ထိုသူက ရှက်ကိုးရှက်ကန်းဖြင့် "ဒါက မတူဘူးလေ... ကျွန်တော်တို့က စက်ရုပ်လူသားတွေဆိုတော့ လက်နက်တွေ သုံးလို့ရတယ်လေ..." ဟု ဆိုသည်။
သူက နောက်ပြောင်နေခြင်းသာ ဖြစ်သည်။ အကယ်၍ လက်နက်အစစ်များကို သုံးပြီး စီတုတျန့်မော့ကို စိန်ခေါ်ရမည် ဆိုလျှင် သူ ဘယ်လို သေသွားမှန်းတောင် သိလိုက်ရမည် မဟုတ်ပေ။
ယဲ့ပုဖန်က "စက်ရုပ်လူသားတွေ ဖြစ်တဲ့အတွက် လက်နက်တွေကို ပိုင်ဆိုင်ထားနိုင်တာက မင်းတို့ရဲ့ အားသာချက်ပဲ... ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ မင်းတို့ဆီမှာ ကိုယ်ပိုင် အားနည်းချက်တွေလည်း ရှိနေတယ်..." ဟု ပြောလိုက်သည်။
"မင်းတို့ရဲ့ အကြီးမားဆုံး အားနည်းချက်ကတော့ ခန္ဓာကိုယ်ပေါ်မှာ တပ်ဆင်ထားတဲ့ စက်ယန္တရား အစိတ်အပိုင်းတွေပဲ... သံမဏိနဲ့ ပြုလုပ်ထားတဲ့ ဒီပစ္စည်းတွေက အစွမ်းထက် သံလိုက်တုံးကြီးနဲ့ တွေ့လိုက်တာနဲ့ တစ်ပြိုင်နက် လုံးဝ အသုံးမဝင်တော့ဘူး..."
သူ၏ စကားကို ကြားသောအခါ ရွှမ်ဝူအသင်းသားများ၏ မျက်နှာပေါ်တွင် အံ့သြမှင်တက်သွားသော အမူအရာများ ထွက်ပေါ်လာကြသည်။
စက်ယန္တရားများ တပ်ဆင် ပြုပြင်ပြီးနောက် ဤလူတစ်ဦးစီတိုင်းသည် ယုံကြည်မှုများ အပြည့်အဝ ရှိနေခဲ့ကြသည်။ သူတို့၏ ကျင့်ကြံမှုအဆင့်က အခြား အသင်းသုံးသင်းကို မမီသော်လည်း စစ်မြေပြင်တွင် သူတို့၏ သတ်ဖြတ်နိုင်စွမ်းက အမြင့်ဆုံးအဆင့်တွင် ရှိသည်ဟု ခံစားထားခဲ့ကြရာ ဤကဲ့သို့သော အားနည်းချက်မျိုး ရှိနေမည်ဟု တစ်ခါမျှ မတွေးထားခဲ့ဖူးချေ။
ယဲ့ပုဖန်က သူတို့ကို ကြည့်ကာ "မယုံဘူးလား... အမေရိကန်က X တပ်ဖွဲ့ အကြောင်းကို မင်းတို့ ကြားဖူးတယ် မဟုတ်လား... စက်ရုပ်လူသား ပြုပြင်ပြောင်းလဲရေး နည်းပညာ အပိုင်းမှာ ငါတို့ တရုတ်နိုင်ငံက အမေရိကန်လောက် မတိုးတက်သေးတာ အမှန်ပဲ..."
"ဒါပေမဲ့ အဲဒီလောက် အစွမ်းထက်ပါတယ်ဆိုတဲ့ X တပ်ဖွဲ့ကို ကျန်းနန်မြို့မှာ အစွမ်းထက် သံလိုက်တုံးကြီး သုံးပြီး ငါ ရှင်းလင်းခဲ့တာပဲ... အဲဒီအချိန်တုန်းက သူတို့တွေဟာ တိုက်ခိုက်ဖို့ နေနေသာသာ ကိုယ့်ကိုယ်ကိုယ်တောင် မကာကွယ်နိုင်ခဲ့ကြဘူး..."
ဤသတင်းကို ကြားသောအခါ ရောက်ရှိနေသူ အားလုံး အလွန်အမင်း တုန်လှုပ်သွားကြသည်။
အထူးသဖြင့် မူရုန်ဖိန်၊ လိုင်ဖော်ကျွင်းနှင့် အခြားသူများသည် X တပ်ဖွဲ့ တစ်ဖွဲ့လုံး အမြစ်ပြတ် သုတ်သင်ခံခဲ့ရသည့် ကျန်းနန်မြို့ တိုက်ပွဲအကြောင်းကို ယခင်က ကြားဖူးထားကြသည်။ ရွှမ်ယွမ်စံအိမ်၏ အဖွဲ့ဝင်များ အနေဖြင့် အမေရိကန် X တပ်ဖွဲ့၏ စွမ်းအားကို သိရှိထားကြရာ တစ်ဖက်လူက သူတို့ကို မည်သို့ နှိမ်နင်းပြီး ဓားစာခံများကို အောင်မြင်စွာ ကယ်တင်နိုင်ခဲ့သနည်း ဆိုသည်ကို အလွန် သိချင်နေခဲ့ကြသည်။
X တပ်ဖွဲ့ကို အမြစ်ပြတ် သုတ်သင်ခဲ့သူမှာ သူတို့၏ နည်းပြချုပ် ဖြစ်နေမည်ဟု ၊ ထို့အပြင် ဤမျှ မထင်မှတ်ထားသော ဗျူဟာမျိုးကို အသုံးပြုခဲ့မည်ဟု သူတို့ လုံးဝ မမျှော်လင့်ထားခဲ့ကြပေ။
ယဲ့ပုဖန်က ဆက်လက်၍ "ငါတို့ တရုတ်ပြည်မှာ ရှေးစကား တစ်ခွန်း ရှိတယ်... သူ့ကိုသိ ကိုယ့်ကိုသိလျှင် ရာပွဲနွှဲ၍ ရာပွဲနိုင်မည်တဲ့... ကိုယ့်ရဲ့ အားနည်းချက်နဲ့ ရန်သူရဲ့ အားသာချက်တွေကို ရှင်းရှင်းလင်းလင်း နားလည်ထားမှသာ နောက်ဆုံး အောင်ပွဲကို ရယူနိုင်မှာ ဖြစ်တယ်..."
"ဒီနေ့ ကျူးချွဲအသင်းကို အစွမ်းထက် သံလိုက်တုံးကြီး သုံးခိုင်းခဲ့ရတဲ့ အကြောင်းရင်းက မင်းတို့ရဲ့ အားနည်းချက်တွေကို မင်းတို့ကိုယ်တိုင် ရှင်းရှင်းလင်းလင်း သိမြင်သွားအောင်လို့ပဲ... ဒါမှသာ နောက်နောင် ကြုံလာမယ့် တိုက်ပွဲတွေမှာ ဒီအားနည်းချက်တွေကို တတ်နိုင်သမျှ ရှောင်ရှားနိုင်မှာလေ..."
သူ၏ စကားဆုံးသောအခါ ရွှမ်ဝူအသင်းသားများ အားလုံး ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့သွားကြသည်။
နည်းပြချုပ်တွင် ယနေ့အတွက် ရည်ရွယ်ချက် တစ်ခု ရှိနေခဲ့ပြီး သူ၏ ရည်မှန်းချက်မှာ သူတို့ကို သင်ခန်းစာ တစ်ခု ပေးရန် ဖြစ်ကြောင်း ယခုမှပင် သဘောပေါက်သွားကြတော့သည်။
ပြုပြင်ထားသော ခန္ဓာကိုယ်များသည် အမှန်တကယ်ပင် အစွမ်းထက်လှသော်လည်း ယခုကဲ့သို့ သံလိုက်တုံးနှင့် တွေ့ဆုံလိုက်သည်နှင့် တစ်ပြိုင်နက် ခုခံနိုင်စွမ်းများ လုံးဝ ဆုံးရှုံးသွားကာ သာမန်လူများထက်ပင် ပို၍ ဆိုးရွားသော အခြေအနေသို့ ရောက်ရှိသွားကြောင်း ယနေ့ လက်တွေ့ တိုက်ခိုက်ရေးက နက်နဲသော သင်ခန်းစာတစ်ခု ပေးလိုက်ပြီ ဖြစ်သည်။
စီမာဝေက မျက်မှောင်ကြုတ်လျက် "ရှောင်ဖန်... ရှင် ပြောတာတွေ အားလုံးက အဓိပ္ပာယ် ရှိပါတယ်... ဒါပေမဲ့ စက်ရုပ် ပြုပြင်ပြောင်းလဲရေး လုပ်တဲ့နေရာမှာ သံမဏိ အစိတ်အပိုင်းတွေကို မလွှဲမရှောင်သာ အသုံးပြုရတယ်လေ... ဒါကတော့ ရှောင်လွှဲလို့ မရနိုင်တဲ့ ကိစ္စလို ဖြစ်နေတယ်..." ဟု ဆိုသည်။
ယဲ့ပုဖန်က "လုံးဝ ဖြေရှင်းလို့ မရနိုင်တာတော့ မဟုတ်ပါဘူး... ပြုပြင်ပြောင်းလဲရေး တာဝန်ယူထားတဲ့ ဌာနနဲ့ ဆွေးနွေးကြည့်လို့ ရပါတယ်... ဥပမာ... လက်မောင်းတွေ၊ ပေါင်တံတွေလို အစိတ်အပိုင်းတွေမှာ အလွယ်တကူ ဖြုတ်တပ်လို့ရတဲ့ ချိတ်ဆက်မှုစနစ်မျိုးကို အသုံးပြုလို့ ရတယ်လေ... အရေးကြီးတဲ့ အချိန်ရောက်ရင် အသင်းသားတွေ ကိုယ်တိုင် အဲဒီ အစိတ်အပိုင်းတွေကို ဖြုတ်ချပစ်နိုင်မယ် ဆိုရင် သံလိုက်တုံးကြီးရဲ့ ဖမ်းချုပ်ထားမှုအောက်ကနေ လွတ်ကင်းနိုင်မှာပေါ့... အလွယ်တကူ ဖြုတ်တပ်လို့ မရနိုင်တဲ့ အစိတ်အပိုင်းတွေ အတွက်ဆိုရင်တော့ သတ္တုမဟုတ်တဲ့ ပစ္စည်းတွေကို တတ်နိုင်သမျှ အစားထိုး အသုံးပြုရမယ်..." ဟု အကြံပြုလိုက်သည်။
စီမာဝေက "ရှင်က အစစအရာရာ တွေးထားတာပဲ... သက်ဆိုင်ရာ ဌာနတွေကို ဒီကိစ္စ ရှင်းပြလိုက်ပါ့မယ်... နောက်အဆင့်တွေမှာ လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နိုင်အောင်လို့ပါ..." ဟု ဆိုသည်။
ဟယ်ချင်းကျီက အနေခက်စွာဖြင့် "နည်းပြချုပ်... နည်းပြချုပ် ပြောတာတွေ အားလုံးကို ကျွန်တော်တို့ နားလည်ပါပြီ... ကျွန်တော်တို့ရဲ့ အားနည်းချက်တွေကိုလည်း သိမြင်ပါပြီ... ဒါပေမဲ့ အခု ကျွန်တော်တို့ ဘယ်လို ဆင်းရမလဲဗျ..." ဟု မေးလိုက်သည်။
သူတို့ အားလုံးမှာ အစွမ်းထက် သံလိုက်တုံးကြီးပေါ်တွင် တစ်ယောက်ပေါ် တစ်ယောက် ထပ်လျက် ကပ်ငြိနေကြရာ လက်တစ်ဖက် လှုပ်ရှားရန်ပင် အလွန် ခက်ခဲနေပြီး နေရခက်ကာ အဆင်မပြေ ဖြစ်နေကြပေသည်။
စီမာဝေကလည်း "ဟုတ်တယ် ရှောင်ဖန်... သူတို့ကို ဘယ်လို အောက်ချပေးရမလဲ..." ဟု ဝင်မေး၏။
ယဲ့ပုဖန်က "တခြား နည်းလမ်းတော့ မရှိဘူး... အကြမ်းပတမ်း အင်အားသုံးပြီး ဆွဲခွာမှပဲ ရမယ်..." ဟု ဆိုသည်။
"ကျွန်တော် လုပ်မယ်..."
လိုင်ဖော်ကျွင်းက ပြောပြောဆိုဆိုဖြင့် ရှေ့သို့ တိုးသွားကာ ဟယ်ချင်းကျီ၏ ခါးကို ဖက်၍ သံလိုက်တုံးကြီးပေါ်မှ ဆွဲခွာရန် ကြိုးစားလေသည်။ သို့သော် သူ၏ အင်အား အကုန် ထုတ်သုံးလိုက်သည့်တိုင် မအောင်မြင်ခဲ့ပေ။
သူက အရှက်ရနေသော မျက်နှာဖြင့် "နည်းပြချုပ်... ဒါက ဘယ်လို သံလိုက်အမျိုးအစားကြီးလဲဗျ... ဆွဲငင်အားက ဘာလို့ ဒီလောက်တောင် ပြင်းထန်နေရတာလဲ..." ဟု မေးလိုက်သည်။
ယဲ့ပုဖန်က "ဒါက နီယိုဒိုင်မီယမ် သံလိုက်တုံး လို့ ခေါ်တယ်... အစွမ်းထက် သံလိုက်တုံး လို့လည်း ခေါ်ကြတယ်... သူ့ရဲ့ ဆွဲငင်အားက သူ့ရဲ့ ကိုယ်ပိုင် အလေးချိန်ထက် (၆၄၀) ဆ ပိုများတယ်..." ဟု ရှင်းပြလိုက်သည်။
လိုင်ဖော်ကျွင်းမှာ အသက်ရှူမှားသွားကာ "ဘုရားရေ... ဒါကြောင့်လည်း ဆွဲငင်အားက ဒီလောက် ပြင်းထန်နေတာကိုး... (၆၄၀) ဆ ဆိုတာကတော့ အရမ်း လွန်လွန်းနေပြီ..." ဟု ရေရွတ်လိုက်မိသည်။
ဟယ်ချင်းကျီက အနေခက်စွာဖြင့် "နည်းပြချုပ်... အခု ကျွန်တော်တို့ ဘယ်လို လုပ်ကြမလဲ... ဒီအတိုင်းကြီး ဆက်ကပ်နေလို့တော့ မဖြစ်ဘူးလေ..." ဟု ဆို၏။
"စိတ်မပူပါနဲ့... မင်းတို့ သေချာပေါက် အောက်ရောက်စေရမယ်..."
ပြောပြီးသည်နှင့် ယဲ့ပုဖန်က ယဲ့ထျန်းကို လှမ်းခေါ်လိုက်ပြီး သူတို့နှစ်ဦး ပူးပေါင်းကာ လူ (၂၅) ယောက်ကို နီယိုဒိုင်မီယမ် သံလိုက်တုံးကြီးထံမှ တစ်ယောက်ချင်းစီ ဆွဲခွာပေးလိုက်ကြသည်။ ဆွဲခွာပြီးသား လူတိုင်းကို အစွမ်းထက် သံလိုက်တုံးကြီး၏ ဆွဲငင်အား စက်ကွင်းထဲသို့ ပြန်မပါသွားစေရန် အဝေးသို့ ပို့ဆောင်ပေးရသည်။
ယဲ့ပုဖန်က ကျင့်စဉ်တစ်ခုကို ကျင့်ကြံထားသူ ဖြစ်ရာ သူ့ခွန်အားမှာ အဆင့်တူ သိုင်းပညာရှင်များထက် များစွာ သာလွန်ပေသည်။ ယဲ့ထျန်းမှာမူ ဆိုဖွယ်ရာပင် မရှိတော့ပေ။ အဆင့်သုံး ငွေအလောင်း တစ်ကောင်အနေဖြင့် သူ၏ ခန္ဓာကိုယ် စွမ်းအားမှာ သာမန် ခန္ဓာကိုယ် ကျင့်ကြံသူများထက်ပင် ပို၍ အစွမ်းထက်လှပေသည်။
အစွမ်းထက် သံလိုက်တုံးကြီး၏ စွမ်းအားကို ကိုယ်တိုင် ခံစားသိရှိသွားပြီးနောက် လိုင်ဖော်ကျွင်းက စိတ်လှုပ်ရှားစွာဖြင့် "ကြည့်ရတာ နောက်ပိုင်းကျရင် ဒီလိုဟာမျိုးတွေ ပိုပြီး ပြင်ဆင်ထားဖို့ လိုမယ် ထင်တယ်... X တပ်ဖွဲ့က ခွေးကောင်တွေနဲ့ ပြန်တွေ့တဲ့ အခါကျရင် သူတို့ကို သေချာ ပညာပေးလို့ ရပြီပေါ့..." ဟု ဆိုလေသည်။
"ဒါက တကယ်ကို ကောင်းတဲ့ အကြံဉာဏ်ပါပဲ..."
ယဲ့ပုဖန်က ပြောလိုက်ပြီး "ဒါပေမဲ့ နောင်တစ်ချိန်ကျရင် အားလုံးပဲ ပိုပြီး သတိထားသင့်တယ်... တစ်ဖက်လူတွေကလည်း ငါ ခုနက ပြောခဲ့တဲ့ အချက်တွေကို တွေးမိကောင်း တွေးမိသွားနိုင်တယ်လေ... သူတို့ရဲ့ ပြုပြင်ပြောင်းလဲထားတဲ့ စက်ယန္တရား အစိတ်အပိုင်းတွေကို ဖြုတ်တပ်လို့ ရအောင် ပြင်ဆင်လာနိုင်သလို အဲဒီအပေါ်မှာ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးတဲ့ ဗုံးတွေ တပ်ဆင်လာတာမျိုးလည်း ဖြစ်နိုင်တယ်... အဲဒီအချိန်ကျမှ ငါတို့က သတိလက်လွတ် ဖြစ်နေမယ် ဆိုရင် အထိနာသွားနိုင်တယ်..." ဟု သတိပေးလိုက်သည်။
ဟယ်ချင်းကျီက "နည်းပြချုပ်ကတော့ တကယ့်ကို နည်းပြချုပ်ပါပဲ... အမြဲတမ်း ဘက်စုံထောင့်စုံကနေ တွေးတောနိုင်တယ်..." ဟု ချီးကျူးလိုက်သည်။
ဒုတိယအဆင့် ပြိုင်ပွဲကြီး ပြီးဆုံးသွားရာ ကျူးချွဲအသင်းကသာ ပထမနေရာကို ဆက်လက် ရယူသွားနိုင်ခဲ့သည်။
အားလုံး စခန်းသို့ ပြန်ရောက်သည်နှင့် တစ်ပြိုင်နက် စီမာဝေထံသို့ ဖုန်းခေါ်ဆိုမှု တစ်ခု ဝင်လာခဲ့သည်။
ဖုန်းပြောဆိုမှုက အချိန်အတန်ကြာသွားပြီး ဆယ်မိနစ်ခန့် ကြာပြီးနောက်တွင် သူမ ဖုန်းချလိုက်သည်။ ထို့နောက် ယဲ့ပုဖန်နှင့် အခြားသူများကို ကြည့်ကာ "အားလုံးပဲ... အစည်းအဝေးခန်းကို အခုချက်ချင်း သွားကြရအောင်... ဆွေးနွေးရမယ့် အရေးပေါ် အခြေအနေ တစ်ခု ရှိနေတယ်..." ဟု ဆိုလိုက်သည်။
လူအနည်းငယ်မှာ စခန်း၌ ယာယီ ဖန်တီးထားသော အစည်းအဝေးခန်း ငယ်လေးထဲသို့ ရောက်ရှိသွားကြသည်။
စီမာဝေက "အရင် လေ့ကျင့်ရေး အစီအစဉ်တွေအရ ဆိုရင် ငါတို့ကို အဆင့် (၃) ဆင့် ခွဲခြားထားပါတယ်... အခု အဆင့် (၂) ဆင့် ပြီးဆုံးသွားပြီ ဖြစ်ပြီး တတိယအဆင့်ကတော့ ငါတို့ရဲ့ လေ့ကျင့်ရေး ရလဒ်တွေကို လက်တွေ့ တိုက်ပွဲကနေတစ်ဆင့် စမ်းသပ်ဖို့ တာဝန်တစ်ခုကို ထမ်းဆောင်ရမှာပါ... စောစောကပဲ ရွှမ်ယွမ်စံအိမ်က ငါတို့ကို အကြောင်းကြားလာတယ်... ရုတ်တရက် အရေးပေါ် အခြေအနေ တစ်ခု ဖြစ်ပေါ်လာလို့ ငါတို့ အနေနဲ့ အထူးတာဝန် တစ်ခုကို သွားရောက် ထမ်းဆောင်ရမယ်တဲ့..." ဟု စတင် ပြောကြားလေသည်။
ဟယ်ချင်းကျီက "ဘာအခြေအနေတဲ့လဲ..." ဟု မေးလိုက်သည်။
စီမာဝေက "ဓားစာခံ တစ်ယောက်ကို ကယ်တင်ဖို့အတွက် ရွှမ်ယွမ်စံအိမ်က ငါတို့ကို အာဖရိကတိုက် အထိ သွားစေချင်နေတယ်..." ဟု ဖြေ၏။
မူရုန်ဖိန်က "အသေးစိတ် အချက်အလက်တွေက ဘာတွေလဲ..." ဟု ထပ်မေးလိုက်သည်။
ယေဘုယျအားဖြင့် ဆိုရလျှင် အလွန် ထူးခြားသော နောက်ခံရှိသူများ တစ်ခုခု ဖြစ်မှသာ ရွှမ်ယွမ်စံအိမ်ကို အကြောင်းကြား တိုင်တည်လေ့ ရှိပေသည်။
စီမာဝေက လက်ကို ဝှေ့ယမ်းကာ သူမ၏ နောက်ကွယ်ရှိ အီလက်ထရောနစ် ဖန်သားပြင်ကို ဖွင့်လိုက်သည်။ အနည်းငယ် နှိပ်နယ်လိုက်ပြီးနောက် ဖန်သားပြင်ပေါ်တွင် အလွန် လှပသော ရုံးဝန်ထမ်း ဝတ်စုံနှင့် မိန်းကလေး တစ်ဦး၏ ပုံ ပေါ်လာ၏။
"ဒါက ငါတို့ ကယ်တင်ရမယ့် ပစ်မှတ်ပဲ... သူမ နာမည်က ယွင်ချန်ရွှယ်တဲ့... ဟွာရှား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစုက ပထမအဆင့် ရင်းနှီးမြှုပ်နှံမှု အရာရှိ တစ်ဦး ဖြစ်ပြီး ဒီနှစ်မှ အသက် (၂၅) နှစ်ပဲ ရှိသေးတယ်..."
ယဲ့ပုဖန်က "သူမရဲ့ နောက်ခံက သိပ်ကို ထူးခြားနေလို့လား... ဟွာရှား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစု ဆိုတာက ဘယ်လို ဌာနမျိုးလဲ..." ဟု မေးလိုက်သည်။
စီမာဝေက ရှင်းပြသည်။ "ဟွာရှား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစု ဆိုတာက ငါတို့ နိုင်ငံရဲ့ နိုင်ငံခြားငွေ ရင်းနှီးမြှုပ်နှံမှုတွေကို အဓိက စီမံခန့်ခွဲပေးတဲ့ ဌာနတစ်ခုပါ... တရုတ်ပြည်တွင်းမှာတော့ ဘာဩဇာလွှမ်းမိုးမှုမှ မရှိပါဘူး... အားလုံး သိတဲ့အတိုင်းပဲ ငါတို့ တရုတ်နိုင်ငံမှာ နိုင်ငံခြားငွေ အရန်ရန်ပုံငွေ ဒေါ်လာ ထရီလီယံနဲ့ချီပြီး ရှိတယ်လေ... ဒီငွေတွေကို ဒီအတိုင်း ထားထားမယ် ဆိုရင် တန်ဖိုးကျသွားမှာပဲ... ငွေကနေ ငွေထပ်ပွားလာအောင်နဲ့ တန်ဖိုးတွေ ပိုတက်လာအောင် နိုင်ငံတော်က ဟွာရှား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစုကို တည်ထောင်ပြီး နိုင်ငံခြားငွေ ရင်းနှီးမြှုပ်နှံမှု ကိစ္စရပ်တွေကို စီမံခန့်ခွဲခိုင်းထားတာပါ..."
"ပြီးတော့ ယွင်ချန်ရွှယ် ဆိုတာက အသက်သာ ငယ်တာ... တကယ့်ကို ဘဏ္ဍာရေး ပါရမီရှင် တစ်ဦးပဲ... သူမက အာဖရိက တိုက်ကြီး တစ်ခုလုံးမှာရှိတဲ့ ဟွာရှား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစုရဲ့ ရင်းနှီးမြှုပ်နှံမှု ကိစ္စရပ်တွေ အားလုံးကို တာဝန်ယူ ကိုင်တွယ်ရတဲ့သူ ဖြစ်တယ်..."
ယဲ့ပုဖန်က ဆက်လက်၍ "သူမရဲ့ အဆင့်အတန်းက ဒီလောက်တောင် အရေးကြီးနေမှတော့ ဘာလို့ ရုတ်တရက် ပြန်ပေးဆွဲ ခံလိုက်ရတာလဲ..." ဟု မေးလိုက်လေသည်။
***