အားလုံးမှာ အလွန်အမင်း တုန်လှုပ်သွားကြသည်။ ယဲ့ပုဖန်က အနက်ရောင် မြူခိုးများကို ဤမျှ လွယ်လွယ်ကူကူ ဖယ်ရှားပစ်နိုင်လိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ကြပေ။
စီတုတျန့်မော့၏ မျက်လုံးများ အရောင်လက်သွားကာ "နည်းပြချုပ်... ရှင်က မှော်ပညာသခင် တစ်ယောက် ဖြစ်နေလိမ့်မယ်လို့ ကျွန်မ မထင်ထားခဲ့ဘူး..." ဟု အံ့ဩတကြီး ရေရွတ်လိုက်သည်။
ယဲ့ပုဖန်၏ နောက်တွင် လိုက်ပါလာသော ယွင်ချန်ရွှယ်မှာလည်း သူမကို ကယ်တင်ခဲ့သော လူငယ်လေးထံတွင် ဤမျှ နက်နဲလှသော စွမ်းရည်များ ရှိနေသည်ကို မြင်တွေ့လိုက်ရသဖြင့် မျက်လုံးအဝိုင်းသားဖြင့် အံ့ဩမှင်တက်နေတော့သည်။
မူရုန်ဖိန်မှာမူ ကနဦးတွင် တုန်လှုပ်သွားသော်လည်း နောက်ပိုင်းတွင်တော့ စိတ်ထဲမှ သက်ပြင်း ချလိုက်မိသည်။
တစ်ဖက်လူသည် သိုင်းပညာ ကျင့်ကြံမှုတွင် သူ့ကို နောက်ကောက်ချနိုင်ရုံသာမက မှော်ပညာတွင်လည်း ဤမျှ နက်နဲသော အဆင့်တစ်ခုသို့ ရောက်ရှိနေလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
မိသားစုကြီး တစ်ခုမှ ဆင်းသက်လာသူ တစ်ယောက်အနေဖြင့် သူသည် မိသားစု နောက်ခံအရဖြစ်စေ၊ ကျင့်ကြံမှု အဆင့်အရဖြစ်စေ မည်သူကမျှ သူ့ကို ယှဉ်နိုင်မည် မဟုတ်ဟု အမြဲတမ်း ယုံကြည်ကာ မာနထောင်လွှားနေခဲ့သူ ဖြစ်သည်။
သို့သော် ယဲ့ပုဖန်နှင့် တွေ့ဆုံပြီးနောက်တွင်မူ သူ ဂုဏ်ယူဝင့်ကြွားနေခဲ့သမျှ အရာအားလုံးက ယဲ့ပုဖန်၏ ရှေ့တွင် ဘာမှ မဟုတ်တော့ကြောင်းနှင့် ယဲ့ပုဖန်အား လုံးဝ ယှဉ်ပြိုင်၍ မရနိုင်ကြောင်းကို သူ ကောင်းကောင်းကြီး သဘောပေါက်သွားလေပြီ။
ယဲ့ပုဖန်သည် သူ၏ မိစ္ဆာသန့်စင်အိုးကို ပြန်သိမ်းလိုက်ပြီး "လှည့်ကွက် အသေးအဖွဲလေးပါ... ထည့်ပြောနေစရာတောင် မလိုပါဘူး..." ဟု ခပ်ရေးရေး ပြုံးကာ ဆိုလိုက်သည်။
သူတို့၏ မျက်နှာချင်းဆိုင်တွင်မူ အနက်ရောင် ဝတ်ရုံကြီးကို ခြုံလွှမ်းထားသော စုန်းမက အက်ကွဲကွဲ အသံကြီးဖြင့် "ကောင်လေး... မင်းက ငါ့ရဲ့ မိစ္ဆာမြူခိုး တစ္ဆေနယ်မြေကို တကယ်ကြီး ဖျက်ဆီးပစ်လိုက်တာလား..." ဟု အော်ဟစ်လိုက်သည်။
သူမ စကားပြောလိုက်စဉ် အနက်ရောင် ဝတ်ရုံကြီးမှာ တုန်ခါသွားရာ သူမ အလွန်အမင်း ဒေါသထွက်နေကြောင်း ထင်ရှားနေပေသည်။
ယဲ့ပုဖန်က ရှေ့သို့ ခြေနှစ်လှမ်းခန့် တိုးသွားကာ သူမကို ကြည့်ပြီး "အဲဒါ မေးနေစရာ လိုသေးလို့လား... ခင်ဗျားရဲ့ မျက်စိရှေ့မှာပဲ မြင်နေရတာကို..." ဟု ပြန်ပြောလိုက်၏။
"မင်းက မဟာစုန်းမကြီး ပယ်လာစီ ဖြစ်တဲ့ ငါ့ကိုတောင် ဆန့်ကျင်ရဲတယ်ပေါ့လေ... မင်း သတ္တိတွေ အရမ်း ကောင်းနေပါလား..."
ယဲ့ပုဖန်က "ဘာမဟာစုန်းမကြီးလဲ... စုန်းမအိုကြီး သက်သက်ပါပဲ... တခြား ဘာမှ မဟုတ်ဘူး..." ဟု လှောင်ပြောင်လိုက်သည်။
ပယ်လာစီက ဒေါသတကြီး အော်ဟစ်လိုက်ပြီး "ကောင်လေး... မင်းက မဟာစုန်းမကြီးကို ဒီလို စော်ကားရဲတယ်ပေါ့လေ... ငါက မင်းကို သတ်ပစ်ရုံတင် မဟုတ်ဘူး... မင်းရဲ့ ဆွေမျိုးသားချင်းတွေ၊ သူငယ်ချင်းတွေ အားလုံးကိုပါ ကျိန်စာတိုက်ပြီး အဆိုးရွားဆုံး သေခြင်းတရားနဲ့ ရင်ဆိုင်ရအောင် လုပ်ပစ်မယ်..." ဟု ကြိမ်းဝါးလေသည်။
သူမ၏ အသံမှာ အက်ကွဲကွဲနှင့် နားထောင်ရ ဆိုးလွန်းလှပြီး ညကောင်းကင်ယံမှ ကျီးကန်းအိုကြီး တစ်ကောင်၏ အော်သံကဲ့သို့ နားထဲတွင် ကလော်ဆွနေသလို ခံစားရကာ အလွန် အနေရခက်လှပေသည်။
"သေလိုက်စမ်း... စုန်းမအိုကြီး..."
ရွှမ်ဝူအသင်းသား တစ်ဦးမှာ ဆက်လက်၍ သည်းမခံနိုင်တော့ပေ။ အနက်ရောင် မြူခိုးများလည်း မရှိတော့သဖြင့် သူ၏ ရှေ့မှ အနောက်တိုင်း စုန်းမကိုလည်း မကြောက်တော့ချေ။
သူက ပြုပြင်ပြောင်းလဲထားသော စက်ရုပ်လက်တံကို မြှောက်လိုက်ရာ အနက်ရောင် သေနတ်ပြောင်းဝ တစ်ခု ထွက်ပေါ်လာပြီး စုန်းမအိုကြီးထံသို့ ချိန်ရွယ်ကာ ခလုတ်ဆွဲလိုက်တော့သည်။
ဘန်းခနဲ တုံးတိတိ အသံနှင့်အတူ ရွှေရောင် ကျည်ဆန်တစ်တောင့်သည် ညကောင်းကင်ယံကို ဖြတ်သန်း၍ ပယ်လာစီထံသို့ လျှပ်တစ်ပြက် ပျံသန်းသွားလေသည်။
ကျည်ဆန်က စုန်းမအိုကြီးထံသို့ ရောက်ခါနီးတွင် သူမ၏ လက်ထဲရှိ ပုံဆောင်ခဲလုံးထံမှ အလင်းရောင် တစ်ချက် လက်သွားပြီး ချက်ချင်းပင် အရိုးဖြူ ဒိုင်းကာတစ်ခု လေဟာနယ်ထဲမှ ထွက်ပေါ်လာ၏။
ကြီးမားသော ကျည်ဆန်ကြီးသည် အရိုးဒိုင်းကာကို ဒုတ်ခနဲ ထိမှန်သွားသော်လည်း မည်သည့် လှိုင်းဂယက်မျှ ထွက်ပေါ်မလာဘဲ အရိပ်အယောင်ပင် မကျန်တော့အောင် ပျောက်ကွယ်သွားလေတော့သည်။
"အသိဉာဏ်ကင်းမဲ့တဲ့ တရုတ်ကောင်... မင်းက ကြီးမြတ်တဲ့ အနောက်တိုင်း စုန်းမကြီးကိုတောင် တိုက်ခိုက်ရဲတယ်ပေါ့လေ... သေစမ်း..."
ပယ်လာစီမှာ သိသိသာသာပင် ဒေါသထွက်သွားကာ သူမ၏ လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်ပြီး ရင်ခွင်ထဲမှ ကြောင်နက်လေးကို လွှတ်ပေးလိုက်သည်။
ထို့နောက် အလွန် ထူးဆန်းသော မြင်ကွင်းတစ်ခု ထွက်ပေါ်လာတော့သည်။ မူလက အိမ်မွေးကြောင် အရွယ်အစားသာ ရှိသော ကြောင်နက်လေးသည် လေနှင့်အတူ ကြီးမားလာကာ မျက်စိတစ်မှိတ် အတွင်းမှာပင် ကျားတစ်ကောင်ထက်ပင် ပို၍ ကြီးမားသော ကြောက်မက်ဖွယ် သားရဲကြီး တစ်ကောင် အဖြစ်သို့ ပြောင်းလဲသွားလေတော့သည်။
ဟဟ ပြဲနေသော ပါးစပ်ကြီးထဲတွင် အဖြူရောင် သွားစွယ်ကြီးများကို ထင်ရှားစွာ မြင်တွေ့နေရပြီး ခြေလက်များမှာလည်း သံမဏိ လက်သည်းများကဲ့သို့ ဖြစ်နေကာ ကြေးခေါင်းလောင်းလုံးခန့် ရှိသော မျက်လုံးကြီး နှစ်လုံးကလည်း ကျောချမ်းဖွယ် အလင်းရောင်များ တောက်ပနေ၏။
"ညောင်..."
အသွင်ပြောင်းသွားသော်လည်း ကြောင်နက်ကြီးသည် ကြောင်ပေါက်လေး တစ်ကောင်ကဲ့သို့ အော်မြည်နေဆဲ ဖြစ်သည်။ သို့သော် ၎င်း၏ အသံမှာမူ နားကွဲမတတ် ကျယ်လောင်လွန်းလှပေသည်။
ထို့နောက် ၎င်းသည် အနက်ရောင် လျှပ်စီးတန်း တစ်ခုအဖြစ် ပြောင်းလဲသွားကာ စောစောက သေနတ်ဖြင့် ပစ်ခတ်ခဲ့သော စက်ရုပ်အသင်းသားထံသို့ မိစ္ဆာသားရဲ တစ်ကောင်ကဲ့သို့ အံ့မခန်း အရှိန်အဝါဖြင့် ခုန်အုပ်သွားတော့သည်။
"တိရစ္ဆာန်... မင်းက သေချင်နေတာပဲ..."
သူတို့ ရှေ့မှ ကြောင်နက်ကြီးသည် သူ၏ လက်အောက်ငယ်သားများ ခုခံနိုင်စွမ်း ရှိသည့် အရာမျိုး မဟုတ်ကြောင်း ဟယ်ချင်းကျီ ရိပ်မိလိုက်သည်။ သူက ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး ညာဘက်လက်ထဲမှ ဓားရှည်ကြီးဖြင့် ကြောင်နက်ကြီး၏ ခေါင်းဆီသို့ အပြင်းအထန် ခုတ်ချလိုက်လေသည်။
ကြောင်နက်ကြီးက အော်မြည်လိုက်ပြီး ၎င်း၏ မိစ္ဆာမျက်လုံးများထဲတွင် မထီမဲ့မြင် ပြုသည့် အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။ ၎င်းက ဟယ်ချင်းကျီ၏ ဓားချက်ကို ခေါင်းဖြင့်ပင် တိုက်ရိုက် ခံယူလိုက်၏။
ဟယ်ချင်းကျီမှာ ယခင်က လက်တစ်ဖက်ပြတ် ဓားဘုရင် ဟု နာမည်ကြီးခဲ့သူ ဖြစ်ရာ သူ၏ ဓားသိုင်းပညာများမှာ မည်မျှ ပြောင်မြောက်ကြောင်း သိသာလှပေသည်။ သို့သော် သူ၏ ဓားရှည်ကြီးသည် ကြောင်နက်ကြီး၏ ခေါင်းပေါ်သို့ အပြင်းအထန် ကျရောက်သွားသော်ငြား ကြေးနီတံတိုင်းကြီး သို့မဟုတ် သံမဏိတံတိုင်းကြီး တစ်ခုကို ခုတ်မိလိုက်သကဲ့သို့ ဖြစ်သွားသည်။ ဘာအကျိုးသက်ရောက်မှုမျှ မရှိသည့်အပြင် အမွေးတစ်ပင်ကိုပင် မဖြတ်တောက်နိုင်ခဲ့ချေ။
တစ်ချိန်တည်းမှာပင် ကြောင်နက်ကြီး၏ လက်သည်းက လျှပ်တစ်ပြက် လှုပ်ရှားသွားကာ သူ၏ ရင်ဘတ်ဆီသို့ တိုးဝင်လာတော့သည်။ ကြောင်နက်ကြီး၏ အရှိန်မှာ အရမ်းကို လျင်မြန်လွန်းလှပြီး မြေကမ္ဘာအဆင့် သိုင်းပညာရှင် တစ်ဦးထက်ပင် ပို၍ မြန်ဆန်နေသေးသည်။
ဟယ်ချင်းကျီမှာ ရှောင်တိမ်းရန် အချိန်မရတော့ပေ။ ကမန်းကတန်းဖြင့် သူက အသက်အန္တရာယ် ရှိသော ရင်ဘတ်နေရာကို ဘယ်ဘက် စက်ရုပ်လက်တံဖြင့် ကာကွယ်လိုက်ရုံသာ တတ်နိုင်တော့သည်။
ဘုန်း…
ကံကောင်းစွာဖြင့် ကြောင်လက်သည်းဖြင့် ထိမိသော နေရာမှာ စက်ရုပ်လက်တံ ဖြစ်နေသဖြင့် သိပ်ပြီး ကြီးကြီးမားမား ထိခိုက်ဒဏ်ရာ မရခဲ့ပေ။ သို့သော်လည်း ကြောင်နက်ကြီး၏ ရိုက်ချလိုက်သော အရှိန်ကြောင့် သူသည် လေးငါးမီတာခန့် အဝေးသို့ လွင့်ထွက်သွားရလေသည်။
"ဒါ ဘယ်လို မိစ္ဆာကြီးလဲ... အရမ်း အစွမ်းထက်လွန်းတယ်..."
အခြားသူများ အားလုံးလည်း အလွန်အမင်း အံ့အားသင့်သွားကြသည်။ ရွှမ်ဝူအသင်းသား ခုနစ်ယောက်၊ ရှစ်ယောက်ခန့်က ချက်ချင်း ရှေ့သို့ ထွက်လာပြီး သေနတ်များဖြင့် ကြောင်နက်ကြီးကို ဝိုင်းဝန်း ပစ်ခတ်လိုက်ကြသည်။
ကံမကောင်းစွာဖြင့် ကြောင်နက်ကြီး၏ အရှိန်က အရမ်း မြန်လွန်းနေသဖြင့် ကျည်ဆန်အများစုမှာ လွဲချော်သွားခဲ့သည်။ ကျည်ဆန် နှစ်တောင့်က ကြောင်နက်ကြီး၏ ကိုယ်ပေါ်သို့ ထိမှန်သွားသော်လည်း ဘာထိခိုက်မှုမှ မဖြစ်ပေါ်စေခဲ့ချေ။
ယခုမူ အားလုံး အနည်းငယ် မှင်သက်သွားကြလေပြီ။ ဓားမရှ၊ လှံမတိုးသော ကြောက်မက်ဖွယ် မိစ္ဆာကြီးကို ရင်ဆိုင်ရာတွင် သူတို့ ဘယ်လို ဆက်တိုက်ရမည်နည်း။
"ဒီမိစ္ဆာကြီးကို ငါ မသတ်နိုင်ဘူး ဆိုတာ လုံးဝ မယုံဘူး..."
လိုင်ဖော်ကျွင်းက ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး ကြောင်နက်ကြီး၏ လည်ပင်းဆီသို့ လက်သီးဖြင့် အပြင်းအထန် ထိုးချလိုက်သည်။
ကြောင်နက်ကြီးက အော်မြည်လိုက်၏။ လက်သီးက ၎င်း၏ လည်ပင်းပေါ်သို့ အရှိန်ပြင်းပြင်းဖြင့် ဒုတ်ခနဲ ကျရောက်သွားသော်လည်း သူမ၏ ခန္ဓာကိုယ် အနည်းငယ် တုန်ခါသွားသည်မှလွဲ၍ ဘာထိခိုက်မှုမှ မဖြစ်ပေါ်ခဲ့ချေ။
ထို့နောက် ကြောင်နက်ကြီး၏ ချွန်ထက်သော လက်သည်းများက တောက်ပသော သံမဏိဓား ငါးချောင်းအလား လိုင်ဖော်ကျွင်း၏ လည်ချောင်းဆီသို့ လျှပ်တစ်ပြက် တိုးဝင်လာတော့၏။
"အစ်ကိုလိုင်... သတိထား..."
မူရုန်ဖိန်က ဝင်ရောက် လှုပ်ရှားလိုက်သည်။ သူ၏ လက်ထဲမှ ဓားရှည်က ကြောင်နက်ကြီး၏ လက်သည်းများဆီသို့ တိုးဝင်သွားသည်။
ဤဓားချက်က ကြောင်နက်ကြီးကို သိပ်ပြီး ထိခိုက်ဒဏ်ရာ မရစေသော်လည်း ၎င်း၏ လက်သည်းများ လားရာကိုမူ ပြောင်းလဲသွားစေခဲ့သည်။ ထို့ကြောင့် လိုင်ဖော်ကျွင်း၏ လည်ပင်းကို မထိတော့ဘဲ သူ၏ ပခုံးကိုသာ ကုတ်ခြစ်မိသွားလေသည်။
ဓားဖြင့် ခုတ်ခံရသဖြင့် ကြောင်နက်ကြီးမှာ သိသိသာသာပင် ဒေါသထွက်သွားသည်။ ၎င်းက ဧရာမ ပါးစပ်ကြီးကို ဟကာ မူရုန်ဖိန်၏ ခေါင်းဆီသို့ ကိုက်ဖြတ်ရန် ခုန်အုပ်လာတော့သည်။
မူရုန်ဖိန်က ချက်ချင်း နောက်ဆုတ်သွားပြီးနောက် ကောင်းကင်ယံ အပြည့် ဓားအလင်းတန်းများကို ဆင့်ခေါ်ကာ ကြောင်နက်ကြီးဆီသို့ ခုတ်ပိုင်းချလိုက်သည်။
ကံမကောင်းစွာဖြင့် မိစ္ဆာသားရဲကြီး၏ ကာကွယ်ရေး စွမ်းအားက အလွန်တရာ ကောင်းလွန်းလှ၏။ ဓားရှည်က ၎င်း၏ ခေါင်းကြီးကို အကြိမ်ကြိမ် အခါခါ ခုတ်ပိုင်းနေသော်လည်း မည်သည့် ဒဏ်ရာမှ မရပေ။
ယခုမူ မူရုန်ဖိန် အနည်းငယ် ပြာယာခတ်သွားလေပြီ။ ထိုအချိန်၌ ကြောင်နက်ကြီး၏ ပါးစပ်ကြီးက သူ့ထံ ရောက်လာသည်ကို မြင်လိုက်ရပြီး ရှောင်တိမ်းရန် အချိန်နှောင်းသွားခဲ့လေပြီ။
ထိုစဉ် နောက်ကျောဘက်မှ လက်တစ်ဖက်က လှမ်းဆွဲကာ သူ့ကို နောက်သို့ ဆွဲထုတ်လိုက်သဖြင့် ကြောင်နက်ကြီး၏ ပါးစပ်ဘေးမှ သီသီလေး လွတ်မြောက်သွားခဲ့ရသည်။ ထိုသို့ လှုပ်ရှားလိုက်သူမှာ ယဲ့ပုဖန် ဖြစ်ပြီး မူရုန်ဖိန်၏ အသက်ကို အရေးကြီးသော အချိန်တွင် ကယ်တင်လိုက်ခြင်း ဖြစ်သည်။
အကြိမ်ကြိမ် လွဲချော်သွားသဖြင့် ကြောင်နက်ကြီးမှာ ပို၍ ဒေါသထွက်လာကာ မျက်လုံးများထဲတွင် အနီရောင် အလင်းတန်းများ တောက်ပလာပြီး ယဲ့ပုဖန်ဆီသို့ ခုန်အုပ်လာတော့သည်။
"သိမ်းလိုက်စမ်း..."
ယဲ့ပုဖန်က ဟိန်းဟောက်လိုက်ရာ မိစ္ဆာသန့်စင်အိုးသည် ထပ်မံ၍ လေထဲသို့ မြင့်တက်သွားပြီး ကြီးမားလှသော ဆွဲငင်အားကြီး တစ်ခုက ကြောင်နက်ကြီးကို လွှမ်းခြုံသွားတော့သည်။
စောစောက ကြောင်နက်ကြီးကို ဘေးမှနေ၍ သူ သေချာ အကဲခတ်နေခဲ့သည်။ ၎င်း၏ ခန္ဓာကိုယ် တစ်ခုလုံးကို အနက်ရောင် ချီစွမ်းအင်များဖြင့် ဖုံးအုပ်ထားရာ ၎င်းမှာ အလောင်းရုပ်သေး တစ်ကောင်နှင့် သဘောတရားချင်း တူညီပေလိမ့်မည်။
ကြောင်နက်လေး တစ်ကောင်က ဤမျှ အစွမ်းထက်သော မိစ္ဆာကြီး အဖြစ်သို့ ပြောင်းလဲသွားရခြင်းမှာ နောက်ကွယ်မှ အနောက်တိုင်း စုန်းမကြီး၏ မှော်စွမ်းအင်များ ထောက်ပံ့ပေးနေမှုကြောင့်သာ ဖြစ်သည်။ ထို့ကြောင့် မိစ္ဆာသန့်စင်အိုးက ကြောင်နက် မိစ္ဆာကြီးကို နှိမ်နင်းနိုင်မလား ဆိုသည်ကို သူ စမ်းသပ်ကြည့်ချင်ခဲ့သည်။
ထိုအချိန်၌ ကြောင်နက်ကြီး၏ ခေါင်းပေါ်မှ အနက်ရောင် ချီစွမ်းအင်များသည် လျင်မြန်စွာ မြင့်တက်လာပြီး မိစ္ဆာသန့်စင်အိုး အတွင်းသို့ ချက်ချင်းပင် စုပ်ယူခံလိုက်ရတော့သည်။
အနက်ရောင် ချီစွမ်းအင်များ စုပ်ယူခံလိုက်ရသည်နှင့်အမျှ ကြောင်နက်ကြီး၏ ကြီးမားလှသော ခန္ဓာကိုယ်မှာ လျင်မြန်စွာ ကျုံ့ဝင်သွားပြီး နောက်ဆုံးတွင်တော့ သာမန် ကြောင်ပေါက်လေး တစ်ကောင် အဖြစ်သို့ ပြန်လည် ရောက်ရှိသွားတော့သည်။ ကြောင်ပေါက်လေးထံမှ အလန့်တကြား အော်မြည်သံ တစ်ချက် ထွက်ပေါ်လာပြီးနောက် ၎င်းက ညအမှောင်ထဲသို့ လျင်မြန်စွာ တိုးဝင် ပျောက်ကွယ်သွားလေတော့သည်။
နှစ်ပေါင်းများစွာ ကျင့်ကြံမွေးမြူထားခဲ့သော သူမ၏ မိစ္ဆာသားရဲကြီး ဤသို့ ဖျက်ဆီးခံလိုက်ရသည်ကို မြင်သောအခါ ပယ်လာစီမှာ ဒေါသလည်းထွက် ၊ အလွန်အမင်းလည်း တုန်လှုပ်သွားတော့သည်။ သူမက ဒေါသတကြီးဖြင့် "ခွေးကောင်... မင်းက ငါ့ရဲ့ အဖိုးတန်လေးကို တကယ်ကြီး ဖျက်ဆီးပစ်လိုက်တာလား... သေစမ်း..." ဟု အော်ဟစ်လိုက်သည်။
ဒေါသထွက်နေသဖြင့် သူမက အစွမ်းကုန် ထုတ်သုံးလိုက်လေပြီ။ လက်ထဲရှိ ပုံဆောင်ခဲလုံးမှ အမှောင် အလင်းတန်းများ ထွက်ပေါ်လာပြီးနောက် အနက်ရောင် မြူခိုးလုံးကြီး တစ်လုံးက ယဲ့ပုဖန်ဆီသို့ ပျံသန်းလာတော့သည်။
သို့သော် ယဲ့ပုဖန်၏ မျက်လုံးများထဲတွင်တော့ စိတ်လှုပ်ရှားမှု အရိပ်အယောင်များ ဖြတ်ပြေးသွား၏။ တခြားသူများအတွက် ဘေးအန္တရာယ် တစ်ခု ဖြစ်နိုင်သော အနက်ရောင် မြူခိုးများမှာ သူ့အတွက်တော့ အားဆေး တစ်ခွက်သာ ဖြစ်နေပေသည်။
သူက မိစ္ဆာသန့်စင်အိုးကို ထပ်မံ ဆင့်ခေါ်လိုက်ပြီး အနက်ရောင် မြူခိုးများကို အကုန်အစင် စုပ်ယူပစ်လိုက်ပြန်လေတော့သည်။
***