တစ်ချိန်တည်းမှာပင် ကျန်ရှိနေသောသူများမှာလည်း ဤအံ့မခန်း မြင်ကွင်းကို မျက်ဝါးထင်ထင် တွေ့မြင်လိုက်ရသဖြင့် အလန့်တကြား အော်ဟစ်မိကြတော့သည်။
"ဒါ ဘာဖြစ်တာလဲ... ဒီနည်းပြချုပ်က ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ လာတဲ့ အရူးလား"
စီတုတျန့်မော့ကလည်း "ကျွန်မတို့တွေ သူ့ကို အဲဒီလောက်ထိ ခြောက်လိုက်မိလို့ သူက သတ်သေသွားတာလား" ဟု အံ့သြတုန်လှုပ်စွာ ရေရွတ်လိုက်မိ၏။
ဟယ်လီကော်ပတာပေါ်မှ ခုန်ချလိုက်သော ထိုပုံရိပ်သည် မည်သည့်အတားအဆီးမှ မရှိဘဲ အရှိန်အဟုန်ဖြင့် အောက်သို့ ကျဆင်းလာကာ နောက်ဆုံးတွင် မြေပြင်ပေါ်သို့ ဒုတ်ခနဲ အသံကျယ်ကြီးနှင့် အတူ ကျရောက်သွားတော့သည်။
ဘုန်း...။
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ သဲများနှင့် ကျောက်စရစ်ခဲများမှာ အရပ်ရပ်သို့ လွင့်စင်သွားပြီး ဖုန်လုံးကြီးများ ကြားဝယ် လေ့ကျင့်ရေးကွင်းပြင်၌ နက်ရှိုင်းသော ကျင်းကြီးတစ်ခုမှာ ဖြစ်ပေါ်သွားလေတော့သည်။
ရောက်ရှိနေသော အသင်းလေးသင်းမှ အဖွဲ့ဝင်များမှာ လုံးဝကို ဆွံ့အသွားကြ၏။ ဘာတွေဖြစ်နေမှန်း မသိဘဲ ပါးစပ်အဟောင်းသားနှင့် ငေးကြည့်နေမိကြတော့သည်။
အသက်အကြီးဆုံးဖြစ်သော ဟယ်ချင်းကျီက ပထမဆုံး သတိပြန်ဝင်လာကာ "အမြန် သွားကြည့်ကြစမ်း... သူ ဘယ်လိုနေလဲ ဆိုတာ" ဟု အော်ပြောလိုက်သည်။
ထိုအချိန်မှ လူတိုင်းက ထိုတွင်းကြီးဆီသို့ ပြေးသွားကြ၏။ လူအများစုက နည်းပြချုပ်အသစ်ကို အထင်သေးနေကြသော်လည်း သူတို့ရှေ့တွင်ပင် ထိုသူ သေဆုံးသွားသည်ကိုမူ မမြင်လိုကြပေ။
ထိုစဉ်မှာပင် ဖုန်လုံးကြီးများ လွင့်ပြယ်သွားပြီး တွင်းကြီးထဲမှ အရပ်ရှည်ရှည် ပုံရိပ်တစ်ခုမှာ ထွက်ပေါ်လာလေသည်။
လူတိုင်း၏ ခြေလှမ်းများမှာ ရုတ်တရက် ရပ်တန့်သွားကြ၏။ လိုင်ဖော်ကျွင်းသည် သူ့ရှေ့မှ ယဲ့ထျန်းကို ကြည့်ကာ "ဘုရားရေ... ငါ ဘာတွေကို မြင်နေရတာလဲ" ဟု အံ့အားသင့်စွာ အော်လိုက်မိသည်။
ထိုလူ လေယာဉ်ပေါ်မှ ခုန်ချလိုက်သည်ကို သူ ရှင်းလင်းစွာ မြင်လိုက်ရသော်လည်း အခုတော့ ဘာဒဏ်ရာမှ မရဘဲ ဖုန်လုံးများကြားမှ အေးအေးဆေးဆေး လမ်းလျှောက်ထွက်လာနိုင်ခဲ့သည်။
ဒါက တကယ့် လူသားတစ်ယောက် ဟုတ်ရဲ့လား။
စီတုတျန့်မော့ကလည်း သူမ၏ ပါးစပ်ကို လက်ဖြင့် အုပ်လိုက်ကာ "ကျွန်မတို့တွေ တာမီနေးတားနဲ့ တွေ့နေတာလား... တိုက်ပွဲအတွက် ပြင်ထားရမလား" ဟု ဟစ်အော်လိုက်၏။
ပတ်ဝန်းကျင်ရှိ လူများမှာလည်း မယုံနိုင်စရာ ဖြစ်နေကြသည်။ ဤလူက သံမဏိနှင့် လုပ်ထားသည်လား။
မီတာ ၁၀၀ ကျော် အမြင့်မှ ယခုလို ပြုတ်ကျလာသည်ကို လုံးဝ ဒဏ်ရာမရသည့်အပြင် သူ့မျက်နှာမှာလည်း ဘာမှမဖြစ်သကဲ့သို့ တည်ငြိမ်နေပေသည်။
သူတို့တင်မကဘဲ မူရုန်ဖိန်ပင်လျှင် ထိတ်လန့် တုန်လှုပ်သော အမူအရာ ပေါ်လာတော့သည်။ သူကိုယ်တိုင်ပင်လျှင် တစ်ဖက်လူ၏ အဆင့်ကို မည်သို့မျှ မမီနိုင်ကြောင်း သိလိုက်ရပြီ ဖြစ်သည်။
ထို့နောက် သူက ရှေ့မှလူသည် ခန္ဓာကိုယ် သန့်စင်သည့် ကျင့်ကြံသူ ဖြစ်ကြောင်း ရိပ်မိသွား၏။ သို့သော် မေးခွန်း တစ်ခုမှာ... မိမိ၏ ရုပ်ပိုင်းဆိုင်ရာကို ဤမျှ အစွမ်းထက်အောင် ကျင့်ကြံနိုင်ရန်မှာ ကျင့်ကြံမှု အဆင့်က မည်မျှအထိ မြင့်မားနေရမည်နည်း။
တည်တည်ငြိမ်ငြိမ် ရှိနေသူမှာ ရှန်းချောင်ချူး တစ်ယောက်သာ ရှိသည်။ သူသည် ယဲ့ထျန်း၏ အစွမ်းကို ကိုယ်တိုင် မြင်တွေ့ဖူးသူ ဖြစ်ရာ၊ ဂရန်းမားစတာ ရှန်တုန်းလိုင်ကိုပင် လက်သီးတစ်ချက်တည်းနှင့် သတ်နိုင်သူအဖို့ လေယာဉ်ပေါ်မှ ခုန်ချခြင်းမှာ အသေးအဖွဲမျှသာ ဖြစ်ပေသည်။
လူအုပ်ကြီး၏ အံ့သြမှင်သက်နေသော အကြည့်များကြားဝယ် ယဲ့ထျန်းမှာ လမ်းလျှောက်လာခဲ့သည်။
ဟယ်ချင်းကျီက ရှေ့သို့ တိုးလာကာ "ခွင့်ပြုပါ... ခင်ဗျားက နည်းပြချုပ် ယဲ့ပုဖန်လား" ဟု မေးလိုက်၏။
"မဟုတ်ပါဘူး... ကျွန်တော်က သူ့ရဲ့ အစေခံ တစ်ယောက်ပါ"
အခြားသော အလောင်းရုပ်သေးများနှင့် ယှဉ်လျှင် ယဲ့ထျန်း၏ မျက်လုံးများမှာ ပို၍ အသက်ဝင်သော်ငြား အမူအရာမှာမူ သစ်သားရုပ်ကဲ့သို့ တောင့်တင်းနေဆဲ ဖြစ်သည်။ သူက ခေါင်းပေါ်ရှိ လေယာဉ်ကို ညွှန်ပြကာ "သခင်က ဟိုအပေါ်မှာ ရှိတယ်" ဟု ဆိုလိုက်လေသည်။
သူ၏ စကားကို ကြားလိုက်ရသောအခါ လူအုပ်ကြီးမှာ ငြိမ်ကျသွားသော်လည်း...
ရင်ခုန်သံများမှာမူ ပိုမို ပြင်းထန်လာတော့၏။
"အစေခံ ဟုတ်လား... ဒီလောက်အစွမ်းထက်တဲ့ လူကြီးက တစ်ယောက်ယောက်ရဲ့ အစေခံ ဖြစ်နေတယ်... သူ့သခင်ကရော ဘယ်လောက်တောင် အစွမ်းထက်လိုက်မလဲ"
အားလုံးမှာ တုန်လှုပ်ချောက်ချားစွာဖြင့် ယဲ့ထျန်း ညွှန်ပြရာသို့ မော့ကြည့်လိုက်ကြရာ လေယာဉ်ပေါ်မှ နောက်ထပ် ပုံရိပ်တစ်ခု ဝှစ်ခနဲ ခုန်ချလိုက်သည်ကို တွေ့လိုက်ရပြန်သည်။
"ဘုရားရေ... နောက်တစ်ယောက် ခုန်ချလိုက်ပြန်ပြီ။ အမြန်ဖယ်ကြ... အပေါ်က ပိသွားဦးမယ်"
ယခု အခိုက်အတန့်တွင် လူတိုင်းမှာ ထိတ်လန့်မှု အထွတ်အထိပ်သို့ ရောက်နေကြပြီ ဖြစ်သည်။
ဒီလူတွေက ဘယ်လိုလူတွေလဲ။ လေယာဉ်ပေါ်ကနေ တစ်ယောက်ပြီး တစ်ယောက် ခုန်ချနေကြတာ ပျော်စရာမှတ်နေကြတာလား။
လေယာဉ်က သူတို့၏ ခေါင်းပေါ်တည့်တည့်တွင် ရှိနေသဖြင့် အကယ်၍ အပေါ်မှ ခုန်ချလာသူနှင့် ပိသွားပါက ခုန်ချသူမှာ ဘာမှမဖြစ်နိုင်သော်လည်း သူတို့မှာမူ အသားစိုင်များအဖြစ် ကြေမွသွားပေလိမ့်မည်။
ထိုသို့တွေးမိကာ အားလုံးက ဘေးသို့ အမြန်ရှောင်လိုက်ကြသော်လည်း ယခုအခါတွင်မှ ပို၍ အံ့သြဖွယ်ကောင်းသော မြင်ကွင်းကို တွေ့လိုက်ရပြန်သည်။
လေယာဉ်ပေါ်မှ ခုန်ချလာသူသည် ယဲ့ထျန်းကဲ့သို့ ဒေါင်လိုက် ပြုတ်ကျလာခြင်း မဟုတ်ဘဲ လေဟာနယ်ထဲဝယ် လှေကားထစ်များကို နင်းလျှောက်နေသကဲ့သို့ တစ်လှမ်းချင်း တစ်လှမ်းချင်း လမ်းလျှောက် ဆင်းသက်လာခြင်း ဖြစ်သည်။
"ဘုရား... ဘုရား... ငါ ဘာတွေကို မြင်နေရတာလဲ။ ငါ့မျက်စိတွေ မှားနေတာလား"
"ဒါက လူသားလား... နတ်ဘုရားလား။ ဟိုအပေါ်ကနေ ဘယ်လိုဖြစ်ပြီး ဒီလို ဆင်းလာနိုင်ရတာလဲ"
အပေါ်မှ လူငယ်လေးသည် လမ်းပေါ်တွင် အေးအေးဆေးဆေး လမ်းလျှောက်နေသကဲ့သို့ ဆင်းသက်လာသည်ကို မြင်ရသောအခါ လူတိုင်းမှာ မိမိကိုယ်မိမိ မယုံနိုင်အောင်ပင် ဖြစ်နေကြတော့သည်။
အကယ်၍ ထိန်ထိန်သာနေသော နေမင်းကြီးသာ မရှိလျှင် သူတို့အားလုံး အိပ်မက်မက်နေသည်ဟုပင် ထင်မှတ်ကြပေလိမ့်မည်။
အံ့သြမှု အရှိဆုံးသူများမှာ ဟယ်ချင်းကျီနှင့် သူ၏အဖွဲ့ပင် ဖြစ်သည်။ မြေကမ္ဘာအဆင့် သိုင်းပညာရှင်များ ဖြစ်သည့်အားလျော်စွာ ဤမျှသော အရည်အချင်းကို မည်သူမျိုးကသာ ပြသနိုင်သည်ကို သူတို့ ကောင်းစွာ သိကြသည်။ ထိုသူမှာ အာကာသအဆင့် သိုင်းပညာရှင်ပင် ဖြစ်ရပေမည်။
သိုင်းကျင့်ကြံမှုသည် အာကာသအဆင့်သို့ ရောက်ရှိသွားမှသာလျှင် ကောင်းကင်နှင့် မြေကြီး၏ မူလစွမ်းအင်များကို ထိန်းချုပ်နိုင်ပြီး ထိုစွမ်းအင်များကို အသုံးပြုကာ လေထဲ၌ ပျံသန်းခြင်း သို့မဟုတ် လေဟာပြင်တွင် လမ်းလျှောက်ခြင်းတို့ကို ပြုလုပ်နိုင်ခြင်း ဖြစ်သည်။
သို့သော် ယဲ့ပုဖန်မှာ အာကာသအဆင့်သို့ မရောက်သေးသလို ဓားစီး၍လည်း မပျံနိုင်သေးပေ။ သူ ယခု အသုံးပြုလိုက်သည်မှာ သူ၏ အမွေအနှစ်ထဲမှ "နဂါးနတ်ဘုရား ကောင်းကင်နင်းခြေလှမ်း" ဟု ခေါ်သော ထူးခြားသည့် ကိုယ်ဖော့ပညာရပ် တစ်ခုသာ ဖြစ်သည်။
အမှန်စင်စစ် ဤအတတ်မှာ အထက်မှ အောက်သို့ ဆင်းသက်ရာတွင်သာ အသုံးဝင်ပြီး အောက်မှ အပေါ်သို့ တက်ရန် ကြိုးစားပါက အသုံးဝင်မည် မဟုတ်ချေ။ သို့သော်ငြားလည်း ဤမြင်ကွင်းမှာ ရွှမ်ယွမ်စံအိမ်မှ သင်တန်းသားများကို တုန်လှုပ်သွားစေရန် လုံလောက်လှပေသည်။
လူအုပ်ကြီး၏ အံ့သြမှင်သက်နေသော အကြည့်များကြားဝယ် ယဲ့ပုဖန်သည် မြေပြင်ပေါ်သို့ ဖြည်းညင်းစွာ ဆင်းသက်လိုက်သည်။ ထိုအခါမှသာ ရှေ့မှ နည်းပြချုပ်မှာ အသက် ၂၀ ကျော် လူငယ်လေး တစ်ဦးမျှသာ ဖြစ်ကြောင်း လူတိုင်း သိလိုက်ရတော့၏။
ခန့်ညားချောမောသည်မှအပ သူသည် သာမန်တက္ကသိုလ်ကျောင်းသားတစ်ဦးနှင့် မခြားနားလှဘဲ သူ့ထံမှ မည်သည့် ချီစီးဆင်းမှုကိုမျှလည်း မခံစားရပေ။
အကယ်၍ သူ၏ အံ့မခန်း ဆင်းသက်မှုကိုသာ မမြင်တွေ့ခဲ့ရပါက သူတို့မှာ ယဲ့ပုဖန်ကို သာမန်လူ တစ်ယောက်ဟုသာ ထင်မှတ်ကြပေလိမ့်မည်။ သို့သော် ယခုမူ မည်သူမျှ တစ်ဖက်လူကို လျှော့မတွက်ဝံ့ကြတော့ပေ။
သူ၏ ကျင့်ကြံမှုသည် အာကာသအဆင့်သို့ မရောက်သေးလျှင်ပင်... သူတို့နှင့် ယှဉ်လျှင်မူ ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားနေမည်ကို သူတို့ ကောင်းကောင်း သိကြသည်။
ပထမဦးစွာ အစေခံကို လွှတ်၍ လူတိုင်းကို ထိတ်လန့်စေကာ ထို့နောက်တွင်မှ ခန့်ညားထည်ဝါစွာ ဆင်းသက်လာခဲ့သည်။ ဤလုပ်ရပ်က မာနကြီးပြီး ခက်ထန်လှသော သင်တန်းသားများ၏ စိတ်ထဲမှ မာန်မာနများကို တစ်စစီ ချေဖျက်ပစ်လိုက်ပြီး သူတို့၏ မျက်လုံးများထဲတွင် ကြောက်ရွံ့ အားကျမှုများဖြင့် ပြည့်နှက်သွားစေတော့၏။
ယဲ့ပုဖန်က ပြုံးလျက် ပတ်ဝန်းကျင်ကို ဝေ့ကြည့်ကာ "ငါက နည်းပြချုပ်အသစ်ပဲ။ မင်းတို့ထဲက အများစုက မကျေနပ်ကြဘဲ ငါ့ကို ပြဿနာရှာချင်နေကြတယ်လို့ ကြားတယ်"
"ငါ အခု ဒီမှာ ရှိနေပြီ။ ဘယ်သူကများ ငါ့ကို စိန်ခေါ်ချင်သေးလဲ... ရှေ့ကို ထွက်ခဲ့စမ်း"
သူ၏ စူးရှသော အကြည့်ကို ခံစားလိုက်ရသဖြင့် လူတိုင်းမှာ ခေါင်းငုံ့သွားကြပြီး ခဏမျှ မည်သူမျှ သူ့ကို စိုက်မကြည့်ဝံ့ကြချေ။
ခဏမျှ တိတ်ဆိတ်သွားပြီးနောက် လိုင်ဖော်ကျွင်းက အံကို ကြိတ်ကာ မျက်လုံးပြူးလျက် ရှေ့သို့ ထွက်လာပြီး "ကျုပ်က လိုင်ဖော်ကျွင်းပါ... နည်းပြချုပ်ရဲ့ အစွမ်းကို စမ်းသပ်ကြည့်ချင်ပါတယ်" ဟု ဆိုလိုက်သည်။
သူသည် အလွန်ပင် ပွင့်လင်းသူဖြစ်ပြီး မိမိ လျှောက်ရန် ဆုံးဖြတ်ထားသော လမ်းကို အဆုံးအထိ လျှောက်မည့်သူမျိုး ဖြစ်သည်။
ခုနက မြင်ကွင်းက သူ့ကို ထိတ်လန့်စေခဲ့သည်မှာ မှန်သော်လည်း တစ်ဖက်လူက ကိုယ်ဖော့ပညာမှာသာ တော်နေတာ ဖြစ်နိုင်သည်ဟု သူက တွေးနေမိသည်။ တိုက်ခိုက်ကြည့်မှသာ ကျင့်ကြံမှုအဆင့်ကို သိနိုင်မည် မဟုတ်ပါလား။
ယဲ့ပုဖန်က ခပ်ဖွဖွ ပြုံးလိုက်ရင်း ယဲ့ထျန်းကို ကြည့်ကာ "မင်း... နည်းပြလိုင်နဲ့ လက်ရည် တစ်ချက်လောက် စမ်းလိုက်ဦး။ သတိထားဦးနော်... သူက ငါတို့လူပဲ။ သူ့ကို မသန်မစွမ်း ဖြစ်သွားအောင် မလုပ်နဲ့ဦး" ဟု အမိန့်ပေးလိုက်သည်။
သူသည် စိတ်ထဲမှ အရှိအတိုင်း ပြောလိုက်ခြင်း ဖြစ်သည်။ ယဲ့ထျန်း၏ စရိုက်အရ ကြိုတင် သတိမပေးထားပါက လိုင်ဖော်ကျွင်းသည် ဒုတိယမြောက် ရှန်တုန်းလိုင် ဖြစ်သွားနိုင်ပေသည်။
သို့သော် အခြားသူများ၏ အကြားတွင်မူ ထိုစကားမှာ တစ်မျိုး ဖြစ်သွားတော့သည်။ တိုက်ပွဲ မစရသေးခင်မှာပင် တစ်ဖက်လူကို မသန်မစွမ်း မဖြစ်အောင် လုပ်ပါဟု ပြောနေခြင်းမှာ သူတစ်ပါးကို နှိမ့်ချလွန်းရာ မရောက်ပေဘူးလား…။
အထူးသဖြင့် လိုင်ဖော်ကျွင်းမှာမူ သူသည် အကြီးအကျယ် စော်ကားခံလိုက်ရသည်ဟု ခံစားလိုက်ရတော့၏။
သူသည် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ရင်း ပါကျိချွမ်သိုင်း၏ အနှစ်သာရဖြစ်သော တောင်ဖြို သိုင်းကွက်ကို အားကုန်သုံး၍ ထုတ်ဖော်လိုက်တော့သည်။
မြေကမ္ဘာအဆင့် သိုင်းပညာရှင်တစ်ဦးအနေဖြင့် သူ၏ ပါကျိချွမ်မှာ အဆင့်အတန်ငယ် ရောက်ရှိနေပြီ ဖြစ်သည်။ အထူးသဖြင့် သူ၏ တောင်ဖြိုသိုင်းကွက်သည် လူတစ်ဖက်စာမျှ ထူထဲသော သစ်ပင် ဆယ်ပင်ကျော်ကို တစ်ခါတည်းနှင့် ချိုးဖျက်ပစ်နိုင်စွမ်း ရှိသည်။ အကယ်၍ သာမန်လူတစ်ယောက်သာ အတိုက်ခံရပါက အရိုးအကြောများ စိစိညက်ညက် ကြေသွားမည်မှာ ဧကန်မလွဲပေ။
အံ့မခန်း အစွမ်းပြထားသော ယဲ့ထျန်းနှင့် ရင်ဆိုင်ရချိန်တွင် လိုင်ဖော်ကျွင်းသည် လျှော့မတွက်ဝံ့ဘဲ သူ၏ စွမ်းအားအားလုံးကို အသုံးပြုကာ ရှေ့သို့ တိုးဝင်တိုက်ခိုက်လိုက်တော့၏။
ယဲ့ထျန်းကမူ လုံးဝ ရှောင်တိမ်းခြင်း မရှိပေ။ ထိုအစား သူက ဘေးသို့ ခပ်စောင်းစောင်း လှည့်လိုက်ကာ လိုင်ဖော်ကျွင်းကဲ့သို့ပင် ပုခုံးဖြင့် ပြန်လည် တိုက်လိုက်သည်။
ယဲ့ပုဖန်၏ ညွှန်ကြားချက်အရ သူသည် သူ့စွမ်းအား၏ ဆယ်ပုံ သုံးပုံကိုသာ အသုံးပြုခဲ့ခြင်း ဖြစ်သည်။
ဝှစ်...။
မျက်တောင်တစ်ခတ်အတွင်းမှာပင် လူသန်ကြီးနှင့် လူငယ်လေးတို့သည် တစ်ဦးနှင့် တစ်ဦး ပြင်းထန်စွာ ရိုက်ခတ်မိကြတော့၏။
ဒုတ်...။
တုံးအအ အသံတစ်ခုနှင့်အတူ လိုင်ဖော်ကျွင်းသည် သူသည် သံမဏိဖြင့် လုပ်ထားသော တောင်တန်းကြီး တစ်ခုကို ဝင်တိုက်မိသကဲ့သို့ ခံစားလိုက်ရသည်။ အလွန်ပင် မာကျောပြီး အားပါလွန်းသဖြင့် သူသည် တစ်ဖက်လူကို မြူမှုန်မျှပင် လှုပ်ရှားအောင် မလုပ်နိုင်ခဲ့ချေ။
ထို့နောက်တွင်ပင် ကြီးမားသော တုံ့ပြန်အားတစ်ခု ကျရောက်လာကာ လိုင်ဖော်ကျွင်းမှာ လာစဉ်ကထက် ပိုမို မြန်ဆန်သော အရှိန်ဖြင့် နောက်သို့ လွင့်ထွက်သွားလေတော့သည်။ သူသည် ၁၀ မီတာကျော်အထိ လွင့်ထွက်သွားပြီးနောက် မြေပြင်ပေါ်သို့ ဒုတ်ခနဲ ပြုတ်ကျသွားကာ ဖုန်လုံးများ ထသွားစေတော့၏။
***