'ကူးအုပ်စု' ၏ ဥက္ကဋ္ဌရုံးခန်း။
"သခင်ကြီးကူး... ဒါတွေက လက်မှတ်ထိုးရမယ့် စာရွက်စာတမ်းတွေပါခင်ဗျာ"
ကူးရိမင်က ခေါင်းညိတ်ပြလိုက်ပြီး စာရွက်စာတမ်းများကို ယူကာ လျင်မြန်စွာ လက်မှတ်ရေးထိုး လိုက်လေသည်။
"သခင်ကြီး... အခု ကျန်းမိသားစုနဲ့ မစ္စကျန်းဇီယွီတို့ရဲ့ သတင်းတွေ တက်နေပါတယ် ဒီကိစ္စမှာ ဘေကျင်းက 'လင်းလုပ်ငန်းစု' ရဲ့ ဒုတိယသခင်လေးလည်း ပါဝင်ပတ်သက်နေတယ်လို့ သိရပါတယ်ခင်ဗျာ"
"သိပြီ"
အတွင်းရေးမှူး ထွက်သွားပြီးနောက် ကူးရိမင်သည် သတင်းများကို ဖွင့်ကြည့်လိုက်သည်။ သူက မျက်မှောင်ကြုတ်လျက် လေလံပွဲတုန်းက ဆုံခဲ့သည့် မိန်းကလေး တန်ယန်အကြောင်းကို တွေးတောနေမိ၏။ သူမသည် ဂီတလောကတွင်လည်း တက်သစ်စ ကြယ်ပွင့်တစ်ဦး မဟုတ်ပါလော။
ကူးရိမင် နားမလည်နိုင်သည်မှာ လေလံပွဲ မစတင်မီအထိ ထိုမြောက်ပိုင်းဒေသ မြေကွက်နှင့် ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ သူမရရှိခဲ့ခြင်းပင် ဖြစ်သည်။ သို့ဆိုလျှင် ထိုမိန်းကလေးက မည်သို့ သိနေခဲ့သနည်း။ သို့သော်လည်း ထိုမြေကွက်ကို လက်လွှတ်လိုက်ရန် သူမက ရည်ရွယ်ချက်ရှိရှိ သတိပေးခဲ့ခြင်းကြောင့် သူနှင့် ကူးမိသားစုမှာ သူမအပေါ် ကျေးဇူးတင်သင့်ပေသည်။ ဘာပဲဖြစ်ဖြစ် ကူးမိသားစုအတွက် ငွေသန်း ၇၀၀ ဆိုသည်မှာ မပြောပလောက်သော်လည်း ဖော်ဆောင်၍ မရသော မြေကွက်တစ်ခုအတွက် ငွေသားအမြောက်အမြား အသုံးပြုလိုက်ရခြင်းမှာ ၎င်းတို့အတွက် ကြီးမားသော ထိုးနှက်ချက်တစ်ခု ဖြစ်လာနိုင်ပေသည်။ ကံကောင်းထောက်မစွာဖြင့်... သူမကြောင့်ပင် သူ ထိုမြေကွက်ကို လက်လွှတ်ခဲ့ခြင်း ဖြစ်သည်။
ထိုနောက်ပိုင်းတွင် သူသည် တန်ယန်အကြောင်းကို စုံစမ်းစစ်ဆေးခဲ့သော်လည်း သူမ၏ အချက်အလက်များမှာ အလွန်ပင် သာမန်ကာလျှံကာ ဖြစ်နေလေသည်။ အနည်းဆုံးတော့ လွန်ခဲ့သော ၁၅ နှစ်တာအတွင်း သူမ၏ဘဝမှာ ထူးခြားမှု မရှိခဲ့ပေ။ အမှန်တကယ် ပြောင်းလဲသွားသည်မှာ အထက်တန်းကျောင်းဝင်ခွင့် စာမေးပွဲ မတိုင်မီ တစ်လ၊ နှစ်လ အလိုခန့်ကမှ ဖြစ်သည်။ တန်မိသားစုသည် နိုင်ငံရပ်ခြားရှိ သူဌေးကြီး တစ်ဦးထံမှ အမွေများ ဆက်ခံရရှိခဲ့ပြီး ချမ်းသာကြွယ်ဝ လာခဲ့သည်ဟု သိရသည်။ တန်ယန်၏ မိဘများသည်လည်း လုပ်ငန်းသစ်များ ပြောင်းလဲလုပ်ကိုင်ခဲ့ကြပြီး အိမ်တွင်းအလှဆင် ကုမ္ပဏီနှင့် နောက်ပိုင်းတွင် အိမ်ခြံမြေ လုပ်ငန်းထဲသို့ပါ ခြေဆန့်လာခဲ့ကြသည်။
သို့သော် သေတ္တာထဲမှ စာရွက်စာတမ်းများထက် သူ၏ ကိုယ်ပိုင်အမြင်ကိုသာ သူပို၍ ယုံကြည်ပေသည်။ သူမြင်တွေ့ခဲ့ရသော တန်ယန်သည် ထိုစာရွက် စာတမ်းများထဲတွင် ဖော်ပြထားသကဲ့သို့ သာမန်မိန်းကလေးတစ်ဦး မဟုတ်သည်မှာမူ လုံးဝသေချာနေတော့သည်။
*
H မြို့တော်ရှိ ရှန်ဂရီလာ ဟိုတယ်၏ သီးသန့်ခန်းမဆောင်။
ဖန်းရို့သည် ဆိုဖာပေါ်တွင် ခြေထောက်ချိတ်လျက် ပျင်းရိပျင်းတွဲ ထိုင်နေသည်။ သူမ၏လက်ထောက် ချန်ယွီက အွန်လိုင်းပေါ်ရှိ လက်ရှိ အခြေအနေများကို သူမအား အစီရင်ခံနေလေသည်။
မနေ့ညက သူမသည် ခင်ပွန်းဖြစ်သူ၏ ဖောက်ပြန်မှုကို လက်ပူးလက်ကြပ် ဖမ်းမိရန်အတွက် ဘေကျင်းမှ H မြို့သို့ နောက်ဆုံးလေယာဉ်ဖြင့် လိုက်ပါလာခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် နောက်ပိုင်းတွင် ကွာရှင်းခွင့် တောင်းဆိုရန်အတွက် သက်သေအထောက်အထားများ စုဆောင်းလိုခြင်းလည်း ဖြစ်ပေသည်။ ဘာပဲဖြစ်ဖြစ် လင်းမိသားစုမှ လူကြီးများမှာမူ သူမ၏ ကွာရှင်းလိုသည့် ဆန္ဒကို အလွယ်တကူ သဘောတူကြမည် မဟုတ်သည်မှာ သေချာလှသည်။
လင်းကျိုး ပထမဆုံးအကြိမ် ဖောက်ပြန်ခဲ့စဉ်ကပင် ဤအချက်ကို သူမ ကောင်းကောင်း သိခဲ့သည်။ သို့သော် ထိုစဉ်ကမူ လင်းကျိုးတစ်ယောက် သူတို့နှစ်ဦး အသည်းအသန် ချစ်ခဲ့ကြစဉ်ကကဲ့သို့ ပြန်လည် ကောင်းမွန်လာလိမ့်မည်ဟု သူမ မျှော်လင့်ခဲ့မိသေးသည်။
ဒေါက် ဒေါက် ဒေါက်... အခန်းတံခါးကို ပြင်းထန်စွာ ထုရိုက်သံ ထွက်ပေါ်လာသည်။
"ဖန်းရို့ တံခါးဖွင့်စမ်း"
ဒေါက် ဒေါက် ဒေါက်... တံခါးအပြင်ဘက်မှ လင်းကျိုး၏ အော်ဟစ်သံနှင့်အတူ တံခါးထုသံများက ဆက်တိုက် ထွက်ပေါ်နေ၏။
ချန်ယွီက အစီရင်ခံနေသည်ကို ရပ်လိုက်ပြီး ဖန်းရို့၏ ညွှန်ကြားချက်ကို စောင့်ဆိုင်းလိုက်သည်။
"သွားဖွင့်ပေးလိုက်"
ချန်ယွီက တံခါးသွားဖွင့်ပေးလိုက်ရာ ဘာမျှမပြောရသေးမီမှာပင် လင်းကျိုးက သူ့ကို ဘေးသို့တွန်းဖယ်ကာ အထဲသို့ ပြေးဝင်လာတော့သည်။
"ဖန်းရို့ မင်းဘာတွေ လုပ်နေလဲဆိုတာ မင်းကိုယ်မင်း သိရဲ့လားမင်းရူးသွားပြီလား"
မနေ့ညက သူသည် အမျိုးသမီး တစ်ဦးနှင့်အတူ သာယာကြည်နူးဖွယ်ညကို ဖြတ်သန်းနေစဉ် လူတစ်စုက တံခါးကို စီးနင်းဝင်ရောက်လာပြီး သူတို့ထံသို့ ကင်မရာများ ထိုးချိန်ခဲ့ကြသည်။ သူမည်မျှပင် ထိတ်လန့်သွားသနည်းဆိုလျှင် သူ၏ စိတ်ပင် အလုပ်မလုပ်တော့လုနီးပါး ဖြစ်သွားခဲ့ရသည်
ထို့နောက် ဖန်းရို့သည် သူမ၏ လူယုံများနှင့်အတူ အခန်းထဲသို့ လျှောက်လှမ်း၍ ဝင်လာခဲ့သည်။ သူမ၏ တည်ငြိမ်အေးစက်ပြီး ပြတ်သားလှသော မျက်နှာပေးကြောင့် သူ ထိတ်လန့်သွားရကာ ခေတ္တမျှ ဘာပြန်လုပ်ရမည်မသိ ဖြစ်သွားခဲ့ရ၏။ ထို့နောက်တွင်မူ သူ၏ မဖွယ်မရာ ဗီဒီယိုမှာ အွန်လိုင်းပေါ်သို့ ပြန့်နှံ့သွားတော့သည်။
ဤကိစ္စကြောင့် လင်းအုပ်စု၏ ရှယ်ယာဈေးနှုန်းများမှာ တစ်နေ့လုံး ထိုးဆင်းသွားခဲ့ရသည်။ သူ၏အစ်ကိုနှင့် အဖေတို့ကလည်း သူ့ကို ဖုန်းဆက်၍ အကြီးအကျယ် ဆူပူကြိမ်းမောင်းခဲ့ကြ၏။ သူသည် အလွန် ဒေါသထွက်သွားကာ ဖန်းရို့ရှိရာသို့ ချက်ချင်းပြေးလာခဲ့ခြင်း ဖြစ်သည်။ ဤအရာအားလုံးမှာ သူမ၏ လုပ်ရပ်ကြောင့်သာ ဖြစ်သည်။ မဟုတ်လျှင် သူသည် ဤကဲ့သို့ နာမည်ဆိုးဖြင့် ကျော်ကြားလာစရာ အကြောင်းမရှိသလို အဖေဖြစ်သူ၏ ဆူပူမှုကိုလည်း ခံရမည် မဟုတ်ပေ။
ယခုအချိန်တွင်မူ သူသည် မိမိကိုယ်တိုင်က ဇနီးအပေါ် စတင်သစ္စာဖောက်ခဲ့သူ ဖြစ်သည်ကို လုံးဝပင် မေ့လျော့နေတော့သည်။
"ဟက်... ငါဘာလုပ်လုပ် ဒါက မင်းနဲ့ဆိုင်လို့လား"
ဖန်းရို့၏ နှုတ်ခမ်းအစုံမှာ လှောင်ပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားသည်။
"ကိုယ့်အိမ်ထောင်ဖက်အပေါ် ဖောက်ပြန်ထားပြီးတော့ ငါ့ကို အခုလို လာအော်ဟစ်ဖို့ ဘယ်သူက မင်းကို သတ္တိတွေ ပေးလိုက်တာလဲ"
လင်းကျိုးသည် ခေတ္တမျှ အပြစ်ရှိသလို ခံစားလိုက်ရသော်လည်း ချက်ချင်းပင် မာန်တင်းလိုက်ကာ -
"ငါ မင်းအပေါ် ဖောက်ပြန်ပြီး မှားခဲ့တယ် ဆိုရင်တောင် ဒါကို အွန်လိုင်းပေါ် ဒီလိုမျိုး တင်လိုက်လို့ မရဘူးလေ ဒါကြောင့် လင်းအုပ်စုရဲ့ ရှယ်ယာတွေ ထိုးကျကုန်ပြီ ငါတို့တွေ ဘယ်လောက်အထိ ဆုံးရှုံးသွားလဲဆိုတာ မင်းသိရဲ့လား"
"အဲဒါက ငါနဲ့ဘာဆိုင်လို့လဲ"
ဖန်းရို့သည် သူမရှေ့မှ အမျိုးသားကို စိတ်ပျက်လက်ပျက် စိုက်ကြည့်လိုက်သည်။ ဘယ်လောက်တောင် ရယ်စရာ ကောင်းလိုက်သလဲ။ လင်းမိသားစုရဲ့ အရှုံးအမြတ်တွေက သူမနှင့် ဘာမျှမဆိုင်ပါ။ သူမကတော့ လင်းမိသားစု ဒေဝါလီ မြန်မြန်ခံလေ၊ လူတွေကို ဒုက္ခပေးတာနည်းလေ ဖြစ်မည့်အတွက် ဆုတောင်းနေမိသည်။ လွန်ခဲ့သော နှစ်တွေအတွင်းမှာ လင်းမိသားစုက အကျိုးအမြတ်အတွက် နည်းလမ်းမျိုးစုံ သုံးခဲ့ခြင်းကို သူမသိသည်။ လူသတ်ခြင်းနှင့် မီးရှို့သည်မှလွဲ၍ ကျန်သည့် ခြိမ်းခြောက်ခြင်း၊ အနိုင်ကျင့်ခြင်းတို့ကို သူတို့ မလုပ်ဖူးခဲ့သည်မှာ မရှိပါ။
မကြာသေးခင်ကပင် လင်းကျိုးဟာ 'ရီယန်အုပ်စု' ၏ စီအီးအိုကို ရည်ရွယ်ချက်ရှိရှိ ကားနှင့် တိုက်ခိုင်းခဲ့သေးသည်။ အဲဒီစီအီးအိုဟာ အခုထိ ဆေးရုံမှာ ရှိနေသေးသည်။ အဲဒီကိစ္စအတွက် သက်သေ အထောက်အထားတွေလည်း သူမမှာ အကုန်ရှိပါသည်။
လင်းမိသားစု၏ အဘိုးကြီးဟာ မြေခွေးအိုကြီး တစ်ကောင်လိုပင် ပါးနပ်လွန်းလှ၏။ သူတို့အားလုံးကို သူ့လက်ခုပ်ထဲတွင်ထည့်ထားသည်။ အရင်ကတော့ သူမဟာ အချစ်မှာ မျက်စိကန်းနေခဲ့လို့ ဘာကိုမှ ဂရုမစိုက်ခဲ့ပါ။ ဒါကြောင့်လည်း ဘာမှမတွေးမိခဲ့တာ ဖြစ်သည်။ သို့သော် ယခုတော့ သူမ နိုးကြားသွားပြီဖြစ်သည်။ ထိုမြေခွေးအိုကြီး လုပ်သမျှဟာ လင်းမိသားစုနှင့်လင်းကော်ပိုရေးရှင်း ကောင်းစားဖို့ အတွက်သာဖြစ်သည်။ သူမဆိုတဲ့ ချွေးမကတော့ သူတို့အတွက် သွေးစုပ်ထုတ်လို့ရမည့်အသုံးချခံ သက်သက်သာ ဖြစ်သည်။
ဖန်းမိသားစုက သယ်ယူပို့ဆောင်ရေး လုပ်ငန်းကို လုပ်ကိုင်တာဖြစ်ပြီး လင်းမိသားစု၏ သယ်ယူပို့ဆောင်ရေးပိုင်း အတော်များများကို တာဝန်ယူပေးထားရသည်။ အပေါ်ယံ ကြည့်လျှင်တော့ ခမည်းခမက် အချင်းချင်း လုပ်ငန်းကူညီပေးနေသည်ဟု ထင်ရပေမဲ့ တကယ်တမ်းမှာတော့ လင်းမိသားစုက ဖန်းမိသားစုကို ခေါင်းပုံဖြတ်နေသည်ကို သူမ မကြာသေးခင်ကမှ သိလိုက်ရသည်။ လုပ်ငန်းပူးပေါင်း ဆောင်ရွက်သည့် ဈေးနှုန်းတွေက ဈေးကွက်ထဲမှာ အနိမ့်ဆုံး ဖြစ်နေရုံတင် မကဘဲ တစ်ခုခု အမှားအယွင်း ဖြစ်လျှင်လည်း ဖန်းမိသားစုကသာ စိုက်လျော်ပေးရသည်။ ဒါတင်မကဘဲ သူတို့က ဖန်းမိသားစု၏ လုပ်ငန်းကိုသုံးပြီး မှောင်ခိုပစ္စည်းတွေတောင် သယ်နေကြသည်။
မူလကတော့ ဖန်းရို့ဟာ မိသားစု၏ တစ်ဦးတည်းသောသမီး ဖြစ်နေတာကြောင့် သူမမျက်နှာကို ထောက်ထားပြီး ဤအရာများကို လျစ်လျူရှုထားခဲ့ကြသည်။ ဒါပေမဲ့ လင်းမိသားစုက ဖန်းမိသားစု၏ ဘေးကင်းလုံခြုံမှုကိုတောင် ထည့်မစဉ်းစားခဲ့ပေ။ သူမအဖေ၏ လူယုံတစ်ယောက်က တစ်ခုခု မှားနေတာကို ရှာမတွေ့ခဲ့ရင် ဖန်းမိသားစုဟာ ဘယ်လောက်အထိ အမှောင်ထဲမှာ ဆက်ရှိနေဦးမလဲ မသိနိုင်ပါ။ တကယ်လို့သာ အဖမ်းခံရရင် ဖန်းမိသားစုပဲ အမှုပတ်မည်ဖြစ်သည်။
ထိုအမှန်တရားကို သိလိုက်ရသောအခါ သူမဟာ ဒေါသထွက်သလို ရွံလည်းရွံရှာမိသည်။ ဒါပေမဲ့ ဒီခံစားချက်များက လင်းမိသားစုနှင့် လင်းကော်ပိုရေးရှင်း အပေါ်မှာပဲ ထားရှိခြင်းဖြစ်သည်။ အကယ်၍ သူမ၏အဖေက 'ရန်သူကို ရိပ်မိအောင် မလုပ်သေးနဲ့ဦး၊ အာဏာပိုင်တွေက လင်းမိသားစုကို လမ်းစအနေနဲ့သုံးပြီး နောက်ကွယ်က ငါးကြီးတွေကို ဖမ်းဖို့လိုနေသေးတယ်' ဟု မပြောခဲ့လျှင် သူမဟာ အထုပ်အပိုးတွေပြင်ပြီး မိဘအိမ်ကို ပြန်သွားမှာပဲဖြစ်သည်။
လင်းကျိုးနှင့် ပတ်သက်လျှင်တော့ သူဟာ ဒီအခြေအနေတွေကို မသိတာပါဆိုသည့် အကြောင်းပြချက်မျိုးနှင့် သူမ ဝေခွဲမရဖြစ်ခဲ့မိသေးသည်။ ဘာပဲဖြစ်ဖြစ် သူက လင်းအုပ်စု၏ အကြီးအကဲမဟုတ်ချေ။ ထို့ပြင် သူမနှင့် လင်းကျိုးဟာ ချစ်၍ လက်ထပ်ခဲ့ကြသည်မလို့ သူ့အပေါ် သံယောဇဉ် ရှိနေသေးသည်။လင်းကျိုးက အမှားတွေ လုပ်တတ်ပေမဲ့ ယခုတော့ သူလည်း ကိုယ့်ကိုယ်ကိုယ် ပြုပြင်နေပြီဟု သူမက ထင်ခဲ့မိသည်။
သို့သော်လည်း သူက တိုးတက်ချင်ယောင်ဆောင်ကာ အချစ်သစ်ရှာဖို့ အကြောင်းပြချက် လုပ်နေခဲ့မှန်း သူမ အခုမှ သိလိုက်ရတော့သည်။ အခုအချိန်မှာတော့ သူမအနေဖြင့် ဘာတွန့်ဆုတ်စရာမှ မရှိတော့ပေ။
ဖန်းရို့ဟာလည်း နာမည်ကြီး တက္ကသိုလ်တစ်ခုက ထူးချွန်စွာ ဘွဲ့ရထားသူ တစ်ယောက်ဖြစ်သည်။ ယခင်က လူမှားပြီး မျက်စိမှားခဲ့မိသည့်အတွက် သူမ၏မိသားစုကို အခွင့်ကောင်းယူတာ ခံခဲ့ရပေမဲ့၊ အခုလို အချိန်မီ နိုးကြားလာခဲ့သည်ကတော့ နောက်မကျသေးချေ။
သူမက လင်းမိသားစုတွင် ဆက်နေရန် အကြောင်းမရှိတော့ပေ။ ယခုကဲ့သို့ တစ်စုံတစ်ဦးက သူမအား ထွက်ခွာရန် ခိုင်လုံသော အကြောင်းပြချက်ကို ကမ်းလှမ်းလာချိန်တွင်မှ ဤအခွင့်အရေးကို အမိအရ ဆုပ်ကိုင်၍ မလွတ်မြောက်ခဲ့ပါက မိမိကိုယ်ကိုယ် မတရားရာ ကျပေလိမ့်မည်။
"ဖန်းရို့"
လင်းကျိုး ဒေါသတကြီး အော်လိုက်မိသည်။ သူ့ရှေ့မှ အမျိုးသမီးမှာ အရင်ကနှင့် ဘာကြောင့် ဤမျှ ကွဲပြားနေရသနည်း။ သူအထင်မှားနေခြင်းသာ ဖြစ်ရမည်။ သူမ သူ့ကို မည်မျှချစ်သည်ကို သူသိထားသည်။ ထို့ကြောင့်ပင် သူမ၏ သည်းခံနိုင်စွမ်းကို အကြိမ်ကြိမ် စမ်းသပ်ကာ ဤမျှအထိ ရဲတင်းခဲ့ခြင်း ဖြစ်လေသည်။
"ငါမှားသွားပါတယ် ငါက အပျော်သဘောပဲ ကစားခဲ့တာပါ အဲဒီမိန်းမက ငါ့ကို ဖြားယောင်းခဲ့တာ နောက်ကို သူနဲ့ ဘာပတ်သက်မှုမှ မရှိစေရဘူးလို့ ငါကျိန်ဆိုရဲပါတယ်"
"ဟက် ပြီးခဲ့တဲ့ တစ်ခေါက်တုန်းကလည်း ရှင်ဒီလိုပဲပြောခဲ့တာ မဟုတ်လား ဒါပေမဲ့ အခုတော့ အကျင့်ဟောင်းက ပြန်ပေါ်လာပြန်ပြီ"
ဖန်းရို့က လှောင်ပြောင်သည့် အမူအရာဖြင့် ရယ်မောလိုက်သည်။
"ဒီတစ်ခါတော့ ကွာရှင်းကြရအောင် ငါတကယ် စိတ်ကုန်လှပြီ"
လင်းကျိုးသည် သူမအား မယုံကြည်နိုင်သလို စိုက်ကြည့်နေမိသည်။ သူမသည် အမှန်အတိုင်း ပြောနေခြင်းလား သို့မဟုတ် စိတ်တိုတိုနှင့် ပြောနေခြင်းလား ဆိုသည်ကို သူ ဝေခွဲမရ ဖြစ်နေ၏။ သူသိကျွမ်းခဲ့၊ ချစ်ခဲ့ပြီး လက်ထပ်ခဲ့သည့် ဇနီးသည်မှာ ယခုအခါ အလွန်ပင် ဝေးကွာသွားသကဲ့သို့ သူခံစားလိုက်ရသည်။ မိမိလက်ထဲမှ အရာတစ်ခုခုမှာ လွတ်ထွက်သွားတော့မည်ကဲ့သို့ ရုတ်တရက် စိုးရိမ်ထိတ်လန့် စိတ်များက သူ့ထံသို့ လှိုင်းလုံးကြီးများသဖွယ် တိုးဝင်လာခဲ့သည်။
"မင်း... မင်းနောက်နေတာ မဟုတ်လား ဟား... ဟားဟား၊ မင်း နောက်နေတာပဲ ဖြစ်ရမယ် မိန်းမရယ်... ကိုယ်တကယ် မှားသွားတာပါ၊ ကိုယ့်ကို နောက်ထပ် အခွင့်အရေးလေး တစ်ခုလောက်ပဲ ပေးပါနော် ဒီတစ်ခါတော့ တကယ် ပြုပြင်ပါ့မယ်လို့ ကတိပေးတယ် ကိုယ်..."
လင်းကျိုးသည် တစ်ခုခုကို ထပ်ပြောချင်သော်လည်း စကားလုံးများမှာ လည်ချောင်းဝတွင်ပင် တစ်ဆို့နေတော့သည်။
***