စီတုတျန့်မော့က "ငါတို့ တရုတ်နိုင်ငံရဲ့ အာဖရိက စီမံကိန်း ဖြစ်ဖြစ်၊ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစုရဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေပဲ ဖြစ်ဖြစ်... ဒါတွေ အားလုံးက ရန်လိုနေတဲ့ နိုင်ငံတချို့ရဲ့ အကျိုးစီးပွားတွေကို ထိခိုက်စေလိမ့်မယ်လေ..." ဟု ရှင်းပြသည်။
"အဲဒီလူတွေက ငါတို့ တရုတ်နိုင်ငံကြီး ကြီးပွားတိုးတက်လာတာကို မလိုလားကြဘူး... ပိုဆိုးတာက ငါတို့ ပိုက်ဆံတွေ အများကြီး ရှာနိုင်သွားမှာကို ပိုပြီး မလိုလားကြတာပဲ... ဒါကြောင့်မို့လို့ သူတို့က မမြင်ရတဲ့ နေရာကနေ ယုတ်မာကောက်ကျစ်တဲ့ နည်းလမ်းတွေကို သုံးလာကြတာပေါ့..."
"သေချာတာကတော့ ဘယ်နိုင်ငံကမှ ဒီလိုကိစ္စတွေကို ပေါ်ပေါ်ထင်ထင် လုပ်မှာ မဟုတ်ဘူး... ပွင့်ပွင့်လင်းလင်း လုပ်ဆောင်တယ် ဆိုတာ စစ်ကြေညာတာနဲ့ အတူတူပဲလေ..."
"သူတို့က အထူးဌာနတွေကို စေလွှတ်သလို ငါတို့ကလည်း အထူးဌာနတွေကို စေလွှတ်ရတာပေါ့... ဒါက တခြား ရှုထောင့် တစ်ခုကနေ ကြည့်ရင် စွမ်းအားပြိုင်ဆိုင်မှု တစ်ခုလို့လည်း ပြောလို့ ရတယ်..."
ဟယ်ချင်းကျီက "ဒီတစ်ကြိမ် ဒီကိစ္စကို ဘယ်သူက လုပ်တာတဲ့လဲ..." ဟု မေးလိုက်သည်။
လိုင်ဖော်ကျွင်းက "ဘယ်သူ ရှိရဦးမှာလဲ... ငါတို့ တရုတ်နိုင်ငံကို အမြဲတမ်း ပြဿနာ လိုက်ရှာနေတာ အမေရိကန်ကလွဲလို့ ဘယ်သူ ရှိဦးမှာလဲ..." ဟု ဒေါသတကြီး ဝင်ပြောလိုက်၏။
စီတုတျန့်မော့က "ဟုတ်တယ်... ငါတို့ ရထားတဲ့ ထောက်လှမ်းရေး သတင်းတွေအရ အမေရိကန်က ယွင်ချန်ရွှယ်ကို ပြန်ပေးဆွဲသွားတာ... အခု သူမကို အာဖရိက တိုက်ကြီးမှာရှိတဲ့ သူတို့ရဲ့ အထူးဌာန လျှို့ဝှက်စခန်း တစ်ခုမှာ ဖမ်းဆီးထားတယ်တဲ့..." ဟု အတည်ပြုပေးလိုက်သည်။
ယဲ့ပုဖန်က "သူတို့က ဘာလို့ ယွင်ချန်ရွှယ်ကို အပြီးအပိုင် သတ်မပစ်လိုက်တာလဲ... ဘာလို့ ဒီလောက် အလုပ်ရှုပ်ခံပြီး ဖမ်းဆီးပြီးမှ စခန်းတစ်ခုထဲမှာ ချုပ်နှောင်ထားရတာလဲ... ဒါက ငါတို့ သူမကို သွားကယ်ဖို့ အခွင့်အရေး ပေးနေတာနဲ့ အတူတူပဲ မဟုတ်ဘူးလား..." ဟု မေးခွန်းထုတ်လိုက်သည်။
စီတုတျန့်မော့က "ရှင်က အထူးဌာနတွေမှာ သီးသန့် အလုပ်မလုပ်ဖူးလို့ပါ... ဒါကလည်း နိုင်ငံအသီးသီး ကြားမှာရှိတဲ့ စည်းမျဉ်းတစ်ခုပဲလေ... အရမ်း အရေးကြီးတဲ့ ပုဂ္ဂိုလ်တွေ ဆိုရင် ယေဘုယျအားဖြင့် သူတို့ကို သတ်ပစ်လေ့ သိပ်မရှိကြဘူး..." ဟု ရှင်းပြသည်။
"ဒါက တခြားသူတွေကို အခွင့်အရေး ပေးသလို ကိုယ့်ကိုယ်ကိုယ်လည်း အခွင့်အရေး ပြန်ပေးထားတာပဲ... ဘာပဲဖြစ်ဖြစ် ဒီနေ့ ကိုယ်က သူများလူကို ဖမ်းထားပေမဲ့ မနက်ဖြန်ကျရင် တခြားသူက ကိုယ့်လူကို ပြန်ဖမ်းသွားနိုင်တာပဲလေ..."
ယဲ့ပုဖန်က "သူမကို ဖမ်းဆီးပြီး ချုပ်နှောင်ထားတာက ငါတို့ကို မြှားခေါ်ဖို့ ထောင်ချောက်ဆင်ထားတာ ဖြစ်နိုင်ချေရော မရှိဘူးလား..." ဟု ထပ်မေးလိုက်၏။
စီတုတျန့်မော့က "သေချာပေါက် အဲဒီလို ဖြစ်နိုင်ချေ ရှိတာပေါ့... ဒါပေမဲ့ အထက်က ပေးလာတဲ့ အချက်အလက်တွေက ဒီလောက်ပဲ ရှိတယ်... အဲဒါတွေက ငါတို့ နားလည်ထားဖို့ လိုအပ်တဲ့ အခြေအနေတွေ မဟုတ်ဘူးလေ..." ဟု ဆိုသည်။
"အထူးဌာန တစ်ခုအနေနဲ့ ဒါက ထောင်ချောက်တစ်ခုမှန်း သိနေရင်တောင်မှ ဓားစာခံကို ကယ်တင်နိုင်ဖို့ ဖြစ်နိုင်သမျှ နည်းလမ်းပေါင်းစုံ သုံးပြီး ကြိုးစားရမှာပဲ... နောက်ဆုံးတော့ ဒီလိုကိစ္စမျိုးက ဘယ်သူ့ရဲ့ စွမ်းအားက ပိုကြီးမားသလဲ ဆိုတဲ့ အပေါ်မှာပဲ မူတည်သွားတာပါ..."
"ဒီကယ်ဆယ်ရေး အစီအစဉ်က သေချာပေါက် ခက်ခဲလိမ့်မယ်... ဒါကြောင့်လည်း အထက်က ဒီတာဝန်ကို ငါတို့ကို ပေးလိုက်တာလေ... ရည်ရွယ်ချက်ကတော့ ငါတို့ အသစ် လေ့ကျင့်ပေးထားတဲ့ ကောင်းကင်စစ်သည်တော်တွေကို လက်တွေ့ စမ်းသပ်ဖို့ပဲ... ဘာလို့လဲဆိုတော့ ဒီလူတွေက နောင်တစ်ချိန်မှာ တခြား အထူးဌာနတွေကို ရင်ဆိုင်ရမယ့် အဓိက အင်အားစုတွေ ဖြစ်လာမှာမို့လို့ပါ..."
ယဲ့ပုဖန်က ခေါင်းညိတ်လိုက်သည်။ ယေဘုယျ အခြေအနေကို သူ နားလည် သဘောပေါက်သွားလေပြီ။
စီတုတျန့်မော့က "အားလုံးမှာ မေးစရာ မရှိတော့ဘူး ဆိုရင် ရွှမ်ယွမ်စံအိမ်ရဲ့ အမိန့်ကို ငါ ကြေညာမယ်... နည်းပြချုပ် ယဲ့ပုဖန်က ဒီကယ်ဆယ်ရေး အစီအစဉ်ကို တာဝန်ယူ ဦးဆောင်ရမယ်... ကျန်တဲ့ အသင်းသားတွေ အားလုံးက သူ့ကို အပြည့်အဝ ပူးပေါင်း ကူညီရမယ်..." ဟု ကြေညာလိုက်သည်။
ယဲ့ပုဖန်က မငြင်းဆန်ဘဲ "ငါတို့ ဘယ်တော့ ထွက်ခွာရမလဲ..." ဟုသာ မေးလိုက်သည်။
စီတုတျန့်မော့က "အထက်က အကြောင်းကြားစာအရ နောက်နာရီဝက်နေရင် ရဟတ်ယာဉ် တစ်စီး လာကြိုလိမ့်မယ်..." ဟု ဖြေ၏။
ယဲ့ပုဖန်က ထိုနေရာရှိ လူအားလုံးကို ကြည့်ကာ "ဒါဆိုရင် အားလုံးပဲ မြန်မြန် ပြန်ပြီး အမိန့်တွေကို ဆင့်ကဲ ကြေညာလိုက်ကြ... ထွက်ခွာဖို့ ပြင်ဆင်ကြတော့... နာရီဝက်နေရင် လေ့ကျင့်ရေးကွင်းမှာ ပြန်ဆုံမယ်..." ဟု အမိန့်ပေးလိုက်သည်။
ဟယ်ချင်းကျီနှင့် အခြားသူများမှာ ရွှမ်ယွမ်စံအိမ်မှ လေ့ကျင့်ပေးထားသော စစ်သည်တော်များ ဖြစ်ကြရာ တုံ့ဆိုင်းနေခြင်း အလျဉ်းမရှိဘဲ ပြတ်ပြတ်သားသား လှုပ်ရှားကာ အစည်းအဝေးခန်းထဲမှ လျင်မြန်စွာ ထွက်ခွာသွားကြလေသည်။
သူတို့ ထွက်သွားပြီးနောက် စီတုတျန့်မော့က "ရှောင်ဖန်... အထက်ရဲ့ အမိန့်အရ ကျွန်မက ထောက်ပံ့ရေးနဲ့ နောက်တန်း ကိစ္စတွေကို ကိုင်တွယ်ဖို့ တရုတ်ပြည်မှာပဲ ကျန်ခဲ့ရမယ်... ရှင်တို့နဲ့အတူ လိုက်လာလို့ မရဘူး... ရှင် ပိုပြီး သတိထားရမယ်နော်..." ဟု ဆိုသည်။
ယဲ့ပုဖန်က သူမကို ရင်ခွင်ထဲ ဆွဲသွင်းကာ ပါးပြင်ကို နမ်းလိုက်ပြီး "စိတ်မပူပါနဲ့... ငါ့ရဲ့ စွမ်းအားကို မင်း မသိလို့လား... လူတစ်ယောက်ကို ကယ်ဖို့ဆိုတာက ပြဿနာ မဟုတ်ပါဘူး..." ဟု နှစ်သိမ့်လိုက်၏။
စီတုတျန့်မော့က ခေါင်းညိတ်လိုက်သည်။ တိုက်ခိုက်ရေး အသင်းလေးသင်း ထွက်ခွာတော့မည် ဖြစ်ရာ သူမမှာလည်း လုပ်စရာ ကိစ္စများစွာ ရှိနေသဖြင့် အစည်းအဝေးခန်းထဲမှ ထွက်ခွာသွားလေသည်။
ယဲ့ပုဖန်သည် သူ၏ အခန်းသို့ ပြန်လာပြီး ယဲ့ထျန်းကို လှမ်းခေါ်လိုက်သည်။
စောစောက သူက ပေါ့ပေါ့ပါးပါး ပြောဆိုခဲ့သော်လည်း အာဖရိကသို့ သွားမည့် ဤခရီးစဉ်မှာ သေချာပေါက် ချောမွေ့မည် မဟုတ်ကြောင်း သူ ကောင်းကောင်း သိထားပေသည်။ အမေရိကန် အထူးဌာနက သူ့ကို ဤမျှ လွယ်လွယ်ကူကူနှင့် လူကယ်ခွင့် ပေးလိမ့်မည် မဟုတ်ရာ သူက ကြိုတင် ပြင်ဆင်မှုများ ပိုမို လုပ်ဆောင်ထားရမည် ဖြစ်သည်။
သူက စိတ်ထဲမှ အမိန့်ပေးလိုက်သည်နှင့် လက်ဝါးပြင်ပေါ်တွင် အနက်ရောင် ဆေးလုံးလေး တစ်လုံး ထွက်ပေါ်လာ၏။ ၎င်းမှာ ပြီးခဲ့သည့် အကြိမ်က ရှန်းကွမ်ဟုန်ဖေး၏ အဆင့်သုံး ငွေအလောင်းကို မိစ္ဆာသန့်စင်အိုးက စုပ်ယူပြီးနောက် သန့်စင်ပေးလိုက်သော ဆေးလုံး ဖြစ်သည်။
အချိန်မရသဖြင့် ယဲ့ထျန်းအပေါ် ၎င်းကို အသုံးမပြုရသေးချေ။ ယခု ထွက်ခွာတော့မည် ဖြစ်ရာ ယဲ့ထျန်း၏ စွမ်းအားကို မြှင့်တင်ပေးရန် အမြန် လုပ်ဆောင်ရပေမည်။
မည်သို့ပင်ဖြစ်စေ အလောင်းရုပ်သေး တစ်ကောင်အနေဖြင့် ယဲ့ထျန်းသည်လည်း သူ၏ ကိုယ်ပိုင် အင်အားစု တစ်ခုပင် ဖြစ်သည် မဟုတ်ပါလား။
အနက်ရောင် ဆေးလုံးလေးကို ယဲ့ထျန်းအား တိုက်လိုက်ပြီး မိနစ်အနည်းငယ် အကြာတွင် ယဲ့ထျန်း၏ ခန္ဓာကိုယ်မှ တောက်ပသော ငွေရောင် အလင်းတန်းများ စတင် ထွက်ပေါ်လာတော့သည်။
အချိန်အနည်းငယ် အကြာတွင် ငွေရောင် အလင်းတန်းများ တဖြည်းဖြည်း မှေးမှိန်သွားကာ မူလ အခြေအနေသို့ ပြန်လည် ရောက်ရှိသွား၏။
ယဲ့ပုဖန်က ခေါင်းကို အနည်းငယ် ခါယမ်းလိုက်သည်။ ယဲ့ထျန်း၏ စွမ်းအားက တိုးတက်လာသော်လည်း အရည်အသွေးပိုင်း ဆိုင်ရာ ကြီးမားသော အဆင့်တက်မှုမျိုး မရှိသေးဘဲ အဆင့်သုံး ငွေအလောင်း အဆင့်တွင်သာ ရှိနေဆဲ ဖြစ်သည်။
အကူးအပြောင်း ကာလ၏ အကန့်အသတ်သို့ ရောက်နေပြီ ဖြစ်သော်လည်း အနည်းငယ်မျှ လိုအပ်နေသေးသဖြင့် နောက်ဆုံးတွင် အဆင့်တက်ခြင်း ဖြစ်စဉ် မအောင်မြင်ခဲ့ချေ။
အဆင့်သုံး ငွေအလောင်း ဆိုသည်မှာ မြေကမ္ဘာ အလယ်အလတ်အဆင့် သိုင်းပညာရှင်နှင့် ညီမျှပြီး အဆင့်နှစ် ငွေအလောင်းမှာမူ မြေကမ္ဘာ အထွတ်အထိပ် အဆင့် သိုင်းပညာရှင်နှင့် ညီမျှပေသည်။
ထိုအဆင့် နှစ်ခုကြားတွင် အဆင့်တစ်ဆင့်သာ ကွာဟသော်လည်း တစ်ကြိမ် အဆင့်တက်သွားသည်နှင့် စွမ်းအားမှာ (၁၀) ဆထက်မက တိုးပွားသွားမည် ဖြစ်သည်။ ကံမကောင်းစွာဖြင့် နည်းနည်းလေး လိုသွားခဲ့လေပြီ။
သို့သော်လည်း ဤကဲ့သို့သော ကိစ္စရပ်များကို ဘာမှ တတ်နိုင်မည် မဟုတ်ချေ။ အလောင်းသန့်စင်ခြင်း လမ်းစဉ်ဆိုသည်မှာ ရှေ့ဆက်လေလေ၊ ပိုမို ခက်ခဲလေလေ ဖြစ်ပေသည်။
ယဲ့ပုဖန်သည် ဤတစ်ကြိမ်တွင် ယဲ့ထျန်း၏ စွမ်းအားကို ထုတ်ဖော် မပြသတော့ပေ။ ၎င်းအစား စိတ်ထဲမှ အမိန့်ပေးလိုက်ကာ သူ့ကို သိုလှောင်လက်စွပ်ထဲသို့ ထည့်သိမ်းလိုက်လေသည်။
မည်သို့ပင်ဖြစ်စေ အမှောင်ထဲတွင် ဖုံးကွယ်ထားသော စွမ်းအားကသာ အကြီးမားဆုံးသော အကျိုးသက်ရောက်မှုကို ဖြစ်ပေါ်စေမည် မဟုတ်ပါလား။
နာရီဝက် အကြာတွင် ရဟတ်ယာဉ်များ၏ ဟိန်းဟောက်သံများ လေထုထဲတွင် ပဲ့တင်ထပ်သွားပြီး စစ်ဘက်သုံး သယ်ယူပို့ဆောင်ရေး လေယာဉ်ကြီး အချို့ ရဟတ်ယာဉ်ကွင်းသို့ ဆင်းသက်လာကြသည်။
တစ်ချိန်တည်းမှာပင် ကောင်းကင်စစ်သည်တော် စီမံကိန်းမှ အဖွဲ့ဝင် (၁၀ဝ) လုံးသည်လည်း အပြည့်အစုံ တပ်ဆင်ထားသော လက်နက် ကိရိယာများနှင့်အတူ လေ့ကျင့်ရေးကွင်း၌ စုရုံးရောက်ရှိနေကြပြီ ဖြစ်သည်။
ယဲ့ပုဖန်၏ အမိန့်ပေးသံနှင့်အတူ အားလုံး ရဟတ်ယာဉ်များပေါ်သို့ စတင် တက်ရောက်ကြလေသည်။
သူ တစ်ယောက်တည်း လာသည်ကို မြင်သောအခါ စီတုတျန့်မော့က "နည်းပြချုပ်... အစ်ကိုကြီး ယဲ့ထျန်းရော... သူက ကျွန်မတို့နဲ့အတူ မလိုက်ဘူးလား..." ဟု မေးလိုက်သည်။
ယဲ့ပုဖန်က "သူက အရင် ထွက်သွားပြီ... သူ့ကို ငါ ခိုင်းစရာ ကိစ္စလေးတွေ ရှိလို့... အဲဒါတွေ ပြီးရင် သူ ငါတို့နဲ့ ပြန်လာဆုံလိမ့်မယ်..." ဟု ဖြေလိုက်၏။
"အော်..."
ယဲ့ထျန်းမှာ ရွှမ်ယွမ်စံအိမ်မှ အဖွဲ့ဝင် မဟုတ်သဖြင့် စီတုတျန့်မော့ကလည်း ပေါ့ပေါ့ပါးပါးသာ မေးလိုက်ခြင်း ဖြစ်သည်။
အားလုံး လေယာဉ်ပေါ် တက်ရောက်ပြီးစီးသွားသောအခါ ရဟတ်ယာဉ်များ စတင် ပျံတက်သွားကြတော့သည်။ ထို့နောက် တရုတ်နိုင်ငံ နယ်စပ်တွင် လေယာဉ် တစ်ကြိမ် ပြောင်းစီးကြပြီး ဆယ်နာရီကျော် ကြာပြီးနောက်တွင်တော့ အာဖရိက တိုက်ကြီးပေါ်သို့ ဆင်းသက်နိုင်ခဲ့ကြလေပြီ။
သူတို့ ရောက်ရှိချိန်မှာ ည (၈) နာရီ ဝန်းကျင်ခန့် ရှိနေပြီ ဖြစ်သည်။ ဤနေရာမှာ ရွှမ်ယွမ်စံအိမ်၏ လျှို့ဝှက် ခြေကုပ်စခန်း တစ်ခု ဖြစ်ပြီး သူတို့အတွက် လုံလောက်သော ထောက်ပံ့ရေး ပစ္စည်းများကို စီစဉ်ပေးမည် ဖြစ်သည်။
ယဲ့ပုဖန်က မြေပုံပေါ်ရှိ ဂြိုဟ်တု တည်နေရာကို စစ်ဆေးကြည့်လိုက်ရာ ပစ်မှတ်မှာ သူတို့၏ အနောက်တောင်ဘက် ကီလိုမီတာ (၅၀) ခန့် အကွာတွင် ရှိကြောင်း အတည်ပြုနိုင်ခဲ့သည်။
သူက မူရုန်ဖိန်နှင့် အခြားသူများကို စုဝေးစေလိုက်ပြီး "ငါတို့ ကယ်ဆယ်ရေး စစ်ဆင်ရေးကို စတင်တော့မယ်... အခု ငါ့ဆီမှာ ပဏာမ အစီအစဉ် တစ်ခု ရှိတယ်... အားလုံး ဆွေးနွေးကြည့်ကြပြီး ဖြစ်နိုင်ချေ ရှိ၊ မရှိ ဆုံးဖြတ်ကြတာပေါ့..." ဟု ဆိုသည်။
သူက စားပွဲပေါ်ရှိ မြေပုံကို လက်ညှိုးထိုးပြကာ "ဒါက တော်တော်လေး ခေါင်တဲ့ တောင်ကြားလေး တစ်ခုပဲ... အမေရိကန်ရဲ့ လျှို့ဝှက်စခန်းကို ဒီမှာ တည်ဆောက်ထားတယ်... ပတ်ဝန်းကျင် တစ်ခုလုံးက ပြန့်ပြူးနေပြီး မြေပြင်အနေအထားက အရမ်း ရိုးရှင်းတယ်..."
"စခန်းထဲက အခြေအနေ ဒါမှမဟုတ် ရန်သူရဲ့ အင်အားကို ငါတို့ မသိရဘူး... ပြီးတော့ ထောက်လှမ်းရေး သွားလုပ်ဖို့လည်း အချိန်က ခွင့်မပြုတော့ဘူး... ငါ့ရဲ့ အစီအစဉ်က ငါတို့ရဲ့ တိုက်ခိုက်ရေး အသင်း လေးသင်းက အရပ်လေးမျက်နှာကနေ ဝိုင်းထားဖို့ပဲ... ဘယ်သူပဲဖြစ်ဖြစ် ယွင်ချန်ရွှယ်ကို အရင် တွေ့တဲ့သူက သူမကို ချက်ချင်း ကယ်ထုတ်ရမယ်... ပြီးရင် အချက်ပြလိုက်တာနဲ့ ငါတို့ အားလုံး ချက်ချင်း ပြန်စုစည်းပြီး အတူတကွ ဖောက်ထွက်ကြမယ်..." ဟု ရှင်းပြလိုက်သည်။
ဟယ်ချင်းကျီက "လက်ရှိ အခြေအနေအရဆိုရင် ဒီအစီအစဉ်က သိပ်ကို သင့်တော်ပါတယ်..." ဟု ထောက်ခံ၏။
လိုင်ဖော်ကျွင်းနှင့် မူရုန်ဖိန်တို့ကလည်း ခေါင်းညိတ်လိုက်ကြသည်။ အခြေအနေက အရေးပေါ် ဖြစ်နေပြီး ရှင်းလင်းမှု မရှိသဖြင့် ဤသည်မှာ အကောင်းဆုံး အစီအစဉ် ဖြစ်နေပြီ ဖြစ်သည်။
ယဲ့ပုဖန်က "ဘာပြဿနာမှ မရှိဘူး ဆိုရင် အခုချက်ချင်း ထွက်ခွာကြမယ်..." ဟု အမိန့်ပေးလိုက်သည်။
သူတို့သည် လျှို့ဝှက် ဝင်ရောက် တိုက်ခိုက်မည့် စစ်ဆင်ရေးကို ဆင်နွှဲနေခြင်း ဖြစ်သဖြင့် မော်တော်ယာဉ်များကို အသုံးမပြုကြပေ။ ကီလိုမီတာ (၅၀) အကွာအဝေး ဆိုသည်မှာ ရွှမ်ယွမ်စံအိမ်မှ အထူးစစ်သည်တော်များ အတွက် သိပ်ပြီး အခက်အခဲ မရှိလှချေ။
သန်းခေါင်ယံ အချိန်သို့ ရောက်သောအခါ တိုက်ခိုက်ရေး အသင်းလေးသင်းသည် အမေရိကန် စခန်း၏ ပတ်ပတ်လည်သို့ ရောက်ရှိနေကြပြီ ဖြစ်သည်။
ဤနေရာမှာ ယခင်က စွန့်ပစ်ထားသော စက်ရုံဟောင်း တစ်ခု ဖြစ်ပြီး သုံးမီတာခန့် မြင့်မားသော တံတိုင်းကြီးများ ရှိကာ အတွင်းဘက်တွင်တော့ တိတ်ဆိတ် ငြိမ်သက်နေလေသည်။
တိုက်ခိုက်ရေး အသင်းများ အားလုံး အသင့်အနေအထား ဖြစ်နေပြီ ဆိုသည်ကို အတည်ပြုပြီးနောက် ယဲ့ပုဖန်က သူ၏ နားရွက်နားရှိ မိုက်ခရိုဖုန်းထဲသို့ ခပ်တိုးတိုး ပြောလိုက်သည်။
"စစ်ဆင်ရေး စတင်မယ်..."
***