရှိရင် ကျွန်မကို ပြောပြရမယ်နော်၊ မဟုတ်ရင် ကျွန်မက မောင့်အတွက် စိုးရိမ်နေရမှာ ဟုတ်ပြီလား"
ကျိုးရှင်းယသည် လင်းရှောင်၏ ပခုံးပေါ်သို့ ခေါင်းမှီလိုက်ကာ သူ၏ခါးကို အသာအယာ ဖက်လိုက်လေသည်။
"ဟူး... မင်းကိုပြောပြတာလည်း အကြောင်းမဟုတ်ပါဘူး"
ထို့နောက် လင်းရှောင်က သူ၏ ခန့်မှန်းချက်များနှင့် စုံစမ်းသိရှိရသော ရလဒ်များကို ပြောပြလိုက်လေသည်။
"ဒီလင်းကျိုးကတော့ တကယ်ကို လွန်လွန်းတာပဲ"
ကျိုးရှင်းယသည် သူမ၏ ခင်ပွန်းအတွက် စိတ်မကောင်း ဖြစ်မိသွားသည်။ အခြားမိသားစုများတွင် ညီအစ်ကိုများမှာ လက်တွဲလုပ်ကိုင်ကြပြီး အင်အား တောင့်တင်းကြသော်လည်း သူတို့ဆီတွင်မူ ဒုက္ခမပေးလျှင်ပင် ကံကောင်းလှပြီဟု ဆိုရမည်။ မိဘချင်း တူပါလျက်နှင့် စရိုက်လက္ခဏာ ဤမျှကွာခြားသော ညီအစ်ကိုနှစ်ဦးကို မည်သို့မွေးဖွားခဲ့သနည်း ဆိုသည်ကို သူမ အမှန်တကယ်ပင် စဉ်းစားမရနိုင်တော့ချေ။
"ကိုယ်ကပဲ အပိုတွေ တွေးနေတာမျိုး ဖြစ်ပါစေလို့ပဲ မျှော်လင့်ပါတယ်"
ဟု လင်းရှောင်ကပြောရင်း ဇနီးဖြစ်သူ၏နဖူးကို အသာနမ်းကာ နှစ်သိမ့်လိုက်လေသည်။
တစ်ဖက်တွင်မူ သောကြာနေ့မှ H မြို့တော်သို့ သွားရမည့် လင်းကျိုးသည် H မြို့တော် လေဆိပ်ထွက်ပေါက်တွင် စောစီးစွာ ပေါ်ထွက်လာခဲ့သည်။ ကျန်းဇီယွီသည်လည်း သူမအား တစ်ဖက်လူ မမှတ်မိစေရန် လုံခြုံစွာ ဝတ်ဆင်လျက် လာရောက်ကြိုဆိုနေ၏။ ၎င်းတို့နှစ်ဦး ကားထဲသို့ ရောက်သည်နှင့် တစ်ဦးကိုတစ်ဦး အငမ်းမရ ဖက်လှဲတကင်း နမ်းရှုပ်ကြလေတော့သည်။
ထိုနေရာနှင့် မလှမ်းမကမ်းတွင်မူ အနက်ရောင် ကုတ်အင်္ကျီနှင့် ဘေ့စ်ဘောဦးထုပ် ဆောင်းထားသော အမျိုးသားတစ်ဦးသည် ကင်မရာကိုမြှောက်ကာ ဗီဒီယိုရိုက်ကူးရေးစနစ်ကို ဖွင့်လိုက်ပြီး သူတို့နှစ်ဦး၏ ပုံရိပ်များကို စတင် မှတ်တမ်းတင်နေသည်။
ဘေကျင်းလေဆိပ်။
ဖန်းရို့သည် သူမ၏လက်ထောက်၊ ကိုယ်ရံတော်များနှင့်အတူ လုံခြုံရေး စစ်ဆေးမှု ပြုလုပ်တော့မည့်ဆဲဆဲတွင် သီးသန့်စုံထောက် တစ်ဦးထံမှ ဖုန်းဝင်လာခဲ့သည်။ စုံထောက်က လင်းကျိုးနှင့် သူ၏အဖော်ဖြစ်သူ ရောက်ရှိနေသည့် နေရာကို အစီရင်ခံပြီးနောက် ဖုန်းချသွားပါသည်။
ဖန်းရို့က လှောင်ပြုံးတစ်ချက် ပြုံးလိုက်၏။ ယခုတစ်ကြိမ်တွင်မူ သူမ အားလုံးကို လက်လွှတ်လိုက်ရန် ဆုံးဖြတ်လိုက်ပြီ ဖြစ်သည်။ ပထမဆုံး စတင် တွေ့ဆုံခဲ့စဉ်ကထက် ပိုမိုလှပသော အရာဟူ၍ မရှိတော့ချေ။ သူတို့နှစ်ဦး ပေးခဲ့ဖူးသမျှ ကတိသစ္စာများ အားလုံးမှာ ယခုအခါ ရယ်စရာ ပြက်လုံးတစ်ခုသာ ဖြစ်သွားခဲ့လေပြီ။
နောက်တစ်နေ့ နံနက်တွင် တန်ယန် အောက်ထပ်သို့ ဆင်းလာသည်နှင့် နံပါတ် ၃ သက်တော်စောင့်က သူမအား လှမ်းတားလိုက်လေသည်။
"မမလေး... လင်းကျိုးရဲ့ ဇနီးကတော့ တကယ်ကို မခေဘူးဗျာ ဟင်း... ဟင်း... ဒါလေးကို တစ်ချက်ကြည့်လိုက်ပါဦး"
သူမထံ ကမ်းပေးလိုက်သော အိုင်ပတ်ကို ကြည့်လိုက်ရာ လက်ရှိတွင် လူကြိုက်အများဆုံး လူမှုကွန်ရက် စာမျက်နှာဖြစ်သည့် Weibo ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
ထိုစာမျက်နှာပေါ်တွင် ဗီဒီယိုတစ်ခု ပြသနေ၏။ အချို့နေရာများမှာ ဝေဝါးနေသော်လည်း အမျိုးသမီးဇာတ်ဆောင်မှာ ရင်းနှီးနေသော မျက်နှာပိုင်ရှင် ကျန်းဇီယွီဖြစ်ကြောင်း သိသာလှပေသည်။ အမျိုးသား ဇာတ်ဆောင်မှာမူ အဝေးကြီးမှ လာရောက်ကာ မိမိ၏ လျှို့ဝှက်ချစ်သူနှင့် တွေ့ဆုံနေသည့် လင်းမိသားစု၏ ဒုတိယသခင်လေး လင်းကျိုးပင် ဖြစ်နေတော့သည်။
တန်ယန်သည် သတင်းခေါင်းစဉ်ကို တစ်ချက်ဖတ်လိုက်၏။
【တုန်လှုပ်ဖွယ်ရာ H မြို့တော်မှ သူဌေးသမီးတစ်ဦးသည် အိမ်ထောင်သည် အမျိုးသားတစ်ဦးနှင့် ဖောက်ပြန်ခဲ့သည်။ ထိုသူ၏ ဇနီးဖြစ်သူက အိပ်ရာထဲအထိ လိုက်လံဖမ်းမိခြင်း (ဗီဒီယိုနှင့်တကွ)】
#ကျန်းဇီယွီဖောက်ပြန်မှု ဟူသော ရေပန်းစားခေါင်းစဉ်မှာ Weibo ပေါ်တွင် ပေါက်ကွဲ ထွက်သွားလေသည်။ ထို့နောက်တွင်မူ ကျန်းကော်ပိုရေးရှင်းနှင့် ကျန်းဇီယွီ၏ ယောက္ခမမိသားစုဖြစ်သော ချန်မိသားစုတို့နှင့် ပတ်သက်သည့် အကြောင်းအရာများမှာလည်း တစ်ခုပြီးတစ်ခု တက်လာနေတော့သည်။
***