လွန်ခဲ့သော ရက်အနည်းငယ်အတွင်း မူရုန်ဖိန်သည် ကျူးချွဲအသင်း၏ လှုပ်ရှားမှုများကို အမြဲမပြတ် စောင့်ကြည့်နေခဲ့ခြင်း ဖြစ်သည်။ ကနဦးတွင် ယဲ့ပုဖန်၏ လုပ်ရပ်များမှာ ဟန်ပြသက်သက်သာ ဖြစ်နိုင်ပြီး အဖွဲ့ဝင်များ၏ ကျင့်ကြံမှုကို မြှင့်တင်ရန် တိတ်တဆိတ် နည်းလမ်းတစ်ခုခု သုံးနေလိမ့်မည်ဟု သူ သံသယ ဝင်ခဲ့မိသည်။
သို့သော် နောက်ပိုင်းတွင်မူ သူ အလွန်အမင်း တွေးတောမိနေခဲ့ကြောင်း သိလိုက်ရသည်။ တစ်ဖက်လူမှာ မိန်းကလေးများကို အလှပြင်ပေးခြင်း၊ ကျန်းမာရေး ဂရုစိုက်ပေးခြင်းတို့ဖြင့်သာ အချိန်ဖြုန်းနေပြီး ကျင့်ကြံခြင်း သို့မဟုတ် အဆင့်တက်ခြင်း၏ အရိပ်အယောင်မျှပင် မရှိခဲ့ပေ။
မနေ့ညကဆိုလျှင်ပင် လူစုပြီး ကတ်ကစားနေခဲ့ကြသေးသည်။ ၎င်းမှာ ဟန်ဆောင်နေခြင်း မဟုတ်ဘဲ တကယ့်ကို ပျက်စီးယိုယွင်းနေသည့် လက္ခဏာပင် ဖြစ်တော့သည်။ ထိုသို့သော လူမျိုးထံတွင် သူ မည်သို့ ရှုံးနိမ့်ခဲ့ရပါလိမ့်ဟုပင် သူ တွေးမရ ဖြစ်နေတော့၏။
လိုင်ဖော်ကျွင်းကလည်း ဝင်၍ "အဲဒါ အမှန်ပဲဗျ။ ကျုပ်လည်း ဒီရက်ပိုင်း တွေ့နေတာပဲ။ မနေ့ညကဆိုရင် အဲဒီ စီတုတျန့်မော့လေးကိုတောင် သူ့ကို နှိပ်ခိုင်းနေသေးတာ" ဟု ဆိုလိုက်သည်။
"နည်းပြတစ်ယောက် ဖြစ်ပြီးတော့ အသင်းကို လေ့ကျင့်ပေးဖို့ အာရုံမစိုက်ဘဲ အကျိုးမရှိတာတွေပဲ လုပ်နေတယ်။ ဒီလိုအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် ဘာအောင်မြင်မှုများ ရနိုင်မှာလဲ"
"ဒါပေမဲ့ ဒါကလည်း ကောင်းပါတယ်။ ကျူးချွဲအသင်းသာ မရှိရင် ငါတို့ရဲ့ ပိုင်ဟုအသင်းက အောက်ဆုံး ရောက်နေမှာလေ"
ဟယ်ချင်းကျီမှာမူ ထိုသတင်းများကို ကြားသောအခါ နှမြောတသစွာဖြင့် ခေါင်းခါလိုက်ပြီး "နှမြောစရာပါပဲ။ ဒီလောက် အရည်အချင်းရှိတဲ့ လူငယ်လေးတစ်ယောက်က ရည်မှန်းချက်သာ ကြီးကြီး ထားမယ် ဆိုရင် သူ့ရဲ့ အနာဂတ်က အကန့်အသတ် ရှိမှာ မဟုတ်ဘူး" ဟု ရေရွတ်လိုက်မိသည်။
စီမာဝေမှာမူ ကျူးချွဲအသင်း၏ စခန်းဖက်သို့ ဝေခွဲမရသော မျက်နှာထားဖြင့် လှည့်ကြည့်နေမိ၏။
သူမ၏ ရည်းစားမှာ အခြားသူများ ပြောသကဲ့သို့ ဖြစ်လိမ့်မည်ဟု သူမ မယုံကြည်သော်လည်း ယဲ့ပုဖန်ကို ကာကွယ် ပြောဆိုပေးစရာ သင့်တော်သော အကြောင်းပြချက်ကိုမူ ရှာမတွေ့ပေ။ လွန်ခဲ့သော ရက်ပိုင်းအတွင်း ယဲ့ပုဖန် တစ်စုံတစ်ဦးကိုမျှ လေ့ကျင့်ပေးခြင်း မရှိသည်ကို သူမလည်း ကိုယ်တိုင် မြင်တွေ့ခဲ့ရသည် မဟုတ်ပါလား။
"ဝေဝေ... မင်း သူ့ကို လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ... ငါကတော့ ဒီကိစ္စကို ရွှမ်ယွမ်စံအိမ်ရဲ့ အကြီးအကဲများ ကောင်စီဆီ တင်ပြရလိမ့်မယ်။ ဒီလိုလူမျိုးက ငါတို့ရဲ့ နည်းပြချုပ်ဖြစ်ဖို့ လုံးဝ မသင့်တော်ဘူး..."
မူရုန်ဖိန် စကားမဆုံးသေးခင်မှာပင် ကျူးချွဲစခန်းဖက်မှ ရုတ်တရက် ဆူညံသံများ ထွက်ပေါ်လာပြီး ကောင်းကင်နှင့် မြေကြီး၏ မူလစွမ်းအင်များမှာ သွေးလေခြောက်ခြားလာသကဲ့သို့ မငြိမ်မသက် ဖြစ်လာတော့၏။
နည်းပြများမှာ မြေကမ္ဘာအဆင့် သိုင်းပညာရှင်များ ဖြစ်ကြသည့်အားလျော်စွာ ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်စွမ်းအင် ပြောင်းလဲမှုအပေါ် အလွန်ပင် အာရုံခံစားနိုင်စွမ်း ရှိကြသည်။
ဟယ်ချင်းကျီက "ဘာတွေ ဖြစ်နေတာလဲ... တစ်ယောက်ယောက် အဆင့်တက်နေတာလား" ဟု အံ့သြစွာ မေးလိုက်သည်။
သူ စကားပြောပြီးသည်နှင့် စွမ်းအင်များ မငြိမ်မသက်ဖြစ်မှုမှာ ပိုမို ပြင်းထန်လာပြီး စခန်းအတွင်း၌ လေဝဲ အသေးစားများပင် ဖြစ်ပေါ်လာတော့၏။
လိုင်ဖော်ကျွင်းမှာ ပါးစပ်အဟောင်းသား ဖြစ်သွားကာ "ဘုရားရေ... စွမ်းအင်တွေက အရမ်း ပြင်းထန်တာပဲ။ ဒီလောက်ထိ ဖြစ်လာဖို့ဆိုရင် လူ ဘယ်နှယောက်များ အဆင့်တက်နေလို့လဲ" ဟု အော်ဟစ်မိတော့သည်။
မူရုန်ဖိန်မှာ အိယွမ်ဂိုဏ်း၏ တပည့်ဖြစ်သည့်အားလျော်စွာ ကျူးချွဲအသင်း၏ ထူးခြားသော လှုပ်ရှားမှုကို ချက်ချင်း သတိပြုမိလိုက်သည်။
သို့သော်ငြားလည်း သူ မယုံကြည်နိုင်သေးပေ။ လက်ရှိမြင်ကွင်းအရဆိုလျှင် လူအများအပြား တစ်ပြိုင်နက်တည်း အဆင့်တက်နေခြင်းကြောင့် ဖြစ်ရပေမည်။ သို့သော် ၎င်းမှာ မည်သို့ ဖြစ်နိုင်ပါမည်နည်း။
အဆင့်တက်ခြင်း ဆိုသည်မှာ အလွန်ခက်ခဲလှသော ကိစ္စဖြစ်သည်။ တစ်ယောက် သို့မဟုတ် နှစ်ယောက် အဆင့်တက်လျှင်ပင် ထူးခြားနေပြီ ဖြစ်ရာ တစ်အသင်းလုံး တစ်ပြိုင်နက်တည်း အဆင့်တက်ရန်မှာ လုံးဝ မဖြစ်နိုင်သလောက်ပင် ဖြစ်ပေသည်။
လိုင်ဖော်ကျွင်းက "ဒါ ကျူးချွဲအသင်း တစ်ဖွဲ့လုံး အဆင့်တက်နေကြတာများလား" ဟု ထပ်မံ မေးခွန်းထုတ်လိုက်သည်။
မူရုန်ဖိန်က ခေါင်းခါလျက် "အဲဒါ လုံးဝ မဖြစ်နိုင်ဘူး။ အဆင့်တက်တယ်ဆိုတာ ပေါက်ပေါက် ဖောက်သလို မင်းလုပ်ချင်တိုင်း လုပ်လို့ရတဲ့ အရာမှတ်နေလို့လား" ဟု ပြန်ပြောလိုက်၏။
လိုင်ဖော်ကျွင်းက သူ၏ မုတ်ဆိတ်ကို ဆွဲရင်း "အဲဒါလည်း ဟုတ်တာပဲ။ ကျူးချွဲအသင်းက ဒီရက်ပိုင်း ဘာမှ မလေ့ကျင့်ခဲ့ဘူးလေ။ တကယ်လို့ သူတို့အားလုံး တစ်ပြိုင်နက် အဆင့်တက်နိုင်တယ်ဆိုရင်တော့ နည်းပြချုပ်ယဲ့က တကယ့် နတ်ဘုရား ဖြစ်သွားမှာပဲ"
သူတို့ စကားပြောနေစဉ်မှာပင် ပိုမို အားပါသော အရှိန်အဝါတစ်ခုသည် ကျူးချွဲစခန်းမှ ကောင်းကင်ယံသို့ ဝှစ်ခနဲ ထိုးတက်သွားကာ ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့် မြေကြီး၏ မူလစွမ်းအင်များမှာ မြစ်ရေများ ပင်လယ်ထဲသို့ စီးဝင်သကဲ့သို့ ထိုနေရာသို့ စုပြုံသွားတော့သည်။
ထိုအခါ လူအုပ်ကြီး၏ မျက်နှာထားများ ချက်ချင်း ပြောင်းလဲသွားကြတော့၏။ ဟယ်ချင်းကျီက "ဒါ... ဒါ မြေကမ္ဘာအဆင့် သိုင်းပညာရှင်တစ်ယောက် အဆင့်တက်တဲ့ လက္ခဏာပဲ" ဟု အလန့်တကြား အော်လိုက်မိသည်။
မူရုန်ဖိန်ကမူ "မဖြစ်နိုင်တာ... လုံးဝ မဖြစ်နိုင်တာ..." ဟု တိုးတိုးလေး ရေရွတ်နေမိတော့၏။
ဤဖက်ရှိ လူများ မည်သို့ပင် တုံ့ပြန်ကြစေကာမူ ကျူးချွဲစခန်းမှာ တဖြည်းဖြည်း ပြန်လည် ငြိမ်သက်သွားခဲ့လေပြီ။
ငါးမိနစ်၊ ခြောက်မိနစ်ခန့်အကြာတွင် ယဲ့ပုဖန်သည် အဖွဲ့ဝင် ၂၅ ဦးကို ဦးဆောင်ကာ စခန်းအတွင်းမှ စနစ်တကျ လမ်းလျှောက် ထွက်လာခဲ့သည်။
မနေ့ညကနှင့် နှိုင်းယှဉ်လျှင် ယနေ့ ကျူးချွဲအသင်းမှာ တားဆီး၍မရသော အရှိန်အဟုန်များ ပြည့်နှက်နေပေသည်။ အဖွဲ့ဝင်တိုင်းထံမှ ပြင်းထန်သော အရှိန်အဝါများ ထွက်ပေါ်နေပြီး ယုံကြည်မှု အပြည့်ရှိသော အပြုံးများကို ဆင်မြန်းထားကြသည်။ တစ်သင်းလုံးမှာ အသွင်တစ်မျိုး ပြောင်းလဲသွားခဲ့လေပြီ။
သူတို့၏ ထူးခြားမှုကို ခံစားမိလိုက်သောအခါ အမြဲတမ်း တည်ငြိမ်သူဖြစ်သော ဟယ်ချင်းကျီပင်လျှင် မှင်သက်သွားကာ "ဒါကို သူတို့ ဘယ်လိုလုပ်လိုက်တာလဲ" ဟု တိုးတိုးလေး မေးလိုက်မိသည်။
ယဲ့ပုဖန်သည် အဖွဲ့ဝင်အားလုံးကို လေ့ကျင့်ရေးကွင်းလယ်သို့ ခေါ်ဆောင်လာပြီး ပြုံးလျက် "ငါတို့ နောက်မကျသေးဘူးမလား" ဟု ဆိုလိုက်သည်။
"အချိန်ကတော့ ကွက်တိပါပဲ"
စီမာဝေက သူမ၏ နာရီကို တစ်ချက်ကြည့်ကာ "သုံးရက်တာ အကဲဖြတ်ပွဲ ပြီးဆုံးသွားပြီ။ ချင်လုံ၊ ပိုင်ဟုနဲ့ ရွှမ်ဝူ အသင်းတွေကတော့ ရလဒ်တွေ တင်ပြပြီးကြပြီ။ ရှင့်ဖက်က အောင်မြင်မှုတွေကိုလည်း ပြောပြပါဦး"
"ရလဒ်နဲ့ ပတ်သက်ရင်တော့ ငါ မရေတွက်ရသေးဘူး"
ယဲ့ပုဖန်က ကျူးချွဲအသင်းသားများကို ကြည့်ကာ "ကဲ... မင်းတို့ပဲ အစကနေ စပြီး တစ်ယောက်ချင်းစီ ပြောပြလိုက်ကြစမ်း။ ဘယ်လောက်အထိ တိုးတက်လာခဲ့ကြလဲဆိုတာ"
ပထမဆုံးနေရာတွင် ရပ်နေသော ကျူးချွဲ နံပါတ် (၁) က စတင်၍ "ကျွန်မက ကောင်းကင်အဆင့် အလယ်အလတ်ကနေ အထွတ်အထိပ် အဆင့်ကို တိုးတက်လာခဲ့ပါတယ်။ အဆင့်တစ်ခု မြင့်တက်လာတာပါ" ဟု တင်ပြလိုက်သည်။
ထို့နောက် သူမက သူမ၏ ချီစွမ်းအင်ကို ထုတ်ဖော်လိုက်ရာ ကောင်းကင်အဆင့် အထွတ်အထိပ် သိုင်းပညာရှင် တစ်ဦး၏ အရှိန်အဝါများ ဝုန်းခနဲ ထွက်ပေါ်လာတော့၏။
ယဲ့ပုဖန်က မျက်မှောင် အနည်းငယ်ကြုတ်ကာ "အဆင့်တစ်ခုပဲ တက်တာလား... ဒါက နည်းနည်း အားမရစရာပဲ" ဟု ဆိုလိုက်သည်။
သူ မကျေမနပ်ဖြစ်နေသည်ကို မြင်သောအခါ ကျူးချွဲ နံပါတ် (၁) က အမြန်ပင် တောင်းပန်ကာ "တောင်းပန်ပါတယ် နည်းပြချုပ်ကြီး။ နောင်ကျရင် ပိုပြီး ကြိုးစားပါ့မယ်" ဟု ဆိုလိုက်၏။
ပတ်ဝန်းကျင်ရှိ လူတိုင်းမှာ မျက်လုံးပြူးသွားကြတော့သည်။ ကောင်းကင်အဆင့် အလယ်အလတ်မှ အထွတ်အထိပ်သို့ ရောက်ရန်မှာပင် တကယ့်ကို ထူးခြားသော အောင်မြင်မှု မဟုတ်ပါလား။
သူတို့၏ အမြင်တွင်မူ ဤလူနှစ်ဦးမှာ လူအများရှေ့တွင် တမင်သက်သက် ကြွားလုံးထုတ်နေကြခြင်း ဟုသာ ထင်မှတ်နေကြသည်။
ယဲ့ပုဖန်က လူတိုင်း၏ မျက်နှာထားများကို ဂရုမစိုက်ဘဲ ကျူးချွဲ နံပါတ် (၂) ကို ကြည့်ကာ "မင်းရော... ဘယ်လိုလဲ" ဟု မေးလိုက်ပြန်သည်။
"နည်းပြချုပ်ကြီးကို တင်ပြချင်ပါတယ်... ကျွန်မက ကောင်းကင်အဆင့် အစောပိုင်း ကနေ အထွတ်အထိပ် အဆင့်အထိ နှစ်ဆင့်ဆင့်ပြီး အဆင့်တက်သွားတာပါ"
အားလုံး ထိတ်လန့်သွားကြရပြန်သည်။ လေ့ကျင့်ရေးစခန်း စတင်ကတည်းက ချင်လုံ၊ ပိုင်ဟုနှင့် ရွှမ်ဝူ အသင်းသုံးသင်းလုံးတွင် မည်သူမျှ နှစ်ဆင့်ဆက်တိုက် အဆင့်တက်နိုင်ခြင်း မရှိခဲ့ချေ။
ယဲ့ပုဖန်ကမူ တည်ငြိမ်စွာဖြင့် "တော်ကာကျရုံပါပဲ" ဟု မှတ်ချက်ပေးလိုက်၏။
"ဘုရား... ဘုရား... ဒါကတော့ တကယ့်ကို ကြွားလုံးထုတ်လွန်းတာပဲ"
လူတိုင်းမှာ ကျူးချွဲအသင်း၏ တိုးတက်မှုအပေါ် ထိတ်လန့်နေကြသော်လည်း ယဲ့ပုဖန်၏ စကားများမှာမူ ဟန်ကြီးပန်ကြီး လုပ်လွန်းသည်ဟု ကောက်ချက်ချလိုက်ကြတော့သည်။
နှစ်ဆင့်တောင် တက်သွားတာလေ။ ဒါက တကယ့်ကို ရှားပါးတဲ့ အောင်မြင်မှု မဟုတ်ဘူးလား။
အဲဒါကိုတောင် တော်ကာကျရုံပဲလို့ ပြောနေသေးတယ် ဟုတ်လား။ ဒီထက်ပိုပြီး ဟန်ဆောင်ကောင်းတဲ့သူ ရှိနိုင်ပါဦးမလား။
ထိုစဉ် ကျူးချွဲ နံပါတ် (၃) က "နည်းပြချုပ်ကြီးကို တင်ပြချင်ပါတယ်... ကျွန်မရဲ့ ကျင့်ကြံမှုက မြေအဆင့် အထွတ်အထိပ် ကနေ ကောင်းကင်အဆင့် အထွတ်အထိပ် အဆင့် အထိ သုံးဆင့်ဆင့်ပြီး အဆင့်တက်သွားတာပါ" ဟု ဆိုလိုက်ပြန်သည်။
"ဖူး..."
ရောက်ရှိနေသူများမှာ ကိုယ့်တံတွေးကိုယ်ပင် သီးမတတ် ဖြစ်သွားကြရတော့သည်။ ကျူးချွဲ အသင်းသားများမှာ တစ်ယောက်ထက် တစ်ယောက် ပို၍ တိုးတက်လာကြပြီး ယခုတစ်ယောက်မှာ သုံးဆင့်တောင် ဆက်တိုက် တက်သွားသည်တဲ့လား။
ဒီအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် ဒီပြိုင်ပွဲက ဘယ်လို ဆက်လုပ်မှာလဲ။ နည်းပြတွေကရော ဘယ်မျက်နှာနဲ့ ဆက်နေကြမှာလဲ။
မူရုန်ဖိန်က ကျူးချွဲ နံပါတ် (၃) ကို အေးစက်စွာ ကြည့်ကာ "စစ်တပ်ထဲမှာ နောက်ပြောင်စရာ မရှိဘူး။ မင်း တကယ်ပဲ လိမ်မပြောဘူး ဆိုတာ သေချာလား" ဟု မေးလိုက်သည်။
"သေချာပါတယ်... စစ်ဆေးတာကိုလည်း လိုလိုလားလား လက်ခံပါတယ်"
ကျူးချွဲ နံပါတ် (၃) က သူမအား စော်ကားလိုက်သကဲ့သို့ ခံစားရသဖြင့် မကျေမနပ် ကြည့်လိုက်ပြီး ကောင်းကင်အဆင့် အထွတ်အထိပ် သိုင်းပညာရှင်တစ်ဦး၏ အရှိန်အဝါကို ရုတ်တရက် ထုတ်ဖော်ပြသလိုက်တော့၏။
စီမာဝေက ကျူးချွဲ နံပါတ် (၃) ၏ လေ့ကျင့်ရေးစခန်းသို့ စတင်ဝင်ရောက်စဉ်က မှတ်တမ်းကို အမြန် စစ်ဆေးကြည့်ရာ သူမသည် မြေအဆင့အထွတ်အထိပ်မှာသာ ရှိခဲ့ကြောင်း တွေ့လိုက်ရသည်။
တစ်နည်းအားဖြင့်ဆိုရသော် သူတို့ လိမ်ပြောနေခြင်း မဟုတ်ပေ။ တကယ်ပင် သုံးဆင့် ဆက်တိုက် တက်သွားခဲ့ခြင်း ဖြစ်သည်။
"ဒါ... ဒါက..."
မူရုန်ဖိန်၏ မျက်နှာကြီးမှာ ချက်ချင်းပင် ခရမ်းရောင်သန်းသွားကာ ဘာစကားမျှ ပြန်မပြောနိုင်တော့ပေ။
တစ်ချိန်တည်းမှာပင် သူသည် လုံးဝ ဆွံ့အသွားရတော့၏။ အိယွမ်ဂိုဏ်းမှာ လမ်းညွှန်မှုပေးရာတွင် နာမည်ကျော်သော်လည်း သုံးဆင့် ဆက်တိုက် အဆင့်တက်သွားသူမျိုးကိုမူ သူ တစ်ခါမျှ မကြားဖူးခဲ့ပေ။
ယင်းနှင့် ဆန့်ကျင်ဘက်အနေဖြင့် ယဲ့ပုဖန်၏ မျက်နှာမှာမူ အလွန်ပင် တည်ငြိမ်နေဆဲ ဖြစ်သည်။ သူက ခေါင်းညိတ်ပြကာ "မဆိုးပါဘူး... ဒီအတိုင်းပဲ ဆက်ကြိုးစားကြ" ဟု ဆိုလိုက်လေသည်။
ထိုစကားကို ကြားလိုက်ရသောအခါ နည်းပြ ဟယ်ချင်းကျီနှင့် လိုင်ဖော်ကျွင်းတို့မှာ သွေးအန်မတတ် ဖြစ်သွားကြရတော့၏။ တစ်ဖက်လူက သုံးဆင့်တောင် တက်သွားတာကိုမှ "မဆိုးပါဘူး" ဟုသာ မှတ်ချက်ပေးခံရသည်ဆိုလျှင်...
ဤစံနှုန်းနှင့်သာ တိုင်းတာမည်ဆိုပါက သူတို့နည်းပြများအားလုံး အသက်ရှင်နေဖို့ပင် မထိုက်တန်တော့ပေ။
တစ်ချိန်တည်းမှာပင် သူတို့အားလုံး တစ်ခုကို နားလည်သွားကြတော့သည်။ တစ်ဖက်လူမှာ ကြွားလုံးထုတ်နေခြင်း မဟုတ်ဘဲ... တကယ်ကို စွမ်းဆောင်နိုင်သည့် အစွမ်းအစ အစစ်အမှန် ရှိနေခြင်းပင် ဖြစ်ပေတော့သတည်း။
***