ကောင်မလေး၏ စိုးရိမ်တကြီး ဖြစ်နေသော မျက်နှာထားကို မြင်လိုက်ရသောအခါ ယဲ့ပုဖန်က သူမအား စချင်လာသဖြင့် ပြုံးကာ "ဘယ်အရာက မဖြစ်နိုင်တာလဲ..." ဟု မေးလိုက်သည်။
စီတုတျန့်မော့က စိုးရိမ်တကြီးဖြင့် "ရှင် တွေးနေတဲ့ ကိစ္စလေ..." ဟု ဆို၏။
"ငါက ဘာကို တွေးနေလို့လဲ..." ယဲ့ပုဖန်က ခပ်ဟဟ ပြုံးသည်။
"ရှင်က တော်တော် ဆိုးတဲ့လူပဲ..." စီတုတျန့်မော့က ခြေဆောင့်ကာ မကျေမချမ်းဖြင့် "အတိုချုပ် ပြောရရင် ရှင့်အနေနဲ့ ကျွန်မဆီကနေ အခွင့်အရေး ယူလို့ မရဘူးနော်..."
ယဲ့ပုဖန်က "ငါတို့ အရင်က လောင်းကြေးထပ်ထားကြတယ်လေ... မင်း ရှုံးရင် ငါ့ရဲ့ စည်းကမ်းချက် တစ်ခုကို သဘောတူရမယ် ဆိုတာကိုပေါ့..." ဟု ဆိုသည်။
"ဒါပေမဲ့ ရှင်က ကျွန်မကို မကောင်းတဲ့ အလုပ်တွေ ခိုင်းလို့ မရဘူးလို့ ကြိုပြောထားပြီးသားလေ... ရှင်လည်း သဘောတူထားတာပဲ..."
ယဲ့ပုဖန်က ပြုံးလျက် "မင်းကို ဥပဒေချိုးဖောက်ဖို့၊ ရွှမ်ယွမ်စံအိမ်ရဲ့ စည်းမျဉ်းတွေကို ဖောက်ဖျက်ဖို့၊ ဒါမှမဟုတ် လူ့ကျင့်ဝတ်နဲ့ မညီတာတွေ လုပ်ဖို့ မခိုင်းဘူးလို့တော့ ငါ ပြောခဲ့တာ မှန်ပါတယ်... ဒါပေမဲ့ အခုကိစ္စက အဲဒီဘောင်ထဲမှာမှ မပါတာ..."
"ကျွန်မ... ကျွန်မ..."
စီတုတျန့်မော့မှာ အင်္ကျီစကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိပြီး ဘာပြောရမှန်း မသိတော့ချေ။ သူမအနေဖြင့် ရှုံးနိမ့်လိမ့်မည်ဟု တစ်ခါမျှ မတွေးထားခဲ့ဖူးသဖြင့် လောင်းကြေး၏ အသေးစိတ် အချက်အလက်များကို သိပ်ပြီး ဂရုမစိုက်ခဲ့မိပေ။
ယဲ့ပုဖန်က နေရာမှ မတ်တပ်ရပ်ကာ သူမရှေ့သို့ တိုးလာသည်။ ထို့နောက် ဝံပုလွေတစ်ကောင်ကဲ့သို့ အငမ်းမရ အကြည့်မျိုးဖြင့် ကြည့်ကာ "တကယ်လို့ ငါက အဲဒီလို လုပ်ခိုင်းမယ်ဆိုရင် မင်းက ဘာလုပ်မှာလဲ... ကတိဖျက်မှာလား..." ဟု မေးလိုက်၏။
အသက် (၂၀) အရွယ် ခေတ်မီ အမျိုးသမီး တစ်ယောက်အနေဖြင့် သိသင့်သိထိုက်သည်များကို သူမ နားလည်ထားပြီး ဖြစ်ရာ ယဲ့ပုဖန်၏ စကားထဲမှ အဓိပ္ပာယ်ကို စီတုတျန့်မော့ ချက်ချင်း သဘောပေါက်သွားသည်။ သူမ ငြင်းပယ်ချင်သော်လည်း တကယ်ပင် ရှုံးနိမ့်ထားခဲ့သည် မဟုတ်ပါလား။ လက်ခံလိုက်ရန်ကလည်း ဤမျှလွယ်လွယ်နှင့် အခွင့်အရေး အယူခံလိုက်ရန် သူမ ဆန္ဒမရှိပေ။
သူမ၏ ရှက်သွေးဖြာကာ အကျပ်ရိုက်နေသော မျက်နှာလေးကို မြင်လျှင် ယဲ့ပုဖန်က ရယ်မောလိုက်ပြီး "စိတ်မပူပါနဲ့... မင်း တွေးတာတွေက လွန်နေပါပြီ... မင်းလို ကောင်မလေးတွေကို ငါ နည်းနည်းလေးမှ စိတ်မဝင်စားပါဘူး... ပြီးတော့ ငါ ရထားတဲ့ အခွင့်အရေးကိုလည်း ဒီလို အလွယ်တကူ အလဟဿ အဖြစ်မခံနိုင်ဘူး..." ဟု ဆိုလိုက်သည်။
ထိုစကားကို ကြားမှသာ တစ်ဖက်လူက သူမအား နောက်ပြောင်နေမှန်း စီတုတျန့်မော့ သဘောပေါက်သွားတော့သည်။ စိုးရိမ်ပူပန်နေသော သူမ၏ ရင်တွင်းမှ အလုံးကြီး ကျသွားကာ သက်ပြင်းရှည်ကြီး တစ်ချက်ကို ချလိုက်မိ၏။
သို့သော် သူမ ချက်ချင်းပင် မကျေမချမ်း တွေးလိုက်မိပြန်သည်။ ကောင်မလေး တဲ့လား... စိတ်မဝင်စားဘူး တဲ့လား...။
သူမက သေးလို့လား... ဘယ်နေရာက သေးနေလို့လဲ... သူမ၏ ခန္ဓာကိုယ် ကောက်ကြောင်းတွေက တကယ်ကို လှပပြည့်စုံနေတာပဲ မဟုတ်ဘူးလား... ယောက်ျားတွေ သူမကို ငေးကြည့်ကြတဲ့ အကြည့်တွေကနေတဆင့် ဒီအချက်ကို သူမ ကောင်းကောင်းကြီး ခံစားသိရှိနိုင်ပါသည်လေ။
ထို့ကြောင့် သူမက "ဒါဆို ရှင်က ကျွန်မကို ဘာလုပ်စေချင်တာလဲ..." ဟု မေးလိုက်သည်။
"ငါ သေချာ မစဉ်းစားရသေးဘူး... မင်း ငါ့ကို ကတိတစ်ခု ပေးထားရမယ် ဆိုတာကိုပဲ မှတ်ထားလိုက်..."
ပြောပြီးသည်နှင့် ယဲ့ပုဖန်က လှည့်ထွက်သွားရာ စီတုတျန့်မော့ တစ်ယောက်တည်း ကျန်ရစ်ခဲ့တော့သည်။
ကောင်မလေးက ခြေဆောင့်လိုက်၏။ ဘာကြောင့်မှန်း မသိသော်လည်း သူမ၏ စိတ်ထဲတွင် စိတ်သက်သာရာ ရသွားသလိုမျိုး ခံစားရသလို တစ်ဖက်တွင်လည်း အနည်းငယ် စိတ်ပျက် အားငယ်သွားသလိုမျိုး ခံစားလိုက်ရသည်။
မြို့တော်တွင် သူမသည် အထက်တန်းလွှာ အသိုင်းအဝိုင်းများကြား၌ လွတ်လပ်စွာ သွားလာ လှုပ်ရှားနိုင်သော အလှပန်းလေး တစ်ပွင့် ဖြစ်ပေသည်။ သူမကို ဒီလိုမျိုး လျစ်လျူရှုရဲတဲ့သူ ဘယ်တုန်းကများ ရှိခဲ့ဖူးလို့လဲ။
ပျော်ရွှင်စရာ အချိန်လေးများက အမြဲတမ်း လျင်မြန်စွာ ကုန်လွန်သွားတတ်ရာ မနက်ခင်း၏ နားနေချိန်လေးမှာလည်း မျက်စိတစ်မှိတ်အတွင်းမှာပင် ကုန်ဆုံးသွားလေပြီ။
နေ့လယ်စာ စားပြီးနောက် ယဲ့ပုဖန်သည် ကျူးချွဲအသင်းသား အားလုံးကို စုစည်းလိုက်ပြီး လေ့ကျင့်ရေး အဆင့်သစ် တစ်ခုကို စတင်လိုက်လေသည်။
ယဲ့ပုဖန်က လက်နှစ်ဖက်ကို နောက်ပစ်ကာ "အခု မင်းတို့ အားလုံးက ရွှမ်ထျန်းကျင့်စဉ်ကို ကောင်းကောင်း နားလည် သဘောပေါက်သွားကြပြီ ဆိုတော့ ကျင်းဟုန် ဓားသိုင်းကို ငါ သင်ပေးမယ်..." ဟု ကြေညာလိုက်သည်။
"ဒါက သတ်ဖြတ်နိုင်စွမ်းရှိတဲ့ အဆင့်မြင့် ဓားသိုင်းတစ်ခုပဲ... ကျွမ်းကျင်သွားပြီ ဆိုရင် လူအများ စုပေါင်းပြီး ဓားအစီအရင် တစ်ခုအနေနဲ့ပါ ဖွဲ့စည်း အသုံးပြုနိုင်တယ်... အဲဒီအခါကျရင် မင်းတို့ရဲ့ တိုက်ခိုက်ရေးစွမ်းအားက မိုးထိုးသွားလိမ့်မယ်... မင်းတို့ရဲ့ လက်ရှိ ကျင့်ကြံမှု အဆင့်တွေနဲ့ဆိုရင် လူ (၅) ယောက် ပေါင်းပြီး ကျင်းဟုန် ဓားအစီအရင်ကို ဖော်ဆောင်လိုက်တာနဲ့ မြေကမ္ဘာအဆင့် သိုင်းပညာရှင်တွေရဲ့ ရန်ကနေ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း ရှိသွားပြီ... တကယ်လို့ လူ (၁၀) ယောက်သာ ပေါင်းပြီး ကျင်းဟုန် ဓားအစီအရင်ကို အသုံးပြုမယ် ဆိုရင်တော့ မြေကမ္ဘာ အစောပိုင်းအဆင့် သိုင်းပညာရှင်တွေကိုပါ သတ်ဖြတ်နိုင်စွမ်း ရှိသွားလိမ့်မယ်..."
သူ၏ စကားကို ကြားသောအခါ ရောက်ရှိနေသော ကျူးချွဲအသင်းသားများ အားလုံး ချက်ချင်းပင် စိတ်လှုပ်ရှားသွားကြသည်။ နည်းပြချုပ်က သူတို့အား ဤမျှ အစွမ်းထက်သော ဓားသိုင်းကို သင်ကြားပေးလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။
ယေဘုယျအားဖြင့် ဆိုရလျှင် မြေကမ္ဘာအဆင့် သိုင်းပညာရှင်များသည် ကောင်းကင်အဆင့် သိုင်းပညာရှင်များနှင့် ရင်ဆိုင်ရသည့်အခါ အသာစီး အနေအထားတွင် ရှိပြီး မည်သို့မျှ ယှဉ်ပြိုင်၍ မရနိုင်ပေ။ သို့သော် ကျင်းဟုန် ဓားအစီအရင်နှင့် ဆိုပါက မြေကမ္ဘာအဆင့် သိုင်းပညာရှင်များကို ရင်ဆိုင်နိုင်ရန် သူတို့လက်ထဲတွင် လျှို့ဝှက်ဖဲချပ် တစ်ချပ် အပို ထပ်ရသွားသကဲ့သို့ ဖြစ်နေသည်။ ၎င်းမှာ ယခင်ကဆိုလျှင် လုံးဝ စိတ်ကူးယဉ်၍ပင် မရနိုင်သော အရာပင် ဖြစ်သည်။
ယဲ့ပုဖန်က ကျင်းဟုန် ဓားသိုင်းကို တစ်ကြိမ် ကိုယ်တိုင် သရုပ်ပြသလိုက်ပြီးနောက် အသင်းသားများကို စတင် သင်ကြား လမ်းပြပေးလေတော့သည်။
ယခုအချိန်တွင် သူ၏ စိတ်ဝိညာဉ်အာရုံ စွမ်းအားက ပို၍ သိသာ ထင်ရှားလာသည်။ တစ်ယောက်တည်းက လူနှစ်ဆယ့်ငါးယောက်ကို သင်ကြားပေးနေရခြင်း ဖြစ်သော်လည်း လူတစ်ဦးစီ၏ လှုပ်ရှားမှုတိုင်းကို သူက ရှင်းလင်းစွာ မြင်တွေ့နေရပြီး အမှားအယွင်း တစ်ခုခု ရှိသည်နှင့် ချက်ချင်း ပြင်ဆင်ပေးနိုင်လေသည်။
ဒုတိယနေ့ မနက်ခင်းသို့ ရောက်သောအခါ ကျူးချွဲအသင်းသားများသည် ကျင်းဟုန် ဓားသိုင်းကို အပြည့်အဝ တတ်မြောက်နေကြပြီ ဖြစ်သည်။ လက်တွေ့ တိုက်ခိုက်ရေး လေ့ကျင့်ရန်သာ ကျန်တော့၏။
ဤကိစ္စများအတွက် ယဲ့ပုဖန် ကိုယ်တိုင် ဝင်ရောက် လုပ်ဆောင်ပေးရန် မလိုအပ်တော့ပေ။ သူက ယဲ့ထျန်းကို ခေါ်ယူကာ အသင်းသားများအတွက် လေ့ကျင့်ဖက် အဖြစ် အသုံးပြုလိုက်သည်။
သူကမူ ပက်လက်ကုလားထိုင်ပေါ်တွင် ဇိမ်ကျကျ လှဲလျောင်းနေလိုက်သည်။ ဘေးတစ်ဖက်တွင် လက်ဖက်ရည်ကြမ်း၊ အခြားတစ်ဖက်တွင် သစ်သီးများ ချထားကာ လက်ဖက်ရည်သောက်လိုက်၊ သစ်သီးစားလိုက် လုပ်နေရင်း အသင်းသားများ၏ အမှားများကို တစ်ချက် တစ်ချက် လှမ်း၍ အော်ဟစ် ပြင်ဆင်ပေးနေ၏။
"ကျူးချွဲ နံပါတ် (၅)... မင်းရဲ့ မိုးကောင်းကင်ထက်မှ ပျံသန်းလာသော နတ်သား ဓားကွက်က အားပါလွန်းနေတယ်... အချိန်ကိုက် လှုပ်ရှားဖို့ သတိထားစမ်း..."
"ကျူးချွဲ နံပါတ် (၃)... ဒါက အလှမယ်ပြိုင်ပွဲ မဟုတ်ဘူးနော်... ဓားချင်း စထိတာနဲ့ မင်းရဲ့ တင်ပါးကို ဘာလို့ အဲဒီလောက် အမြင့်ကြီး ကော့ထောင်ထားရတာလဲ..."
"ကျူးချွဲ နံပါတ် (၁၃)... မင်းရဲ့ ရှည်လျားတဲ့ ခြေတံကြီး နှစ်ချောင်းက ဘာလုပ်ဖို့လဲ... ဘာလို့ ဒီလောက်တောင် နှေးကွေးနေရတာလဲ... မြန်မြန်လုပ်စမ်း..."
ကျူးချွဲအသင်း၏ လေ့ကျင့်ရေးစခန်းမှ အခြေအနေများကို လှမ်းမြင်နေရသော လိုင်ဖော်ကျွင်းနှင့် အခြားသူများမှာ ခေါင်းခါလျက် သက်ပြင်းချရုံသာ တတ်နိုင်ကြတော့သည်။
သူတို့အားလုံးက နည်းပြတွေချည်း ဖြစ်ပါလျက် နည်းပြချုပ်ကျမှ ဘာကြောင့် ဒီလောက်တောင် သက်သောင့်သက်သာနဲ့ ဇိမ်ကျနေရတာလဲ... သူတို့မှာတော့ ပင်ပန်းလိုက်ရတာ အသေအလဲ... နည်းပြအချင်းချင်းတောင် ကွာဟချက်က ဘာလို့ ဒီလောက်တောင် ကြီးမားနေရတာလဲ...။
သုံးရက်ကြာပြီးနောက် ကျူးချွဲအသင်းသား (၂၅) ဦးစလုံးသည် ကျင်းဟုန် ဓားသိုင်းကို အခြေခံအဆင့် အထိ ကျွမ်းကျင်သွားကြပြီ ဖြစ်သည်။
အထူးသဖြင့် အသင်းခေါင်းဆောင် ဖြစ်သော စီတုတျန့်မော့သည် ဓားသူတော်စင်၏ ပါရမီကို အပြည့်အဝ ဆက်ခံထားသူပီပီ သူမ၏ ဓားကွက် လှုပ်ရှားမှုတိုင်းက တိကျသေချာပြီး လှပသေသပ်လှသည်။ ဓားသိုင်း၏ အနှစ်သာရကို ကောင်းစွာ ဆုပ်ကိုင်မိနေကြောင်း သိသာ ထင်ရှားလှပေသည်။
သူတို့သည် ယဲ့ထျန်းကဲ့သို့ အဆင့်မြင့် သိုင်းပညာရှင်များနှင့် ယှဉ်ပြိုင်နိုင်စွမ်း မရှိသေးသော်လည်း ဤဓားသိုင်းဖြင့် အဆင့်တူ ပြိုင်ဘက်များကိုတော့ အသေအချာ ဖိနှိပ်နိုင်စွမ်း ရှိနေပြီ ဖြစ်သည်။
ယဲ့ပုဖန်က အားလုံးကို ထပ်မံ၍ အမိန့်ပေးလိုက်သည်။
"ကဲ... အချိန်တိုအတွင်းမှာ ဒီလောက်အထိပဲ လေ့ကျင့်လို့ ရလိမ့်မယ်... နောက်ပိုင်းကျမှ ထပ်ပြီး ကြိုးစား ကျင့်ကြံကြတာပေါ့... အခု ကျင်းဟုန် ဓားအစီအရင်ကို စပြီး လေ့ကျင့်ကြမယ်... ဒါက နောင်တစ်ချိန်မှာ မင်းတို့ အသက်ရှင်ရပ်တည်နိုင်ဖို့အတွက် အဓိက လက်နက် ဖြစ်လာလိမ့်မယ်..."
ထို့နောက် သူသည် ဓားအစီအရင် လေ့ကျင့်ရန်အတွက် လမ်းညွှန်မှုများ စတင်ပေးလေတော့သည်။ ကျင်းဟုန် ဓားသိုင်းကို အခြေခံအဖြစ် တတ်မြောက်ထားပြီး ဖြစ်ရာ တစ်ယောက်နှင့် တစ်ယောက် မည်သို့ ချိတ်ဆက် လှုပ်ရှားရမည်ကိုသာ လေ့ကျင့်ရန် ကျန်တော့၏။
ပထမဆုံး အနေဖြင့် လူ (၃) ယောက် တစ်စုခွဲကာ ဓားအစီအရင် အသေးစားလေးများ စတင် လေ့ကျင့်စေသည်။ ယဲ့ပုဖန်၏ စိတ်ဝိညာဉ်အာရုံ လမ်းညွှန်မှုအောက်တွင် သူတို့အားလုံးမှာ လျင်မြန်စွာ တိုးတက်လာကြသည်။
တဖြည်းဖြည်း ရင်းနှီးကျွမ်းဝင်လာသည်နှင့်အမျှ အသင်းသားများသည် ကျင်းဟုန် ဓားအစီအရင်၏ အဓိက သော့ချက်များကို နားလည် သဘောပေါက်လာကြပြီး ဓားအစီအရင်၏ ကြောက်မက်ဖွယ် စွမ်းအားကိုလည်း ရှာဖွေတွေ့ရှိသွားကြသည်။
တစ်ရက်မျှ လေ့ကျင့်အပြီးတွင် ကောင်းကင် အလယ်အလတ်အဆင့် သိုင်းပညာရှင် သုံးဦး ပေါင်း၍ ကျင်းဟုန် ဓားအစီအရင်ကို ခင်းကျင်းလိုက်ရုံဖြင့် ကောင်းကင်အဆင့် ပြီးပြည့်စုံခြင်းအဆင့် အသင်းသား တစ်ဦးကိုပင် ရင်ဘောင်တန်း ယှဉ်ပြိုင်လာနိုင်ပြီ ဖြစ်သည်။
ထို့နောက် ယဲ့ပုဖန်က အသင်းသားများအား တာဝန်အသစ် တစ်ခု ပေးအပ်လိုက်သည်။ ၎င်းမှာ ယဲ့ထျန်းနှင့် ယှဉ်ပြိုင် တိုက်ခိုက်ရာတွင် ယဲ့ထျန်း၏ ခန္ဓာကိုယ်ကို ဓားတစ်ချက် ထိအောင် ခုတ်နိုင်ပါက သူတို့၏ ကျင်းဟုန် ဓားအစီအရင်ကို အောင်မြင်စွာ တတ်မြောက်ပြီဟု သတ်မှတ်ပေးမည် ဟူ၍ပင်။
နောက်ထပ် သုံးရက်တာ ကာလအတွင်း အသင်းသား (၂၅) ဦးသည် ဓားအစီအရင်များ ဖွဲ့စည်းကာ ယဲ့ထျန်းကို အဆက်မပြတ် ဝင်ရောက် တိုက်ခိုက်ကြတော့သည်။
ကံကောင်းသည်မှာ ယဲ့ထျန်းက အလောင်းရုပ်သေး တစ်ကောင်သာ ဖြစ်နေသဖြင့် အနားယူရန် မလိုအပ်ဘဲ အသင်းသားများ၏ လေ့ကျင့်ရေးအတွက် အမြဲတမ်း အဖော်ပြုပေးနိုင်ခြင်းပင် ဖြစ်သည်။ ရက်များ ကုန်လွန်လာသည်နှင့်အမျှ ကျူးချွဲအသင်းသားများ၏ လက်ထဲတွင် ကျင်းဟုန် ဓားအစီအရင်မှာ ပိုမို ချောမွေ့လာပြီး အံ့မခန်း စွမ်းအားများကိုလည်း ပြသလာနိုင်ခဲ့သည်။
ကနဦးတွင် ယဲ့ထျန်းသည် ကလေးများနှင့် ဂိမ်းကစားနေရသကဲ့သို့ အေးဆေး သက်သာလှပေသည်။ သို့သော် ထိုအခြေအနေမှာ ကြာရှည် မခံခဲ့ပေ။ မကြာမီမှာပင် သူသည် အာရုံစိုက်ကာ အင်ပြည့် အားပြည့် ရင်ဆိုင်လာရတော့သည်။
လေ့ကျင့်ရေး၏ နောက်ဆုံးရက်တွင် စီတုတျန့်မော့မှလွဲ၍ ကျန်အသင်းသား (၂၄) ဦးစလုံးသည် ပူးပေါင်း၍ အလွန် ကြီးမားသော ကျင်းဟုန် ဓားအစီအရင်ကြီးကို ခင်းကျင်းလိုက်ကြပြီး ယဲ့ထျန်းကို အစီအရင်အတွင်း လှောင်ပိတ် ဝန်းရံလိုက်ကြသည်။
ယဲ့ပုဖန်၏ လမ်းညွှန်မှုအောက်တွင် ထိုလူများ၏ တိုးထွက်ခြင်း၊ ဆုတ်ခွာခြင်း လှုပ်ရှားမှုများက အလွန် တိကျသေချာလှပြီး ဓားအလင်းတန်းများမှာလည်း တစ်ခုနှင့် တစ်ခု ယှက်နွယ် ရှုပ်ထွေးနေသည်။ ယဲ့ထျန်းအနေဖြင့် မည်သည့် အခွင့်အရေးမှ မရနိုင်တော့သည့်အပြင် တဖြည်းဖြည်းနှင့် ဖိနှိပ်ခံလာရသည့် လက္ခဏာများပင် ပြသလာရသည်။
သေချာသည်ကတော့ ဤသည်မှာ သူ၏ စွမ်းအားကို အပြည့်အဝ ထုတ်မသုံးထားသောကြောင့်လည်း ဖြစ်သည်။ သူက ကျူးချွဲအသင်းသားများကို သတ်ပစ်၍ မရနိုင်ပေ။ မည်သို့ပင်ဖြစ်စေ ယဲ့ထျန်းက မြေကမ္ဘာ အလယ်အလတ်အဆင့် သိုင်းပညာရှင် တစ်ဦး ဖြစ်နေသည်မို့ အသင်းသားများ၏ ဤမျှလောက် လုပ်ဆောင်နိုင်သည်မှာ အလွန် ချီးကျူးထိုက်လှပေသည်။
နောက်ဆုံးတွင် ကျင်းဟုန် ဓားအစီအရင်မှ အပြင်းထန်ဆုံးသော သတ်ကွက်ဖြစ်သည့် ကောင်းကင်နှင့် မြေကြီး ပိုက်ကွန်ကို ထုတ်သုံးလိုက်လေသည်။
နေရာအနှံ့မှ ကြက်ခြေခတ် ဖြတ်သန်းသွားသော ဓားအလင်းတန်းများအောက်တွင် ယဲ့ထျန်းမှာ အပြည့်အဝ ရှောင်တိမ်းနိုင်စွမ်း မရှိတော့ဘဲ သူ၏ ဘယ်ဘက်ပခုံးကို ကျူးချွဲ နံပါတ် (၁၃) ၏ ဓားချက် ထိမှန်သွားလေတော့သည်။
"ဟေး..."
ကျူးချွဲအသင်းသားများ အားလုံး ဝမ်းသာအားရ အော်ဟစ်လိုက်ကြသည်။ ဤဓားချက်က ယဲ့ထျန်းကို အနည်းငယ်မျှပင် ဒဏ်ရာ မရစေနိုင်သော်လည်း ယဲ့ပုဖန် သတ်မှတ်ထားသော စည်းမျဉ်းများအရဆိုလျှင် သူတို့အားလုံး ကျင်းဟုန် ဓားအစီအရင်ကို အောင်မြင်စွာ တတ်မြောက်သွားပြီဟု သတ်မှတ်၍ ရလေပြီ။
***