ဖရိုဖရဲ ဖြစ်သွားသော လိုင်ဖော်ကျွင်းနှင့် နှိုင်းယှဉ်လျှင် ယဲ့ထျန်းမှာမူ တည်ငြိမ်အေးဆေးနေပြီး မြေပြင်တွင် အမြစ်တွယ်နေသည့်အလား မလှုပ်မယှက် ရပ်နေဆဲ ဖြစ်သည်။
သူတို့နှစ်ဦးကြားရှိ ကျင့်ကြံမှုအဆင့် ကွာခြားချက်မှာ တစ်ချက်ကြည့်ရုံဖြင့် သိသာလွန်းလှပေသည်။
"သန်မာလိုက်တာ... တကယ်ကို အစွမ်းထက်လွန်းတယ်"
ရောက်ရှိနေသူများအားလုံး ယဲ့ထျန်း၏ အစွမ်းကို တစ်ကြိမ် မြင်တွေ့ခဲ့ပြီး ဖြစ်သော်လည်း ယခုအခါတွင်မူ ထပ်မံ၍ ထိတ်လန့်တုန်လှုပ်သွားရပြန်သည်။
လိုင်ဖော်ကျွင်းမှာ မည်မျှ အစွမ်းထက်ကြောင်း သူတို့ သိကြသည်။ သူသည် မြေကမ္ဘာအဆင့် အစောပိုင်း အဆင့်ရှိသော ကျင့်ကြံသူတစ်ဦး ဖြစ်ကာ ဂိုဏ်းငယ်လေးများတွင် ဂိုဏ်းချုပ်ပင် လုပ်နိုင်စွမ်း ရှိသူဖြစ်သည်။ သို့သော် သူသည် ယဲ့ထျန်း၏ လက်ချက်ဖြင့် တစ်ကွက်တည်းနှင့်ပင် အလဲထိုးခံလိုက်ရလေသည်။
လိုင်ဖော်ကျွင်းသည် မြေပြင်မှ ထလာခဲ့သည်။ ထိုအခိုက်အတန့်တွင် သူ့စိတ်ထဲ၌ အရှက်ရမှုများ မရှိတော့ပေ။
ယဲ့ပုဖန် ပြောခဲ့သည်မှာ အမှန်ပင် ဖြစ်၏။ အကယ်၍ သူသာ ယဲ့ထျန်းကို ကြိုတင်သတိမပေးထားပါက သူသည် ထိုတိုက်ကွက်ကြောင့် သေဆုံးသွားနိုင်သည် သို့မဟုတ် မသန်မစွမ်း ဖြစ်သွားနိုင်ပေသည်။
လိုင်ဖော်ကျွင်းသည် ပွင့်လင်းပြတ်သားသူ ဖြစ်ရာ ရှုံးလျှင် ရှုံးကြောင်း လက်ခံသူ ဖြစ်သည်။ သူသည် ကိုယ်ပေါ်မှ ဖုန်များကို ခါထုတ်လိုက်ပြီး ယဲ့ပုဖန်ကို ဦးညွှတ်ကာ "နည်းပြချုပ်ကြီး... ကျုပ် လိုင်အိုကြီးက ခင်ဗျားကို အကြွင်းမဲ့ အရှုံးပေးပါတယ်" ဟု ဆိုလိုက်တော့သည်။
ယဲ့ပုဖန်က ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးကို ကြည့်ကာ "နောက်ထပ် ဘယ်သူကများ စိန်ခေါ်ချင်သေးလဲ" ဟု မေးလိုက်၏။
ထိုအချိန်တွင် ရောက်ရှိနေသူအားလုံး တိတ်ဆိတ်သွားကြသည်။ လိုင်ဖော်ကျွင်းမှာ သူတို့ထဲတွင် အတော်ဆုံး ဖြစ်သည်။
သူပင်လျှင် တစ်ဖက်လူ၏ တစ်ကွက်ကိုမျှ မတောင့်ခံနိုင်ပါက အခြားသူများမှာ မည်သို့ စိန်ခေါ်ဝံ့ပါမည်နည်း။
မူလက နည်းပြချုပ်အသစ်ကို ပညာပြရန် ကြံရွယ်ခဲ့သော်လည်း ယခုမူ သူတို့သာ အပြတ်အသတ် နှိမ်နင်းခံလိုက်ရလေပြီ။
"ကျုပ် လုပ်မယ်"
စကားသံနှင့်အတူ မူရုန်ဖိန် ရှေ့သို့ ထွက်လာခဲ့သည်။ သူက ယဲ့ပုဖန်ကို စိုက်ကြည့်ရင်း "ကျုပ် ခင်ဗျားကို စိန်ခေါ်ချင်တယ်" ဟု ဆိုလိုက်၏။
"ရတာပေါ့"
ယဲ့ပုဖန်က ယဲ့ထျန်းကို လက်ရည်စမ်းရန် အမိန့်ပေးရန် ပြင်လိုက်စဉ်မှာပင် မူရုန်ဖိန်က ထပ်မံ၍ "ကျုပ် စိန်ခေါ်တာက သူ့ကို မဟုတ်ဘူး... ခင်ဗျားကိုပါ" ဟု ကန့်ကွက်လိုက်သည်။
"ခင်ဗျား အရမ်း အစွမ်းထက်တယ်ဆိုတာ ကျုပ် သိပါတယ်။ ဒါပေမဲ့ ကျုပ်က ယောကျာ်းချင်း တိုက်ပွဲမျိုးကိုပဲ လိုချင်တယ်"
သူသည် အမြဲတမ်း မာနကြီးသူ ဖြစ်သည့်အားလျော်စွာ တစ်ဖက်လူက အလွန် အစွမ်းထက်ပုံ ရနေသော်လည်း ကိုယ်တိုင် တိုက်ခိုက်ကြည့်လိုနေခြင်း ဖြစ်သည်။
"အော်..."
ယဲ့ပုဖန်က သူ့ကို တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် ဤလူမှာ သူ၏ အချစ်ပြိုင်ဘက်ဖြစ်ကြောင်း ရိပ်မိလိုက်သည်။
"ယောကျာ်းချင်း တိုက်ပွဲ ဟုတ်လား... ရှုံးတဲ့သူက လက်လျှော့ရမယ်လို့တော့ မပြောပါနဲ့ဦး"
"ကျုပ်က အဲဒီလောက်ထိတော့ မအပါဘူး။ ရှောင်ဝေက လူသားတစ်ယောက်လေ။ ပစ္စည်းတစ်ခု မဟုတ်ဘူး။ သူ့မှာ ကိုယ်ပိုင် ဆုံးဖြတ်ချက် ရှိပါတယ်။ ကျုပ်က မူရုန်ဖိန်ဆိုတဲ့လူက သူရဲဘောကြောင်တဲ့လူ မဟုတ်ဘူး ဆိုတာကိုပဲ သူ့ကို မြင်စေချင်တာပါ"
ထိုစကားများကြောင့် ယဲ့ပုဖန်သည် တစ်ဖက်လူအပေါ် အနည်းငယ် လေးစားသွားမိသည်။
"ကောင်းပြီလေ... မင်းကို လေးစားတဲ့အနေနဲ့ ငါလည်း အစွမ်းကုန် ထုတ်သုံးပေးမယ်"
မူရုန်ဖိန်က လက်အုပ်ချီ ဂါရဝပြုလိုက်ကာ "စကြရအောင်" ဟု ဆိုလိုက်သည်။
နှစ်ဦးသား ကွင်းလယ်တွင် အသင့်ပြင်လိုက်ကြသည်။ မူရုန်ဖိန်သည် ဝန်မလေးတော့ဘဲ လျှပ်စီးကဲ့သို့ လျင်မြန်စွာ လှုပ်ရှားလိုက်ကာ ယဲ့ပုဖန်၏ ရှေ့မှောက်သို့ ရောက်ရှိသွားပြီး လက်ဝါးနှစ်ဖက်ဖြင့် ရင်ဘတ်ကို တိုက်ခိုက်လိုက်တော့၏။
လက်ဝါးရိုက်ချက်တွင် သူ၏ စွမ်းအားအားလုံးကို ထည့်သွင်းထားရာ လေထုမှာ တဝီဝီ မြည်ဟည်းနေပြီး မိုးကြိုးသံသဲ့သဲ့ပင် ကြားနေရပေသည်။
ယဲ့ပုဖန်က တည်ငြိမ်စွာဖြင့်ပင် လက်ဝါးတစ်ချက် ပြန်လည် ထုတ်ဖော်လိုက်သည်။ လက်ဝါးလေးခု ထိတွေ့မိသွားချိန်တွင် တုံးအအ ပေါက်ကွဲသံ တစ်ခု ထွက်ပေါ်လာ၏။
ဘုန်း...
ယခင်မြင်ကွင်းအတိုင်းပင် ဖြစ်သည်။ ယဲ့ပုဖန်မှာ မလှုပ်မယှက် ရပ်မြဲရပ်နေသော်လည်း မူရုန်ဖိန်မှာမူ တုန်ခါအားကြောင့် ၁၀ မီတာကျော်အထိ လွင့်ထွက်သွားကာ မြေပြင်ပေါ်သို့ ဒုတ်ခနဲ ပြုတ်ကျသွားလေတော့သည်။
ယဲ့ပုဖန်သည် နောက်ဆုံးတွင် ညှာတာမှု ပြခဲ့ခြင်း ဖြစ်သည်။ နှစ်ဦးစလုံးမှာ မြေကမ္ဘာအဆင့် သိုင်းပညာရှင်များ ဖြစ်ကြသော်လည်း ယဲ့ပုဖန် ကျင့်ကြံထားသည်မှာ စစ်မှန်သော သိုင်းကျင့်စဉ်များ ဖြစ်သဖြင့် အပြတ်အသတ် အားသာနေခြင်း ဖြစ်သည်။
ထို့ကြောင့်ပင် သူသည် အဆုံးအဖြတ် အခိုက်အတန့်တွင် သူ၏ ချီစွမ်းအင် အချို့ကို ပြန်လည် ရုပ်သိမ်းခဲ့ခြင်း ဖြစ်သည်။ သို့မဟုတ်ပါက မူရုန်ဖိန်မှာ ယခုအချိန်တွင် သွေးအန်နေရပေလိမ့်မည်။
မူရုန်ဖိန် မြေပြင်မှ ထလာချိန်တွင် မျက်နှာမှာ အလွန်ပင် ဖြူဖတ်ဖြူရော် ဖြစ်နေသည်။ မူရုန်မိသားစု၏ သားကြီးဖြစ်သည့်အားလျော်စွာ သူသည် အမြဲတမ်း မာနထောင်လွှားခဲ့ပြီး ယခုကဲ့သို့ အပြတ်အသတ် ရှုံးနိမ့်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။
စီမာဝေက ဆရာဝန် တစ်ယောက်ကို ရွေးချယ်ခဲ့သည်ဟု သိလိုက်ရစဉ်က သူ အလွန် မကျေမနပ် ဖြစ်ခဲ့သော်လည်း ယခုမူ စိတ်အေးသွားရပြီ ဖြစ်သည်။ ယဲ့ပုဖန်သည် သူ့ထက် အဆပေါင်းများစွာ သာလွန်ကြောင်း သူ လက်ခံလိုက်ရပြီ ဖြစ်သည်။
သူသည် ရှုံးနိမ့်သွားပြီဖြစ်ရာ ပြန်လည် ငြင်းဆန်မည့်သူမျိုး မဟုတ်ပေ။ သူက ယဲ့ပုဖန်ထံ ချဉ်းကပ်လာကာ "ကျုပ်... မူရုန်ဖိန်… အရှုံးကို ဝန်ခံပါတယ်" ဟု ဆိုလိုက်သည်။
ယဲ့ပုဖန်က ခေါင်းညိတ်ပြလိုက်၏။ မူရုန်ဖိန်၏ အပြုအမူကို သူ အလွန်ပင် သဘောကျမိသည်။ သူသည် ယောကျာ်းကောင်း တစ်ဦးပင် ဖြစ်ပေသည်။
သူက ရောက်ရှိနေသူများကို စူးရှသော အကြည့်ဖြင့် ထပ်မံ ဝေ့ကြည့်လိုက်ကာ "နောက်ထပ် ဘယ်သူများ စိန်ခေါ်ချင်သေးလဲ" ဟု မေးလိုက်ပြန်သည်။
တစ်ဖန် တိတ်ဆိတ်သွားပြန်၏။ ထူးချွန်ထက်မြက်လှသည်ဟု မိမိကိုယ်မိမိ ယူဆထားသော လူများအားလုံး ယခုအခါတွင်မူ ခေါင်းငုံ့သွားကြရလေပြီ။
ရောက်ရှိနေသူများထဲတွင် အတော်ဆုံးဖြစ်သော ဒုနည်းပြချုပ် သုံးဦးအနက် နှစ်ဦးမှာ ရှုံးနိမ့်သွားခဲ့လေပြီ။ သူတို့တွင် ဘာအရည်အချင်းနှင့် စိန်ခေါ်နိုင်ပါမည်နည်း။ ယခုအချိန်တွင် ရှေ့ထွက်လာခြင်းမှာ သတ္တိရှိခြင်း မဟုတ်ဘဲ ဦးနှောက်မရှိခြင်းသာ ဖြစ်ပေလိမ့်မည်။
ယဲ့ပုဖန်၏ အကြည့်က ကျူးချွဲအသင်းမှ စီတုတျန့်မော့ထံသို့ ရောက်သွားကာ "မင်းလည်း မကျေနပ်ဘူးလို့ ကြားတယ်... မင်းလည်း လာစိန်ခေါ်ကြည့်ပါလား" ဟု ဆိုလိုက်သည်။
"မရှိတော့ပါဘူး... ကျွန်မလည်း လက်ခံပါတယ်"
စီတုတျန့်မော့က လွယ်လွယ်ကူကူပင် အရှုံးပေးလိုက်သည်။ သူမ ယခင်က မကျေနပ်ခဲ့သည်မှာ သူမကိုယ် သူမ ယဲ့ပုဖန်ထက် ပိုတော်သည်ဟု ထင်ခဲ့သောကြောင့် ဖြစ်သည်။
သို့သော် ယခုမူ တစ်ဖက်လူ၏ စွမ်းအားကို သူမ အကြွင်းမဲ့ လက်ခံသွားပြီ ဖြစ်သည်။ သူမသည် ကောင်းကင်အဆင့် အထွတ်အထိပ်၌သာ ရှိသေးပြီး လိုင်ဖော်ကျွင်းနှင့် မူရုန်ဖိန်တို့မှာ သူမထက် အဆပေါင်းများစွာ သန်မာကြသည်။ ထိုနှစ်ဦးပင် မယှဉ်နိုင်ပါက သူမအနေဖြင့် စိန်ခေါ်ရန် သတ္တိမရှိတော့ချေ။
ယဲ့ပုဖန်က ခပ်ဖွဖွ ပြုံးလိုက်ရင်း လူအုပ်ကြီးကို ကြည့်ကာ "ဒါဆိုရင် ငါ ယဲ့ပုဖန်က ဒီက နည်းပြချုပ် အဖြစ် တာဝန်ယူမယ်။ ဘယ်သူများ ကန့်ကွက်စရာ ရှိသေးလဲ"
"နည်းပြချုပ်ကြီးကို ဂါရဝပြုပါတယ်"
"ချင်လုံအသင်း တစ်ဖွဲ့လုံးက နည်းပြချုပ်ကြီးကို နှုတ်ခွန်းဆက်ပါတယ်"
"ပိုင်ဟုအသင်း တစ်ဖွဲ့လုံးက နည်းပြချုပ်ကြီးကို နှုတ်ခွန်းဆက်ပါတယ်"
"ကျူးချွဲအသင်း တစ်ဖွဲ့လုံးက နည်းပြချုပ်ကြီးကို နှုတ်ခွန်းဆက်ပါတယ်"
"ရွှမ်ဝူအသင်း တစ်ဖွဲ့လုံးက နည်းပြချုပ်ကြီးကို နှုတ်ခွန်းဆက်ပါတယ်"
လူတိုင်းက သူတို့၏ သဘောထားကို လက်တွေ့ပြသလိုက်ကြသည်။ သူတို့ ခေါ်လိုက်သော "နည်းပြချုပ်ကြီး" ဟူသည့် စကားမှာ စိတ်ရင်းမှန်ဖြင့် လိုလိုလားလား ထွက်ပေါ်လာခြင်း ဖြစ်ပေသည်။
ဟယ်လီကော်ပတာ ဆင်းသက်ပြီးနောက် စီမာဝေ ပြေးထွက်လာချိန်တွင် ကမ္ဘာပျက်မတတ် ကျယ်လောင်သော အော်ဟစ်သံများကို ကြားလိုက်ရသည်။ ထိုအချက်က သူမကို အလွန် အံ့အားသင့်သွားစေသည်။
ဤမျှ တိုတောင်းသော အချိန်အတွင်းမှာပင် မာနကြီးလှသော သင်တန်းသားများကို ယဲ့ပုဖန်က နှိမ်နင်းနိုင်ခဲ့လေပြီ။
စီမာဝေသည် ရွှမ်ယွမ်စံအိမ်၏ ခန့်အပ်လွှာကို ထုတ်ယူကာ ယဲ့ပုဖန်အား ဤနေရာ၏ နည်းပြချုပ်အဖြစ် တရားဝင် ကြေညာပေးလိုက်သည်။
ထို့နောက် သူမက လေ့ကျင့်ရေး စီမံကိန်းကို ကြေညာလိုက်၏။ "အခုအချိန်ကစပြီး နည်းပြ လေးယောက်စလုံးဟာ ကိုယ့်အသင်းက အဖွဲ့ဝင် ၂၅ ယောက်ရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးဖို့ အာရုံစိုက်ရပါမယ်"
"အဖွဲ့ဝင် တစ်ဦးချင်းစီရဲ့ ကျင့်ကြံမှုအဆင့်ကို မှတ်တမ်းတင်ထားပြီး ဖြစ်ပါတယ်။ သုံးရက်အကြာမှာ ရလဒ်တွေကို ဒီနေရာမှာပဲ ပြန်လည် အကဲဖြတ်ပါမယ်"
"အဖွဲ့ဝင်အများဆုံး တိုးတက်လာတဲ့အသင်းနဲ့ ကျင့်ကြံမှုအဆင့် အများဆုံး မြင့်တက်လာတဲ့အသင်းက အနိုင်ရမှာ ဖြစ်ပါတယ်။ လိုအပ်တဲ့ ထောက်ပံ့ပို့ဆောင်ရေး ကိစ္စတွေကို ကျွန်မ တာဝန်ယူပေးပါမယ်။ တစ်ခုခု လိုအပ်ရင် ပြောပါ"
လေ့ကျင့်ရေး အစီအစဉ်မှာ ရွှမ်ယွမ်စံအိမ်မှ ချမှတ်ထားခြင်း ဖြစ်သဖြင့် မည်သူမျှ ကန့်ကွက်ခြင်း မရှိပေ။
စီမာဝေ စကားပြောပြီးနောက် မူရုန်ဖိန်သည် ယဲ့ပုဖန်ထံ ရောက်လာကာ "ကျုပ်ရဲ့ ကျင့်ကြံမှုက ခင်ဗျားကို မမီတာကို ဝန်ခံပါတယ်။ ဒါပေမဲ့ နည်းပြတစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ ကျင့်ကြံမှုက ဒုတိယပဲ။ တကယ့် စမ်းသပ်မှုက ကိုယ့်အသင်းသားတွေကို ဘယ်လောက် အထိ တိုးတက်အောင် လုပ်ပေးနိုင်မလဲ ဆိုတာပဲ။ သုံးရက်နေရင် တို့တွေ ထပ်ပြိုင်ကြတာပေါ့" ဟု အေးစက်သော မျက်နှာထားဖြင့် ဆိုလိုက်သည်။
သူသည် အိယွမ်ဂိုဏ်း၏ တပည့်ဖြစ်ပြီး အိယွမ်ဂိုဏ်းမှာ အခြားသူများအား သင်ကြားပြသခြင်းနှင့် လမ်းညွှန်ပေးခြင်းတို့တွင် အထူးကျွမ်းကျင်သည်။ အိယွမ်ဂိုဏ်းသည် လူတစ်ယောက်၏ ကျင့်ကြံမှုရှိ အပိတ်အဆို့များကို အလွယ်တကူ ရှာဖွေနိုင်ပြီး တိုးတက်အောင် ကူညီပေးနိုင်စွမ်း ရှိသည်။ ထို့ကြောင့်ပင် ရွှမ်ယွမ်စံအိမ်က သူ့ကို ချင်လုံအသင်း၏ ခေါင်းဆောင်အဖြစ် ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။
ယဲ့ပုဖန်က ခပ်ဖွဖွ ပြုံးလိုက်ကာ "စိတ်မပူပါနဲ့... မင်းကို ငါ စိတ်ပျက်အောင် မလုပ်စေရဘူး" ဟု ပြန်ပြောလိုက်၏။
ထို့နောက် အသင်းလေးသင်းစလုံးသည် ကိုယ့်စခန်းကိုယ် ပြန်ကြကာ အပြင်းအထန် လေ့ကျင့်ရေးကာလ အတွင်းသို့ ဝင်ရောက်သွားကြတော့သည်။
ချင်လုံအသင်းသည် အတွင်းအား ကျင့်စဉ်များကို ရွေးချယ်ကာ မူရုန်ဖိန်က အနီးကပ် လမ်းညွှန်ပေး၏။ ပိုင်ဟုအသင်းမှာမူ ခေတ်မီနည်းပညာသုံး ဆေးဝါးများဖြင့် အလားအလာကို နှိုးဆော်နေပြီး သက်ဆိုင်ရာ သုတေသီများလည်း ရောက်ရှိနေပြီ ဖြစ်သည်။ ရွှမ်ဝူအသင်းမှာလည်း စက်ပိုင်းဆိုင်ရာ ပြုပြင်မှုများဖြင့် အင်အားမြှင့်တင်နေလေပြီ။
ကျူးချွဲအသင်း၏ ရည်မှန်းချက်မှာ တရုတ်တိုင်းရင်းဆေးဖြင့် အဖွဲ့ဝင်များကို မြှင့်တင်ပေးရန် ဖြစ်ရာ အားလုံးကို ယဲ့ပုဖန်ထံ လွှဲအပ်ထားပြီး စီမာဝေက ဆေးဝါးများ ဝယ်ယူရေးနှင့် ထောက်ပံ့ရေးကို တာဝန်ယူပေးထားသည်။
ကျူးချွဲအသင်း၏ စခန်းတွင် အဖွဲ့ဝင် ၂၅ ဦးမှာ စနစ်တကျ စီတန်းရပ်နေကြသည်။ ယဲ့ပုဖန်သည် သူတို့ရှေ့တွင် ရပ်ကာ တစ်ဦးချင်းစီကို အေးစက်စွာ စစ်ဆေးကြည့်ရှုနေလေတော့သည်။
***