အထိနာဆုံးလူမှာ မူရုန်ဖိန်ပင် ဖြစ်၏။ သူသည် ကျင့်ကြံမှုပိုင်း၌ ယဲ့ပုဖန်ကို မယှဉ်နိုင်ခဲ့သော်လည်း သူ၏ အဓိကကျွမ်းကျင်မှုဖြစ်သော သင်ကြားပြသမှုပိုင်း၌မူ မည်သို့မျှ အရှုံးမပေးလိုပေ။
သူသည် ခြောက်သွေ့နေသော နှုတ်ခမ်းကို လျှာဖြင့်သပ်ကာ ထိတ်လန့်မှုကို အောင့်အီးထားရင်း မိမိကိုယ်မိမိ ပြန်လည်နှစ်သိမ့်နေမိသည်။ "စိတ်အေးအေးထားစမ်း... ဒီသုံးယောက်ပဲ အဆင့် တက်နိုင်တာ ဖြစ်မှာပါ။ သူတို့က မျက်နှာပန်းလှအောင် ဒီသုံးယောက်ကို ရှေ့ဆုံးကနေ တင်ပြခိုင်းတာပဲ ဖြစ်ရမယ်"
သို့သော် ကျူးချွဲအသင်းသားများ တစ်ယောက်ပြီး တစ်ယောက် ရလဒ်တင်ပြလာသောအခါတွင်မူ သူ၏ နှလုံးသားမှာ အစိတ်စိတ် အမွှာမွှာ ကွဲကြေသွားရတော့သည်။
ကျူးချွဲ နံပါတ် ၁၄ က နှစ်ဆင့်တက်သည်။ နံပါတ် ၁၅ က သုံးဆင့်တက်သည်။ နံပါတ် ၁၆ ကလည်း...
မကြာမီမှာပင် ကျူးချွဲအသင်းသား ၂၄ ဦးစလုံး တင်ပြပြီးစီးသွားခဲ့ပြီ ဖြစ်သည်။ တိုးတက်မှု အနှေးဆုံးလူမှာ အဆင့်တစ်ခု တက်လှမ်းနိုင်ခဲ့ပြီး အမြန်ဆုံးလူမှာ သုံးဆင့်အထိ တက်လှမ်းနိုင်ခဲ့ကြ၏။
ယခုတစ်ကြိမ် လေ့ကျင့်ရေးနှင့် မြှင့်တင်မှုအပြီးတွင် တစ်သင်းလုံး၌ ကောင်းကင်အဆင့်အောက် ရောက်နေသူ တစ်ဦးမှ မကျန်တော့ပေ။
ကောင်းကင်အဆင့် ပြီးပြည့်စုံခြင်းအဆင့် ၅ ဦး၊ အထွတ်အထိပ်အဆင့် ၁၀ ဦးနှင့် ကျန်သူများမှာ အလယ်အလတ်အဆင့်များ ဖြစ်ကြသည်။
ဤမျှလောက်သော တိုးတက်မှုအရှိန်အဟုန်မှာ တကယ့်ကို အံ့မခန်း ဖြစ်သဖြင့် ပတ်ဝန်းကျင်ရှိ လူအားလုံး ဆွံ့အသွားကြရတော့သည်။
နောက်ဆုံးလူမှာ စီတုတျန့်မော့ ဖြစ်ပြီး အားလုံးက သူမထံသို့ အကြည့်များ စုပြုံထားကြသည်။
"တင်ပြပါတယ် နည်းပြချုပ်ကြီး... ကျွန်မ ကောင်းကင်အဆင့် အပိတ်အဆို့ကို ချိုးဖျက်ပြီး မြေကမ္ဘာအဆင့် အစောပိုင်းအဆင့်ကို ရောက်ရှိသွားပါပြီ"
ဤနေရာသို့ ရောက်မှသာ သူမ၏ လှပသော မျက်နှာထက်ဝယ် ဖုံးဖိ၍မရသော ဝမ်းသာပီတိများ ထင်ဟပ်လာတော့သည်။ သူမသည် ကောင်းကင်အဆင့်၌ တစ်ဆို့နေခဲ့သည်မှာ ကြာပြီဖြစ်ပြီး ယခုမှသာ နောက်ဆုံးတွင် အောင်မြင်စွာ ချိုးဖျက်နိုင်ခဲ့ခြင်း ဖြစ်သည်။
ဤအခိုက်အတန့်တွင် မူရုန်ဖိန်၊ ဟယ်ချင်းကျီနှင့် လိုင်ဖော်ကျွင်းတို့၏ ယခင်က ရှိခဲ့သော ယုံကြည်မှုနှင့် မာန်မာနများမှာ လုံးဝ ပြိုလဲပျက်စီးသွားခဲ့လေပြီ။ သူတို့ အကြည့်မမှားခဲ့ပေ။ တစ်ဖက်လူမှာ မြေကမ္ဘာအဆင့်သို့ တကယ်ပင် တက်လှမ်းသွားခဲ့ခြင်း ဖြစ်သည်။
ကျင့်ကြံမှုအဆင့် မြင့်မားလာလေလေ ပို၍ ခက်ခဲလာလေဖြစ်ကြောင်း သိထားကြရန် လိုအပ်သည်။ မြေကမ္ဘာအဆင့်သို့ တက်လှမ်းခြင်း တစ်ခုတည်းကပင် ကောင်းကင်အဆင့် အယောက် ၁၀၀ တက်ခြင်းထက် ပို၍ အဓိပ္ပာယ်ရှိပေသည်။
ဒုနည်းပြ သုံးဦးသည် မြေကမ္ဘာအဆင့် အစောပိုင်း သိုင်းပညာရှင်များ ဖြစ်ကြသည့်အားလျော်စွာ ကောင်းကင်အဆင့်နှင့် မြေကမ္ဘာအဆင့် ကြားရှိ ကွာဟချက်မှာ မည်မျှ ကြီးမားကြောင်းနှင့် အဆင့်တက်ရန် မည်မျှ ခက်ခဲကြောင်း သူတို့ ကောင်းစွာ သိကြသည်။
မူရုန်ဖိန်မှာ ကျင့်ကြံရေး အရင်းအမြစ်များစွာရှိသော မိသားစုကြီးမှ ဖြစ်သလို ပါရမီလည်း ထူးချွန်သူ ဖြစ်သော်လည်း ဤအဆင့်သို့ ရောက်ရန် ငါးနှစ်တိတိ အချိန်ယူခဲ့ရသည်။ လိုင်ဖော်ကျွင်းမှာ ခြောက်နှစ်နှင့် ဟယ်ချင်းကျီမှာ ရှစ်နှစ်တိတိ အချိန်ယူခဲ့ရခြင်း ဖြစ်သည်။
သို့သော် နည်းပြချုပ်၏ လမ်းညွှန်မှုအောက်တွင် စီတုတျန့်မော့သည် သုံးရက်သာ အချိန်ယူခဲ့ရသည်။ တကယ်တမ်းဆိုလျှင် နာရီအနည်းငယ်သာ ဖြစ်၏၊ ကျန်ရှိသော အချိန်များကို အနားယူခြင်းဖြင့်သာ ကုန်ဆုံးခဲ့သောကြောင့်ပင်။
တင်ပြမှုများ ပြီးဆုံးသွားသောအခါ ယဲ့ပုဖန်က စီမာဝေကို ကြည့်ကာ "ဒါက ငါတို့ ကျူးချွဲအသင်းရဲ့ ရလဒ်တွေပဲ။ ငါတို့က ဘယ်အဆင့်မှာ ရှိမလဲဆိုတာ သိပါရစေဦး" ဟု ဆိုလိုက်သည်။
သူ၏ စကားကို ကြားလိုက်ရသောအခါ ကျန်သည့် နည်းပြသုံးဦးမှာ ခေါင်းပင် မူးနောက်သွားကြတော့သည်။
ဘယ်အဆင့်မှာ ရှိမလဲ ဟုတ်လား။ ငါတို့ သုံးသင်းပေါင်းရဲ့ တိုးတက်မှုကတောင် မင်းတို့ တစ်သင်းတည်းကို မမီဘူးလေ။
အဓိကအချက်မှာ သူတို့ဖက်က ငွေကြေးတွေ အများကြီး သုံးစွဲခဲ့ရခြင်း ဖြစ်သည်။ အခြားသူတွေ အားလုံး မတိုးတက်ဘဲ နေခဲ့လျှင်တောင် မြေကမ္ဘာအဆင့် သိုင်းပညာရှင် တစ်ယောက် ထွက်ပေါ်လာခြင်းကပင် လုံလောက်လှပေပြီ။
စီမာဝေ၏ မျက်နှာထက်ဝယ် ဂုဏ်ယူဝင့်ကြွားသော အပြုံးတစ်ခု ပေါ်လာကာ သူမ ရွေးချယ်ခဲ့သော ယောကျာ်း အတွက် အလွန်ပင် ကျေနပ်နေမိသည်။
သူမက "ကဲ ရလဒ်ကို ကျွန်မ ကြေညာပါမယ်... ကျူးချွဲအသင်းက နံပါတ်တစ် ရရှိပါတယ်" ဟု အသံကျယ်ကျယ်ဖြင့် ဆိုလိုက်၏။
ထိုစကားကြောင့် ကျူးချွဲအသင်းသား ၂၅ ဦးစလုံးမှာ ဝမ်းသာအားရ အော်ဟစ်အောင်ပွဲခံကြသော်လည်း အခြားအသင်းသားများမှာမူ မျက်နှာပျက်လျက် စိတ်ဓာတ်ကျနေကြတော့သည်။
စီမာဝေက မူရုန်ဖိန်နှင့် အခြားနှစ်ဦးကို ကြည့်ကာ "ကဲ... ဘယ်လိုလဲ။ ဒီရလဒ်ကို လက်ခံကြရဲ့လား" ဟု မေးလိုက်သည်။
လိုင်ဖော်ကျွင်းက အရင်ဆုံး "နည်းပြချုပ်ကြီးက တကယ့်ကို နည်းပြချုပ်ကြီးပါပဲ။ သူက ကျုပ်တို့ထက် အများကြီး သာလွန်ပါတယ်။ ကျုပ် လိုင်အိုကြီးကတော့ အကြွင်းမဲ့ လက်ခံပါတယ်" ဟု ဝန်ခံလိုက်၏။
ဟယ်ချင်းကျီကလည်း "နည်းပြချုပ်ကြီးက တကယ်ကို အရည်အချင်းရှိတာပါ။ ကျုပ်လည်း ရှက်ရွံ့စွာနဲ့ပဲ အရှုံးပေးပါတယ်" ဟု ဆိုသည်။
မူရုန်ဖိန်မှာ မျက်နှာထား တင်းမာနေသော်လည်း "ငါ အရှုံးကို ဝန်ခံပါတယ်" ဟု ပြတ်သားစွာ ပြောလိုက်တော့သည်။
စီမာဝေက ဆက်လက်၍ "ကောင်းပါပြီ... ပထမအဆင့် လေ့ကျင့်ရေး ပြီးဆုံးသွားပြီ။ အခု ဒုတိယအဆင့်ကို ချက်ချင်း ကူးပြောင်းပါမယ်"
"အခုကစပြီး နည်းပြ တစ်ယောက်ချင်းစီက ကိုယ့်အသင်းသားတွေကို လက်တွေ့ တိုက်ခိုက်ရေး လေ့ကျင့်ပေးရပါမယ်။ ဒုတိယမြောက် ပြိုင်ပွဲကိုတော့ ခုနစ်ရက်အကြာမှာ ကျင်းပမှာ ဖြစ်ပါတယ်"
"အဲဒီပြိုင်ပွဲက တစ်ဦးချင်း တိုက်ခိုက်ရမှာဖြစ်ပြီး အနိုင်ရတဲ့သူက ပထမဆုကို ရရှိမှာ ဖြစ်ပါတယ်"
လေ့ကျင့်ရေး အစီအစဉ်ကို ကြေညာပြီးနောက် ချင်လုံ၊ ပိုင်ဟုနှင့် ရွှမ်ဝူ အသင်းသုံးသင်းစလုံး အပြင်းအထန် လေ့ကျင့်ရန် ကိုယ့်စခန်းကိုယ် ချက်ချင်း ပြန်သွားကြတော့သည်။ ဤတစ်ခါ ရှုံးခဲ့သော်လည်း နောက်တစ်ကြိမ်တွင်မူ ထပ်မရှုံးစေရဟု သူတို့ ကြုံးဝါးနေကြ၏။
ယဲ့ပုဖန်ကမူ ထိုမျှလောက်ထိ စိုးရိမ်ပူပန်ခြင်း မရှိပေ။ သူက အသင်းသားများကို လှည့်ကြည့်ကာ "အားလုံးပဲ... ခဏ အနားယူပြီး အားလပ်ချိန် သုံးလိုက်ကြဦး။ နေ့လယ်စာ စားပြီးမှ ငါတို့တွေ အတူတူ ပြန်လေ့ကျင့်ကြမယ်" ဟု ဆိုလိုက်သည်။
မိန်းကလေးများမှာ ဝမ်းသာအားရ အော်ဟစ်လိုက်ကြ၏။ သူမတို့၏ လေ့ကျင့်ရေးမှာ အလွန်ပင် ပျော်စရာကောင်းလှပေသည်။ ပင်ပန်းခြင်း မရှိသည့်အပြင် ရလဒ်မှာလည်း အံ့မခန်းဖြစ်သဖြင့် အခြားသူများကို အဝေးကြီးမှာ ချန်ထားခဲ့နိုင်သည် မဟုတ်ပါလား။
ဤအရာအားလုံးမှာ ရှေ့မှ နည်းပြချုပ်ကြောင့် ဖြစ်ရသည်ဟု သူတို့ နားလည်ထားကြရာ ယခုအခါတွင်မူ သူတို့၏ မျက်လုံးများထဲ၌ အားကျလေးစားမှုများဖြင့်သာ ပြည့်နှက်နေတော့သည်။
စီမာဝေက ယဲ့ပုဖန်ကို ဘေးသို့ ဆွဲထုတ်သွားကာ အသံတိုးတိုးဖြင့် "မြန်မြန်ပြောစမ်း... ရှင် ဒါကို ဘယ်လို လုပ်လိုက်တာလဲ" ဟု မေးလိုက်သည်။
ယဲ့ပုဖန်က "ဘာကို ရှင်းပြရမှာလဲ"
စီမာဝေက "ရှင် အဲဒီကောင်မလေးတွေကို တစ်ခုခု လုပ်လိုက်တာလား။ မဟုတ်ရင် သူတို့ရဲ့ ကျင့်ကြံမှုက ဘယ်လိုဖြစ်ပြီး ဒီလောက် မြန်မြန် တက်လာနိုင်မှာလဲ"
ယဲ့ပုဖန်မှာ ခေတ္တမျှ ကြောင်သွားပြီးမှ သူမ၏ နဖူးကို ခပ်ဖွဖွလေး တောက်လိုက်ကာ "မင်း ခေါင်းထဲမှာ ဘာတွေ တွေးနေတာလဲ"
"ငါက တကယ်တော်တယ်ဆိုတာ ဝန်ခံပါတယ်။ ဒါပေမဲ့ တစ်ညတည်းနဲ့ မိန်းကလေး ဒီလောက် အများကြီးကို အဆင့်တက်အောင် လုပ်ပေးဖို့ဆိုတာ မဖြစ်နိုင်ဘူးမလား။ ငါ့ခန္ဓာကိုယ်က တောင့်ခံနိုင်ရင်တောင် အချိန်က လောက်မှာ မဟုတ်ဘူးလေ"
စီမာဝေ မျက်နှာလေး နီမြန်းသွားကာ "ဒါဆို သူတို့ ဘာလို့ ဒီလောက် မြန်မြန် တိုးတက်လာတာလဲ။ ပြီးတော့ ရှင်က ဒီရက်ပိုင်း ဘာမှ မလေ့ကျင့်ပေးဘဲ အလှပဲ ပြင်ပေးနေတာလေ"
ယဲ့ပုဖန်က "ကျင့်ကြံမှုအဆင့်ကို မြန်မြန်တက်အောင် လုပ်တဲ့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။ တူနှစ်ကိုယ် ကျင့်ကြံခြင်း တစ်မျိုးတည်း မဟုတ်ဘူး"
"ငါတို့ အရင်က လုပ်ခဲ့တာက အလှပြင်တာတင် မဟုတ်ဘူး... စိတ်ဝိညာဉ် ကျင့်ကြံခြင်းအတွက် အခြေခံ အုတ်မြစ် ချပေးခဲ့တာ"
ထို့နောက် ယဲ့ပုဖန်သည် ကျူးချွဲအသင်းသားများကို မည်သို့ မြှင့်တင်ပေးခဲ့ကြောင်း ရှင်းပြလိုက်ပြီး "ဒီအသင်းသားတွေက ပါရမီ ရှိကြပါတယ်။ ငါက သူတို့နဲ့ ကိုက်ညီတဲ့ ကျင့်စဉ်ကို ပေးပြီး ငါ့ရဲ့ ဆေးလုံးတွေနဲ့ ပေါင်းစပ်လိုက်တာလေ။ သူတို့ မြန်မြန် မတိုးတက်ဘူးဆိုရင်မှ အံ့သြစရာ ဖြစ်လိမ့်မယ်" ဟု နိဂုံးချုပ်လိုက်သည်။
အမှန်စင်စစ် သူ မပြောခဲ့သော အခြား အရေးကြီးသည့် အချက်တစ်ချက်မှာ စိတ်ဝိညာဉ်အာရုံပင် ဖြစ်သည်။ သူ၏ စိတ်ဝိညာဉ်အာရုံကြောင့် အဖွဲ့ဝင်တစ်ဦးချင်းစီ၏ ကျင့်ကြံမှုကို အချိန်မရွေး စောင့်ကြည့်နိုင်ပြီး ပြဿနာများကို ချက်ချင်း ဖြေရှင်းပေးနိုင်ခဲ့ခြင်း ဖြစ်သည်။
မဟုတ်ပါက ဤမျှ ပြင်းထန်သော လေ့ကျင့်မှုနှင့် အရှိန်အဟုန်ဖြင့် အဆင့်တက်ရာတွင် သွေးလေ ခြောက်ခြားခြင်းကဲ့သို့သော ပြဿနာများ ကြုံတွေ့ရနိုင်ခြေ ရှိပေသည်။
စီမာဝေက တခိခိ ရယ်မောလိုက်ကာ "မဆိုးပါဘူး... အနည်းဆုံးတော့ ရှင်က ကျွန်မကို မျက်နှာပန်း လှအောင် လုပ်ပေးနိုင်ခဲ့တာပဲ"
ခေတ္တမျှ ချစ်ကြည်နူးပြီးနောက် သူမသည် ကိုယ့်အလုပ်ကိုယ် ပြန်သွားတော့သည်။ စခန်း၏ ထောက်ပံ့ရေး တာဝန်ခံတစ်ဦးအနေဖြင့် သူမ၌ လုပ်စရာများစွာ ရှိနေသေးသည် မဟုတ်ပါလား။
သူမ ထွက်သွားသည်နှင့် စီတုတျန့်မော့သည် ယဲ့ပုဖန်ထံ ချဉ်းကပ်လာကာ လေးလေးစားစား ဦးညွှတ်လျက် "နည်းပြချုပ်ကြီး... ကျေးဇူးတင်ပါတယ်" ဟု ကျေးဇူးတင်စကား ဆိုလိုက်သည်။
သူမသည် မူလက အလွန်မာနကြီးသော မိန်းကလေး ဖြစ်သော်လည်း ယခုမူ ထိုမာန်မာနများ ပျောက်ကွယ်သွားကာ သူမ၏ မျက်လုံးများထဲ၌ အကြွင်းမဲ့ ရိုသေလေးစားမှုများသာ ရှိတော့သည်။
ယဲ့ပုဖန်က "ကျေးဇူးတင်နေဖို့ မလိုပါဘူး။ ငါက မင်းရဲ့ နည်းပြလေ။ မင်းတို့ကို အဆင့်တက်အောင် ကူညီပေးတာက ငါ့တာဝန်ပဲ"
"နည်းပြချုပ်ကြီး... ဘာပဲဖြစ်ဖြစ် ကျွန်မ ရှင့်ကို ကျေးဇူးတင်ချင်ပါတယ်"
စီတုတျန့်မော့၏ ကျေးဇူးတင်စကားမှာ စိတ်ရင်းမှန် ဖြစ်ပေသည်။ သူမသည် လူနုံတစ်ယောက် မဟုတ်ရာ ယဲ့ပုဖန်က သူမကို မည်မျှအထိ ကူညီပေးခဲ့သည်ကို သိရှိထားသည်။
သူမသည် ကောင်းကင်အဆင့် အထွတ်အထိပ်၌ နှစ်နှစ်ကျော် တစ်ဆို့နေခဲ့ခြင်းဖြစ်ပြီး အကယ်၍ နည်းပြချုပ်၏ အကူအညီသာ မပါလျှင် အချိန်တိုအတွင်း အဆင့်တက်နိုင်လိမ့်မည် မဟုတ်ပေ။
မြေကမ္ဘာအဆင့် ကနဦးသို့ ရောက်ရှိသွားလျှင်ပင် ရှေ့ဆက် တိုးတက်ရန်မှာ အလွန်ပင် ခက်ခဲလှပေသည်။ ယခုမူ ယဲ့ပုဖန်က သူမအတွက် ခိုင်မာသော အခြေခံကို ချပေးခဲ့ပြီး သင့်တော်သော ကျင့်စဉ်ကိုလည်း လမ်းညွှန်ပေးခဲ့သဖြင့် သူမ၏ အနာဂတ်မှာ ပန်းခင်းသော လမ်းကဲ့သို့ ဖြောင့်ဖြူးနေတော့မည် ဖြစ်သည်။
ယဲ့ပုဖန်၏ ကျေးဇူးမှာ အတိုင်းအဆမရှိ ကြီးမားလှပေသည်။
ယဲ့ပုဖန်က "ကျေးဇူးတင်စရာ မလိုဘူးလို့ ပြောပြီးပြီလေ။ ဒါပေမဲ့ ငါတို့ အရင်က လောင်းထားတာ ရှိတယ်နော်... အခု အဲဒီလောင်းကြေးကို အကောင်အထည်ဖော်ရမယ့် အချိန်ရောက်ပြီ မဟုတ်လား" ဟု ဆိုလိုက်၏။
စီတုတျန့်မော့က ရိုရိုသေသေဖြင့် "သေချာတာပေါ့... ကျွန်မ မှတ်မိပါတယ်။ ရှင် ခိုင်းတာမှန်သမျှ ကျွန်မ လုပ်ပေးပါ့မယ်"
"သေချာလား... ဘာမဆို လုပ်ပေးမယ်ဆိုတာ"
ယဲ့ပုဖန် စကားပြောရင်း သူမ၏ မို့မောက်နေသော ရင်သားအစုံကို ခပ်ပြုံးပြုံးဖြင့် ကြည့်လိုက်သည်။
စီတုတျန့်မော့မှာ ချက်ချင်းပင် ကိုယ်ကို တောင့်လိုက်ကာ "ရှင်... ရှင် ဘာလုပ်မလို့လဲ။ အဲဒါတော့ မရဘူးနော်"
***