ဘာမှမသိဘဲ အခြေအနေ ကြည့်နေကြသည့် လမ်းကြုံ ဖြတ်သန်းသွားလာသူ အများအပြားသည်လည်း ထိုရေပန်းစား ခေါင်းစဉ်ကို နှိပ်ကြည့်ကြပြီး အွန်လိုင်းအတင်းအဖျင်း ဝိုင်းထဲသို့ ပါဝင်လာကြတော့သည်။
【ကျန်းဇီယွီက ဘယ်သူလဲဆိုတာ မသိဘူးလား။ တစ်ယောက်ယောက် ရှင်းပြပေးလို့ရမလား】
【H မြို့တော်က သူဌေးကြီးကျန်း မိသားစုရဲ့ သမီးလေ၊ မကြာသေးခင်ကမှ ဂုဏ်သရေရှိ ချန်မိသားစုရဲ့ တစ်ဦးတည်းသောသားနဲ့ လက်ထပ်ထားတာ။ မထင်မှတ်ဘဲ သူက မင်္ဂလာဦးညမှာတင် ဖောက်ပြန်ခဲ့တာတဲ့ ဟင်း... ဟင်း...】
【သူဖောက်ပြန်တဲ့လူက ချန်မိသားစုထက်တောင် အင်အားကြီးသေးတယ်— ဘေကျင်း 'လင်းအုပ်စု' ရဲ့ ဒုတိယသား လင်းကျိုးတဲ့။ မနေ့ညက လင်းကျိုးက ဘေကျင်းကနေ H မြို့တော်ကို သူ့ချစ်သူနဲ့ တွေ့ဖို့လာတာ၊ အဲဒါကို လင်းကျိုးရဲ့ဇနီးက အိပ်ရာထဲအထိ လိုက်ဖမ်းပြီး အဖြစ်ပျက် တစ်ခုလုံးကို လိုက်ဖ်လွှင့်ချလိုက်တာလေ။ ဒါပေမဲ့ ဒီနေ့တော့ ဗီဒီယိုအတော်များများ အပိတ်ခံလိုက်ရပြီ】
【တကယ်ကို မာကျောတဲ့ အမျိုးသမီးပဲ လင်းကတော်ကတော့ တကယ်ကို ရက်စက်တယ်】
【ဖောက်ပြန်တဲ့ ယောက်ျားနဲ့ မိန်းမကတော့ အတူတူပဲနေပြီး တခြားသူတွေကို ဒုက္ခမပေးကြပါနဲ့တော့ လင်းကတော်ကိုတော့ လက်မထောင်ပြီး ချီးကျူးပါတယ်】
【သူဌေးတွေရဲ့ ကမ္ဘာကတော့ တကယ်ကို ရှုပ်ထွေးတာပဲ...】
【အတွင်းသိတစ်ယောက် ပြောပြတာကတော့ ကျန်းဇီယွီက 'ကူးအုပ်စု' ရဲ့ အမွေဆက်ခံသူနောက်ကို အတင်းလိုက်ဖူးတယ်၊ ဒါပေမဲ့ ဟိုက ဂရုမစိုက်ဘူးတဲ့။ ပြီးတော့ ကျန်းမိသားစုက H မြို့တော် မြောက်ပိုင်းက မြေကွက်ကို ကူးမိသားစုဆီကနေ ဈေးကြီးပေးဝယ်လိုက်လို့ အခု အရာအားလုံး ဆုံးရှုံးပြီး ဒေဝါလီခံရတော့မယ့် အခြေအနေ ဖြစ်နေတာ။ အဲဒါကြောင့် ကျန်းဇီယွီက ဘေကျင်းက သူဌေးကြီး တစ်ယောက်ကို ဖားပြီး လမ်းစရှာနေတာ ဖြစ်မှာပေါ့။ အဓိကကတော့ ဟိုဘက်က သူ့မိန်းမကို ကွာရှင်းပြီး ကျန်းဇီယွီကို လက်ထပ်ဖို့ ဆန္ဒရှိ၊ မရှိပါပဲ】
【ဘုရားရေ ချန်မိသားစုဘက်ကရော ဘာမှ ပြန်မပြောဘူးလား】
【အပေါ်ကို တက်ကြည့်လိုက်ဦး၊ ချန်မိသားစုက ကြေညာချက် ထုတ်ပြန်လိုက်ပြီ။ မိသားစု အတွက်တော့ တကယ့်ကံဆိုးမှုကြီးပါပဲ၊ ဟားဟားဟား】
တန်ယန်သည် Weibo ပေါ်မှ ရှုပ်ထွေးနေသော အခြေအနေများကို ကြည့်ကာ ခေါင်းကို အသာအယာ ခါယမ်းလိုက်မိသည်။ ဤကိစ္စကို ခဏမျှ ဘေးဖယ်ထားလိုက်ပြီး နောက်ထပ် သူမ လုပ်ဆောင်ရမည့် အရာမှာ ကျိုးချီခံစားခဲ့ရသော နစ်နာမှုများအတွက် လက်စားချေရန်ပင် ဖြစ်သည်။
"နံပါတ် ၃... လင်းမိသားစု နှစ်အတော်ကြာ ကျူးလွန်ခဲ့တဲ့ တရားမဝင်တာတွေနဲ့ ဥပဒေ ဖောက်ဖျက်တာတွေ အားလုံးကို စုံစမ်းပါ။ ပြီးရင် စာရင်းပြုစုပြီး ထုတ်ပြန်လိုက်။ နံပါတ် ၀ နဲ့ ၁ တို့က ကူညီပေးလိမ့်မယ်။ မရိုးသားတဲ့ နည်းလမ်းတွေ သုံးတတ်တဲ့ ကုမ္ပဏီမျိုးကိုတော့ ဒေဝါလီခံသွားအောင် လုပ်ရမယ်။ ပြီးတော့ ရှန်းမိသားစု ဒီထဲမှာ ပါဝင်လာနိုင်တာကိုလည်း ကြိုတင်ပြင်ဆင်ထားပါ"
"ဟုတ်ကဲ့ပါ မမလေး"
နောက်ဆက်တွဲ ကိစ္စများကို စီစဉ်ပြီးနောက် တန်ယန်သည် ချင်ယွီရုံကိုခေါ်ကာ ပျော်ရွှင်စွာ အပြင်ထွက်ခဲ့လေသည်။ ဈေးဝယ် မထွက်ဖြစ်သည်မှာ ကြာပြီဖြစ်သလို မွေးနေ့လက်ဆောင် ဝယ်ရန် အကြောင်းပြချက်လည်း ရှိနေသဖြင့် အားရပါးရ ဈေးဝယ်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
ဘေကျင်းရှိ 'LK ရှောပင်းစင်တာ’ သို့ ရောက်ရှိလာသည့်အခါ တန်ယန်သည် သူမသွားလိုသော ဆိုင်များကို အလွယ်တကူ ရှာတွေ့ခဲ့သည်။
သို့သော် တန်ယန်သည် H ဆိုင်၏ အဝင်ဝသို့ ရောက်ရှိချိန်မှာပင် တစ်စုံတစ်ဦး၏ တားဆီးခြင်းကို ခံလိုက်ရလေသည်။
"မစ္စတန်... မတွေ့တာ ကြာပြီနော် ဆိုင်ထဲကြွပါဦး၊ ဘာများကြည့်ချင်လို့လဲရှင်"
H ဆိုင်မှ အရောင်းဝန်ထမ်း အမျိုးသမီးသည် တန်ယန်ကို ကောင်းကောင်း မှတ်မိနေသည်။ ရှားပါးလက်ကိုင်အိတ် စီးရီးတစ်ခုလုံးကို တစ်ထိုင်တည်းနှင့် အကုန်သိမ်းကျုံး ဝယ်ယူခဲ့သည့် ဤသူဌေးမလေးကို မည်သို့ မေ့နိုင်ပါမည်နည်း။
တန်ယန်က အသာအယာ ပြုံးပြလျက် ခေါင်းညိတ်ကာ ဆိုင်ထဲသို့ ဝင်ခဲ့သည်။
"ဒီ ၂၀၀၂ မော်ဒယ် အိတ်လေးတွေက ဘာအရောင်တွေရှိလဲ ရှိတဲ့အရောင် တစ်မျိုးစီ တစ်လုံးစီပေးပါ"
တန်ယန်သည် အခုတလော ဤကဲ့သို့ ကိုယ်ဖြတ်ကြိုးသိုင်းအိတ် အသေးလေးများကို စိတ်ဝင်စားနေသဖြင့် တွေ့သည်နှင့် ချက်ချင်းဝယ်လိုက်ခြင်း ဖြစ်သည်။
"အခုဆိုင်မှာ အသင့်ရှိတာက လိမ္မော်ရောင်၊ အနက်ရောင်၊ အညိုရောင်၊ ဝိုင်နီရောင်၊ ပန်းနုရောင်၊ အမည်းနဲ့ အဖြူစပ်၊ ပြီးတော့ အညိုနဲ့ အဖြူစပ်တို့ ရှိပါတယ်ရှင်။ တခြားအရောင်တွေ ထပ်လိုချင်ရင်လည်း မှာပေးလို့ရပါတယ်"
ဟု အရောင်းဝန်ထမ်းက တက်ကြွစွာ ရှင်းပြလေသည်။
"ဒါဆို အခုရှိတဲ့ အရောင်တွေကိုပဲ အရင်ယူမယ် ပြီးတော့ ဒီ 'ကွန်စတန့်စ်’ အိတ်လေးကိုလည်း ထုပ်ပေးပါ"
တန်ယန်သည် အဝတ်အစားနှင့် အသုံးအဆောင် အချို့ကို ထပ်မံရွေးချယ်ပြီးနောက် ဗီအိုင်ပီခန်းသို့သွားကာ တန်ယွဲဂျားအတွက် အိတ်အသေးလေး တစ်လုံးကို အထူးမှာယူလိုက်လေသည်။
H ဆိုင်မှ ထွက်လာပြီးနောက် ဘေးနားရှိ F နှင့် C ဆိုင်များသို့ ဆက်လက် ဝင်ရောက်ကြည့်ရှုပြီး တန်ယွဲဂျားအတွက် လိုအပ်သည်များကို အဓိကထား ဝယ်ယူခဲ့သည်။ အကောင်းစား ပစ္စည်းများကို အမြဲမြင်တွေ့နေရသူ ဖြစ်သဖြင့် ပစ္စည်းတစ်ခုခုကို မြင်မြင်ချင်း သဘောကျရန်မှာ သူမအတွက် ခဲယဉ်းလှပေသည်။
"မမရုံ... တို့တွေ ရှေးဟောင်းပစ္စည်းဈေးကို သွားကြရအောင်၊ တို့ရဲ့ ရှေးဟောင်းအိမ်ရာထဲမှာ ထားဖို့ အလှဆင် ပစ္စည်းလေးတွေ ရှိမလားလို့"
သူမသည် ထိုအိမ်ကြီးတွင် မနေရသေးသော်လည်း စနစ်မှပေးသော ဆုလာဘ်ဖြစ်သဖြင့် အဆင့်အတန်း မနိမ့်နိုင်သည်ကို သူမသိနေသည်။
"ဟုတ်တယ်၊ အဲဒီမှာ အလှဆင်ပစ္စည်းတွေ နည်းနည်းလိုနေသလို ပန်းခြံလေးကိုလည်း ပြန်ပြင်ဖို့ လိုဦးမယ် နောက်တစ်ခေါက် ကျရင်တော့ အဲဒီမှာ တက်နေလို့ရပြီ"
ချင်ယွီရုံသည် ထိုရှေးဟောင်းအိမ်ကြီး အကြောင်းကို တွေးမိရင်း တန်ယန်၏ ကြွယ်ဝမှုအပေါ် ပိုမို နားလည်လာမိသည်။ သူမ၏ အလုပ်ရှင်မှာ မည်မျှအထိ ချမ်းသာသည်ကို သူမ ခန့်မှန်း၍ပင် မရနိုင်တော့ချေ။ သူမ မြင်တွေ့နေရသည်မှာ ရေခဲတောင်၏ ထိပ်ဖျားလေးမျှသာ ရှိဦးမည်ဟု ခံစားနေရသည်။
ဘေကျင်း ရှေးဟောင်းပစ္စည်းမြို့တော်။
လမ်းဘေးတစ်လျှောက်တွင် ခင်းကျင်းထားသော ဆိုင်ခန်းလေးများစွာ ရှိနေပြီး အများစုမှာ မြေပြင်ပေါ်တွင် အဝတ်စ တစ်ထည်ခင်းကာ ဟောင်းနွမ်း ညစ်ပတ်နေသော ပစ္စည်းများကို တင်ထားကြခြင်း ဖြစ်သည်။ အချို့ပစ္စည်းများမှာ အလွန် ဟောင်းနွမ်းလှသဖြင့် မူလပုံစံကိုပင် ခွဲခြားရန် ခဲယဉ်းလှ၏။ လူအများအပြား ဖြတ်သန်းသွားလာ နေကြသော်လည်း ထိုပစ္စည်းများကို ကောက်ယူ ကြည့်ရှုသူမှာမူ အနည်းငယ်မျှသာ ရှိသည်။
"ယန်ယန်... ဟိုဘက်က ဆိုင်တန်းတွေဆီ သွားကြည့်ကြမလား"
ဟု ချင်ယွီရုံက လမ်းဘေးဆိုင်များ၏ နောက်ကွယ်ရှိ ရှေးဟောင်းဟန် ဆိုင်ခန်းအစီအရီကို ညွှန်ပြကာ မေးလိုက်သည်။
"ကောင်းပြီလေ"
တန်ယန်က ခေါင်းညိတ်ကာ လှည့်ထွက်မည် အပြုတွင်...
"အို ဆရာမလေး... ဒါတွေက တကယ့် ပစ္စည်းကောင်းတွေနော်၊ ကြည့်မသွားရင် နောင်တရလိမ့်မယ် ဒါက အနောက်ဘက် တိုင်းပြည်ကထွက်တဲ့ ဖန်ခွက်လေးလေ၊ ကျွန်တော် အခုလေးတင် ရထားတာ ကြည့်စမ်းပါဦး... တကယ်လှတာနော်"
တန်ယန်သည် သူမရှေ့မှ ဆိုင်ခန်းလေးကို ကြည့်လိုက်သည်။ ဆိုင်ရှင်မှာ အသက် ၄၀ ကျော် ၅၀ ဝန်းကျင်ခန့်ရှိသော လူလတ်ပိုင်း အမျိုးသားတစ်ဦးဖြစ်ပြီး ဟောင်းနွမ်းနေသော မီးခိုးရောင် ပိတ်အင်္ကျီကို ဝတ်ဆင်ထားသည်။ သူသည် ဝါကျင့်ကျင့် သွားကြီးများ ပေါ်သည်အထိ သူမကို ပြုံးပြနေသော်လည်း လောကဓံဒဏ်ကြောင့် ဖုန်ထူနေသော သူ၏မျက်လုံးများ အတွင်းမှ ပါးနပ်သော အရိပ်အယောင်တစ်ခု လက်ခနဲ ဖြစ်သွားသည်ကို တန်ယန် အထင်အရှား မြင်လိုက်ရသည်။
【အရှင်... ဟိုပန်းချီကားက အစစ်ကြီးဗျ မြန်မြန်သာ ယူလိုက်တော့】
စိတ်လှုပ်ရှားနေသော အသံလေးတစ်ခု နောက်ကွယ်မှ ထွက်ပေါ်လာသည်။ တန်ယန်၏ အမူအရာမှာမူ ပုံမှန်အတိုင်းပင်။ သူမသည် ရှေ့သို့ ဖြည်းဖြည်းချင်း လျှောက်သွားကာ ဆိုင်ရှေ့တွင် ဆောင့်ကြောင့်ထိုင်လျက် ထိုဖန်ခွက်ကို ကြည့်လိုက်သည်။
ချင်ယွီရုံကမူ မျက်မှောင်အနည်းငယ် ကြုတ်လျက် တန်ယန်၏ဘေးတွင် လိုက်ပါလာသည်။ သူမသည် တန်ယန်ကို တားဆီးချင်စိတ်ကို အတတ်နိုင်ဆုံး ထိန်းထားရ၏။ ရှေးဟောင်းပစ္စည်းဈေးမှ လမ်းဘေးဆိုင်များသည် လိမ်ညာ လှည့်ဖြားတတ်ကြောင်း သူမကြားဖူးထားသဖြင့် တန်ယန်ကို စနစ်တကျ ဖွင့်ထားသော ဆိုင်ကြီးများဆီသို့သာ ခေါ်သွားရန် ကြိုတင်လေ့လာ ပြင်ဆင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် မထင်မှတ်ဘဲ ယခုကဲ့သို့ လမ်းတွင် တားဆီးခြင်း ခံလိုက်ရ၏။ ကြည့်ရသည်မှာ တန်ယန်သည် အတော်လေး စိတ်ဝင်စားပုံရသည်။
'ထားပါလေ... ငါကိုယ်တိုင် စောင့်ကြည့်ပေးနေတာပဲ၊ အလွန်ဆုံးရှိလှ သင်ခန်းစာခ တစ်ခုအနေနဲ့ ငွေအနည်းငယ် ဆုံးရှုံးရုံပဲပေါ့။ တန်ယန်အတွက်တော့ ငွေဆိုတာ တန်ဖိုးအနည်းဆုံးအရာ ဖြစ်မှာပါ'
ဟု ချင်ယွီရုံက စိတ်ထဲမှ တွေးနေမိသည်။
ချင်ယွီရုံ၏ အတွေးများကို တန်ယန်မသိပေ။ သူမသည် ဆိုင်ပေါ်မှ ပစ္စည်းများကို ကြည့်နေသည်ဟု ထင်ရသော်လည်း အမှန်စင်စစ်တွင်မူ ယိတျန်တျန်နှင့် ဆက်သွယ်နေခြင်း ဖြစ်သည်။
【တျန်တျန်... ဒီဆိုင်မှာ ဒါပဲ အစစ်ရှိတာလား။ ပြီးတော့ ငါ့ရှေ့က ဖန်ခွက်ကရော ဘယ်ခေတ်ကလဲ】
တန်ယန်ကိုယ်တိုင်မှာ ရှေးဟောင်းပစ္စည်းများနှင့် ပတ်သက်၍ ဘာမှမသိပေ။ ယနေ့ ရှေးဟောင်းပစ္စည်းဈေးသို့ လာရခြင်းမှာ အကြောင်းရင်း နှစ်ချက်ရှိသည်။ ပထမအချက်မှာ ဗဟုသုတ ရှာရန်ဖြစ်ပြီး ဒုတိယအချက်မှာ သူမ၏ ရှေးဟောင်းအိမ်ကြီးတွင် အလှဆင်ရန် စာလုံးအလှ ရေးနည်းများ၊ ပန်းချီများနှင့် အသုံးအဆောင်ပစ္စည်းများ ဝယ်ယူရန်ဖြစ်သည်။
【ဒီဖန်ခွက်က အခုခေတ် လက်ရာကိုမှ တမင်ဟောင်းအောင် လုပ်ထားတာပါ။ အရှင်... အရှင်ရဲ့ ဘယ်ဘက်က ကလောင်အိုးကတော့ ရှေးဟောင်းပစ္စည်း အစစ်ပါ၊ စိတ်ဝင်စားရင် ဝယ်လို့ရပါတယ်】
ဆိုင်ပေါ်ရှိ ပစ္စည်းများထဲတွင် နှစ်ခုသာ အစစ်ဖြစ်သည်။ ထို့ပြင် ဆိုင်ရှင်ဖြစ်သူသည်လည်း ထိုပန်းချီကားနှင့် စာလုံးအလှ၏ တန်ဖိုးအစစ်အမှန်ကို သိပုံမရပေ။ သို့မဟုတ်ပါက ထောင့်တစ်နေရာတွင် ဖုန်တက်နေအောင် ပစ်ထားလိမ့်မည် မဟုတ်ပေ။
"ဒီဖန်ခွက်ကိုတော့ ကျွန်မ သဘောမကျဘူး၊ ဒါပေမဲ့ ဘေးနားက မှင်တုံးနဲ့ ကလောင်အိုးကတော့ ကြည့်လို့ကောင်းသားပဲ။ စာကြည့်ခန်းထဲမှာ အလှထားလို့ ရတာပေါ့။ ဒါတွေက ဘယ်လောက်လဲ"
တန်ယန်က ရှေးဟောင်း ကလောင်အိုးနှင့် ဘေးနားရှိ မှင်တုံးကို ညွှန်ပြကာ အမှတ်မထင် မေးလိုက်လေသည်။
ဆိုင်ရှင်၏ မျက်နှာမှာ ဝမ်းသာအားရ ဖြစ်သွားလေသည်။
"အို... ဆရာမလေးရယ်၊ တကယ်ကို အမြင်စူးရှတာပဲ ဒီမှင်တုံးက ကျွန်တော့် မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာတဲ့ 'တွမ့်' အမျိုးအစား မှင်တုံးဗျ ဒီနေ့ ဆရာမလေးနဲ့ ဆုံရတာ ရေစက်ပဲ။ ကျွန်တော် နှစ်သိန်းရှစ်သောင်း (၂၈၀,၀၀၀) နဲ့ပဲ ရောင်းလိုက်မယ် ဒီကလောင်အိုးကိုတော့ အပိုလက်ဆောင်အဖြစ် အလကား ပေးလိုက်မယ်ဗျာ"
ထိုသို့ပြောပြီးနောက် သူသည် အကြီးအကျယ် နစ်နာသွားသည့်အလား ရင်ဘတ်ကိုပါ ဖိပြနေသေး၏။
တန်ယန်က တဟားဟား ရယ်မောလိုက်ပြီး
"ဒီလောက်တောင် ဈေးကြီးတာလား။ ဒါနဲ့ ဟိုဘက်က စာလုံးအလှနဲ့ ပန်းချီကားကရော ဘယ်လောက်လဲ။ ကြည့်ရတာ ကျွန်မရဲ့ စာကြည့်ခန်းနဲ့ လိုက်ဖက်မယ့်ပုံပဲ၊ ကျွန်မအဖေကလည်း ဇီးပွင့်ပန်းချီတွေကို အရမ်းကြိုက်တာ"
ဆိုင်ရှင်သည် ခဏမျှ တုံ့ဆိုင်းသွားပြီးမှ
"ပြီးခဲ့တဲ့နှစ်က H မြို့တော်မှာ လေလံတင်ခဲ့တဲ့ ရှေးဟောင်း စာရေးဆရာနဲ့ ပန်းချီကျော် 'ယွမ်ကျားရှန်း' ရဲ့ 'ဟန်ရှန်းတောင်က ဇီးပွင့်ရှုခင်း' ပန်းချီကားအကြောင်း ဆရာမလေး သိလား။ အဲဒါ ဘယ်လောက်နဲ့ ရောင်းထွက်သွားလဲ သိရဲ့လား"
ဟု မေးလိုက်သည်။
တန်ယန်မှာ မှင်တက်သွားရသည်။ သူမကိုယ်တိုင် ဝယ်ထားသည့် ဇီးပွင့်ပန်းချီကားအကြောင်း စကားက ဘယ်လိုဖြစ်ပြီး ရောက်သွားရတာလဲ။ သူမ ဇဝေဇဝါ ဖြစ်သွားသော်လည်း ဈေးနှုန်းကိုမူ မှတ်မိနေသဖြင့်
"သန်း ၄၀ နဲ့ ရောင်းထွက်သွားတဲ့ ကားလား"
ဟု ပြန်မေးလိုက်၏။
ဆိုင်ရှင်က သူ၏ပေါင်ကို ဖြတ်ခနဲ ရိုက်လိုက်ကာ
"အဲဒါပဲပေါ့ ဆရာမလေးက ဒါကို သိနေတာပဲလား။ အခု ဒီဇီးပွင့်ပန်းချီကားက အဲဒီ ယွမ်ကျားရှန်းရဲ့ လက်ကျင့်ပန်းချီကားဗျ"
"ဖူး..."
တန်ယန်သည် ထိုအချိန်တွင် ရေမသောက်မိသည်မှာ တော်တော့သည်။ မဟုတ်လျှင်မူ အကုန်လုံးကို သေချာပေါက် မှုတ်ထုတ်မိပေလိမ့်မည်။
"ဒါပေမဲ့ ဆရာမလေး မပူပါနဲ့။ ဒါက သူ့ရဲ့ လက်ကျင့်ပန်းချီဆိုတော့ သဘာဝအတိုင်း ဈေးက အဲ့လောက် မကြီးပါဘူး။ ဒါလေးကိုတော့ လေးသောင်း (၄၀,၀၀၀) ပဲ ယူပါ့မယ်။ ဘယ်လိုလဲ... တကယ်ကိုတန်တယ် မဟုတ်လား"
ဆိုင်ရှင်သည် လက်ချောင်းလေးချောင်းကို ထောင်ပြရင်း တန်ယန်အတွက်မူ ဖုန်မှုန့်မျှသာရှိသော ဈေးနှုန်းကို ခေါ်လိုက်လေသည်။
***