ဟယ်ချင်းကျီက ယဲ့ပုဖန်အား ကြည့်ကာ အနည်းငယ် အနေခက်စွာဖြင့် "နည်းပြချုပ်... ကျွန်တော်တို့ ရွှမ်ဝူအသင်းက ထူးခြားတဲ့ သဘာဝလေးတွေ ရှိနေပါတယ်... ကျူးချွဲအသင်းနဲ့ ယှဉ်ပြိုင်ရမယ် ဆိုရင် ကျွန်တော်တို့ဘက်က လက်နက်တွေ အသုံးပြုခွင့် ရနိုင်မလား... သေချာတာကတော့ ဒီလက်နက်တွေက လေ့ကျင့်ရေးအတွက် အထူးပြုလုပ်ထားတာမို့လို့ အသင်းသားတွေကို ထိခိုက်ဒဏ်ရာရစေမှာတော့ မဟုတ်ပါဘူး..." ဟု မေးလိုက်သည်။
"ရတာပေါ့... မင်းတို့က မူလကတည်းက စက်ရုပ်လူသားတွေ ဖြစ်နေမှတော့ လက်နက် မသုံးဘဲ ဘယ်ရပါ့မလဲ..."
ယဲ့ပုဖန်က တုံ့ဆိုင်းနေခြင်း အလျဉ်းမရှိဘဲ သဘောတူလိုက်သည်။ ထို့နောက် သူက "ပြီးတော့ ခေါင်းဆောင် တစ်ယောက်အနေနဲ့ အစ်ကိုဟယ်လည်း ပါဝင်သင့်တယ်လို့ ငါ ထင်တယ်... ဒါဆိုရင် ပွဲက ပိုပြီး စိတ်ဝင်စားစရာ ကောင်းသွားမှာပဲ..." ဟု ထပ်လောင်း ပြောလိုက်၏။
စက်ရုပ်လက်တံကို တပ်ဆင်ပြီးကတည်းက ဟယ်ချင်းကျီသည် သူ၏ စွမ်းအားကို စမ်းသပ်ရန် တိုက်ပွဲ တစ်ခုကို ရှာဖွေနေခဲ့ရာ ဤအကြံပြုချက်က သူ့ကို အတော်လေး ဆွဲဆောင်သွားလေသည်။
သို့သော် သူက "နည်းပြချုပ်... ကျွန်တော် ကိုယ်တိုင် ပြိုင်ပွဲမှာ ဝင်ပါဖို့ဆိုတာ သိပ်ပြီး မသင့်တော်ဘူး ထင်ပါတယ်..." ဟု ငြင်းဆန်လိုက်သေး၏။
ယဲ့ပုဖန်က "ဘာမသင့်တော်စရာ ရှိလို့လဲ... ဒီဘက်က စီတုတျန့်မော့လည်း မြေကမ္ဘာအဆင့်ကို ရောက်နေပြီလေ... တစ်ဖက်ကို မြေကမ္ဘာအဆင့် တစ်ယောက်စီ ဆိုတော့ အင်အား မျှတသွားတာပေါ့..." ဟု ဆိုသည်။
ဟယ်ချင်းကျီက "နည်းပြချုပ်က ဒီလိုပြောနေမှတော့ ကျွန်တော်လည်း အားနာမနေတော့ဘူးဗျာ..." ဟု လက်ခံလိုက်တော့သည်။
စီမာဝေက "ရွှမ်ဝူအသင်းရဲ့ ထူးခြားတဲ့ သဘာဝအရ ဒီလက်တွေ့ တိုက်ခိုက်ရေးက ကျင့်ကြံမှု သက်သက်ကို ယှဉ်ပြိုင်တာ မဟုတ်တော့ဘူး... ပြိုင်ပွဲ ပုံစံကို နည်းနည်းလေး အပြောင်းအလဲ လုပ်ကြရအောင်... ဒီလိုလုပ်ရင်ကော... ဟိုးဘက်က တောင်ကုန်းငယ်လေးပေါ်မှာ အနီရောင် အလံတစ်ချောင်း သွားစိုက်ထားမယ်... ဘယ်အသင်းက အဲဒီအလံကို အရင်ရလဲ... အဲဒီအသင်း နိုင်တာပဲ..." ဟု အကြံပြုလိုက်သည်။
ယဲ့ပုဖန်က "ဒါ ကောင်းတဲ့ အကြံပဲ..." ဟု ထောက်ခံလိုက်၏။
ဟယ်ချင်းကျီကလည်း ခေါင်းညိတ်ကာ "ကျွန်တော်တို့လည်း ကန့်ကွက်စရာ မရှိပါဘူး..." ဟု ဆိုလေသည်။
သူ၏ အမြင်တွင် အလံလုသည့် ပြိုင်ပွဲပုံစံမှာ ရွှမ်ဝူအသင်းအတွက် ပို၍ အားသာချက် ရှိနေပေသည်။ သူတို့တွင် လက်နက်များ ရှိပြီး အဝေးမှ တိုက်ခိုက်ရာတွင် အကြွင်းမဲ့ အသာစီးရထားသဖြင့် ဤအစီအစဉ်ကို ကန့်ကွက်စရာ အကြောင်း မရှိချေ။
စီမာဝေက လူတစ်ယောက်ကို အလံသွားစိုက်ရန် စီစဉ်လိုက်ပြီးနောက် ပြိုင်ပွဲစည်းမျဉ်းများကို အသေးစိတ် တွေးတော သတ်မှတ်လိုက်သည်။ အကယ်၍ ကျူးချွဲအသင်းသား တစ်ဦးဦးသည် တစ်ဖက်အသင်း၏ လေ့ကျင့်ရေးကျည်ဆန် ထိမှန်ခံရပါက တိုက်ပွဲကွင်းပြင်မှ ချက်ချင်း ထွက်ခွာပေးရမည် ဖြစ်ပြီး ပြိုင်ပွဲတွင် ဆက်လက် ပါဝင်ခွင့် မရှိတော့ပေ။
မကြာမီမှာပင် အဝေးရှိ တောင်ကုန်းငယ်လေးပေါ်တွင် အနီရောင်အလံ တစ်ချောင်းကို စိုက်ထူလိုက်ကြပြီးနောက် ကျူးချွဲအသင်းနှင့် ရွှမ်ဝူအသင်းတို့မှာ ပတ်ဝန်းကျင်၌ နေရာယူလိုက်ကြသည်။
စီမာဝေက အမိန့်ပေးလိုက်ပြီးနောက် ပြိုင်ပွဲကို တရားဝင် စတင်လိုက်လေပြီ။
ပြိုင်ပွဲ အခြေအနေသို့ ဝင်ရောက်သွားသည်နှင့် တစ်ပြိုင်နက် ဟယ်ချင်းကျီနှင့် ရွှမ်ဝူအသင်းသားများမှာ ကြောက်မက်ဖွယ် ရန်သူကြီးနှင့် ရင်ဆိုင်ရတော့မည့်အလား ချက်ချင်းပင် သတိဝီရိယ အပြည့်အဝ ထားလိုက်ကြတော့သည်။
သူတို့တွင် သေနတ်များ ရှိနေသော်လည်း ကျူးချွဲအသင်း၏ ပုံမှန်မဟုတ်သော ကြောက်မက်ဖွယ် တိုက်ခိုက်ရေး စွမ်းအားများကို ကိုယ်တိုင် မျက်မြင်တွေ့ရှိထားပြီး ဖြစ်ရာ အစွမ်းကုန် ကြိုးစားရမည်သာ ဖြစ်ပေသည်။
သို့သော် အချိန်များ တဖြည်းဖြည်း ကုန်လွန်လာပြီး တောင်ထိပ်ဆီသို့ သူတို့ ဖြည်းညင်းစွာ ချဉ်းကပ်သွားကြသော်လည်း ကျူးချွဲအသင်းသား တစ်ယောက်မှ ပေါ်မလာခဲ့ပေ။
"နည်းပြ... ဘာတွေ ဖြစ်နေတာလဲ... ကျူးချွဲအသင်းသားတွေ ဘယ်ရောက်သွားကြတာလဲ..."
ဟယ်ချင်းကျီမှာလည်း သံသယများဖြင့် ပြည့်နှက်နေ၏။ ရူးသွပ်စစ်သည်တော် အထူးတပ်ဖွဲ့၏ ခေါင်းဆောင်ဟောင်း တစ်ယောက်အနေဖြင့် သူ၏ တိုက်ပွဲ အတွေ့အကြုံများမှာ ကြွယ်ဝလှသော်လည်း ယခု ဘာဖြစ်နေသနည်း ဆိုတာကို သူ တွေး၍ မရနိုင်တော့ချေ။
တကယ်လို့ တစ်ဖက်လူတွေမှာ သေနတ်တွေ ရှိနေမယ်ဆိုရင် အဝေးကနေ လှမ်းပြီး တိုက်ခိုက်လာနိုင်တယ်လို့ သံသယ ဝင်လို့ ရသေးသည်။ သို့သော် အခြေအနေက ထိုသို့ လုံးဝ မဟုတ်ပေ။
ပြိုင်ဘက်တွေက သိုင်းပညာရှင် သက်သက်တွေသာ ဖြစ်ကြသည်။ သူတို့က ပေါ်လည်းမလာ၊ အနီးကပ်လည်း မချဉ်းကပ်လာဘူးဆိုရင် ဘယ်လို နည်းလမ်းမျိုး သုံးပြီး တိုက်ခိုက်လာမလဲ ဆိုတာကို စိတ်ကူးကြည့်ဖို့တောင် ခက်ခဲလှပေသည်။
ဤအခိုက်အတန့်တွင် အခြား အသင်းသားတစ်ဦးက "နည်းပြ... ကျူးချွဲအသင်းက ကျွန်တော်တို့ရဲ့ အင်အားကို ကြောက်သွားတာများလား... ဒါကြောင့် ပြိုင်ပွဲကနေ လက်လျှော့သွားတာနေမယ်..." ဟု ဝင်ပြောလိုက်သည်။
ထိုသူ၏ စကားဆုံးသည်နှင့် ဘေးရှိ အခြား အသင်းသားတစ်ဦးက သူ၏ ခေါင်းကို ဒုတ်ခနဲ နေအောင် လှမ်းခေါက်လိုက်ပြီး "မင်း ရူးနေလား... ကျူးချွဲအသင်းက ဘယ်လောက် အစွမ်းထက်လဲ ဆိုတာ မင်း မမြင်ဘူးလား... ချင်လုံအသင်းရော၊ ပိုင်ဟုအသင်းရော လုံးဝ ခုခံနိုင်စွမ်း မရှိခဲ့ကြဘူးလေ... တကယ်လို့ တစ်ယောက်ယောက်က ကြောက်ရမယ် ဆိုရင် အဲဒါ ငါတို့ပဲ ဖြစ်ရမှာပေါ့..." ဟု ဆူပူလိုက်သည်။
ထိုလူမှာ ချက်ချင်း မျက်နှာမဲ့သွားသော်လည်း သေချာ စဉ်းစားကြည့်လိုက်သောအခါ အဓိပ္ပာယ် ရှိနေကြောင်း သဘောပေါက်သွား၏။
တခြားသူတွေကို ခဏဖယ်ထားဦး။ စီတုတျန့်မော့ တစ်ယောက်တည်းနဲ့တင် သူတို့အတွက် အိပ်မက်ဆိုးကြီး တစ်ခု ဖြစ်နေပြီ မဟုတ်ပါလား။
သူမက ကြောက်လန့်သွားစရာ အကြောင်း လုံးဝ မရှိပေ။
ဟယ်ချင်းကျီက "ကဲ... အားလုံးပဲ သတိထားကြ... ကျူးချွဲအသင်းက ကိုင်တွယ်ဖြေရှင်းဖို့ လွယ်တဲ့ သူတွေ မဟုတ်ဘူး... ငါတို့ ကိုယ့်အရှိန်နဲ့ကိုယ်ပဲ ရှေ့ဆက် တက်ကြမယ်... အနီရောင်အလံကို ရတာနဲ့ ပြိုင်ပွဲက ပြီးသွားမှာပဲ..." ဟု အမိန့်ပေးလိုက်သည်။
ယခုအချိန်တွင် သူ့၌ ပိုကောင်းသော နည်းလမ်း မရှိတော့ရာ ကြုံလာသမျှကို အခြေအနေအရ ရင်ဆိုင် ဖြေရှင်းရန်သာ ရှိတော့၏။
နည်းပြဖြစ်သူ သူနှင့်တကွ အသင်းသား (၂၅) ယောက်တို့သည် တောင်ကုန်းငယ်ထိပ်ဆီသို့ ဖြည်းညင်းစွာ ချဉ်းကပ်သွားကြပြီး လမ်းတစ်လျှောက်လုံးတွင် အစဉ်အမြဲ သတိဝီရိယ ထားနေကြသည်။ ကနဦးတွင် ထိုလူများမှာ ပြန့်ကျဲနေကြသော်လည်း တောင်ထိပ်သို့ တဖြည်းဖြည်း နီးကပ်လာသည်နှင့်အမျှ မြေပြင်အနေအထားအရ အတူတကွ စုရုံးလာကြတော့သည်။
တောင်ကုန်းငယ်လေးမှာ သိပ်မကြီးမားလှဘဲ အားလုံး တောင်ထိပ်သို့ ရောက်ရှိသွားသောအခါ အနီရောင်အလံလေးကို မျက်မြင် ကိုယ်တွေ့ မြင်နေရပြီ ဖြစ်သည်။ သို့သော်လည်း ယခုအချိန်အထိ ကျူးချွဲအသင်း၏ အရိပ်အယောင်ကိုပင် မတွေ့ရသေးချေ။
အသင်းသား တစ်ဦးက "ခေါင်းဆောင်... ကျွန်တော်တို့ ပြိုင်ပွဲအချိန် ဒါမှမဟုတ် စည်းမျဉ်းတွေကိုများ မှားမှတ်ထားမိတာလား..." ဟု မေးလိုက်သည်။
အခြား အသင်းသား တစ်ဦးကလည်း "ဟုတ်တယ်... အခုထိ ကျူးချွဲအသင်းက လူတွေကို မတွေ့ရသေးတာ တကယ်ကို ထူးဆန်းလွန်းနေပြီ..." ဟု ထောက်ခံ၏။
"စည်းမျဉ်းတွေကတော့ သေချာပေါက် မှန်ပါတယ်... စောစောကမှ လူပုံအလယ်မှာ ကြေညာသွားတာလေ..."
ဟယ်ချင်းကျီက ဆက်လက်၍ "အဲဒါတွေကို အခုလောလောဆယ် စိတ်မပူကြနဲ့ဦး... အနီရောင်အလံကို အရင်သွားယူကြမယ်... မင်းတို့က ဒီကနေ သတိထား စောင့်ကြည့်နေ... ငါ သွားနှုတ်လိုက်မယ်..." ဟု ဆိုသည်။
စကားပြောပြီးသည်နှင့် သူက တောင်ထိပ်ရှိ အနီရောင်အလံကို သွားရောက် နှုတ်ယူရန် ပြင်လိုက်စဉ်မှာပင် ရုတ်တရက် ဝှစ်ခနဲ မြည်သံတစ်ခု ပေါ်ထွက်လာတော့သည်။
ဟယ်ချင်းကျီမှာ ချက်ချင်းပင် သတိဝင်သွားကာ အသင့်အနေအထား ပြင်လိုက်၏။ ကြည့်ရသည်မှာ ကျူးချွဲအသင်းက ပြိုင်ပွဲကို လက်လျှော့လိုက်ခြင်း မဟုတ်ဘဲ ထောင်ချောက်တစ်ခုကို ကြိုတင် ဆင်ထားခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
အသံကို ကြားလိုက်ရသောအခါ ရွှမ်ဝူအသင်းသားများ အားလုံး ချက်ချင်းပင် တင်းမာသွားကြပြီး သူတို့၏ လက်နက်များကို မြှောက်ကာ အသံလာရာဆီသို့ လှမ်းကြည့်လိုက်ကြသည်။
လေထဲတွင် လျင်မြန်စွာ ပျံသန်းလာသော လေးထောင့်စပ်စပ်၊ အကျယ် တစ်မီတာခွဲခန့်ရှိ သတ္တုတုံး တစ်တုံးကို သူတို့ မြင်လိုက်ရသည်။
"ဒါ ဘာကြီးလဲ... ဗုံးလား... မဟုတ်သေးပါဘူး... မဖြစ်နိုင်တာ... ကျူးချွဲအသင်းက ဗုံးကို ဘယ်လိုလုပ် သုံးမှာလဲ..."
"ဒီအရာကြီးက လေးထောင့်ကြီးပဲ... လေးထောင့်ပုံစံ ဗုံးဆိုတာ ငါ တစ်ခါမှ မကြားဖူးပါဘူး..."
"ငါ့အထင်တော့ အဲဒါ သံတုံးကြီး သက်သက်ပဲနေမှာပါ... နေဦး... ငါ့ကို ဘယ်သူ တွန်းနေတာလဲ..."
အချင်းချင်း ဆွေးနွေးပြောဆိုနေကြစဉ်မှာပင် သတ္တုတုံးကြီးက တဖြည်းဖြည်း နီးကပ်လာကာ ရွှမ်ဝူအသင်းသားများ အားလုံးမှာ ကြီးမားလှသော ဆွဲငင်အား တစ်ခုကို ရုတ်တရက် ခံစားလိုက်ကြရတော့သည်။
"ဒုက္ခပဲ... ဒါက အစွမ်းထက် သံလိုက်တုံးကြီးပဲ... အားလုံး မြန်မြန် လူစုခွဲကြ..."
ဟယ်ချင်းကျီမှာ တစ်ခုခု မှားယွင်းနေပြီဖြစ်ကြောင်းကို ပထမဆုံး အာရုံခံမိလိုက်သူ ဖြစ်သည်။ သူက အသံကျယ်ကြီးဖြင့် အော်ဟစ် သတိပေးလိုက်ပြီးနောက် နောက်ဆုတ်ရန် ပြင်လိုက်သော်လည်း နောက်ကျသွားခဲ့လေပြီ။
သံလိုက်တုံးကြီးက တောင်ကုန်းငယ်၏ ထိပ်ပေါ်သို့ ကျရောက်လာခဲ့ပြီး ၎င်းမှ ထုတ်လွှတ်လိုက်သော သံလိုက်ဆွဲငင်အားမှာ အလွန် ပြင်းထန်လွန်းလှသဖြင့် ဟယ်ချင်းကျီကဲ့သို့သော သန်မာသူပင်လျှင် မရုန်းထွက်နိုင်တော့ချေ။
မျက်စိတစ်မှိတ်အတွင်းမှာပင် လူ (၂၆) ယောက်စလုံးမှာ သံလိုက်တုံးကြီးဆီသို့ စုပ်ယူခြင်း ခံလိုက်ရတော့သည်။ ထိုအခါ အလွန် အရှက်ရဖွယ် ကောင်းသော မြင်ကွင်းတစ်ခု ထွက်ပေါ်လာတော့၏။
ရွှမ်ဝူအသင်း တစ်သင်းလုံးမှာ အစွမ်းထက် သံလိုက်တုံးကြီး၏ ဘေးပတ်ပတ်လည်တွင် စုပုံနေကြရပြီး တိုက်ခိုက်ရေး စွမ်းရည်များ အားလုံး လုံးဝ ဆုံးရှုံးသွားကြတော့သည်။
ဤအခိုက်အတန့်တွင် လူရိပ်တစ်ခု ဝှစ်ခနဲ လှုပ်ရှားသွားကာ စီတုတျန့်မော့သည် တောင်ထိပ်ပေါ်သို့ ပထမဆုံး ထွက်ပေါ်လာတော့သည်။ သူမက ဟယ်ချင်းကျီနှင့် အခြားသူများကို ကြည့်ကာ ခပ်ဟဟ ပြုံးပြလိုက်ပြီးနောက် လက်လှမ်းကာ အနီရောင်အလံကို နှုတ်ယူလိုက်ပြီး တောင်ခြေဘက်သို့ ဝှေ့ယမ်းပြလိုက်လေသည်။
ချက်ချင်းဆိုသလိုပင် ကျူးချွဲအသင်းမှ ကျန်အသင်းသား (၂၄) ယောက်နှင့်အတူ ယဲ့ပုဖန်နှင့် အခြားသူများလည်း တောင်ထိပ်ပေါ်သို့ တက်လာကြသည်။
လိုင်ဖော်ကျွင်းက အားပါးတရ ရယ်မောလိုက်ပြီး "အစ်ကိုဟယ်ရယ်... ခင်ဗျားတို့ ရှုံးရတာက ကျွန်တော်တို့ ပိုင်ဟုအသင်းထက်တောင် ပိုပြီး စိတ်ပျက်စရာ ကောင်းနေသေးတယ်... ဟိုဘက်က လူတွေရဲ့ အရိပ်ကိုတောင် မမြင်လိုက်ရဘဲနဲ့ ဒီလိုဘဝကို ရောက်သွားရတယ်လို့..." ဟု လှောင်ပြောင်လိုက်သည်။
ဟယ်ချင်းကျီ၏ မျက်နှာအိုကြီးမှာ ဝက်အသည်းရောင် အဆင်းသို့ ပြောင်းလဲသွားကာ သွေးစက်များပင် ကျလာမတတ် နီရဲသွားတော့သည်။ တကယ်ကိုပင် သူက ဤပြိုင်ပွဲကို အလွန် ရှက်ဖွယ်ကောင်းစွာ ရှုံးနိမ့်သွားခဲ့ရပေသည်။ ပြိုင်ဘက်များကိုပင် မမြင်လိုက်ရဘဲ အရှုံးနှင့် ရင်ဆိုင်လိုက်ရသည် မဟုတ်ပါလား။
သူ၏ ဘေးရှိ ရွှမ်ဝူအသင်းသား တစ်ဦးက ဒေါသတကြီးဖြင့် "ကျွန်တော် ဒါကို လက်မခံနိုင်ဘူး... ဒါက ပူးပေါင်းကြံစည်မှုကြီး... မတရားတဲ့ အနိုင်ယူမှုပဲ..." ဟု အော်ဟစ်လိုက်သည်။
သူ၏ စကားကို ကြားသောအခါ ပြုံးနေခဲ့သော ယဲ့ပုဖန်၏ မျက်နှာမှာ ချက်ချင်းပင် အေးစက်သွားကာ "မတရားတဲ့ အနိုင်ယူမှု ဟုတ်လား... တကယ်လို့ ဒါက စစ်မြေပြင်သာ ဆိုရင် မင်းတို့က အလောင်းကောင်တွေ ဖြစ်နေလောက်ပြီ... စစ်သည်တော် တစ်ယောက်အနေနဲ့ ပထမဆုံး စဉ်းစားရမှာက ပြိုင်ဘက်ကို ဘယ်လို အနိုင်ယူမလဲ ဆိုတာကိုပဲ... ဘယ်လို နည်းလမ်းကို သုံးမလဲ ဆိုတာက ထည့်သွင်း စဉ်းစားရမယ့် ဘောင်ထဲမှာ မရှိဘူး..." ဟု ပြတ်ပြတ်သားသား ဆိုလိုက်သည်။
"ဒါက..."
ထိုရွှမ်ဝူအသင်းသားမှာ စကားမဆက်နိုင်တော့သော်လည်း သူ၏ မျက်လုံးများထဲတွင် မကျေနပ်မှုများ ရှိနေသေးကြောင်း ထင်ရှားနေဆဲပင်။
ယဲ့ပုဖန်က သူ့အား စူးရှသော အကြည့်များဖြင့် ကြည့်ကာ "မင်းက တကယ့် အစစ်အမှန် တိုက်ပွဲကို လိုချင်နေတာ မဟုတ်လား... ကောင်းပြီလေ... မင်း အခုချက်ချင်း စီတုတျန့်မော့နဲ့ သွားတိုက်... မင်းသာ နိုင်ရင် ရွှမ်ဝူအသင်း နိုင်တယ်လို့ သတ်မှတ်ပေးမယ်..." ဟု အမိန့်ပေးလိုက်တော့သည်။
***