ချင်လုံလေ့ကျင့်ရေးစခန်းတွင် မူရုန်ဖိန်က စီမာဝေနှင့်အတူ ရပ်နေ၏။ သူ၏ လက်အောက်ငယ်သားထံမှ အစီရင်ခံစာကို နားထောင်ပြီးနောက် သူက "ဝေဝေ... မင်း တကယ်ပဲ ဒီလူက မင်းနဲ့ သင့်တော်တယ်လို့ ယူဆနေတာလား" ဟု မေးလိုက်သည်။
စီမာဝေက "သေချာတာပေါ့... ကျွန်မရဲ့ အကဲဖြတ်မှုက ဘယ်တော့မှ မမှားဘူး" ဟု ပြန်ပြောလိုက်၏။
မူရုန်ဖိန်က ခေါင်းခါလျက် "ဒီတစ်ခါတော့ မင်း အကဲခတ်မှားသွားပြီ ထင်တယ်။ ဘာမှ လက်ကြော တင်းအောင် မလုပ်ဘဲ မိန်းကလေးတွေနောက်ပဲ လိုက်နေတတ်တဲ့ ယောကျာ်းတစ်ယောက်မှာ ဘယ်လို အနာဂတ်မျိုး ရှိနိုင်မှာလဲ"
"သူ့ရဲ့ လက်ရှိကျင့်ကြံမှုအဆင့်က မြင့်နေတယ်ဆိုပေမဲ့ အဲဒါက သူတက်နိုင်သမျှ အမြင့်ဆုံးပဲ ဖြစ်လိမ့်မယ်။ အဲဒီထက် ပိုပြီး ထူးခြားတဲ့ အဆင့်ကို သူ ဘယ်တော့မှ ရောက်နိုင်မှာ မဟုတ်ဘူး"
စီမာဝေက "အဲဒါက ရှင် သူ့အကြောင်းကို မသိလို့ပါ။ သူ ဘာပဲလုပ်လုပ် သူ့မှာ ကိုယ်ပိုင် အကြောင်းပြချက် ရှိလိမ့်မယ်လို့ ကျွန်မ ယုံကြည်တယ်"
မူရုန်ဖိန်က "စောင့်ကြည့်နေလိုက်ပါ။ သုံးရက်နေရင် ချင်လုံအသင်းက ကျူးချွဲအသင်းကို အပြတ်အသတ် အနိုင်ယူပြလိမ့်မယ်။ ငါက သူ့ထက် ပိုတော်တယ်ဆိုတာကို မင်းကို သက်သေပြမယ်" ဟု အခိုင်အမာ ဆိုလိုက်လေသည်။
စီမာဝေကမူ "ရှင် အရမ်းတွေးနေတာပဲ... ကျွန်မ ရွေးချယ်တဲ့ ယောကျာ်းက အကောင်းဆုံးပဲ ဖြစ်ရမယ်" ဟုသာ ပြန်ပြောလိုက်တော့၏။
အချိန်ကား ကုန်လွန်ခြင်း အတောင်ပံများ တပ်ထားသည့်အလား လျင်မြန်လှပေသည်။ ဒုတိယမြောက် နေ့၏ ညနေခင်းသို့ ရောက်ရှိလာပြီဖြစ်ရာ သုံးရက်မြောက်နေ့ အကဲဖြတ်ပွဲအတွက် နောက်ဆုံး တစ်ညသာ ကျန်ရှိတော့၏။
ကျန်ရှိသော အသင်းသုံးသင်းမှာ အလုပ်များလျက် အစွမ်းကုန် ကြိုးစားနေကြသော်လည်း ကျူးချွဲအသင်းမှာမူ အေးဆေးသက်သာစွာ ရှိနေကြသည်။
ယဲ့ပုဖန်သည် ရှေ့မှ အမျိုးသမီး အဖွဲ့ဝင် ၂၅ ဦးကို ကြည့်ကာ ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။ ဤရက်ပိုင်းအတွင်း ကုသမှုများ ပြုလုပ်ပေးပြီးနောက် ဤမိန်းကလေးများမှာ တစ်ဦးချင်းစီ အသားအရေ စိုပြေဝင်းပလာရုံတင်မကဘဲ အရင်ကထက်ပင် ပိုမိုလှပလာကြလေပြီ။
သူက "ဘယ်လိုလဲ... နေလို့ကောင်းကြရဲ့လား" ဟု မေးလိုက်သည်။
"နည်းပြချုပ်ကြီးကို တင်ပြချင်ပါတယ်... ကျွန်မတို့ တကယ်ပဲ အရင်ကထက် အများကြီး ပိုပြီး နေလို့ကောင်းလာပါတယ်"
"ဒါပေမဲ့ ကျွန်မတို့ ဒီကိုလာတာ အလှပြင်ဖို့ မဟုတ်ဘူးလေ။ ဒီလိုမျိုးပဲ နေနေတာ တကယ်ပဲ အဆင်ပြေပါ့မလား။ မနက်ဖြန် ပြိုင်ပွဲကျရင် ဘယ်လိုလုပ်မလဲ။ ကျွန်မတို့ရဲ့ ကျင့်ကြံမှုက ဘာမှ မတိုးတက်သေးဘူး"
စကားပြောသူမှာ မျက်လုံးဝိုင်းဝိုင်းလေးဖြင့် ကျူးချွဲအသင်းမှ နံပါတ် (၁၃) ဖြစ်သည်။ ဤနေရာတွင် အဖွဲ့ဝင်များကို အမည်ဖြင့် မခေါ်ဘဲ နံပါတ်ဖြင့်သာ သတ်မှတ်ထားခြင်း ဖြစ်သည်။
ယဲ့ပုဖန်က "စိတ်မလောပါနဲ့... ပုဆိန်ကို အရင်သွေးထားမှ သစ်ပင်ခုတ်တဲ့အခါ အလုပ်တွင်မှာပေါ့။ အချိန်တွေ အများကြီး ရှိပါသေးတယ်။ နံပါတ်တစ်နေရာက ငါတို့အတွက်ပဲ ဖြစ်ရမယ်" ဟု အေးအေးဆေးဆေးပင် ဆိုလိုက်၏။
"အချိန်တွေ အများကြီး ရှိသေးတယ် ဟုတ်လား... ရှင် နောက်နေတာလား"
စီတုတျန့်မော့က ဒေါသတကြီးဖြင့် "ရှင့်မှာ အချိန်အာရုံခံစားမှုရော ရှိရဲ့လား။ ကျွန်မတို့တွေမှာ ဒီတစ်ညပဲ ကျန်တော့တာလေ"
"ရှင်က ဒီဆယ်နာရီကျော်လေးအတွင်းမှာ ကျွန်မတို့တွေကို အဆင့်တက်အောင် လုပ်ပေးနိုင်မယ်လို့ ထင်နေတာလား။ ရှင်က ကိုယ့်ကိုယ်ကိုယ် နတ်ဘုရားများ မှတ်နေလို့လား"
ယဲ့ပုဖန်က သူမကို ပြုံးစစဖြင့် ကြည့်ကာ "မင်းက ငါ့ကို မယုံဘူးပေါ့... ဟုတ်လား"
စီတုတျန့်မော့က "တစ်နေ့ကုန် အဖွဲ့ဝင်တွေကို အလှပြင်ပေးနေတဲ့ နည်းပြမျိုးကို ဘယ်သူက ယုံမှာလဲ" ဟု မကျေမနပ် ပြန်ပြောလိုက်သည်။
သူမသည် ပြီးခဲ့သော နှစ်ရက်အတွင်း အစွမ်းကုန် သည်းခံခဲ့ရခြင်း ဖြစ်သည်။ အကယ်၍ သူမက ယဲ့ပုဖန်ကို မယှဉ်နိုင်မှန်း မသိခဲ့လျှင် ယခုအချိန်တွင် သူ့ကို ပညာပေးပြီးလောက်ပြီ ဖြစ်သည်။
"ငါတို့တွေ လောင်းကြေးတစ်ခု ထပ်ကြမလား" ယဲ့ပုဖန်က သူမကို ကြည့်ကာ ပြုံးလိုက်၏။
"တကယ်လို့ မနက်ဖြန် အကဲဖြတ်ပွဲမှာ ငါတို့အသင်းက နံပါတ်တစ် မရခဲ့ရင် ငါ ဒီနေရာကနေ ချက်ချင်း ထွက်သွားမယ်"
"ဒါပေမဲ့ တကယ်လို့ ငါတို့ နံပါတ်တစ် ရခဲ့ရင်တော့... မင်း ငါ့ရဲ့ တောင်းဆိုချက် တစ်ခုကို ဖြည့်ဆည်းပေးရမယ်။ လောင်းရဲလား"
စီတုတျန့်မော့က "အဲဒီ တောင်းဆိုချက်က ဘာလဲဆိုတာ အရင်ပြောလေ။ မဟုတ်ရင် ရှင်က မကောင်းတဲ့ အလုပ်တွေ ခိုင်းနေရင် ဘယ်လိုလုပ်မလဲ" ဟု ပြန်မေးလိုက်သည်။
"တောင်းဆိုချက်ကတော့ ငါ မစဉ်းစားရသေးဘူး။ ဒါပေမဲ့ တစ်ခုတော့ အာမခံနိုင်တယ်... မင်းကို ဥပဒေ ချိုးဖောက်တာ၊ ရွှမ်ယွမ်စံအိမ်ရဲ့ စည်းကမ်းတွေကို ဖောက်ဖျက်တာ ဒါမှမဟုတ် လူသားတစ်ယောက်ရဲ့ ကိုယ်ကျင့်တရားနဲ့ ဆန့်ကျင်တာမျိုး ဘာတစ်ခုမှ မခိုင်းစေရဘူး"
ယဲ့ပုဖန်က သူမကို စိုက်ကြည့်ကာ "ကဲ... ဘယ်လိုလဲ။ လောင်းမလား"
"လောင်းတာပေါ့... ဘယ်သူက ကြောက်လို့လဲ" စီတုတျန့်မော့မှာ ငယ်ရွယ်ပြီး စိတ်ဆတ်သူ ဖြစ်သည့် အားလျော်စွာ ဝန်မလေးဘဲ ချက်ချင်း သဘောတူလိုက်တော့သည်။
သူမက ဆယ်နာရီကျော်လေးနှင့် ကျင့်ကြံမှု မြင့်တက်လာရန်မှာ လုံးဝ မဖြစ်နိုင်ဟု ယူဆထားသောကြောင့် ဖြစ်သည်။ မနက်ဖြန် ပြိုင်ပွဲတွင် သူမ၏ ကျူးချွဲအသင်းမှာ နောက်ဆုံးမှသာ ဖြစ်မည်ဟု သူမ အခိုင်အမာ ယုံကြည်နေသည်။
"ကောင်းပြီလေ... ဒါဆို အတည်ပဲ"
ယဲ့ပုဖန်က ပြောပြီးနောက် စီတုတျန့်မော့နှင့် ကျူးချွဲ ၁၃ ကို လက်ယပ်ခေါ်လိုက်ကာ "မင်းတို့နှစ်ယောက် ခဏလာခဲ့" ဟု ဆိုလိုက်၏။
အမျိုးသမီးနှစ်ဦးမှာ တစ်ဦးကိုတစ်ဦး ကြည့်ကာ ရှေ့သို့ လျှောက်သွားကြသည်။ သူတို့၏ အထင်တွင် နည်းပြချုပ်မှာ နောက်ဆုံးတွင် ကျင့်ကြံမှု မြင့်တက်စေရန် စတင် လုပ်ဆောင်ပေးတော့မည်ဟု ထင်နေကြခြင်း ဖြစ်သည်။
သို့သော် မထင်မှတ်ဘဲ ယဲ့ပုဖန်သည် သူ၏ အိတ်ထဲမှ ကတ်ထုပ် တစ်ခုကို ထုတ်လိုက်ကာ "ငါတို့မှာ အချိန်တွေ အများကြီး ရှိပါသေးတယ်။ ဒီတိုင်းနေရင် ပျင်းစရာကောင်းနေမှာပဲ... ကတ်ကစားကြရအောင်" ဟု ဆိုလိုက်တော့သည်။
ထို့နောက် သူက ဘေးရှိ အခြားအဖွဲ့ဝင်များကိုလည်း "ဒီတိုင်း ထိုင်မနေကြနဲ့... ပျင်းဖို့ကောင်းတယ်။ မင်းတို့ ကြိုက်တာ ကစားလို့ ရတယ်" ဟု ခွင့်ပြုပေးလိုက်၏။
ခဏမျှ လူတိုင်း ဆွံ့အသွားကြသည်။ မနက်ဖြန် ပြိုင်ပွဲရှိနေသည်ကို အခုမှ ကတ်ကစားနေကြသည်တဲ့လား။
သို့သော် နည်းပြချုပ်က ပြောလာသည်ဖြစ်ရာ သူတို့ ဘာမှ မတတ်နိုင်ကြပေ။ ကိုယ့်ဘာသာ ကျင့်ကြံနေလျှင်လည်း ထူးထူးခြားခြား တိုးတက်လာမည် မဟုတ်ပေ။
ထို့ကြောင့်ပင် အမျိုးသမီး အဖွဲ့ဝင်များမှာ လေ့ကျင့်ရေးကို လက်လျှော့လိုက်ကြပြီး ဖျော်ဖြေရေးများကိုသာ လုပ်ဆောင်နေကြတော့သည်။ အချို့က ကတ်ကစားကြသည်။ အချို့က ဂိမ်းကစားကြပြီး အချို့မှာမူ ဟိုဟိုဒီဒီ စကားစမြည် ပြောနေကြတော့၏။ အချုပ်အားဖြင့်ဆိုရသော် ကျင့်ကြံခြင်း အရိပ်အယောင်မျှပင် မရှိတော့ချေ။
ဘေးရှိ အသင်းသုံးသင်းမှာမူ ထိုမြင်ကွင်းကို ကြည့်ကာ ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။ ပြိုင်ပွဲနီးလာလေလေ ကျူးချွဲအသင်းမှာ ပို၍ ပေါ့ပေါ့ပါးပါး ဖြစ်လာလေလေ ဖြစ်နေသည်။
သူတို့ ပြိုင်ပွဲကို လက်လျှော့လိုက်ကြပြီလား။
စီမာဝေမှာလည်း သံသယများဖြင့် ပြည့်နှက်နေသော်လည်း ယဲ့ပုဖန်မှာ လူနုံတစ်ယောက် မဟုတ်သဖြင့် ထိုသို့လုပ်ခြင်းမှာ ကိုယ်ပိုင်အကြောင်းပြချက် ရှိလိမ့်မည်ဟု သူမ ယုံကြည်နေသည်။
အချိန်များမှာ တရွေ့ရွေ့ ကုန်လွန်သွားပြီး သန်းခေါင်ယံအချိန်သို့ ရောက်ရှိလာခဲ့သည်။ စီတုတျန့်မော့နှင့် ကျူးချွဲ ၁၃ တို့၏ မျက်နှာနှင့် လက်မောင်းများတွင် ကတ်ကစားရာ၌ ရှုံးနိမ့်သဖြင့် ကပ်ထားသော စက္ကူပြားလေးများမှာ ပြည့်နှက်နေပြီး ကြည့်ရသည်မှာ အလွန်ပင် ထူးဆန်းနေတော့သည်။
"ကျွန်မ မကစားတော့ဘူး"
စီတုတျန့်မော့မှာ စိတ်မကြည်မလင် ဖြစ်နေသည့်အပြင် ကတ်ကစားရာတွင်လည်း တစ်ပွဲမှ မနိုင်ခဲ့သဖြင့် ပို၍ပင် စိတ်တိုနေလေပြီ။
ယဲ့ပုဖန်က အကြောဆန့်လိုက်ရင်း "မကစားတော့လည်း နေပေါ့... မင်းတို့နှစ်ယောက်က ညံ့လွန်းပါတယ်။ နိုင်ရတာတောင် အရသာ မရှိဘူး"
"တစ်ညလုံး ကတ်ကစားလိုက်ရတာ ကျောနဲ့ ခါးတွေတောင် နာနေပြီ။ ဒီကိုလာပြီး ငါ့ကို နှိပ်ပေးစမ်း"
စီတုတျန့်မော့က "ရှင်က... ကျွန်မကို နှိပ်ခိုင်းနေတာလား" ဟု အံ့သြတုန်လှုပ်စွာ အော်လိုက်သည်။
ယဲ့ပုဖန်က "ဘာလဲ... မရဘူးလား။ ငါက မင်းရဲ့ နည်းပြချုပ်ပဲ။ ဒါက အမိန့်ပဲ"
"ရှင်... ရှင်..."
စီတုတျန့်မော့မှာ ဒေါသထွက်လွန်းသော်လည်း ရှေ့သို့ လျှောက်သွားကာ သူ၏ ပုခုံးကို မကျေမနပ်ဖြင့် ထုရိုက်နှိပ်ပေးလိုက်ရသည်။ သူမက စိတ်ထဲမှ "မနက်ဖြန် ပြိုင်ပွဲပြီးရင်တော့ ရှင် ဒီကနေ အထုတ်ဆွဲပြီး ထွက်သွားရတော့မှာပါ။ အဲဒီကျရင် ဘယ်လောက်အထိ လေကျယ်နိုင်ဦးမလဲ ကြည့်ရသေးတာပေါ့" ဟု ကြုံးဝါးနေမိသည်။
ယဲ့ပုဖန်ကမူ မျက်လုံးများကို မှိတ်ထားကာ "စိတ်မပူပါနဲ့... အနိုင်ရမယ့်သူက ငါတို့ပဲ ဖြစ်လိမ့်မယ်" ဟု အေးအေးဆေးဆေး ပြောနေ၏။
စီတုတျန့်မော့က "ရှင်က ကျွန်မကို ကလေးမှတ်နေတာလား။ အခု ဘယ်အချိန် ရှိပြီလဲ ကြည့်ဦး... သန်းခေါင်ကျော်နေပြီ။ ကျွန်မတို့တွေ ဘာမှ မလုပ်ရသေးဘဲနဲ့ ဘယ်လိုလုပ် နိုင်မှာလဲ"
အခြားအဖွဲ့ဝင်များမှာလည်း ခေါင်းခါလိုက်ကြကာ မနက်ဖြန် ပြိုင်ပွဲအတွက် မျှော်လင့်ချက်များ အားလုံးကို စွန့်လွှတ်လိုက်ကြလေပြီ။
"မင်းရဲ့ နှိပ်တဲ့ လက်ရာက သိပ်မကောင်းသေးဘူးပဲ... နောင်ကျရင် ပိုသင်ရဦးမယ်"
ယဲ့ပုဖန်သည် စကားပြောရင်း မတ်တပ်ရပ်လိုက်ကာ အချိန်ကို ကြည့်လိုက်ရာ သန်းခေါင်ကျော်သွားပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။
"ကဲ... ကျူးချွဲအသင်းသားတွေအားလုံး... လူစုကြစမ်း"
သူ၏ အမိန့်သံကို ကြားလိုက်ရသောအခါ အဖွဲ့ဝင်များမှာ ခေတ္တမျှ ကြောင်သွားကြသော်လည်း ချက်ချင်းပင် စနစ်တကျ ပြန်လည် စုစည်းလိုက်ကြသည်။
ယဲ့ပုဖန်၏ မျက်နှာမှာ ယခင်ကကဲ့သို့ နောက်ပြောင်နေသည့် အမူအရာများ ပျောက်ကွယ်သွားကာ လေးနက်တည်ကြည်သွားတော့၏။ သူက အားလုံးကို ဝေ့ကြည့်ကာ "ငါ လွန်ခဲ့တဲ့ နှစ်ရက်လုံးလုံး အချိန်ဖြုန်းနေခဲ့တယ်လို့ မင်းတို့ ထင်နေကြတာလား" ဟု မေးလိုက်သည်။
စီတုတျန့်မော့က မလျှော့သောလေသံဖြင့် "မဟုတ်လို့လား... နှစ်ရက်ခွဲ ကုန်သွားပြီ။ ပြိုင်ပွဲက လက်တစ်ကမ်းမှာ ရှိနေပြီလေ။ ကျွန်မတို့တွေ ဘာမှ မလုပ်ရသေးဘူး" ဟု ပြန်ပြောလိုက်၏။
"ဘာမှ မလုပ်ရသေးဘူး ဟုတ်လား... မင်းက တကယ်ပဲ အမြင်ကျဉ်းတာပဲ"
ယဲ့ပုဖန်က သူမကို စိုက်ကြည့်လျက် "ငါ လွန်ခဲ့တဲ့ နှစ်ရက်လုံး မင်းတို့ကို အလှပြင်ပေးနေတယ်လို့ တကယ်ပဲ ထင်နေတာလား"
အဖွဲ့ဝင်များမှာ ဝေခွဲမရ ဖြစ်သွားကြသည်။ သူတို့ လက်တွေ့ အလှပြင်ခဲ့ကြသည်မှာ အမှန်ပင် မဟုတ်ပါလား။ ပြိုင်ပွဲမှာ ရှုံးနိမ့်တော့မည်ဖြစ်ရာ ယခုကဲ့သို့ တာဝန်ရှောင်နေခြင်းက ပို၍ပင် အရှက်ရစရာ ဖြစ်မနေဘူးလား။
စီတုတျန့်မော့က "အဲဒါ မဟုတ်လို့ တခြား ဘာရှိဦးမှာလဲ" ဟု ထပ်မေးလိုက်သည်။
"အလှအပဆိုတာ အပေါ်ယံပဲ... ငါ လုပ်ပေးနေတာက မင်းတို့ရဲ့ ကိုယ်တွင်း ယင်နဲ့ယန် စွမ်းအင်တွေကို ထိန်းညှိပေးနေတာ"
ယဲ့ပုဖန်က ဆက်လက်၍ "မင်းတို့ မျက်နှာမှာ ဝက်ခြံပေါက်တာ၊ ဓမ္မတာ မမှန်တာနဲ့ အသားအရေ ညစ်နွမ်းနေတာတွေက မင်းတို့ရဲ့ ကိုယ်တွင်း ယင်နဲ့ယန် စွမ်းအင်တွေ မမျှတတာနဲ့ သွေးကြောတွေ ပိတ်ဆို့နေတာကြောင့် ဖြစ်တာ"
"ငါ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ မင်းတို့ကို ကုသပေးခဲ့တာက မင်းတို့ရဲ့ ခန္ဓာကိုယ်ကို ပြန်လည် ထိန်းညှိပေးဖို့၊ ပိတ်ဆို့နေတဲ့ သွေးကြောတွေကို ဖွင့်ပေးဖို့နဲ့ ယင်နဲ့ယန် စွမ်းအင်ကို ညီမျှသွားစေဖို့ပဲ။ ဒါတွေအားလုံးက အခု လာတော့မယ့် ကျင့်ကြံမှု အဆင့်တက်ခြင်း ဖြစ်စဉ်အတွက် ကြိုတင်ပြင်ဆင်ပေးနေတာပဲ"
***