ထိုသို့ဆိုလျှင်ပင် တန်ယန်သည် ထိုပန်းချီကားအတွက် ဤမျှလောက် ငွေအကုန်အခံရန် အစီအစဉ်မရှိပေ။ သူမသည် ဆိုင်ရှင်အပေါ် အလွန်ဆိုးရွားသော အထင်အမြင် ရှိနေသည်။ သူသည် လိမ်လည်နေကျ လူလိမ်တစ်ဦးနှင့်သာ တူလှ၏။ ထိုငွေကို ပိုမိုလိုအပ်နေသူ တစ်ဦးအား လှူဒါန်းလိုက်ရသည်ကမှ ပို၍ ကောင်းဦးမည်။
သူမ၏ 'ရီယန်အုပ်စု' တွင် ပရဟိတရန်ပုံငွေ အဖွဲ့တစ်ခုရှိပြီး ၎င်းကို အုပ်စုစတင် တည်ထောင်သည့် နေ့၌ပင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ နှစ်စဉ် ရီယန်အုပ်စု၏ အကျိုးအမြတ် ၅ ရာခိုင်နှုန်းကို ဆင်းရဲနွမ်းပါးသော တောင်ပေါ်ဒေသမှ ကလေးငယ်များ ပညာသင်ကြား နိုင်ရေးအတွက် ထိုရန်ပုံငွေ အဖွဲ့သို့ ခွဲဝေပေးထားလေသည်။
"ဆိုင်ရှင်... ကျွန်မ ဒီပစ္စည်း သုံးခုလုံးကို ယူမယ်၊ ကျပ်တစ်ထောင် (၁,၀၀၀) ပဲ ပေးမယ်"
တန်ယန်သည် ဈေးကို အောက်ဆုံးအထိချ၍ နှိမ်လိုက်တော့သည်။ အကယ်၍ သူမသာ အနည်းငယ် စိတ်မနုခဲ့ပါက တစ်ထောင်ပင် ပေးချင်စိတ် မရှိချေ။ ဘာပဲဖြစ်ဖြစ် ဤပစ္စည်းများသည် ဆိုင်ရှင်၏ လက်ထဲတွင် ဖုန်တက်နေမည့် ကံကြမ္မာသာရှိသည် မဟုတ်ပါလော။
"ဆရာမလေးရယ်... ဈေးဆစ်တာက ဒီလိုမဟုတ်ဘူးလေ၊ ဒါတွေက သောင်းနဲ့ချီတန်တာဗျ ထားပါတော့... ထားပါတော့... ကျွန်တော်ပဲ အရှုံးခံလိုက်ပါ့မယ်၊ တစ်သိန်း (၁၀၀,၀၀၀) ပဲ ပေးတော့ဗျာ"
ဆိုင်ရှင်သည် အကြီးအကျယ် နစ်နာသွားသည့်အလား မျက်နှာပျက်လျက် ဈေးပြန်ဆစ်လေသည်။
"ရှစ်ရာ"
တန်ယန်က ဈေးကို ထပ်လျှော့လိုက်ပြန်သည်။
"ဟာ... ဆရာမလေးကလည်း၊ ဈေးဆစ်လေလေ ပိုနည်းလာလေပါလား"
ဆိုင်ရှင်မှာ အံ့အားသင့်သွားရ၏။ ဈေးဆစ်သည့်အခါ ဈေးကို တိုးမပေးဘဲ ပိုလျှော့ချသည့် သူမျိုးကို သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။
တန်ယန်သည် မတ်တတ်ရပ်လိုက်ကာ သူမ၏ အင်္ကျီစွန်းမှ ဖုန်များကို ခါထုတ်လျက် လှည့်ထွက်ရန် ပြင်လိုက်တော့သည်။
【အရှင်... အရှင် မဝယ်တော့ဘူးလား】
'နင်က ဘာသိလို့လဲ' ဟု တန်ယန်က စိတ်ထဲမှ တုံ့ပြန်လိုက်၏။
"မမရုံ... သွားကြရအောင်"
ထိုသို့ပြောပြီးနောက် တန်ယန်သည် သူမယခင်က ရွေးချယ်ထားသော ဆိုင်ကြီးများ ရှိရာသို့ နောက်လှည့်မကြည့်ဘဲ လျှောက်သွားလေတော့သည်။
ချင်ယွီရုံမှာ အံ့သြသွားသော်လည်း အလျင်အမြန်ပင် နောက်မှ လိုက်ပါသွား၏။
ယခုမူ ဆိုင်ရှင်မှာ အမှန်တကယ်ပင် စိုးရိမ်သွားပြီ ဖြစ်သည်။ သူသည် တန်ယန်၏ရှေ့သို့ အပြေးအလွှား သွားရပ်လိုက်ကာ -
"ဆရာမလေး... မသွားပါနဲ့ဦး၊ ရှစ်ရာဆို ရှစ်ရာပဲဗျာ မိတ်ဆွေဖွဲ့တဲ့ အနေနဲ့ပဲ သဘောထားလိုက်ပါ့မယ်"
ယနေ့ခေတ် မိန်းကလေး ငယ်လေးများမှာ ဈေးဆစ်ရာတွင် တကယ်ကို ရက်စက်ကြပါလား။ စိတ်ကလည်း အတော်ကို ဆတ်ဆတ်ခါပဲ၊ ဟင်း... ဟင်း...။
တန်ယန်သည် ရပ်လိုက်ကာ သူ့ကို စကားတစ်ခွန်းမှ မဆိုဘဲ စိုက်ကြည့်နေလေသည်။
ဆိုင်ရှင်မှာ အနည်းငယ် အပြစ်ရှိသလို ခံစားရသဖြင့် အသံကိုမြှင့်ကာ -
"ဘာဖြစ်လို့လဲ၊ ရှစ်ရာနဲ့ရောင်းမယ်လို့ ကျွန်တော် သဘောတူလိုက်ပြီလေ ဒီထက်တော့ ထပ်လျှော့လို့ မရတော့ဘူးနော်၊ ကျွန်တော် တကယ်ကို အရှုံးခံရောင်းနေတာ၊ ဒီထက် ထပ်လျှော့ရင်တော့ တကယ် မရောင်းနိုင်တော့ဘူး"
"ကောင်းပြီလေ၊ ထည့်ဖို့အိတ်တစ်လုံး ရှာပေးပါ"
ထိုသို့ပြောပြီးနောက် တန်ယန်သည် သူမ၏ကိုယ်ပေါ်ရှိ ငွေစက္ကူများကို ထုတ်ယူကာ ရှစ်ရာတိတိ ရေတွက်၍ သူ့ကို ပေးလိုက်ပါသည်။
ဆိုင်ရှင်သည် ငွေကို ဝမ်းသာအားရ လက်ခံလိုက်ပြီး သေချာပြန်လည် ရေတွက်လေသည်။ ထို့နောက် သူ၏ အဝတ်ထုတ်ဟောင်းထဲမှ အိတ်တစ်လုံးကို ဆွဲထုတ်ကာ ဖုန်ခါပြီး ပစ္စည်းသုံးခုလုံးကို ထည့်ပေးလိုက်၏။
"ရောင်းပြီးသားပစ္စည်း ပြန်မလဲရဘူးနော်" ဟုလည်း လှမ်းပြောလိုက်သေးသည်။
တန်ယန်က ခေါင်းညိတ်ပြလိုက်၏။ သူမအနေဖြင့်လည်း ပြန်လဲရန် အစီအစဉ် မရှိပေ။ ဆိုင်ရှင်မှာမူ သူတို့ကို ဂရုမစိုက်တော့ဘဲ နံရံကိုမှီကာ ပျော်ရွှင်စွာ ကျန်ရစ်ခဲ့လေသည်။
ဆိုင်ရှင်သည် စိတ်ထဲမှ ခိုး၍ ဝမ်းသာနေမိသည်။ သူ၏အမြင်တွင် တန်ယန်မှာ အလွန်ရူးသည့် သူဌေးမလေးပင် ဖြစ်၏။ ထိုပစ္စည်းများကို နယ်ဘက်တွင် ကျပ်ငါးဆယ် (၅၀) ပေး၍ ဝယ်ယူခဲ့ခြင်းဖြစ်ရာ ယခု ခုနစ်ရာ့ငါးဆယ် (၇၅၀) အမြတ်ထွက်သွားခြင်း မဟုတ်ပါလော။ 'ပိုက်ဆံရှိပြီး အသိဉာဏ်မရှိတဲ့လူ' ဟု သူက တန်ယန်ကို ကွယ်ရာတွင် ကဲ့ရဲ့နေတော့သည်။
တန်ယန်သည် ပစ္စည်းများ ထည့်ထားသည့် ပလတ်စတစ်အိတ်ကို ကိုင်လျက် 'ကျူပေါင်ကျဲ' ဟု အမည်ရသော ဆိုင်ကြီးတစ်ဆိုင် အတွင်းသို့ ဝင်လာခဲ့သည်။
ထိုအချိန်တွင် ဆိုင်ထဲ၌ ဝန်ထမ်းတစ်ဦးသာရှိပြီး အခြားဖောက်သည် မရှိချေ။ တန်ယန်နှင့် သူမ၏ အဖော်တို့သည် သူဌေးပုံစံမျိုး ဝတ်ဆင်ထားသဖြင့် ဝန်ထမ်းဖြစ်သူမှာ ပြုံးရွှင်စွာဖြင့် ချက်ချင်းပင် လာရောက်ကြိုဆိုလေသည်။
"ဧည့်သည်တော်... ဘာများ အလိုရှိပါသလဲခင်ဗျာ ကျွန်တော်တို့ 'ကျူပေါင်ကျဲ' ဟာ ဒီလမ်းပေါ်မှာ ရှေးဟောင်းပစ္စည်း အစုံလင်ဆုံးဆိုင်ပါပဲ"
"ကျွန်မရဲ့ အိမ်မှာထားဖို့ ပရိဘောဂတွေနဲ့ အလှဆင် ပစ္စည်းအချို့ ဝယ်ချင်လို့ပါ"
တန်ယန် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။ ဆိုင်တွင် အပေါ်ထပ်သို့တက်သည့် လှေကားကို တွေ့ရသဖြင့် အနည်းဆုံး နှစ်ထပ်ရှိမည်ဟု သူမခန့်မှန်းလိုက်၏။ လှေကားဘေးရှိ ပန်းတင်စင် နှစ်ခုအနက် တစ်ခုပေါ်တွင် ကျောက်စိမ်းအလှဆင် ပစ္စည်းတစ်ခု တင်ထားသည်ကို တွေ့ရသည်။
နံရံဘက်ရှိ စင်ပေါ်တွင်မူ ကြွေထည်ပစ္စည်း အမျိုးမျိုးကို ခင်းကျင်းထားသည်။ တန်ယန်သည် ထိုပစ္စည်းများကို တစ်ချက်ကြည့်လိုက်ရာ အလှဆင်အိုး အချို့မှာ အတော်လေး ဆွဲဆောင်မှု ရှိနေသည်ကို သတိထားမိသွား၏။ သူမသည် အရောင်းဝန်ထမ်း လူငယ်ဘက်သို့ လှည့်ကာ
"အဲဒီစင်ပေါ်က ပစ္စည်းတွေ အားလုံးက ရှေးဟောင်းပစ္စည်းတွေလား"
ဟု မေးလိုက်သည်။
"မဟုတ်ပါဘူးခင်ဗျာ၊ ဒါတွေက အခုခေတ်လက်ရာ အလှဆင် ပစ္စည်းတွေပါ။ ရှေးဟောင်းပစ္စည်း အစစ်တွေကိုတော့ ဒီလိုမျိုး အလွယ်တကူ ခင်းကျင်းမထားပါဘူး"
ထိုလူငယ်သည် တန်ယန်ကို လှောင်ရယ်ခြင်း မပြုဘဲ စိတ်ရှည်စွာ ရှင်းပြလေသည်။ ရှေးဟောင်း ကြွေထည်များသည် အလွန် တန်ဖိုးကြီးလှသဖြင့် မတော်တဆ တိုက်မိ၍ ပျက်စီးသွားပါက ဖြေရှင်းရခက်ခဲမည်။
"ဪ... အဲလိုလား ဒါဆို ကျွန်မက ရှားပါးတဲ့ ပစ္စည်းမျိုးတွေကိုပဲ ဝယ်ချင်တာ ခေတ်ကာလ ဒါမှမဟုတ် ဈေးနှုန်းက အရေးမကြီးပါဘူး အဲလိုမျိုး ရှိသလား"
"ရှိပါတယ်ခင်ဗျာ အပေါ်ထပ်က သီးသန့်ခန်းကို ကြွပါဦး။ ကျွန်တော် မန်နေဂျာကို သွားခေါ်ပေးပါ့မယ်"
ထိုဝန်ထမ်းသည် ရှေ့မှလူမှာ ဟန်ဆောင် ပြောဆိုနေသည်ဟု မထင်ပေ။ တစ်စုံတစ်ရာသော အကြောင်းပြချက်ကြောင့် ထိုအမျိုးသမီးအပေါ် ယုံကြည်မှု ရှိနေမိခြင်း ဖြစ်သည်။
တန်ယန်နှင့် ချင်ယွီရုံတို့သည် ထိုလူငယ်၏နောက်မှ လိုက်ပါကာ ဒုတိယထပ်ရှိ သီးသန့်ခန်းသို့ ရောက်လာခဲ့ကြသည်။ လူငယ်မှာ လက်ဖက်ရည် တည်ခင်းပေးပြီးနောက် ပြန်လည် ထွက်ခွာသွားလေသည်။
တန်ယန်သည် အခန်းအတွင်းကို ခေတ္တမျှ အကဲခတ်နေမိသည်။ အခန်းအလယ်တွင် စားပွဲရှည်ကြီး တစ်လုံးရှိပြီး တရုတ်ရိုးရာ လက်ဖက်ရည်သောက် စားပွဲနှင့် ကုလားထိုင် နှစ်လုံးစီကို ဘေးတစ်ဖက် တစ်ချက်စီတွင် ချထားလေသည်။ သူမနှင့် ချင်ယွီရုံတို့မှာ စားပွဲ၏ တစ်ဖက်တည်းတွင် ယှဉ်တွဲထိုင်ကာ လက်ဖက်ရည် သောက်နေကြ၏။
မကြာမီမှာပင် ဆိုင်ဝန်ထမ်းလေးမှာ တံခါးခေါက်၍ ဝင်လာပြီး သူ၏နောက်တွင် လူလတ်ပိုင်း အမျိုးသားတစ်ဦး ပါလာလေသည်။
"ဒါက ကျွန်တော်တို့ 'ကျူပေါင်ကျဲ' ရဲ့ မန်နေဂျာပါခင်ဗျာ။ အလိုရှိတာ မှန်သမျှကို သူ့ကို ပြောပြလို့ ရပါတယ်"
ဟု ထိုလူငယ်က ပြုံးရွှင်စွာ မိတ်ဆက်ပေးသည်။
"ကျွန်တော့်မျိုးရိုး နာမည်က ရှန်းပါ။ လူကြီးမင်းတို့ နှစ်ဦးကို ဝန်ဆောင်မှုပေးရတာ ဂုဏ်ယူမိပါတယ်။ ကြွေထည်တွေနဲ့ ပတ်သက်ရင် ဘယ်လိုမျိုး လိုချင်ပါသလဲခင်ဗျာ။ ဥပမာ- အရွယ်အစား၊ ပုံသဏ္ဌာန် ဒါမှမဟုတ် အရောင်အသွေးပေါ့"
"နည်းနည်းလေး ရိုးရိုးရှင်းရှင်း ဖြစ်မယ့်ဟာမျိုးဆိုရင် ရပါပြီ"
တန်ယန်က ခဏမျှ စဉ်းစားလိုက်သည်။ သူမ၏ ရှေးဟောင်းအိမ်ကြီးကို ပို၍ တည်ငြိမ်လှပသော ပုံစံမျိုးဖြင့် အလှဆင်လိုသဖြင့် အရောင်အသွေး အလွန်တောက်ပြောင်သော အရာများကို သူမ မနှစ်သက်ပေ။
"ကောင်းပါပြီခင်ဗျာ၊ ခေတ္တခဏ စောင့်ဆိုင်းပေးပါဦး"
မန်နေဂျာရှန်းသည် အပြင်သို့ ခဏထွက်သွားပြီးနောက် ပြန်ဝင်လာခဲ့ရာ သူ၏နောက်တွင် သေတ္တာတစ်လုံးစီ ကိုင်ဆောင်ထားသော လူငယ်အချို့ ပါလာလေသည်။
ပထမဆုံး သေတ္တာကို ဖွင့်လိုက်သောအခါ တန်ယန်သည် အစိမ်းနုရောင် သုတ်ထားပြီး လည်တိုင်ရှည်ကာ ဇာကွက်ဖော်ထားသော အိုးတစ်လုံးကို တွေ့လိုက်ရသည်။ ၎င်းပေါ်တွင် ပီအိုနီ ပန်းပွင့်အချို့ကို ထွင်းထုထားရာ သူမ မြင်မြင်ချင်းပင် သဘောကျသွားလေသည်။
ထိုအခါ ဆိုင်မန်နေဂျာက ပစ္စည်းအကြောင်းကို ရှင်းပြလာ၏။
"ဒါက တောင်ပိုင်းမင်းဆက်ခေတ်က နန်းတွင်းဖိုထွက် ကြွေအိုးတစ်လုံးပါ ဆေးသားက ပြောင်လက်နေပြီး အိုးကိုယ်ထည်က သိပ်သည်းနူးညံ့ပါတယ် ပုံနှိပ်ပန်းနွယ်တွေက ထင်ရှားသလို ဇာကွက်ဖော်တဲ့ လက်ရာကလည်း တကယ်ကို ကျွမ်းကျင် ပိုင်နိုင်လှပါတယ် တကယ့်ကို ရှားပါးလှပတဲ့ လက်ရာမွန် တစ်ခုပါပဲ ဈေးနှုန်းကတော့ သန်း ၃၂ သန်း ကျသင့်မှာ ဖြစ်ပါတယ်"
"ဒါလေး ကောင်းသားပဲ၊ ကျွန်မ ယူမယ်"
တန်ယန်က ချက်ချင်းပင် ဆုံးဖြတ်လိုက်သည်။
မန်နေဂျာရှန်းမှာ ထိုမိန်းကလေး၏ ပြတ်သားမှုကြောင့် အံ့အားသင့်သွားရသည်။ ငွေသန်းပေါင်း သုံးဆယ်ကျော်ကို ဤမျှ လွယ်လွယ်ကူကူ သုံးစွဲနိုင်သည်မှာ သူမက မည်သို့သော မိသားစုမှ လာသနည်းဟု သူတွေးတောမိသည်။ သို့သော် ဤသည်မှာ သူနှင့်မဆိုင်ပေ။ သူမက မိမိဆိုင်တွင် ငွေသုံးစွဲနေခြင်းမှာ သူ၏အတွက် အကျိုးအမြတ်သာ ဖြစ်ပေသည်။ ထို့ကြောင့် သူသည် ဤချမ်းသာပြီး လှပသော အမျိုးသမီးအပေါ် ပို၍ပင် အာရုံစိုက် ဂရုစိုက်လာမိသည်။
ဒုတိယသေတ္တာ အတွင်း၌မူ မြောက်ပိုင်းမင်းဆက်ခေတ်က ဥယျာဉ်အတွင်း လမ်းလျှောက်နေသော အမျိုးသမီးပုံများ ရေးဆွဲထားသည့် ကြွေအိုးတစ်လုံး ပါဝင်ပြီး ၎င်းကို ၅.၆ သန်းဖြင့် တန်ယန်က ထပ်မံဝယ်ယူခဲ့သည်။ တတိယမြောက် ပစ္စည်းမှာ ယွမ်-မင်ခေတ်က အဝါရောင်ဆေး သုတ်ထားသော အပြာရောင် ပန်းနွယ်ပုံ ပန်းကန်ပြား တစ်ခုဖြစ်ပြီး အလွန် ရှားပါးလှသဖြင့် ၄၈ သန်း ကျသင့်လေသည်။ ထို့အပြင် ဈေးနှုန်းအနည်းငယ် သက်သာသော အလှဆင် ပစ္စည်းငယ်များ၊ လက်ဖက်ရည်သောက် အသုံးအဆောင်များ၊ စာလုံးအလှနှင့် ပန်းချီများပါ ထပ်မံဝယ်ယူလိုက်ရာ စုစုပေါင်း ၇ သန်း သို့မဟုတ် ၈ သန်းခန့် ထပ်မံ တိုးသွားပြန်သည်။
ယနေ့ တန်ယန်သည် 'ကျူပေါင်ကျဲ' ဆိုင်တစ်ဆိုင်တည်းမှာပင် သန်း ၉၀ နီးပါးဖိုး သုံးစွဲလိုက်လေပြီ။ မန်နေဂျာရှန်းမှာ လောကအတွေ့အကြုံ ရှိသူဖြစ်ရာ သူမကို သိသိသာသာ မြှောက်ပင့်ဖားနားခြင်း မပြုသော်လည်း အစပိုင်းနှင့် အဆုံးပိုင်းတွင် သူပြသသော လေးစားမှု အဆင့်အတန်းမှာ သိသာစွာ ကွဲပြားသွားခဲ့သည်။ ထိုကွဲပြားမှုမှာ အနည်းငယ်မျှသာ ဖြစ်သော်လည်း တန်ယန်မှာ မည်သူနည်း။ ထိပ်တန်း ပါရမီရှင်တစ်ဦး ဖြစ်သဖြင့် ထိုကဲ့သို့သော အသေးအဖွဲ ကိစ္စရပ်များကိုပင် သူမ၏ အာရုံခံစားမှုက အလွန် စူးရှနေပေသည်။
၎င်းတို့နှစ်ဦး ဆိုင်သို့လာစဉ်က လက်ဗလာဖြင့် (သို့မဟုတ် ပလတ်စတစ်အိတ် တစ်လုံးကိုသာ ကိုင်ဆောင်၍) ရောက်ရှိလာခဲ့ကြသော်လည်း ပြန်ထွက်လာသည့် အခါတွင်မူ ထိုပလတ်စတစ်အိတ်ကို ကိုင်ထားမြဲ ဖြစ်သော်လည်း နောက်တွင်မူ ထုပ်ပိုးထားသော အထုပ်အပိုး ကြီးငယ်များကို သယ်ဆောင်လာသည့် 'ကျူပေါင်ကျဲ' ဆိုင်မှ ပို့ဆောင်ရေး ဝန်ထမ်းများ ဝန်းရံလျက် ပါလာခဲ့ကြသည်။ တန်ယန်သည် ထိုပစ္စည်းများကို မွန်းဘေး ဗီလာစံအိမ်အထိ အရောက်ပို့ခိုင်းပြီးနောက်မှ ပို့ဆောင်ရေး ဝန်ထမ်းများမှာ ပြန်ခွင့်ရကြလေသည်။
ဤမျှ တန်ဖိုးကြီးပြီး ကွဲအက်လွယ်သည့် ပစ္စည်းများကို သယ်ဆောင်ရခြင်းမှာ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ဖိအားများလှသဖြင့် ၎င်းတို့၏ ပင်ပန်းမှုကို အသိအမှတ် ပြုသောအားဖြင့် တန်ယန်က မုန့်ဖိုးပေးရန်လည်း မမေ့ခဲ့ပေ။
"မမရုံ... မနက်ဖြန်ကျရင် ကားနှစ်စီးလောက် ထပ်ဝယ်ကြမလား အခုတလော သွားရလာရတာ သိပ်ပြီး အဆင်မပြေဘူး ဖြစ်နေတယ်"
"ကောင်းသားပဲ ဒါပေမဲ့ တကယ်ကောင်းတဲ့ကားမျိုး လိုချင်ရင်တော့ အချိန်အတော်ကြာ စောင့်ရလိမ့်မယ်"
ချင်ယွီရုံက ခဏမျှ စဉ်းစားလိုက်ပြီး တန်ယန် သက်သောင့်သက်သာ စီးနင်းနိုင်ရန်အတွက် ကောင်းမွန်သည့် ကားမျိုးကိုသာ ဝယ်ယူသင့်သည်ဟု ဆုံးဖြတ်လိုက်လေသည်။
"မမရုံပဲ စီစဉ်လိုက်ပါတော့ ဘာပဲဖြစ်ဖြစ် နောက်ပိုင်း ဘေကျင်းမှာ မကြာခဏ နေဖြစ်တော့မှာ ဆိုတော့လေ။ တကယ်လို့ ဝယ်ရတာ အဆင်မပြေဘူး ဆိုရင်လည်း ဂိုထောင်ထဲက ကားအချို့ကိုပဲ ဒီဘက်ကို လှမ်းသယ်ခိုင်းလိုက်တာပေါ့"
တန်ယန်သည် သူမ၏ 'ဟင်းလင်းပြင် သိုလှောင်ခန်း' ကို သတိရသွားမိသည်။ သူမသာ တကယ်လုပ်ချင်လျှင် ကားအစီး တစ်ဆယ်လောက်ကို ဘယ်သွားသွား သယ်သွားလို့ရသည်။ သို့သော် အပြင်လောကတွင် ထိုသို့လုပ်ရန် ဖြစ်နိုင်ပါ့မလား ဆိုသည်မှာ မသိနိုင်ချေ။
***